မြန်မာနိုင်ငံရဲ့ ဘဏ်တွေမှာ အခုဆိုရင် ဝန်ဆောင်မှုအသစ်တွေ ထပ်တိုးချဲ့ပြီးပေးလာကြပါတယ်။ ဒီဝန်ဆောင်မှုတွေထဲက လစဉ်အရစ်ကျ ငွေပေးသွင်းပြီး ကားတွေ၊ အီလက်ထရောနစ်ပစ္စည်းတွေ ဝယ်နိုင်မယ့် Hire Purchase အကြောင်းနဲ့ Post Graduate အတန်းတွေ တက်နိုင်မယ့် Education Loan အကြောင်းကို ဒီဝန်ဆောင်မှုတွေ ပေးနေတဲ့ CB Bank ကို မေးမြန်းခဲ့ပါတယ်။
ဒေါ်ခင်နီလာအောင်
Assistant General Manager
Risk Management Division
CB Bank
CB Bank ရဲ့ Hire Purchase နဲ့ ဘာတွေဝယ်လို့ရနိုင်မလဲ . . .
ကားနဲ့ဖုန်း၊ အီလက်ထရောနစ်ပစ္စည်းတွေ ဝယ်ယူနိုင်ပါတယ်။ ဒါတွေအားလုံးကို B2B System နဲ့ ဝန်ဆောင်မှုပေးတာ ဖြစ်ပါတယ်။
ကုမ္ပဏီတစ်ခုက ဝန်ထမ်းတွေက ဖုန်းအသုံးပြုလို့ သူတို့ရဲ့လုပ်ငန်း ပိုပြီးတိုးတက်မယ်ဆိုလို့ရှိရင်၊ လုပ်ငန်းကလည်း အာမခံပေးမယ်ဆိုရင် ဖုန်းအလုံးသုံးဆယ်ဆိုလည်း သုံးဆယ်အတွက် Hire Purchase ပေးပါတယ်။ ကာလကတော့ ခြောက်လ၊ တစ်နှစ်ပေါ့။ နောက်ပြီး ကြို့ပင်ကောက်၊ ပြည်နဲ့ သာယာဝတီတို့မှာ လယ်ယာသုံးစက်ပစ္စည်းတွေလည်း Hire Purchase ပေးပါတယ်။
၃၀ ရာခိုင်နှုန်း Down Payment ချရပါမယ်။ အတိုးနှုန်းကတော့ တစ်နှစ်ကို ၉ ရာခိုင်နှုန်းအတိုးနဲ့ Service Charges အနေနဲ့ ၁ နှစ်ကို တစ်ရာခိုင်နှုန်း ဖြစ်ပါတယ်။
ကားဝယ်မယ့် သူတွေက Hire Purchase လျှောက်ရင် ဘယ်လို Criteria တွေ ရှိရမလဲ။ ဘယ်လိုလျှောက်ထားရမလဲ . . .
