ဘယ်လိုလုပ်ငန်းမျိုးမှာဆို လုပ်ငန်းလည်ပတ်မှုရဲ့ အဆင့်တိုင်းမှာ ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုက အရေးပါလှပါတယ်။ သင်ဟာ တစ်နေ့မှာ ဘဏ္ဍာရေးအရာရှိချုပ် (CFO ) တစ်ယောက်အဖြစ် အောင်မြင်စွာ ရပ်တည်ချင်တယ်ဆိုရင် သင့်အတွက် CPA လို့ခေါ်တဲ့ ပြည်သူစာရင်းကိုင်ပညာရပ်ဆိုင်ရာ အထောက်အထားလက်မှတ်တွေနဲ့ ငွေကြေးပိုင်းဆိုင်ရာမှာ စီမံကိုင်တွယ်သူတစ်ယောက်ရဲ့ အတွေ့အကြုံ စတာတွေထက် ပိုတဲ့အရည်အချင်းတွေ လိုအပ်ပါတယ်။ ဒါကြောင့် CPA တစ်ယောက်အနေနဲ့ ရေရှည်မှာ ကြုံတွေ့ရမယ့်စိန်ခေါ်မှုတွေကို ကောင်းမွန်စွာ ဖြေရှင်းနိုင်ဖို့အတွက် အောက်မှာဖော်ပြထားတဲ့အချက်တွေက အထောက်အကူဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။
ငွေကြေးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး နှံ့နှံ့စပ်စပ်သိရပါမယ် . . .
CFO တစ်ယောက်ဖြစ်ချင်သူဟာ ငွေကြေးပိုင်းဆိုင်ရာ လုပ်ငန်းနယ်ပယ်အတွင်းမှာရှိတဲ့ လုပ်ငန်းစဉ်တွေ ၊ တာဝန်တွေကို ကျွမ်းကျင်ပိုင်နိုင်ဖို့ လိုပါတယ်။ ဒီလိုလုပ်ငန်းပိုင်းဆိုင်ရာမှာ လိုအပ်တဲ့အရည်အချင်းတွေတင် မဟုတ်ဘဲ စီးပွားရေးဆိုင်ရာ နည်းဗျူဟာတွေ၊ စီမံချက်တွေ၊ လုပ်ငန်းတိုးတက်မှုအလားအလာတွေ ခန့်မှန်းမှုပိုင်းဆိုင်ရာတွေနဲ့ ကုန်ကျစရိတ်နဲ့ ငွေသားစီးဆင်းမှုအပိုင်းနဲ့ ပတ်သက်တဲ့အတွေ့အကြုံတွေ များများရှိထားဖို့ လိုအပ်ပါတယ်။
စီးပွားရေးအမြင်ကျယ်ရပါမယ် . . .
ငွေကြေးပိုင်းဆိုင်ရာလုပ်ငန်းတွေမှာပဲ လုပ်ကိုင်ခဲ့ပြီး CFO တစ်ယောက်အဖြစ် ရပ်တည်ချင်တဲ့သူဟာ စီးပွားရေးလုပ်ငန်းပိုင်းမှာပါ လုပ်ကိုင်တဲ့အတွေ့အကြုံရှိတဲ့သူနဲ့ ယှဉ်ရင်တော့ အားနည်းချက်ရှိနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ ကုမ္ပဏီအနည်းစုလောက်ပဲ လူသစ်တန်းငွေကြေးပိုင်းဆိုင်ရာ ပရော်ဖက်ရှင်နယ်သမားတွေအတွက် စီးပွားရေးလုပ်ငန်းပိုင်းနဲ့ ပတ်သက်တဲ့အသိအမြင်တွေကို ရဖို့အတွက် ပံ့ပိုးပေးကြတာပါ။ ဒါပေမဲ့ တကယ့်ထိပ်တန်းကုမ္ပဏီတွေမှာတော့ ဒီလိုစီးပွားရေးအမြင်ကျယ်ဖို့အတွက် ပံ့ပိုးပေးမှုအပိုင်းကို ပိုပြီးလုပ်ဆောင်ကြပါတယ်။ ဒါကြောင့် CFO ဖြစ်ချင်တဲ့သူဟာ ငွေကြေးပိုင်းဆိုင်ရာမှာ ကျွမ်းကျင်နေရုံမကဘဲ စီးပွားရေးဆိုင်ရာ အသိအမြင်၊ အတွေးအခေါ် တွေကို ဖြည့်ထားဖို့ လိုပါတယ်။
သမားရိုးကျအရည်အသွေးထက် သာလွန်တဲ့အရည်အချင်းမျိုး ရှိပါစေ . . .
