ထိုင်းဝီစကီလုပ်ငန်းရှင်ကြီး Charoen Sirivadhanabhakdi

Charoen1

စီးပွားရေးလုပ်ငန်းရှင်ကြီးနဲ့ တီထွင်သူတစ်ယောက်ဖြစ်တဲ့ Charoen Sirivadhanabhakdi ကို တရုတ်နိုင်ငံတောင်ပိုင်း၊ Shantau မြို့ကနေ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ပြောင်းရွှေ့လာခဲ့တဲ့ ဆင်းရဲတဲ့ လမ်းဘေးဈေးသည်တစ်ယောက်ရဲ့ ဆဋ္ဌမမြောက်ကလေးအဖြစ် ၁၉၄၄ ခုနှစ်၊ မေလ ၂ ရက်မှာ မွေးဖွားခဲ့ပါတယ်။

သူ့ရဲ့မိသားစုမှာ ကလေး ၁၁ ယောက်ရှိတဲ့အတွက် Sirivadhanabhakdi ဟာ အလုပ်လုပ်ပြီး သူ့ဝမ်းသူ ကျောင်းဖို့အတွက် အသက်ကိုးနှစ်အရွယ်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းကထွက်ခဲ့ရပါတယ်။ သူဟာ အရက်ချက်စက်ရုံတွေအတွက် ပစ္စည်းတွေသွင်းခဲ့ပါတယ်။ အဲဒီစက်ရုံတွေဟာ ပြည်တွင်းဖြစ် ထိုင်းဝီစကီ Brand ကို ဖန်တီးခဲ့ပြီး အဲဒီအချိန်တုန်းက နိုင်ငံတော်က လုပ်ခဲ့ပါတယ်။

အဲဒီအလုပ်က လုပ်ငန်းအတွင်းမှာ အဆက်အသွယ်တွေကို ဖန်တီးဖို့ သူ့ကိုအထောက်အကူပြုခဲ့ပြီး နောက်ဆုံးမှာတော့ သူ့ရဲ့ကိုယ်ပိုင်အရက်တွေကို ဖန်တီးဖို့ လိုင်စင်တစ်ခုကို ရယူနိုင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အရက်ထုတ်လုပ်မှုလုပ်ငန်းအားလုံးကို နိုင်ငံတော်ကပိုင်တဲ့အတွက် Charoen အနေနဲ့ ဈေးကွက်ရဲ့ ၁၅ ရာခိုင်နှုန်းအတွက် လုပ်ပိုင်ခွင့်တွေကို ရအောင်လုပ်နိုင်ခဲ့တယ်ဆိုတာဟာ တကယ်ကိုကြီးမားတဲ့အောင်မြင်မှုကြီးဖြစ်ပြီး ကျန်တဲ့ လိုင်စင် ၈၅ ရာခိုင်နှုန်းကို လေလံဆွဲဖို့ ၁၉၈၅ ခုနှစ် ရောက်မှသာ ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်က သူ့လက်ထဲမှာ သိုလှောင်ထားတဲ့ အရက်တွေက များပြားလှတဲ့အတွက် အဲဒီအရက်တွေကို အပေါင်ပစ္စည်းအဖြစ်ထားပြီး ချေးငွေဒေါ်လာသန်းနှစ်ရာ ရခဲ့ပါတယ်။ ဒီငွေဟာ ဈေးလျှော့ဈေးနဲ့ ရောင်းတာတွေကို ၁၀၀ ရာခိုင်နှုန်းရဖို့ သူ့အတွက်လုံလောက်သွားတဲ့အတွက် နိုင်ငံအတွင်းက အရက်ထုတ်လုပ်မှုအတွက် တစ်ဦးတည်း ချုပ်ကိုင်ခွင့်ကို သူကရရှိသွားခဲ့ပါတယ်။ နောက်နှစ်နှစ်ကြာတဲ့အခါ ကုမ္ပဏီတွေက ယစ်မျိုးဌာနကို မူပိုင်ခအဖြစ် ဒေါ်လာသန်း ၅၅၀ ပြန်ပေးခဲ့ပြီး အဲဒီငွေဟာ နိုင်ငံတော်ဘတ်ဂျက်ရဲ့ ၅ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

