လုပ်ငန်းအတက်အကျသတင်းများ စုဆောင်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက် များကို စောင့်ကြည့်ခြင်း

Dashboard copy ဒီခေတ်ကြီးမှာ သတင်းအချက်အလက်တွေ၊ သိချင်စရာတွေ တောင်လိုပုံလို့ဆိုရလောက်အောင် များပြားနေတဲ့အတွက် အဲဒီသတင်းအချက်အလက်တွေနဲ့ ပိမနေဖို့ အရေးကြီးပါတယ်။ အသုံးတည့်တဲ့ သတင်းအချက်အလက်တွေကို အာရုံစိုက်ရှာဖွေပြီး သုံးသင့်တဲ့အချိန်မှာ သုံးတတ်ဖို့လိုတယ်။ အယူအဆ အများသိကြတဲ့အတိုင်း မော်တော်ကားတွေမှာ မောင်းသူရဲ့ရှေ့မှာ အင်္ဂလိပ်လို  Dashboard  ဆိုတာရှိတယ်။ ကားကဘယ်နှမိုင်နှုန်းနဲ့သွားနေတယ်။ ဆီရဲ့အခြေအနေ စတာတွေကို အဲဒါကနေ သိနိုင်တယ်။ စီးပွားရေး လုပ်ငန်းလုပ်တဲ့ အခါမှာလည်း လုပ်ငန်းဆောင်ရွက်မှုရဲ့ အတက်အကျ၊ ကုန်ပစ္စည်းထုတ်လုပ်မှုစွမ်းအားရဲ့ အတက်အကျတွေကို နေ့စဉ်၊ ဒါမှမဟုတ် သီတင်းပတ်တိုင်း ဖော်ပြနေတာကို သိနေဖို့လိုတယ်။ စီးပွားရေးလုပ်ငန်းရဲ့ Dashboard လို့ တင်စားခေါ်ဝေါ်နိုင်တဲ့ အဲဒီလိုအချက်တွေဟာ အခုအခါ ကုမ္ပဏီတွေ အတော် အသုံးများလာကြတယ်။ အဲဒီလို သိထားရင် မိမိတို့စီးပွားရေးရဲ့အဓိကအချက်အလက်တွေ၊ (ဥပမာ- အရောင်းနဲ့ပတ်သက် တဲ့အချက်အလက်တွေ) ကို စနစ်တကျ စီမံခန့်ခွဲလာနိုင်မှာဖြစ်တယ်။ ဒီလ Dashboard  ကို ကြည့်ပြီး ရည်မှန်းထားတာတွေနဲ့ လက်တွေ့ဘယ်လိုအနေအထားမှာ ရှိတယ်၊ ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာမျိုးတွေကို အတိအကျ သိလာနိုင်တယ်။ HSBC ဟာ ဘဏ်အများစုတွေမှာ လုပ်လေ့လုပ်ထရှိတဲ့ လုပ်ငန်းစဉ်တွေနဲ့ လုပ်ငန်းတွင်း ကိစ္စရပ်တွေကို သိပ်အာရုံမထား ဘဲ ဖောက်သည်တွေနဲ့ အရောင်းလုပ်ငန်းတွေကိုသာ ပိုပြီး အာရုံစိုက်လုပ်ကိုင်လာတာ တွေ့ရတယ်။ သူ့ရဲ့လုပ်ငန်းခွဲက ဝန်ထမ်းတွေကို လုပ်ငန်းရဲ့ အတက်အကျအခြေပြ Dashboard တွေပေးတယ်။ ဒီ Dashboard တွေက လုပ်ငန်းအတွက် အခရာကျတဲ့အချက်အလက်တွေကို ဖော်ပြပေးတယ်။ အသုံးချနိုင်တဲ့အချက်အလက်တွေ ဘယ်လောက်ရှိတယ်။ အဲဒီ အချက်အလက်တွေ ဘယ်က ရတယ်၊ ဘာတွေကို ဆက်လုပ်ရမယ်၊ ဘာတွေကို ပြုပြင်သွားရမယ် စတာတွေကို အဲဒီ Dashboard တွေမှာ ပါရှိတယ်။ Dashboard တွေဟာ ရောင်းအားတက်စေနိုင် ရုံသာမက အောက်ပါအကျိုးတွေကိုလည်း ရရှိစေနိုင်တယ်။ -         လူတစ်ဦးချင်းနဲ့ဆိုင်တဲ့ကိစ္စတွေကို