ငွေကြေးပိုင်းဆိုင်ရာ အခြေခံအကြောင်းအရာတွေကို အပြည့်အဝနားလည်ပြီး လုပ်ငန်းကျွမ်းကျင်တဲ့သူကနေ ဆင့်ကဲဆင့်ကဲရာထူးတက်သွားတဲ့ သမားရိုးကျနည်းလမ်းနဲ့ CFO တစ်ယောက် ဖြစ်နိုင်တဲ့ပုံစံမျိုးတွေက ဆက်ရှိနေဦးမှာပါ။ ဒါပေမဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်နေရုံသာမကဘဲ တခြားသောလုပ်နိုင်စွမ်းတွေနဲ့ ပေါင်းစပ်ပြီး ကိုယ့်ရဲ့အရည်အသွေးကို အပြည့်အ၀ ဖော်ထုတ်နိုင်တဲ့ CFO တစ်ယောက်ဟာ တခြားသော CFO တွေ သာလွန်နေစေမှာအမှန်ပါ။ ဒါကြောင့် စာရင်းပြုစုခြင်းနဲ့ အစီရင်ခံခြင်းထက် မတူညီတဲ့အသင်းအဖွဲ့တွေကို ဦးဆောင်နိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံသူတွေ၊ အစုရှယ်ယာရှင်တွေနဲ့ ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်နိုင်ခြင်း၊ စီးပွားရေးဆိုင်ရာ အတွေးအမြင်တွေ ပံ့ပိုးပေးနိုင်မှုနဲ့ အရေးကြီးတဲ့လုပ်ငန်းတွေကို ဦးဆောင်နိုင်တဲ့အရည်အချင်းမျိုးတွေ ရှိထားသင့်ပါတယ်။
ခေါင်းဆောင်မှုဆိုင်ရာ အရည်အသွေးတွေ တိုးတက်အောင် ကြိုးစားပါ . . .
အောင်မြင်တဲ့ CFO တစ်ယောက်အတွက် လုပ်ငန်းပိုင်းဆိုင်ရာတိုးတက်မှုကို အကဲဖြတ်ရာမှာ အခြေခံသတ်မှတ်ထားတဲ့ စံနှုန်းပေါ်မှာပဲ မူတည်နေမှာ မဟုတ်ပါဘူး။ CFO တစ်ယောက်ဟာ ထူးကဲတဲ့ ခေါင်းဆောင်မှုစွမ်းရည်တွေနဲ့ အသင်းအဖွဲ့ကို ထိထိရောက်ရောက်တိုးတက်စေဖို့ ပံ့ပိုးပေးနိုင်တဲ့ အရည်အသွေးတွေရှိတဲ့သူ ဖြစ်ဖို့ ဘုတ်အဖွဲ့ဝင်တွေက မျှော်လင့်ထားပါတယ်။ ဒါကြောင့် ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုတင်မဟုတ်ဘဲ အဖွဲ့အစည်းတစ်ခုလုံးရဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ပါ ခံယူဖို့ လိုပါတယ်။ အရာရာတိုင်းကို ကျွမ်းကျင်သူတစ်ယောက်မဖြစ်နိုင်ပေမယ့် လိမ္မာပါးနပ်စွာ ဦးဆောင်နိုင်ဖို့ ခေါင်းဆောင်မှုဆိုင်ရာ အရည်အသွေးက မရှိမဖြစ်ပါ။
နိုင်ငံတကာအတွေ့အကြုံတွေ ရှိထားသင့်ပါတယ် . . .
နိုင်ငံတကာကုမ္ပဏီတွေဟာ ခုနောက်ပိုင်းမှာ ဈေးကွက်လိုအပ်ချက်များလာတဲ့ ထွန်းသစ်စဈေးကွက်နဲ့ ဖွံ့ဖြိုးပြီးဈေးကွက် နှစ်မျိုးခွဲပြီး လုပ်ကိုင်လာကြပါတယ်။ CFO တွေအနေနဲ့ ဒီဈေးကွက်နှစ်ခုစလုံးကို စီမံခန့်ခွဲနိုင်တဲ့ အရည်အချင်းမျိုး ရှိထားဖို့ လိုပါတယ်။ ကုမ္ပဏီတွေအနေနဲ့လည်း CFO တွေ ရွေးချယ်ရာမှာ ဒီလိုဈေးကွက်တွေမှာ လုပ်ကိုင်ခဲ့တဲ့အတွေ့ အကြုံတွေရှိရမယ်ဆိုတဲ့ အချက်ကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ Professional Service ကုမ္ပဏီတစ်ခုဖြစ်တဲ့ Ernst& Young ရဲ့ Principal ဖြစ်တဲ့ Bill Leisy ကတော့ အတွေ့အကြုံနုသေးတဲ့ Finance ဝန်ထမ်းတွေကို ထွန်းသစ်စဈေးကွက်မှာ စတင်လုပ်စေခြင်းအားဖြင့် အတွေ့အကြုံကောင်း၊ အလေ့အကျင့်ကောင်းတွေ ရလာနိုင်ပြီး အဲဒီကနေတစ်ဆင့် ဖွံ့ဖြိုးပြီးဈေးကွက်မှာ ပြောင်းလဲလုပ်ကိုင်သင့်တယ်လို့ ဆိုပါတယ်။ ဒါမှသာ သူတို့ (CFO ဖြစ်ချင်သူ) တွေဟာ လိုအပ်တဲ့အတွေ့အကြုံတွေနဲ့ ဗဟုသုတပိုင်းဆိုင်ရာတွေကို လုပ်ငန်းလုပ်ကိုင်နေတဲ့အလျောက် ရရှိလာမှာ ဖြစ်ပါတယ်။
ဝန်ထမ်းတွေအတွက် ရင်းနှီးမြှုပ်နှံပါ . . .