အဓိကက ကားဝယ်မယ့်သူရဲ့ Cash Flow ကို ကြည့်တာပါ။ ကားလာဝယ်မယ်ဆိုရင် မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ရပ်ကွက်ထောက်ခံချက်၊ ရဲစခန်းထောက်ခံချက်၊ အလုပ်အကိုင်။ အလုပ်အကိုင်မှာ ဆိုလို့ရှိရင် ဝန်ထမ်းဖြစ်မယ်ဆိုလို့ရှိရင် HR ရဲ့ လစာပါဝင်တဲ့ Recommendation Letter လိုမယ်။ Hire Purchase ပေး၊ မပေးဆိုတာအတွက် Analysis ကတော့ Criteria မျိုးစုံနဲ့တွက်ပါတယ်။ ဝင်ငွေတစ်ခုတည်းတင်မဟုတ်ဘဲ Reputation ကြည့်တယ်။ အလုပ်အကိုင်နဲ့အတူ ဒီလုပ်ငန်းမှာ သူဘယ်လောက်ထိ အလုပ်တာဝန်ထမ်းဆောင်နေသလဲ။ အသက်အရွယ်၊ မိသားစုဝင်ငွေ စတာတွေ ကြည့်ပြီး တွက်ဆပါတယ်။ အဓိကကတော့ Repayment Capabilities ကို အဓိကထား စစ်ပါတယ်။ လက်ရှိမှာ Hire Purchase ချထားပေးတာက Individual တွေ များပါတယ်။
ဝင်ငွေ အနည်း၊ အများဆိုတာထက် လူတစ်ယောက်က Hijet ကားလေးတစ်စီးဝယ်ချင်တယ်။ ဈေးနှုန်းအနေနဲ့ သိန်းရှစ်ဆယ်၊ ကိုးဆယ်လောက်ဆို ဝယ်နိုင်တယ်။ ဒီ Hijet လေးရှိရင် သူ့ရဲ့သွားလာဆက်သွယ်ရေးက ပိုကောင်းသွားမယ်၊ လုပ်ငန်းလည်း တိုးချဲ့လို့ရမယ်၊ ဒီကားအသုံးပြုဖို့ ရည်ရွယ်ချက်လည်း ခိုင်ခိုင်မာမာ ရှိမယ်ဆိုရင် Cash Flow ကို ကြည့်လိုက်တယ်။ ဘာလုပ်ငန်းလဲ၊ လုပ်ငန်းရဲ့ဝင်ငွေ၊ ထွက်ငွေက ဘယ်လောက်ရှိသလဲ၊ သူ့အတွက် ဘယ်လောက်ကျန်သလဲ။ အဲဒီကျန်တဲ့အထဲက တခြားအသုံးစရိတ်တွေက ဘာရှိမလဲ၊ အဲဒီထဲကမှ ကားအတွက် ငွေပြန်ဆပ်နိုင်၊ မဆပ်နိုင်ဆိုတာကို ကြည့်ပါတယ်။ တစ်လကို လေးသိန်း၊ ငါးသိန်းလောက်တော့ ဆပ်ရတာ ရှိပါမယ်။ ကျွန်မတို့က ကားအသစ်ဆိုရင် သုံးနှစ်အထိ ဆပ်ခွင့်ပေးပါတယ်။ ကားအဟောင်းဆိုရင်တော့ နှစ်နှစ်လောက်အထိ ပေးတယ်။
အဲဒီမှာ Repayment က ခက်ခဲမယ်ဆိုရင်လည်း ဆွေးနွေးပါတယ်။ သူတို့ရဲ့ ကနဦးပေးငွေ (Down Payment) ကို ပိုပြီးချနိုင်မလား။ တခြား ကားအမျိုးအစားထဲကကော စဉ်းစားမလား။ သူတို့မှာ တခြား ဘာဝင်ငွေတွေ ရှိသလဲ၊ တချို့က ပင်မလုပ်ငန်း ရှိတယ်။ တချို့က လုပ်ငန်းခွဲတွေလည်း ရှိမယ်။
လာလျှောက်တုန်းကတော့ ပင်မလုပ်ငန်းအတွက် ရည်ရွယ်တယ်။ ဒါပေမဲ့ ပြန်ဆပ်နိုင်တဲ့အင်အားက နည်းနည်းလေး အားနည်းမယ်ဆိုရင် တခြား Income တွေများ ရှိမလားဆိုတာမျိုးတွေ မေးပြီးတော့မှ အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးပါတယ်။ တချို့ ဘယ်လိုမှမကိုက်ညီတာမျိုးဆိုရင်တော့လည်း လျှောက်ထားမှုက Reject ဖြစ်နိုင်တာမျိုးလည်း ရှိပါတယ်။
CB Bank ရဲ့ အားသာချက်ကတော့ အတိုးကို ကြိုပေးစရာမလိုဘူး။ အတိုးနဲ့ အရင်းပေါင်းကိုမှ လစဉ် အရစ်ကျဆပ်သွားရတာဖြစ်ပါတယ်။ Service Charges ကိုပဲ Down Payment နဲ့အတူ ပေါင်းပေးရတာပါ။
ကားဝယ်ဖို့အတွက် CB Bank နဲ့ ချိတ်ဆက်ထားတဲ့ Dealers တွေ . . .
