London Chamber of Commerce (UK) မှာ Policy and Public Affairs ပိုင်းမှာ တာဝန်ယူလုပ်ကိုင်ခဲ့ပြီး British Chamber of Commerce (Philippines) မှာ Project Director အဖြစ် တာဝန်ယူလုပ်ကိုင်ခဲ့သူ၊ လက်ရှိမှာ British Chamber of Commerce Myanmar ရဲ့ Chief Executive အဖြစ် ဆောင်ရွက်နေတဲ့ Ms Chloe Taylor နဲ့တွေ့ဆုံခိုက် အသင်းရဲ့ရည်ရွယ်ချက်၊ အသင်းရဲ့လှုပ်ရှားမှုတွေ အဓိကဦးစားပေး လုပ်ကိုင်နေတာတွေကို မေးမြန်းခဲ့ပါတယ်။
လုပ်ငန်းအတွေ့အကြုံနှင့် လက်ရှိတာဝန်ယူထားသည့်အပိုင်း
---------------------------
ကျွန်မက ကမ္ဘာအနှံ့က မတူညီတဲ့ မြို့သုံးမြို့က ဗြိတိသျှကုန်သည်ကြီးများအသင်းတွေမှာ အလုပ်လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံရှိပါတယ်။ ကျွန်မအရင်တုန်းက ဖိလစ်ပိုင်နိုင်ငံက ဗြိတိသျှကုန်သည်ကြီးများအသင်းမှာ Project Director အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီမတိုင်ခင်ကတော့ အင်္ဂလန်နိုင်ငံက London Chamber of Commerce မှာ Policy & Public Affairs ဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဗြိတိသျှကုန်သည်ကြီးများအသင်း (မြန်မာနိုင်ငံ) မှာ Chief Executive အဖြစ် တာဝန်ယူဆောင်ရွက်နေပါတယ်။
Chamber of Commerce တွေက နေရာအနှံ့အပြားက ဈေးကွက်အနေအထားပေါ်မူတည်ပြီး ညှိနှိုင်းဆောင်ရွက်ရတာချင်း မတူညီပေမယ့် အဖွဲ့ဝင်တွေကို ပေးတဲ့ဝန်ဆောင်မှု ဥပမာအားဖြင့် ကုမ္ပဏီ၊ ဒါမှမဟုတ် လုပ်ငန်းတွေအနေနဲ့ ဈေးကွက်မှာ သူတို့ရဲ့ စိတ်ဝင်စားမှုတွေ တိုးတက်အောင် ထောက်ပံ့ပေးရာမှာတော့ ရည်ရွယ်ချက်က တစ်သဘောတည်းဖြစ်ပါတယ်။ လန်ဒန်၊ မနီလာနဲ့ ရန်ကုန်မြို့တို့မှာ အလုပ်လုပ်ရတဲ့အတွေ့အကြုံကတော့ အတော်ကွာခြားပါတယ်။ ၁၈ ရာစုကတည်းက တည်ထောင်လုပ်ကိုင်နေတဲ့ London Chamber of Commerce နဲ့ ၁၉၉၇ ခုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့ မနီလာမြို့က British Chamber တို့နဲ့နှိုင်းယှဉ်ရင် မြန်မာနိုင်ငံက British Chamber က တည်ထောင်ထားတာ လေးနှစ်ပဲရှိသေးတဲ့အတွက် သက်တမ်းနုသေးပါတယ်။
ကျွန်မရဲ့ အသက်မွေးဝမ်းကြောင်းနောက်ခံက Membership Organization တွေနဲ့ ပတ်သက်ဆက်နွှယ်နေပါတယ်။ အတွေ့အကြုံဗဟုသုတတွေကလည်း Network တွေတည်ဆောက်တာ၊ တွဲဖက်ပူးပေါင်းလုပ်ကိုင်မှုတွေရဲ့ တန်ဖိုးတွေကို နားလည်ပြီး အဖွဲ့ရဲ့ ပူးပေါင်းလုပ်ကိုင်နိုင်စွမ်းကို အသုံးချကာ အဖွဲ့ဝင်တွေအတွက် ထောက်ပံ့ပေးတာ စတာတွေနဲ့ပတ်သက်ပါတယ်။