အာရုံစိုက်ခြင်းဖြင့် မန်နေဂျာတွေဟာ အရောင်းသမားတွေရဲ့ လုပ်ငန်းဆောင်ရွက်နိုင်မှုစွမ်းရည် ပိုမိုကောင်းစေနိုင်တယ်။ -         လုပ်ငန်းအဖွဲ့အတွင်း အရောင်းကို အခြေခံတဲ့၊ အာရုံ လည်းစိုက်တဲ့၊ လုပ်ကိုင်ဆောင်ရွက်တဲ့အလေ့အထတစ်ရပ် ဖြစ်ထွန်းလာစေတယ်။ Dashboard ကြောင့် မန်နေဂျာတွေဟာ ဘယ်အရောင်းသမားတွေကို ဘယ်အခြေ အနေအရ ပံ့ပိုးပေးရမလဲဆိုတာ သိလာနိုင်တယ်။ ဥပမာအားဖြင့် လောလောဆယ် အရောင်းတက်နေပေမဲ့  နောက်ထပ်ရောင်းရဖို့အချိန်းအချက်အလားအလာမရှိတဲ့ အရောင်းဝန်ထမ်းတွေကို မန်နေဂျာတွေက လိုအပ်သလိုပံ့ပိုးပေးရနိုင်တယ်။ လက်တွေ့ဆောင်ရွက်ရန် -         လိုအပ်တဲ့သတင်းအချက်အလက်တွေကို အောက်ပါမေးခွန်းတွေ မေးပြီး Dashboard အနေနဲ့ ပုံမှန်တင်ပြပါ။ -         သိသင့်သိထိုက်တဲ့သတင်းအချက်အလက်တွေကို ဘယ်လိုတင်ပြမလဲ။ -         ဘယ်အချိန်မှာ ဘယ်နှခါထုတ်ပြန်ပေးမလဲ။ -         အချက်အလက်တွေ ဘယ်ကရသလဲ။ သတင်းမှန် မမှန် သိရဖို့ ဖြစ်တယ်။ -         အချက်အလက်အားလုံး၊ ဒါမှမဟုတ် တချို့တစ်ဝက်ဟာ လျို့ဝှက်ချက်တွေလား။ -         ဒါတွေဟာ ဘယ်လိုလုပ်ရပ်ကို၊ ဒါမှမဟုတ် ဆုံးဖြတ်ချက်ကို အထောက်အကူဖြစ်နိုင်သလဲ။ သုတေသနနည်း၊ တယ်လီဖုန်းဆက်တဲ့နည်း၊ အစည်းအဝေးလုပ်တဲ့နည်း၊ တွေ့ဆုံမေးမြန်းတဲ့နည်း စတာတွေထဲက အကောင်းဆုံးကို ရွေးပြီး သတင်းအချက်အလက် စုပါ။ သတင်းတွေကို သုံးသပ်၊ စိစစ်ပါ။ ကိန်းဂဏန်း နည်းအရ စိစစ်ရင်၊ ဖြစ်ရပ်တွေရဲ့ သွားနေတဲ့အကြောကို မြင်ရမှာဖြစ်သလို ပုံမှန်မဟုတ်ဘဲ ဖြစ်ချင်သလို ဖြစ်နေတာတွေလည်း တွေ့နိုင်မှာဖြစ်တယ်။ အလုပ်ဖြစ်တဲ့ သတင်းအချက်အလက် ဟုတ်၊ မဟုတ်ဆိုတာ သိနိုင်တာကတော့ အဲဒီသတင်း အချက်အလက်တွေအရ ဖြစ်နိုင်ခြေတွေကို ပုံဖော်ကြည့်တဲ့ နည်းတွေ ဖြစ်တယ်။ ရရှိထားတဲ့ သတင်းအချက်အလက်တွေကို နောင်တစ်ချိန်မှာ ပြန်ကြည့်လို့ရအောင် စနစ်တကျ သိုမှီးစုဆောင်းထားပါ။ မဆိုင်တော့တာတွေကို ဖယ်ထုတ်ပစ်ပါ၊ ဒါမှမဟုတ် မှတ်တမ်းအဖြစ်ထားနိုင်တယ်။ သတင်းတွေ ရထားတဲ့အတိုင်း ဆောင်ရွက်လုပ်ကိုင်ပါ။ ဒီလိုလုပ်ရာမှာ ဆုံးဖြတ်ချက်တွေကို အမြဲစောင့်ကြည့်အကဲခတ်ပါ။ စနစ်တကျ ဆောင်ရွက်လုပ်ကိုင်ပါ။ အချိန်၊ လုပ်ကိုင်နိုင်တဲ့အင်အားတွေနဲ့တခြားဖိအားတွေဆိုတဲ့ အခက်အခဲတွေကို ပြေလည်အောင် စီမံဆောင်ရွက်ပါ။

ညွန့်သောင်း