လက်ရှိမှာ ကား Dealers က ၂၄ ခုရှိပါတယ်။ Brand အနေနဲ့လည်း တော်တော်စုံပါတယ်။ ကျွန်မတို့က ဇိမ်ခံကားတင်မဟုတ်ဘဲ လုပ်ငန်းသုံးကားတွေအတွက်လည်း Hire Purchase ချေးငွေထုတ်ပေးပါတယ်။
Education Loan အကြောင်းလည်းပြောပြပေးပါ . . .
လက်ရှိမှာ Education Loan အတွက် မြန်မာနိုင်ငံက ကျောင်းရှစ်ခုနဲ့ ချိတ်ထားပြီး Post Grade အတန်းတွေ၊ MBA တန်းတွေအတွက် ပေးနေပါတယ်။ Education Loan ယူမယ်ဆိုရင် ၁၀ ရာခိုင်နှုန်း Down Payment ချရပါမယ်။ ပြီးရင် လစဉ်အတိုးနဲ့ အရင်းပေါင်းကို အရစ်ကျဆပ်သွားရပါမယ်။ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းအပေါ်မှာ တစ်နှစ်ကို ၉ ရာခိုင်နှုန်းအတိုးနဲ့ Service Charges အနေနဲ့ ၁ နှစ်ကို ၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။ Flat Interest ဖြစ်တဲ့အတွက် စတင်ထုတ်ချေးတဲ့ ငွေပမာဏအပေါ်မှာ အတိုးနှုန်း တစ်ခါတည်း တွက်ချက်ကောက်ခံတာ ဖြစ်ပါတယ်။
ဝန်ထမ်းတွေအနေနဲ့ လစာတစ်လကို ငါးသိန်းလောက်ရတယ်ဆိုရင် တစ်လကို နှစ်သိန်း၊ သုံးသိန်းလောက် အရစ်ကျပေးသွားပြီး Further Studies လုပ်နိုင်အောင်၊ လုပ်ငန်းခွင်မှာ ပိုပြီးလုပ်နိုင်အောင် ရည်ရွယ်ပါတယ်။
Education Loan ထုတ်ချေးတဲ့အခါ လစာဘယ်လောက်ဆိုတဲ့အပေါ်မူတည်ပြီး ပေးတာမဟုတ်ပါဘူး။ လစဉ် ပေးဆပ်ရမယ့် ငွေပမာဏထက်တော့ သာလွန်ရမယ်။ ပြန်ဆပ်ရမယ့်အချိန်ကာလက ကျောင်းတက်တဲ့ ကြာချိန်ပေါ့။ ကျောင်းတက်တာက ပျမ်းမျှအားဖြင့် တစ်နှစ်ခွဲကြာမယ်။ ဒါပေမဲ့ Thesis တွေ တင်ရတာက ခြောက်လလောက် ကြာတတ်တဲ့အခါ ပြန်ဆပ်ရမယ့် အချိန်ကာလကိုလည်း နောက်ထပ်ခြောက်လအထိ တိုးပေးထားပါတယ်။ အဲဒီတော့ တစ်နှစ်ခွဲကနေ အများဆုံး နှစ်နှစ်အထိ အချိန်ပေးထားပါတယ်။ တချို့ကျတော့ ဝင်ငွေကောင်းတဲ့သူက အမျိုးသား၊ ဇနီးဖြစ်သူက ကျောင်းတက်ချင်တယ်ဆိုရင်လည်း ဒီအပေါ်မှာ တွက်ချက်ပြီး ထုတ်ချေးပေးတာလည်းရှိပါတယ်။
လျှောက်ထားတဲ့သူက ဘွဲ့ရရမယ်။ အမြဲတမ်းဝင်ငွေရှိတဲ့သူ ဖြစ်ရမယ်။ အာမခံပေးမယ့်သူ နှစ်ယောက်ရှိရမယ်။ မိဘတွေ၊ ဆွေမျိုးတွေလည်း အာမခံပေးလို့ ရပါတယ်။