မြန်မာနိုင်ငံက ဗြိတိသျှကုန်သည်ကြီးများအသင်းက အာဆီယံနိုင်ငံတွေအတွင်း Network တွေ ဖွဲ့စည်းလည်ပတ်လုပ်ကိုင်နေတဲ့ ဒေသတွင်း British Chamber ရှစ်ခုထဲမှ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ပါတယ်။ ကျွန်မတို့က British Chambers UK Network ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လို့ အင်္ဂလန်နိုင်ငံအတွင်းနဲ့ ဒေသတွင်းရှိ စုစုပေါင်း ၅၂ ခုသော ဗြိတိသျှကုန်သည်ကြီးများအသင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီ Network အတွင်းက အသင်းတစ်ခုခုနဲ့ချိတ်ဆက်ထားတဲ့ အဖွဲ့ဝင်တိုင်းက အင်္ဂလန်နိုင်ငံက Chamber တွေနဲ့ ချိတ်ဆက်နိုင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံက ဗြိတိသျှကုန်သည်ကြီးများအသင်းမှာ ပါဝင်တဲ့ ကျွန်မတို့ရဲ့ အဖွဲ့ဝင်တွေအနေနဲ့ မြန်မာနိုင်ငံတွင်းသာမက ကမ္ဘာတစ်ဝှမ်းနဲ့ပါ ချိတ်ဆက်ပြီးဖြစ်ပါတယ်။
Chamber အကြောင်း
-------------------------
Chamber ကို ၂၀၁၄ ခုနှစ်၊ ဇူလိုင်လက အင်္ဂလန်အစိုးရရဲ့ ထောက်ပံ့မှုနဲ့အတူ နာမည်ကြီးအင်္ဂလန်အခြေစိုက် စီးပွားရေးလုပ်ငန်းလေးခုဖြစ်တဲ့ Jardines ၊ Prudentials ၊ Shell နဲ့ Standard Charterd စတဲ့ တည်ထောင်သူ ပလက်တီနမ် စပွန်ဆာလေးဦးရဲ့ အကူအညီနဲ့ တည်ထောင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
Chamber က အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းဖြစ်ပြီး အင်္ဂလန်အစိုးရဆီက ငွေကြေးထောက်ပံ့ပေးမှု၊ စပွန်ဆာထည့်ဝင်ငွေကြေးနဲ့ အသင်းဝင်ကြေးတွေလို Funding တွေနဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။ ဝင်ငွေတွေကို ကျွန်မတို့ရဲ့အဖွဲ့ဝင်တွေကို အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ဖို့နဲ့ မြန်မာပြည်ဈေးကွက်အတွင်း ဝင်ရောက်လိုတဲ့ အင်္ဂလန်က စီးပွားရေးလုပ်ငန်းတွေကို ကျွန်မတို့ရဲ့ ကုန်သွယ်မှုနဲ့ လုပ်ငန်းဝန်ဆောင်မှုတွေကတစ်ဆင့် ဈေးကွက်ထဲဝင်ရောက်နိုင်ဖို့ အကူအညီပေးတဲ့နေရာမှာ သုံးပါတယ်။ ကျွန်မတို့ရဲ့ နာမည်မှာ ''British'' ဆိုတဲ့ စကားလုံးပါနေပေမယ့် ကျွန်မတို့က အင်္ဂလန်ကုမ္ပဏီ မဟုတ်ပါဘူး။ ဒေသတွင်းမှာ ဖွဲ့စည်းတည်ထောင်ထားတာ ဖြစ်ပါတယ်။
Chamber မှာ အဖွဲ့ဝင်အယောက် ၂၃၀ ကျော် ရှိပါတယ်။ အရှေ့မှာ ကျွန်မပြောပြခဲ့တဲ့ တည်ထောင်သူ ပလက်တီနမ်စပွန်ဆာလေးဦးအပြင် Stephenson Harwood LLP ၊ Willis Towers Watson ၊ AYA Bank နဲ့ Unilever တို့ကလည်း ကျွန်မတို့အသင်းမှာ ပလက်တီနမ်စပွန်ဆာအဖြစ် ပါဝင်ထားပါတယ်။ ပလက်တီနမ်အဖွဲ့ဝင်အဖြစ် ဖိတ်ခေါ်ထားတဲ့ ကုမ္ပဏီတွေက ဗြိတိသျှကုမ္ပဏီတွေပဲဖြစ်ပေမယ့် ၂၀၁၇-၁၈ အဖွဲ့ဝင်နှစ်မှာတော့ Chamber က မြန်မာကုမ္ပဏီတစ်ခုဖြစ်တဲ့ AYA Bank ကို ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါက မြန်မာနိုင်ငံတွင်း အရေးကြီးလုပ်ငန်းတွေ ကဏ္ဍတွေ တိုးတက်အောင်လုပ်ဆောင်ရာမှာ နာမည်ကောင်း ရရှိထားတဲ့ ဗြိတိသျှကုမ္ပဏီမဟုတ်တဲ့ ကုမ္ပဏီတွေနဲ့ တွဲဖက်လုပ်ကိုင်ဖို့ တိုးချဲ့နေတာကြောင့်လည်း ဖြစ်ပါတယ်။