CFO တစ်ယောက်ဟာ ကုမ္ပဏီရဲ့လစဉ်၊ နှစ်စဉ် မျှော်မှန်းချက်တွေကို အကောင်အထည်ဖော်ရာမှာ ပါဝင်လုပ်ဆောင်ပေးရမယ့်သူဖြစ်ပါတယ်။ ကိုယ်တိုင်လည်း အလုပ်နဲ့ပတ်သက်တဲ့နည်းပညာပိုင်းဆိုင်ရာမှာ ကျွမ်းကျင်အောင် လုပ်နေဖို့လိုသလို ဝန်ထမ်းတွေအပေါ်မှာ လမ်းညွှန်သင်ပြပေးခြင်းအားဖြင့် ကုမ္ပဏီရဲ့ Goals တွေကို ပြီးမြောက်အောင် လုပ်ဆောင်သင့်ပါတယ်။ ဝန်ထမ်းတွေအတွက် သင့်လျော်တဲ့လေ့ကျင့်သင်ကြားမှုတွေ၊ စိတ်အားထက်သန်ဖို့အတွက် အားပေးလှုံ့ဆော်မှုတွေ အခါအားလျော်စွာ လုပ်ဆောင်ပေးပါ။ CFO တစ်ယောက်ဟာ အကျိုးအမြတ်ရပြီး ဝင်ငွေတိုးပွားလာဖို့ တစ်ခုတည်းသာ မကြည့်ဘဲ ဝန်ထမ်းတွေအပေါ်မှာ Invest လုပ်သင့်ပါတယ်။ ဝန်ထမ်းတွေရဲ့ တိုးတက်မှုအလျောက် လုပ်ခလစာတွေကို တိုးမြှင့်တာမျိုးတွေလည်း လုပ်ပေးသင့်ပါတယ်။
ကောင်းမွန်တဲ့ဆက်ဆံရေးမျိုးဖြစ်အောင် တည်ဆောက်ပါ . . .
အခုဆိုရင် CFO တော်တော်များများဟာ အဖွဲ့အစည်းတွေမှာ Public နဲ့တိုက်ရိုက်ဆက်ဆံရသူတွေ ဖြစ်လာပါတယ်။ ဒါကြောင့် CFO အဖြစ် အောင်မြင်သူတွေဟာ ဆက်ဆံရေးပိုင်းမှာ ကောင်းမွန်တဲ့သူဖြစ်ဖို့ လိုပါတယ်။ ကုမ္ပဏီတွင်းမှာရှိတဲ့ CEO ၊ BOD တွေ၊ ဝန်ထမ်းတွေနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့လိုသလို ပြင်ပအနေနဲ့ ဆက်ဆံရမယ့်ဘဏ်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ ရှယ်ယာရှင်တွေ၊ အသင်းအဖွဲ့တွေနဲ့ မီဒီယာ စတဲ့သူတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ရှင်သန်စေနေစေရမှာ ဖြစ်ပါတယ်။
ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ တည်ကြည်မှုရှိပါစေ . . .
ငွေကြေးစီမံခန့်ခွဲသူတစ်ယောက်အနေနဲ့ အရေးကြီးဆုံး စောင့်ထိန်းရမှာက ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာမှာ တည်ကြည်မှုရှိဖို့ပါ။ ဒါကြောင့် CFO တစ်ယောက် ဖြစ်လာမယ့်သူဟာ သူဖြတ်သန်းလာတဲ့ လုပ်ငန်းတစ်လျှောက်မှာ ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာမှာ နာမည်ပျက်မရှိတဲ့သူဖြစ်ရမှာပါ။ ဒီနေ့ခေတ် စီးပွားရေးလောကမှာ ကျင့်ဝတ်သိက္ခာဖောက်ဖျက်ပြီး ငွေကြေးပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်မှုတွေ များပြားလာတာကို တွေ့ရတာကြောင့် CFO ဖြစ်ချင်သူတွေအနေနဲ့ အထူးလိုက်နာသင့်ပါတယ်။
မို့မို့လတ်မောင်