ကျောင်းတွေအနေနဲ့လည်း ကျွန်မတို့ ဘဏ်တစ်ခုတည်းနဲ့ပဲ ချိတ်ဆက်ထားရမယ်လို့ မသတ်မှတ်ထားပါဘူး။ Educatoin Loan ယူမယ့်သူက သူအဆင်ပြေတဲ့ဘဏ်ကနေ ယူလို့ရပါတယ်။ နောက်ထပ်ကျောင်းတွေနဲ့လည်း Partner လုပ်သွားဖို့ ရှိပါတယ်။ ကျောင်းတွေ ချိတ်တဲ့နေရာမှာလည်း ကျွန်မတို့ဘဏ်က ဒီကျောင်းတွေက နိုင်ငံတကာက ဘယ်ကျောင်းတွေနဲ့ ချိတ်ဆက်ထားသလဲ၊ တကယ်ပဲဘွဲ့ပေးနေတာလား ဆိုတာတွေကို သေချာမေးမြန်းစုံစမ်းပါတယ်။
ကျောင်းရဲ့ Track Record ကိုလည်း ကြည့်ပါတယ်။ ကျောင်းသားတွေ တကယ်တက်လား၊ ကျောင်းသားဦးရေ ဘယ်လောက်ရှိသလဲ၊ ကျောင်းကို ဘယ်လိုပုံစံနဲ့ Marketing လုပ်သလဲ၊ ဘယ်ဆရာတွေ သင်ကြားပို့ချမှာလဲ စတာတွေလည်း ကျွန်မတို့ကြည့်ပါတယ်။
Hire Purchase လျှောက်ထားရာမှာ ကြာချိန် . . .
စာရွက်စာတမ်း ပြည်စုံတယ်ဆိုရင် Processing လုပ်ချိန်ကတော့ ငါးရက်နဲ့ အများဆုံး တစ်ပတ်လောက်တော့ အချိန်ယူပါတယ်။
လျှောက်ထားရမယ့်ရုံး . . .
Head Office ကိုလည်း လာလို့ရပါတယ်။ ဘဏ်ခွဲတွေမှာလည်း လျှောက်လွှာရှိပါတယ်။ Website ပေါ်ကနေလည်း လျှောက်လွှာကို Download လုပ်ပြီး လျှောက်လို့ရပါတယ်။ (http://www.cbbank.com.mm/personal_banking/personal_loans_hirepurchase.aspx) နောက်ပြီး ချိတ်ဆက်ထားတဲ့ Dealer တွေဆီကတစ်ဆင့် လျှောက်လို့လည်းရတယ်။ ကားသွားကြည့်မယ်။ ကိုယ်ကြိုက်တဲ့ ကားလည်းတွေ့မယ်ဆိုရင် Hire Purchase နဲ့ဝယ်ချင်တယ်ဆိုလို့ရှိရင် ဘဏ်ရဲ့ Application Form တွေကို Dealers တွေကို ပေးထားတယ်။ ဒါကိုဖြည့်ပြီးရင် ကျွန်မတို့က အကဲဖြတ်တယ်။ ဘဏ်မှာတန်းပြီး လာလျှောက်ရင်တော့ ဘာကားလိုချင်သလဲ၊ ဘယ်လောက်တန်ဖိုးရှိတာ လိုချင်သလဲ မေးတယ်။ ပြီးရင် ကျွန်မတို့ချိတ်ထားတဲ့ Dealers တွေဆီကို ပို့ပါတယ်။
Home Loan ပိုင်းကော လုပ်ဖို့ရှိပါသလား . . .
Condominium Law ရဲ့ နည်းဥပဒေထွက်တာကို စောင့်ကြည့်နေပါတယ်။ အစိုးရပရောဂျက်တွေမှာ ပူးပေါင်းပါဝင်ဖို့လည်း ရှိပါတယ်။ နောက်ပိုင်းတော့ YBS Project တို့၊ ကလေးကျောင်းကြိုပို့ ဖယ်ရီကားပရောဂျက်တို့မှာလည်း ပါဝင်လုပ်ဆောင်သွားဖို့ ရှိပါတယ်။
နန္ဒာ