ကျွန်မတို့ရဲ့ Corporate အဖွဲ့ဝင်တွေအများစုက အသေးစားနဲ့အလတ်စားကုမ္ပဏီတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက ကျွန်မတို့အဖွဲ့ဝင်အများစုက ဗြိတိသျှကုမ္ပဏီတွေနဲ့ ချိတ်ဆက်ထားတဲ့ နိုင်ငံတကာကုမ္ပဏီတွေနဲ့ ပြည်တွင်းကုမ္ပဏီတွေပဲ ဖြစ်ပါတယ်။ အရေအတွက်အားဖြင့်ကတော့ Chamber ရဲ့ အဖွဲ့ဝင်တွေထဲမှာ ဗြိတိသျှကုမ္ပဏီတွေထက် ပြည်တွင်းကုမ္ပဏီတွေ အရေအတွက်က ပိုများပါတယ်။ ဒါက Chamber အနေနဲ့ Audience မျိုးစုံအတွက် လိုက်လျောညီထွေ ဖြစ်တယ်ဆိုတာကို ပြသနေတာ ဖြစ်ပါတယ်။ ဗြိတိသျှကုမ္ပဏီတွေပဲ အဖွဲ့ဝင်လို့ရတာ မဟုတ်ပါဘူး။ ပြည်တွင်းကုမ္ပဏီတွေ လည်း အဖွဲ့ဝင်လို့ ရပါတယ်။
ကျွန်မတို့က ဘယ်နိုင်ငံက ကုမ္ပဏီကိုမဆို British Chamber နဲ့ချိတ်ဆက်ဖို့ အားပေးပါတယ်။ ကျွန်မတို့က အဖွဲ့ဝင်တွေအားလုံးကို ကိုယ်စားပြုတယ်။ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံတွေအတွက် အင်္ဂလန်နိုင်ငံနဲ့ အချိတ်အဆက်ရအောင် ပြုလုပ်ပေးပါတယ်။
ပွဲတွေစီစဉ်ဆောင်ရွက်ပေးပြီး လုပ်ငန်းရှင်တွေကို ထောက်ပံ့မှုပေးတဲ့နေရာမှာ ကျွန်မတို့ Chamber က မြန်မာနိုင်ငံရဲ့ Active အဖြစ်ဆုံး Chamber တွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ကျွန်မတို့ Chamber အနေနဲ့ တစ်လကို ပွဲလေးခုကနေ ခြောက်ခု ကျင်းပပေးလေ့ရှိပါတယ်။ တစ်ခါတလေ ဒီထက်ပိုများပါတယ်။ အဖွဲ့ဝင်တွေကို ကျွန်မတို့လုပ်မယ့်ပွဲတွေအကြောင်း အီးမေးလ်ကနေတစ်ဆင့် ပေးပို့ပေးပါတယ်။ အဖွဲ့ဝင်တွေကို ပွဲတက်ရာမှာ Discount တွေပေးသလို စာရင်းပေးသွင်းရာမှာလည်း ဦးစားပေးတက်ရောက်စေပါတယ်။ Chamber က ကျင်းပတဲ့ပွဲတွေထဲက တစ်ချို့ပွဲတွေကို အဖွဲ့ဝင်မဟုတ်တဲ့ သူတွေလည်း တက်ရောက်လို့ရပါတယ်။ ကျွန်မတို့က ထုတ်ပြန်တဲ့ Newsletter တွေကို အဖွဲ့ဝင် မဟုတ်သူတွေလည်း Subscribe လုပ်ထားလို့ရပါတယ်။
ကျွန်မတို့ကျင်းပပေးတဲ့ ပွဲအမျိုးအစား ငါးမျိုးကတော့ -
၁။ BritCham - နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ဆွေးနွေးခြင်းဖြစ်ပြီး ဗြိတိသျှသံရုံးနဲ့ တွဲဖက်ကျင်းပပါတယ်။ အဖွဲ့ဝင်တွေအတွက် သီးသန့်ကျင်းပပေးတာဖြစ်ပြီး လေးလတစ်ကြိမ် ပြုလုပ်လေ့ရှိပါတယ်။
