Citi နှင့် Standard Chartered Bank တို့ မြန်မာနိုင်ငံဆိုင်ရာ Credit Ratings အကြံပေးအဖွဲ့များအဖြစ်ခန့်အပ်ခံရ

  Citi 3 Citi 4   Citi 1 copy ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရက Citi နဲ့ Standard Chartered Bank  တို့ကို မြန်မာနိုင်ငံအစိုးရနဲ့ အကဲဖြတ်အဖွဲ့တွေဖြစ်တဲ့ Standard & Poor’s ၊ Fitch Ratings နဲ့ Moody’s တို့အကြား ချိတ်ဆက်ဆောင်ရွက်ပေးတဲ့ မြန်မာနိုင်ငံဆိုင်ရာ ငွေရေးကြေးရေးဆိုင်ရာ အဆင့်သတ်မှတ်ခြင်း (Credit Ratings)အကြံပေးအဖွဲ့တွေအဖြစ် ဆောင်ရွက်ရန်ခန့်ခပ်လိုက်ကြောင်း ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ အကြံပေးအဖွဲ့တွေအနေနဲ့ မြန်မာနိုင်ငံမှ လက်ရှိဆောင်ရွက်လျက်နေတဲ့ ငွေကြေးဈေးကွက်နဲ့ ရင်းနှီးမြှပ်နှံမှုအတွက် လိုအပ်တဲ့ အချက်အလက်တွေ စုဆောင်းရေး ပိုမိုတိုးတက်ကောင်းမွန်စေရန်၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ထိတွေ့ဆက်ဆံတဲ့နေရာမှာ ပိုမိုအကျိုးရှိစေရန် ဆောင်ရွက်သွားရမှာလည်းဖြစ်ပါတယ်။ Citi နဲ့ Standard Chartered Bank တို့ဟာ တခြား နိုင်ငံအစိုးရတွေအတွက် credit ratings နဲ့ပတ်သက်ပြီး  ဝန်ဆောင်မှုပေးတဲ့နေရာမှာ အထူးတလည် အတွေ့အကြုံရှိထားပြီးသားဖြစ်တဲ့အတွက် ဒီလို Credit Ratings အကြံပေးအဖွဲ့အဖြစ်ရွေးချယ်ရတာဖြစ်တယ်လို့ သိရပါတယ်။ ယုံကြည်စိတ်ချရပြီးကောင်းမွန်တဲ့ Credit Rating စနစ်ရှိတာက နိုင်ငံတကာဈေးကွက်မှာ မြန်မာနိုင်ငံအနေနဲ့ ပွင့်လင်းမြင်သာမှုရှိလာခြင်း၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေ ကြားမှာ တိုင်းပြည်အနေအထား ပိုမိုခိုင်မာလာခြင်း၊ နိုင်ငံရဲ့ ငွေချေးငှားမှုအတွက်ကုန်ကျစရိတ် သက်သာလာနိုင်ခြင်းတို့အပြင်  ငွေအရင်းအနှီး ရှာဖွေဖော်ဆောင်တဲ့နေရာမှာလည်း ပိုမိုကောင်းမွန်လာနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။     Citi ရဲ့ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံများဆိုင်ရာ အမှုဆောင် အရာရှိချုပ်ဖြစ်သူ Darren Buckley က  Citi ဟာပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရရဲ့ credit ratings အကြံပေးအဖြစ် ခန့်အပ်ခံရတာကို အထူးတလည် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း၊ Citi အနေနဲ့ နိုင်ငံအစိုးရတွေကို credit rating စနစ်တစ်ခု ထူထောင်ပေးရာမှာ၊ နိုင်ငံတကာဈေးကွက်တွေနဲ့ ချိတ်ဆက်ပေးရာမှာ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ပေးတဲ့ နေရာတွေမှာ အတွေ့အကြုံတွေ အများအပြား ရှိထားပြီးဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေမှာ အာရှ၊ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ လက်တင် အမေရိကဒေသက နိုင်ငံအစိုးရဆယ်ခုထက်မနည်းအတွက် credit rating စနစ်အကြံပေးအဖြစ် တာဝန်ယူခဲ့ဖူးကြောင်း၊ ထိုအထဲမှ နိုင်ငံ ၅ နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ အလားတူ ကူးပြောင်းရေး အခြေအနေတွေကို ရင်ဆိုင်ခဲ့ကြရတဲ့ နိုင်ငံတွေ ဖြစ်ကြောင်း၊၊ Citi ဟာမြန်မာနိုင်ငံအတွင်းမှာ ၁၉၁၉ ခုနှစ်ကနေ ၁၉၄၂ ခုနှစ်အထိ လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ဖူးကြောင်းနဲ့ ဒီနိုင်ငံနဲ့ပြန်လည်ချိတ်ဆက် ဆောင်ရွက်ခွင့်ရဖို့၊ အခွင့်အလမ်းတွေအများကြီးရှိနေတဲ့ဈေးကွက်ကို ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာဖို့ကိုလည်း မျှော်လင့်ကြောင်း စသဖြင့် ပြောဆိုခဲ့ပါတယ်။   Standard Chartered Bank ရဲ့ ထိုင်းနိုင်ငံနဲ့ မဟာမဲခေါင်ဒေသဆိုင်ရာ အမှုဆောင်အရာရှိချုပ်နဲ့ ဥက္ကဌ ဖြစ်သူ Ms. Lyn Kok က Standard Chartered နဲ့ မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ ကျော် ကတည်းက အတူလက်တွဲလာခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ ပထမဦးဆုံး နိုင်ငံတကာဘဏ်အဖြစ်နဲ့ ကိုယ်စားလှယ်ရုံးကို မြန်မာနိုင်ငံမှာ ဖွင့်လှစ်ခဲ့ကြောင်း၊  SCB အနေနဲ့ ကမ္ဘာတစ်ဝှမ်းက အစိုးရ ၁၀ ခုကျော်ကို Credit Ratings စနစ်ဖော်ဆောင်ရာမှာ ကူညီဆောင်ရွက်ပေးနေတဲ့  မှတ်တမ်းတွေလည်းရှိကြောင်း၊ မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံပေါင်း ၇ နိုင်ငံမှာ ရှိတဲ့ အစိုးရတွေကို  သူတို့ရဲ့ credit rating အဆင့် သတ်မှတ်ရေးတွေမှာ ကူညီထောက်ပံ့မှုတွေ ပေးနေကြောင်း၊  မြန်မာနိုင်ငံကို စွမ်းရည်တည်ဆောက်မှု နဲ့ သင်တန်းတွေကတဆင့် ထောက်ပံ့ပေးဖို့ လွတ်လပ်တဲ့ Credit Rratings စနစ် တည်ဆောက်ရာမှာ ကူညီသွားမှာဖြစ်ကြောင်း၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေ နဲ့ ခိုင်မာတဲ့နိုင်ငံတကာဈေးကွက်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ အစိုးရရဲ့ ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းတွေမှာ ကူညီထောက်ပံ့နိုင်တဲ့အခွင့်အရေးရရှိတဲ့အပေါ် ဂုဏ်ယူကြောင်း စသဖြင့် ပြောဆိုခဲ့ပါတယ်။ Citi 2