Charoen3

Charoen ရဲ့ အမည်ရင်းက Khun Charoen ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မှာတော့ ထိုင်းဘုရင်မင်းမြတ်က သူ့ကို Sirivadhanabhakdi ဆိုတဲ့ မိသားစုနာမည်ကို အပ်နှင်းခဲ့ပါတယ်။ အဲဒီနာမည်ကိုရခဲ့ပြီးတဲ့နောက်မှာ သူဟာ ဘွဲ့တံဆိပ်တွေအကြိမ်ကြိမ် ချီးမြှင့်တာကို ခံခဲ့ရပါတယ်။အဲဒီဘွဲ့တံဆိပ်တွေထဲမှာ အထူးတန်းနဲ့ ပထမတန်း Knight Grand Cordon  ဘွဲ့တံဆိပ်၊ ဒုတိယအငယ်တန်း Knight Commander ဘွဲ့တံဆိပ်နဲ့ ပထမတန်း Knight Grand Cross တော်ဝင်ဂုဏ်ထူးဘွဲ့တံဆိပ်တွေ ပါဝင်ပါတယ်။

နိုင်ငံအတွင်းက ဘီယာဈေးကွက်ကြီးထွားလာတဲ့အတွက် ၁၉၉၁ ခုနှစ်မှာ Carlsberg ကုမ္ပဏီကြီးဟာ Charoen နဲ့ပူးပေါင်းပြီး Boon Rawd Brewery က ထုတ်လုပ်တဲ့ အဲဒီအချိန်တုန်းက ထိပ်တန်းကုန်ပစ္စည်းတစ်မျိုးဖြစ်တဲ့ Singha ဘီယာကို ယှဉ်ပြိုင်မယ့်ကုန်ပစ္စည်းတစ်မျိုးကိုသွင်းဖို့ ကြိုးစားခဲ့ပါတယ်။ အပေးအယူကတော့ Charoen ရဲ့ ဗျစ်စက်ရုံက Carlsberg ကိုထုတ်လုပ်ပြီး အရောင်းနဲ့အရောင်းကြော်ငြာကွန်ရက်တွေကို သူ့ရဲ့ထိုင်းဝီစကီအတွက် အသုံးပြုခွင့်ရတာပဲ ဖြစ်ပါတယ်။

Charoen2

အတွေ့အကြုံဖလှယ်မှုက Charoen ကို အကြီးအကျယ်အကျိုးပြုခဲ့တဲ့အတွက် သူဟာနောက်သုံးနှစ်ကြာတဲ့အခါ သူ့ရဲ့ကိုယ်ပိုင်ဘီယာကို စပြီးထုတ်လုပ်ခဲ့ပါတယ်။ အဲဒီဘီယာကို Chang လို့ နာမည်ပေးခဲ့ပြီး ထိုင်းဘာသာနဲ့တော့ 'ဆင်' လို့ အဓိပ္ပာယ်ရပါတယ်။ အဲဒီဘီယာဟာ Singha ဘီယာထက်ပိုပြီး ပြင်းသလို ပိုပြီးလည်းဈေးချိုတဲ့အတွက် အကြီးအကျယ်ရောင်းလို့ စွံသွားခဲ့ပါတယ်။

ကျွမ်းကျင်တဲ့ အရောင်းကြော်ငြာနဲ့အတူ ဒီဘီယာကို လူထုက အလျင်အမြန်လက်ခံခဲ့တဲ့အတွက် ငါးနှစ်အတွင်းမှာ ဒီဘီယာဟာပြည်တွင်းဈေးကွက်ရဲ့ ၆၀ ရာခိုင်နှုန်းကို ရအောင်လုပ်နိုင်ခဲ့ပါတယ်။ အဲဒါကြောင့် Carlsberg ဟာ ၂၀၀၃ ခုနှစ်မှာ ဖက်စပ်လုပ်ငန်းထဲကထွက်ပြီး ပြန်သွားခဲ့ပါတယ်။ Charoen က သူထိန်းချုပ်ထားတဲ့ ဘီယာလုပ်ငန်းတစ်ခုနဲ့ပတ်သက်ပြီး အဲဒီဒိန်းမတ်ကုမ္ပဏီကို တရားစွဲခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ အဲဒီအမှုကို စီရင်ချက်ချလိုက်တဲ့အခါ သူကပဲ ဒေါ်လာသန်း ၁၂၀ အနိုင်ရသွားခဲ့ပါတယ်။