၂။ BritCham Market Focus - သီးသန့်ရွေးချယ် သတ်မှတ်ထားတဲ့ နယ်ပယ်ထဲက စိတ်ဝင်စားမှုများနေတဲ့ အရေးကြီးတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်လို့ ဆွေးနွေးကြပါတယ်။
၃။ BritCham Critical - ကြေညာချက်ထုတ်ပြီး ပြင်ဆင်မွမ်းမံလိုက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်လို့ အချိန်နဲ့တပြေးညီ သိသင့်တဲ့ အရေးကြီးအကြောင်းအရာတွေနဲ့ သက်ဆိုင်တဲ့ပွဲပါ။ ဒါကို လက်ရှိဈေးကွက်အနေအထားအပေါ်မှာလည်း မှီတည်ပြီး ကျင်းပပါတယ်။
၄။ BritCham Social - တခြား British Chamber အဖွဲ့ဝင်တွေ၊ သို့မဟုတ် အခြားသော ပြည်တွင်းက Chamber အဖွဲ့ဝင်တွေနဲ့တွေ့ဆုံပြီး မိတ်ဆွေဖွဲ့ဖို့ တစ်လ တစ်ကြိမ် ကျင်းပပေးပါတယ်။
၅။ BirtCham Operational Excellence - သင်တန်းပေးမှုနဲ့ တိုးတက်မှုအတွက် ကျင်းပပေးတဲ့ပွဲ ဖြစ်ပါတယ်။ ဝန်ထမ်းတွေအတွက် အသုံးဝင်မယ့် အလုပ်ရုံဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေ၊ တစ်ရက်တာ သင်တန်းပေးမှုတွေနဲ့ တချို့ဘာသာရပ်ဆိုင်ရာတွေကို ပို့ချပေးဖို့ အဖွဲ့ဝင်တွေနဲ့ တွဲဖက်ပြီး လုပ်ဆောင်ပေးပါတယ်။
နိုင်ငံတကာဆီကိုရော မြန်မာကုမ္ပဏီတွေကို Promote လုပ်ပေးပါသလား
------------------------
လုပ်ပေးပါတယ်။ အင်္ဂလန်အစိုးရနဲ့ တွဲဖက်ပြီး British Chamber က မြန်မာ့ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတဲ့ ဗြိတိသျှကုမ္ပဏီတွေကို ဝန်ဆောင်မှုတွေအကြောင်း ပြောထားပါတယ်။ ကျွန်မတို့အဖွဲ့က ဗြိတိသျှကုမ္ပဏီတွေရဲ့ လုပ်ဆောင်ချက်တွေ၊ သူတို့ရဲ့ ရည်ရွယ်ချက်တွေ၊ သူတို့ရဲ့မျှော်မှန်းချက်တွေကို နားလည်ဖို့အတွက် ဝန်ဆောင်မှုလည်း ပေးပါတယ်။ နောက်တစ်ဆင့်ကတော့ ကျွန်မတို့ရဲ့ အဖွဲ့ဝင်တွေနဲ့ ချိတ်ဆက်ခြင်းနဲ့ ပြည်တွင်းလုပ်ငန်းနဲ့ ဆက်သွယ်ပြီး ဗြိတိသျှကုမ္ပဏီတွေအတွက် အဆင်ပြေမယ့် လုပ်ငန်း British Chamber တွေကို ရှာဖွေနိုင်ဖို့အတွက် အဖွဲ့အစည်းအချင်းချင်းတွေ့ဆုံကြဖို့ပါ။ ကျွန်မတို့က သူတို့တွေနဲ့ ပုဂ္ဂိုလ်ချင်းဆက်သွယ်တယ်၊ ကျွန်မတို့အကြောင်းနဲ့ ဗြိတိသျှကုမ္ပဏီတွေအကြောင်း မိတ်ဆက်ပေးတယ်၊ ပြီးတော့ အခွင့်အရေးတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပေးပါတယ်။
မြန်မာနိုင်ငံအတွက် Promote လုပ်ပေးတဲ့ နောက်နည်းလမ်းတစ်ခုကတော့ ပြည်တွင်းကုမ္ပဏီတွေဆီက တင်ပို့မှု အခွင့်အလမ်းတွေရှာဖွေပေးမှုနဲ့ 'Exporting is Great' လို့ခေါ်တဲ့ အင်္ဂလန်က ဒီဂျစ်တယ်ပလက်ဖောင်းပေါ်မှာ ငွေမကုန်ကျဘဲ ပြည်တွင်းကုမ္ပဏီတွေ ရရှိနိုင်တဲ့အခွင့်အလမ်းတွေကို ကြော်ငြာပေးမှု ဖြစ်ပါတယ်။ ဒီပလက်ဖောင်းက ကမ္ဘာတစ်ဝှမ်းမှာ တင်ပို့မှုအခွင့်အလမ်းတွေ ရှာဖွေချင်တဲ့ အင်္ဂလန်ကုမ္ပဏီတွေအတွက် ဖြစ်ပါတယ်။ ကျွန်မတို့တင်ပေးထားတဲ့ ပြည်တွင်းကုမ္ပဏီတွေအတွက် တုန့်ပြန်မှုရလာခဲ့ရင် အဲဒီသတင်းစကားကို လက်ခံပြီး သဘောတူညီမှုလုပ်ပြီး နောက်တစ်ဆင့်အနေနဲ့ အင်္ဂလန်ကကုမ္ပဏီတွေနဲ့ဆက်သွယ်ကာ ရှေ့ဆက်လုပ်ဆောင်မှုတွေ လုပ်ပေးပါတယ်။