၁၉၈၆ ခုနှစ်မှာ Chang ဘီယာကို ဖြန့်ဖြူးတဲ့ Surathip Group ဟာ ဘဏ်တွေဆီကို ဒေါ်လာသန်းလေးဆယ်လောက်နဲ့ နိုင်ငံတော်ဆီကို ဒေါ်လာသန်း ၁၉၀ အကြွေးတင်နေခဲ့ပြီး ၂၀၀၀ ပြည့်လွန်နှစ်တွေရဲ့ အစောပိုင်းကာလအတွင်းမှာ ဗိုလ်ချုပ်ဟောင်းတစ်ယောက်ဖြစ်တဲ့ ထိုင်းဝန်ကြီးချုပ် Prem Tinsulanonda က Charoen ပေးဆောင်ရမယ့် 'ဝန်ထုပ်ဝန်ပိုး' တွေကို လျော့သွားအောင် စာချုပ်တွေကို ပြန်ပြင်ပြီး အရက်လုပ်ငန်းကြီးမှာ တစ်ဦးတည်းချုပ်ကိုင်ခွင့်ရအောင် ကုမ္ပဏီကိုကူညီခဲ့တယ်ဆိုတဲ့ အရှုပ်တော်ပုံတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

Charoen5

၁၉၉၇ ခုနှစ် အာရှငွေကြေးအကျပ်အတည်းကြီးကြောင့် Charoen အနေနဲ့ အရက်လုပ်ငန်းကြီးအပေါ်မှာ သူ့ရဲ့ကြီးစိုးမှုကို ချဲ့ထွင်ဖို့အတွက် သူ့ရဲ့နိုင်ငံရေးအဆက်အသွယ်တွေကို အသုံးပြုခွင့်ရသွားသလို ရုန်းကန်ကြိုးစားနေရပေမယ့် နိုင်ငံရေးအရချိတ်ဆက်ထားတဲ့ ရာနဲ့ချီနေတဲ့ ထိုင်းကုမ္ပဏီတွေကို ကယ်တင်ပြီး ဝီစကီဈေးကွက်ကို လွတ်လပ်ခွင့်ပေးရေးအပေါ် သူကဖိအားပေးနိုင်ခဲ့တဲ့အခါ သူ့အပေါ်နောက်ထပ်စွပ်စွဲမှုတစ်ခုလုပ်တာကို ခံခဲ့ရပါတယ်။ အဲဒီအကျပ်အတည်းဟာ အိမ်ခြံမြေတွေကို ဈေးသက်သောင့်သက်သာနဲ့ဝယ်ပြီး တစ်ချိန်တည်းမှာပဲ သူ့ရဲ့နိုင်ငံရေးအဆက်အသွယ်တွေကို တိုးချဲ့ပြီး သူ့အတွက် အမြတ်ထုတ်စရာတစ်ခု ဖြစ်သွားခဲ့ပါတယ်။

Charoen ဟာ မတည်ရင်းနှီးငွေအသစ်နဲ့ အိမ်ခြံမြေဖော်ထုတ်ရေးမှာ ပါဝင်ပတ်သက်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ TCC Land ကုမ္ပဏီလိမိတက်ကိုဖန်တီးကာ လုပ်ငန်းတိုးချဲ့ခဲ့ပြီး အဲဒီကုမ္ပဏီဟာ ထိုင်းနိုင်ငံမှာအကြီးဆုံး ဖြစ်လာခဲ့ပါတယ်။ အဲဒီကုမ္ပဏီဟာ နေထိုင်ရေးလုပ်ငန်း၊ ဧည့်ခံရေးလုပ်ငန်းနဲ့ လက်လီလုပ်ငန်းလုပ်ကိုင်တဲ့ နေရာတွေမှာ ရင်နှီးမြှုပ်နှံခဲ့သလို လုပ်ငန်းသစ်တွေကို ဖော်ထုတ်နေပြီး အဲဒီလုပ်ငန်းတွေထဲမှာ အိမ်ခြံမြေစီမံခန့်ခွဲရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ သီးနှံစိုက်ပျိုးရေးလုပ်ငန်းနဲ့ အိမ်ခြံမြေရန်ပုံငွေတွေ အမျိုးမျိုးပါဝင်ပါတယ်။