British Chamber ရဲ့ Mission နဲ့ Vision
-----------------------
British Chamber အနေနဲ့ အဖွဲ့ဝင်တွေကို အခွင့်အလမ်း၊ သတင်းအချက်အလက်၊ အချိတ်အဆက်နဲ့ တိုင်ပင်ဆွေးနွေး အကြံပေးခြင်းစတဲ့နယ်ပယ်လေးခုကို ထောက်ပံ့ပေးပါတယ်။
Chamber က မြန်မာနိုင်ငံမှာ လုပ်ငန်းတိုးတက်ဖို့မျှော်မှန်းတဲ့ကုမ္ပဏီတွေအတွက် မြန်မာနိုင်ငံအကြောင်း သတင်းအချက်အလက်ပေးတဲ့ Gateway ဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ၊ ဒါမှမဟုတ် ဗြိတိသျှက အဖွဲ့ဝင်ကုမ္ပဏီတွေအားလုံးအတွက် တပြေးညီ သတင်းအချက်လက်ပေးတဲ့ ပလက်ဖောင်းဖြစ်ပါတယ်။
ကျွန်မတို့က အဖွဲ့ဝင်ကုမ္ပဏီတွေကို ကျွန်မတို့ရဲ့ Network ထဲက အဖွဲ့အစည်းအားလုံးနဲ့ ချိတ်ဆက်နိုင်အောင် ကူညီပေးတယ်။ အဖွဲ့ဝင်တွေဟာ ကျွန်မတို့ Network အတွင်းရှိ ကုမ္ပဏီတွေအားလုံးရဲ့ သက်ဆိုင်ရာ အဖွဲ့ဝင်ဒါရိုက်တာတွေနဲ့လည်း ချိတ်ဆက်နိုင်ပါတယ်။
British Chamber က လုပ်ငန်းနယ်ပယ်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်တယ်ဆိုတာကို ကျွန်မ လုံးဝယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ Chamber က စီးပွားရေးတိုးတက်ကြီးထွားဖို့နဲ့ လုပ်ငန်းနယ်ပယ်အတွက် အရေးပါတဲ့မူဝါဒတွေ၊ ကိစ္စရပ်တွေကို အဓိကထောက်ပြပေးတဲ့ နှစ်ဦးနှစ်ဖက်တွေ့ဆုံဖို့ကို အားပေးတဲ့ ဖိုရမ်တွေ ပြုလုပ်ပေးပါတယ်။ တိုးတက်မှုနဲ့ နားလည်မှုတွေက အတူတကွ အချက်အလက်တွေဝေမျှခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဗဟုသုတဝေမျှခြင်း၊ အစိုးရတွေ၊ ပြည်တွင်းကုန်သွယ်မှုအဖွဲ့အစည်းတွေ၊ ပြည်တွင်းပြည်ပကုန်သည်ကြီးများအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ကိုင်ခြင်းနဲ့ ပြဿနာတွေကို စုပေါင်းအဖြေရှာခြင်းတွေကတစ်ဆင့် ရရှိတာဖြစ်ပါတယ်။
ကျွန်မတို့ရဲ့အသင်းဝင်တွေထဲမှာ Working Group နှစ်ခုနဲ့ Peer-led Network တစ်ခု ရှိပါတယ်။ အဲဒါတွေကတော့ Legal Working Group ၊ Energy Working Group နဲ့ Professional Women's Network (PWN) တို့ ဖြစ်ပါတယ်။ Group နဲ့ Network တစ်ခုချင်းစီမှာ CEO နဲ့ Co-Chair တွေ ရှိပါတယ်။ ကျွန်မတို့ရဲ့ Chamber က အဲဒီအဖွဲ့တွေကို လိုအပ်တဲ့အသေးစိတ်ကူညီထောက်ပံ့မှုတွေ လုပ်ပေး၊ စီစဉ်ပေးတာနဲ့ ပညာရပ်ပိုင်းဆိုင်ရာတွေနဲ့ပတ်သက်လို့ အဆင်ပြေအောင် ကူညီထောက်ပံ့ပေးပါတယ်။