ဒီစီမံကိန်းနဲ့ပဲ Charoen ဟာ ထိုင်းနိုင်ငံအတွင်းက အကြီးဆုံးမြေပိုင်ရှင်ကြီး ဖြစ်သွားပါတယ်။ သူ့ရဲ့ပိုင်ဆိုင်မှုဟာ သူ့နောက်က ဒုတိယအကြီးဆုံးမြေပိုင်ရှင်ကြီးရဲ့ ပိုင်ဆိုင်မှုထက် သုံးဆပိုများနေပါတယ်။ ဒီစီမံကိန်းကြီးဟာ နိုင်ငံထဲသူပိုင်ဆိုင်ထားတဲ့ အိမ်ခြံမြေတွေအပြင် စင်ကာပူမှာရှိတဲ့ အိမ်ခြံမြေရန်ပုံငွေတွေကိုလည်း ထိန်းချုပ်ထားပြီး သူ့ရဲ့ရှယ်ယာတွေဟာ အမေရိကန်၊ အင်္ဂလန်၊ သြစတြေးလျ၊ ဂျပန်နဲ့ အရှေ့တောင်အာရှက တခြားနိုင်ငံတွေမှာလည်းရှိနေပါတယ်။

သူဟာ အင်ပါယာကြီးကို စီမံကွပ်ကဲရာမှာ သူ့ကိုကူညီပေးနေတဲ့ သူ့ရဲ့ဇနီးနဲ့အတူ များသောအားဖြင့် မထင်ပေါ်အောင် သိုသိုသိပ်သိပ်နေလေ့ရှိပြီး သူတို့မှာ သားသမီးငါးယောက်ရှိပါတယ်။ သားဖြစ်သူ Thapana Sirivadhanabhakdi က ThaiBev ကုမ္ပဏီရဲ့ CEO ဖြစ်ပြီး သမီးဖြစ်သူ Wallapa က TCC Land ကုမ္ပဏီရဲ့အမှုဆောင်ဒါရိုက်တာဖြစ်သလို အငယ်ဆုံးသား Panote က F&N ကုမ္ပဏီရဲ့ အမှုဆောင်အဖွဲ့ဝင်ဖြစ်ပါတယ်။

သူ့ရဲ့သားသမီးတစ်ယောက်စီဟာ ပြည်ပက ပညာရေးကို ရနိုင်သလောက်ရခဲ့ကြပေမယ့် သူတို့ဟာဒီနေ့အထိ ဘန်ကောက်မြို့လယ်ကောင်က ဆယ်ထပ်အဆောက်အအုံကြီးရှိတဲ့ ခြံကြီးထဲမှာ သူတို့ရဲ့မိဘတွေနဲ့ပဲ အတူနေထိုင်ဆဲဖြစ်ပါတယ်။ သူတို့ရဲ့ ပရဟိတလှူဒါန်းမှုအများစုကို မိသားစုအနေနဲ့ အမည်မဖော်ဘဲလှူခဲ့ကြတဲ့အတွက် သူတို့ကလှူဒါန်းခဲ့တယ်ဆိုပေမယ့် ဘယ်ရွေ့ဘယ်မျှဆိုတာကို ခန့်မှန်းဖို့ခက်နေပါတယ်။