Legal Working Group မှာ ပြည်တွင်းနဲ့နိုင်ငံတကာက ဥပဒေကုမ္ပဏီများ ပါဝင်ဖွဲ့စည်းထားပါတယ်။ သူတို့က တအားတက်ကြွလှုပ်ရှားပြီး ခြောက်ပတ်တစ်ကြိမ်တွေ့ဆုံကာ လက်ရှိဈေးကွက်အခြေအနေ၊ ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေနဲ့ပတ်သက်လို့ ဆွေးနွေးကြပါတယ်။ ဒါက အဖွဲ့ဝင်တွေအတွက်ပဲ ပြုလုပ်ပေးတဲ့ဆွေးနွေးပွဲတစ်ခုဖြစ်ပြီး သူတို့ဝေမျှပေးတဲ့ သတင်းအချက်အလက်တွေကလည်း တန်ဖိုးအလွန်ရှိပါတယ်။ အကြောင်းအရာတစ်ခုခု၊ ကိစ္စတစ်ခုခုကို အစိုးရကိုတင်ပြရဖို့ ရှိလာခဲ့ရင်လည်း အဲဒီအဖွဲ့က တင်ပြဖို့ သင့်မသင့် သူတို့ကိုယ်တိုင်ပဲ ဆုံးဖြတ်ပါတယ်။ အဲဒီအဖွဲ့က မြန်မာရှေ့နေတွေကို အတတ်ပညာပိုင်းဆိုင်ရာတိုးတက်ဖို့ သင်တန်းတွေလည်း ထောက်ပံ့ပေးပါတယ်။
Energy Working Group က စွမ်းအင်အခန်းကဏ္ဍနဲ့ပတ်သက်လို့ အနည်းဆုံး လေးလတစ်ကြိမ်တွေ့ဆုံပြီး လုပ်ငန်းနဲ့စပ်လျဉ်းတာတွေကို အသေးစိတ်ရှင်းလင်းဆွေးနွေးလေ့ရှိပါတယ်။ လတ်တလောမှာ မြန်မာနိုင်ငံဗြိတိသျှကုန်သည်ကြီးများအသင်းနဲ့ စင်ကာပူနိုင်ငံဗြိတိသျှကုန်သည်ကြီးများအသင်းတို့က Energy Working Group နှစ်ခုတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍမှာရှိနေတဲ့ စိန်ခေါ်မှုတွေ၊ အခွင့်အရေးတွေနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲလေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒါက အခြားဈေးကွက်ထဲမှာရှိနေတဲ့ ကျွန်မတို့ရဲ့ ပါတနာ Chamber တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့တာတွေထဲက ဥပမာတစ်ခုဖြစ်ပြီး အာဆီယံမှာ ကျွန်မတို့အနေနဲ့ခိုင်မာတဲ့ Network တည်ဆောက်ထားနိုင်တယ်ဆိုတာကိုလည်း ထင်ရှားစေပါတယ်။ Working Group တွေထဲကို ဝင်ရောက်ချင်တယ်ဆိုရင် Chamber အဖွဲ့ဝင်ဖြစ်ဖို့ လိုအပ်ပါတယ်။
မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ကိုင်နေတဲ့ ဗြိတိသျှစီးပွားရေး လုပ်ငန်းအမျိုးအစားတွေနဲ့ အရေအတွက်
----------------
မြန်မာနိုင်ငံဈေးကွက်ထဲမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ ဗြိတိသျှကုမ္ပဏီအရေအတွက် ဘယ်လောက်ရှိသလဲဆိုတာက အဲဒီအချက်အလက်တွေကို အစိုးရဖက်က တရားဝင်ဖော်ပြထားခြင်း မရှိတဲ့အတွက် အတိအကျတော့ မသေချာပါဘူး။ အင်္ဂလန်နိုင်ငံက မြန်မာနိုင်ငံမှာ ပဉ္စမမြောက်အကြီးဆုံး ရင်းနှီးမြှုပ်နှံသူအဖြစ်ရှိနေပါတယ်။ ဗြိတိသျှကုမ္ပဏီအများစုက Partnership တွေ၊ Joint Venture တွေဖြစ်တာ တွေ့ရပါတယ်။ နောက်ပြီး လုပ်ငန်းလုပ်ကိုင်တဲ့အခါ Risk နည်းနိုင်သမျှ နည်းစေဖို့ ဆွေးနွေးညှိနှိုင်းမှုနဲ့ ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီတွေလည်း ရှိပါတယ်။ ဗြိတိသျှကျွမ်းကျင်လုပ်ငန်းရှင်တွေအနေနဲ့ ပညာရေး၊ ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဝန်ဆောင်မှုများ၊ အတတ်ပညာဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ဦးဆောင်လျက်ရှိပါတယ်။ စီးပွားရေး ဆက်လက်ဖွံ့ဖြိုးတိုးတက်လာပြီး အဓိကအရေးကြီးတဲ့ နယ်ပယ်တွေဖြစ်တဲ့ ပညာရေးနယ်ပယ်၊ အာမခံလုပ်ငန်းနယ်ပယ် အစရှိတဲ့ အဓိကကျတဲ့ လုပ်ငန်းနယ်ပယ်တွေမှာလည်း လုပ်သာကိုင်သာရှိလာတာနဲ့အမျှ ပညာရေး၊ ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဝန်ဆောင်မှုများ၊ အတတ်ပညာဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ကြီးထွားတိုးတက်မှုတွေ မြင်တွေ့ရဖို့ မျှော်လင့်ပါတယ်။
ဗြိတိသျှနဲ့ တခြားအဖွဲ့ဝင်ကုမ္ပဏီမှာ ပေါ်ပေါက်တတ်တဲ့ စိန်ခေါ်မှုတွေက
--------------------------------------
ဒီမှာလုပ်ငန်းလုပ်တဲ့အခါ အဓိကအဟန့်အတားက မြန်မာကုမ္ပဏီတွေအတွက် ငွေကြေးရရှိမှုနဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းမူဘောင်တွေလို့ ကျွန်မထင်ပါတယ်။ ဘဏ်လုပ်ငန်းမှာဆိုရင် နိုင်ငံအတွင်းအပြင်ကို ငွေလွှဲဖို့က ပိုမိုလွယ်ကူလာပေမယ့် အဆင့်ဆင့်လုပ်ဆောင်မှုတွေနဲ့ လုပ်ထုံးလုပ်နည်းတွေမှာတော့ အခက်အခဲတွေရှိနေဆဲ ဖြစ်ပါတယ်။
ပညာရေးစနစ်ကို လျစ်လျူရှုမှုကြောင့် လူသားအရင်းအမြစ်မှာ တိုးတက်မှုတွေ လိုအပ်နေပါတယ်။ ထင်ရှားတဲ့ နိုင်ငံရေးဆုံးဖြတ်ချက်တွေကြောင့် တိုးတက်မှုတွေတော့ရှိနေပါတယ်။ ဒါပေမဲ့ တချို့နယ်ပယ်တွေမှာတော့ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ မရှိတာတွေ့ရပါတယ်။ ဥပမာအနေနဲ့ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနဲ့ သင်္ချာစတဲ့အပိုင်းတွေမှာ စွမ်းရည်တွေ ကျယ်ပြန့်ခိုင်မာလာအောင် ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို မြန်မာနိုင်ငံထဲ ထပ်ဖြည့်ဆည်းပေးနိုင်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံရဲ့ တိုးတက်ပြောင်းလဲမှုနှုန်းနဲ့ လိုက်လျောညီထွေဖြစ်တဲ့ လုပ်သားတွေကို သင်တန်းပေးမှုနဲ့ စွမ်းရည်မြင့်မားစေခြင်းအပေါ် ရေရှည်မျော်မှန်းချက်တွေချမှတ်ဖို့ လိုအပ်ပါတယ်။
ကုမ္ပဏီတွေမှာက နေရာမှန် လူမှန်ကို ခန့်ထားဖို့မှာ ခက်ခဲမှုတွေရှိနေဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရဲ့ ပြောင်းလဲလာတဲ့ လိုအပ်ချက်တွေနဲ့အညီ လုပ်ငန်းသစ်တွေက ပေါ်ထွက်လာကြပါတယ်။ ဒါက ပြောင်းလဲလာတဲ့ Trend တွေနဲ့ လိုအပ်ချက်တွေကို ဖြေရှင်းနိုင်တဲ့လုပ်သားတွေ ပေါ်ပေါက်လာတယ်လို့ ဆိုလိုပါတယ်။