ထင်ထင်ပေါ်ပေါ် မနေထိုင်ပေမယ့် ၂၀၀၄ ခုနှစ်မှာ Liverpool ဘောလုံးအသင်းကိုဝယ်ဖို့ ကြိုးစားလိုက်တဲ့အခါမှာတော့ သူဟာ သတင်းစာခေါင်းစီးထဲကို ရောက်လာခဲ့ပါတယ်။ အဲဒီကြိုးပမ်းမှုမအောင်မြင်ခဲ့ပေမယ့် Everton အသင်းကို ကမကထလုပ်ဖို့တော့ အပေးအယူလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်တစ်နှစ်အကြာမှာ ThaiBev ကုမ္ပဏီရဲ့ ရှယ်ယာတွေကို ဘန်ကောက်စတော့ရှယ်ယာဒိုင်မှာ ထုတ်ရောင်းတော့မယ်ဆိုတဲ့ ကြေညာချက်ကြောင့် အဲဒီထက်ပိုပြီးကြီးမားတဲ့ သတင်းခေါင်းစီးအနေနဲ့ ပါလာခဲ့ပါတယ်။ အဲဒီလိုထုတ်ရောင်းတာကို စင်ကာပူကို ပြောင်းပြီးလုပ်ဖို့ သူ့ကိုအကျပ်ကိုင်တဲ့ ကန့်ကွက်မှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။

Charoen4

၂၀၁၃ ခုနှစ်မှာ သူဟာ Fraser & Neave Ltd ကုမ္ပဏီကြီးရဲ့ စင်ကာပူလုပ်ငန်းခွဲကို လေလံအောင်ခဲ့တဲ့အတွက် အာရှတိုက်တစ်ခုလုံးမှာရှိတဲ့ အိမ်ခြံမြေတွေနဲ့ အချိုရည်နယ်ပယ်က လုပ်ငန်းတွေအများကြီးထဲကို ဝင်ရောက်ခွင့်ရခဲ့ပါတယ်။ အဲဒါကြောင့် အခုအချိန်မှာ သူဟာ အရက်ကိုသာ ရောင်းဝယ်တာမဟုတ်တော့ဘဲ အဖျော်ယမကာအားလုံးထဲကို လုပ်ငန်းချဲ့ထွင်ခဲ့ပြီဖြစ်ပါတယ်။ အဲဒီအရောင်းအဝယ်ကိုလုပ်ဖို့ ထည့်လိုက်တဲ့ငွေကြေးဟာ ၂၀၁၂ ခုနှစ်မှာ အာရှမှာလုပ်တဲ့ အကြီးမားဆုံးလုပ်ငန်း ဝယ်ယူပူးပေါင်းမှုကြီးအဖြစ်ကို ရောက်သွားခဲ့ပါတယ်။

Fraser & Neave ကုမ္ပဏီအတွက် စေ့စပ်ညှိနှိုင်းမှုတွေဟာ ခြောက်လကြာမြင့်ခဲ့ပြီး ထိုင်းနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းပတ်ဝန်းကျင်အတွင်းမှာ နှစ်ပေါင်းငါးဆယ်ကျော်ကြာအောင် လေ့လာသင်ယူခဲ့တဲ့ စိတ်ရှည်မှုကို Charoen ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ပေါင်းစပ်လိုက်တဲ့အခါ နောက်ဆုံးမှာ သူဟာ ဆုတစ်ခုကိုရသွားခဲ့ပါတယ်။ အဲဒီဆုကတော့ သူဟာဒေသတွင်းက ထင်ရှားတဲ့လုပ်ငန်းရှင်တစ်ယောက်အဖြစ်ကို ရောက်သွားခဲ့တာပဲဖြစ်ပါတယ်။ သူ့ရဲ့အသက် ၇၁ နှစ်မှာ ခန့်မှန်းခြေ ဒေါ်လာ ၁၃ ဘီလီယံချမ်းသာတဲ့ Charoen ဟာ အမြင့်ကိုဆက်ပြီးတက်နေတုန်းပဲဖြစ်ပြီး အခုဆိုရင် စင်ကာပူစတော့ရှယ်ယာဒိုင်မှာ စာရင်းဝင်တဲ့ United Engineers ဆောက်လုပ်ရေးလုပ်ငန်းကြီးနဲ့ OCBC ဘဏ်လုပ်ငန်းကြီးရဲ့ ရှယ်ယာတွေကို ဝယ်ဖို့တောင် သူက စပြီးပြောနေပါပြီ။

ဇော်ဝင်းကြူ (ပျဉ်းမနား)