ဝန်ထမ်းတွေအပေါ် ရင်းနှီးမြှုပ်နှံခြင်းနဲ့ သူတို့တွေ လုပ်ငန်းတိုးတက်မှုရရှိအောင် လုပ်ဆောင်ပေးတာက တစ်ဦးချင်းအတွက် ကောင်းမွန်သလို ကုမ္ပဏီတွေအတွက်လည်း ကောင်းမွန်ပြီးတော့ ဝန်ထမ်းတွေရဲ့ အချင်းချင်းဆက်နွှယ်မှုကို ခိုင်မာအောင် တွန်းအားပေးပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးအပေါ်အမြင်
-----------------
မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်လို့တော့ ကျွန်မက အကောင်းမြင်မိပါတယ်။ ကျွန်မ ၂၀၁၅ ခုနှစ်၊ ဧပြီလကစပြီး မြန်မာနိုင်ငံကို ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် နှောင်းပိုင်းလောက်မှာ ရွေးကောက်ပွဲကျင်းခဲ့တာနဲ့အညီ နိုင်ငံရေးနယ်ပယ်ထဲမှာ တိုးတက်ပြောင်းလဲမှုတွေကို တွေ့မြင်ခဲ့ရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဆက်လက်ပြီးတော့ ဖွံ့ဖြိုးတိုးတက်ဖို့ လမ်းစပွင့်လာတာနဲ့အမျှ မြန်မာနိုင်ငံအတွက် စိတ်လှုပ်ရှားဖွယ်ရာ စာမျက်နှာသစ် ဖွင့်လှစ်နိုင်ဖို့ကိုလည်း ညွှန်ပြနေပါတယ်။ အဲဒီနောက် ရခိုင်အရေးအခင်းကိစ္စကြောင့် အကျပ်အတည်း၊ အခက်အခဲဖြစ်လာတာတွေ တွေ့ရပါတယ်။ ရခိုင်အရေးက ရင်းနှီးမြှုပ်နှံမှုကို ဟန့်တားတာမျိုး မဖြစ်သင့်သလို အစိုးရအနေနဲ့ ဦးစားပေးကိစ္စအနေနဲ့ သတ်မှတ်ကိုင်တွယ်သင့်တဲ့အရာတော့ ဖြစ်သင့်ပါတယ်။ မျှော်လင့်ထားတာထက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက နှေးကွေးနေပြီး ပိုမိုကောင်းမွန်တဲ့ အနေအထားရောက်ရှိလာဖို့ အချိန်ဘယ်လောက်ကြာမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုထိတိုင် ဆောင်ရွက်ရမယ့်အလုပ်တွေ အများကြီးရှိနေသေးတယ်လို့ ကျွန်မမြင်ပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ လှုံ့ဆော်တဲ့နေရာမှာ တိတိကျကျသတ်မှတ်ထားတဲ့ နယ်ပယ်တွေထဲက ဘယ်စီမံချက်ကိုအရင်ဆုံးစပြီး အကောင်အထည်ဖော်လုပ်ဆောင်မလဲဆိုတာကို ဦးစားပေးအဆင့်သတ်မှတ်ဖို့က အဓိကသော့ချက် ဖြစ်ပါတယ်။ ပုဂ္ဂလိကကဏ္ဍက အခရာကျပြီး အစိုးရအနေနဲ့ ဆက်လက်ပြီး လုပ်ပိုင်ခွင့်ပေးဖို့နဲ့ ရရှိနိုင်တဲ့ကျွမ်းကျင်မှုတွေကို အသုံးပြုခြင်း၊ သဘောထားအမြင်တွေ၊ အကြံဉာဏ်နဲ့ပတ်သက်လို့ တိုင်ပင်လက်ခံဆွေးနွေးခြင်းတွေ ပြုလုပ်သင့်ပါတယ်။ မျှော်လင့်ထားတာတွေအတိုင်း ဖြစ်လာဖို့ကတော့ စိန်ခေါ်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံက မှန်ကန်တဲ့လမ်းကြောင်းဆီကို ဦးတည်နေပြီး တိုးတက်မှုကတော့ အချိန်ယူရဦးမယ်လို့ထင်ပါတယ်။