ယခင်က လုပ်ငန်းတူလုပ်ဆောင်ခြင်းကို မုန့်ဟင်းခါးဆိုင်ဖွင့်ခြင်းဖြင့် နှိုင်းယှဉ်ပြောဆိုတတ်ကြပါသည်။ ပမာဆိုရသော် လုပ်ငန်းတစ်ခု စွန့်ဦးတီထွင်စိတ်ဖြင့် ထိုးဖောက်အောင်မြင်လာသည်ကိုတွေ့ရလျှင် အလားတူလုပ်ငန်းမျိုး အချိန်တိုအတွင်း မှိုလိုပေါက်ပေါများလာခြင်းဖြစ်ပါသည်။ ထိုသို့ပေါ်ပေါက်လာရာ တွင်လည်း လက်ရှိလုပ်ငန်းထက် အရည်အသွေးနှင့်ဝန်ဆောင်မှု ပိုမိုကောင်းမွန်ရန် ကြိုးစားခြင်းထက် ဈေးနှုန်းလျှော့ချခြင်းဖြင့်သာ ပြိုင်ဆိုင်ရန် ကြိုးစားကြလေသည်။ လက်ရှိလုပ်ငန်းများထဲမှ ဝန်ထမ်းများကို လခပိုပေးခြင်း၊ အချို့ကိစ္စရပ်များတွင် အဆမတန်ပေးကာဆွဲထုတ်၍ မိမိလုပ်ငန်းအောင်မြင်ရန် ကြိုးစား ကြလေသည်။ တစ်နည်းအားဖြင့် အကြံတူနောက်လူသာစမြဲဟု ဆိုနိုင်သော်လည်း လက်တွေ့တွင်မူ မိမိ၏ရင်းနှီးကုန်ကျစရိတ်များပြားခြင်းနှင့် အမြတ်ငွေရရှိမှုရာခိုင်နှုန်းနိမ့်ကျခြင်းတို့ကြောင့် ရပ်တည်ရန် ခက်ခဲတတ်ကြပါသည်။
သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနမှ ကားပါမစ်များ အလွယ်တကူခွင့်ပြုခြင်း၏ရလဒ်တစ်ခုမှာ ကားများကို သက်သာသည့်ဈေးနှုန်းဖြင့် သွင်းခွင့်ရကြခြင်းပင်ဖြစ်ပါသည်။ ထိုအခွင့်အရေးကိုမျော်ကိုး၍ ကား Showroom များ အပြိုင်အဆိုင် ဖွင့်လှစ်လာကြလေသည်။ နောက်ဆက်တွဲမုန့်ဟင်းခါးဆိုင်သီအိုရီရလဒ်မှာ ဂျပန်တွင် ကားပြိုင်လုဝယ်နေကြသဖြင့် ဂျပန်ကားဟောင်းများဈေးတက်ပြီး ပြန်ရောင်းရသည်အခြေအနေတွင် လုရောင်းနေရသဖြင့် အမြတ်ရာခိုင်နှုန်း ပါးပါးလေးသာကျန်ပါသည်။ မူလက ဝန်ထမ်းစရိတ်၊ Showroom ငှားရသည့်စရိတ် (ရန်ကုန်မြို့နေရာကောင်းတွင်ရရန် တစ်နှစ်စာပေး ရသည့်ပမာဏမှာ မနည်းလှပေ) ထည့်ပေါင်းလိုက်လျင် လက်ရှိကားShowroom အားလုံးနီးပါးအနုတ် လက္ခဏာပြနေကြသည်။ ထိုမျသာမက မုန့်ဟင်းခါးဆိုင်ထက် အရင်းအနှီးများစွာ ကြီးမားသဖြင့် ငွေအလုံးအရင်းမှာ အိပ်နေသည့်အနေအထားတွင် ရှိနေပါသည်။ ရှိသည့်လမ်းအကျယ်အဝန်းနှင့် အနေအထားများကို မချင့်ချိန်နိုင်သဖြင့် ကားများ အဆမတန်များ ပြားလာပြီး လမ်းများပိတ်ဆို့နေသည်ကို လက်တွေ့ရင်ဆိုင်နေရသည်က ဆက်စပ်ပြဿနာတစ်ခု ဖြစ်ပါသည်။
၂၀၁၄ ခုနှစ်တွင် ကျွန်တော်တို့ မြန်မာနိုင်ငံအနေဖြင့် ASEAN ဥက္ကဋ္ဌအဖြစ် တာဝန်ယူရန် အလှည့်ကျပြီဖြစ်ပါသည်။ စိန်ခေါ်မှုများစွာရှိနေသည့်အထဲတွင် ပုဂ္ဂလိကစီးပွားရေးကဏ္ဍ၏အရေးပါမှုသည် ထိပ်ဆုံးက ရှိနေပါသည်။ ယခုအချိန်တွင် ASEAN နိုင်ငံများ အထူးသဖြင့် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူသာမက ဗီယက်နမ်ကပါ ခွန်စိုက်အားစိုက် မြန်မာနိုင်ငံတွင် ဈေးကွက်ရရန် နည်းမျိုးစုံကြိုးပမ်း နေကြပါသည်။ ထိုသို့သောအခြေအနေများတွင် မြန်မာစီးပွားရေးခေါင်းဆောင်များကလည်း ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် ပေါ်ပေါက်လာမည့်အခွင့်အရေး များကို အခြေခံသည့် အိမ်နီးချင်းနိုင်ငံများ၏ဈေးကွက်သို့ ထိုးဖောက်နိုင်ရန် စဉ်းစားပြင်ဆင်သင့်ပါသည်။ ထိုသို့မဟုတ်ပါက နိုင်ငံ၏ထုတ်ကုန်နှင့် သွင်းကုန်အချိုး မညီမျမှုဒဏ်ခံရနိုင်ပြီး ရလဒ်မှာ နိုင်ငံခြားငွေဈေးကစားခြင်း ကြုံတွေ့နိုင်မည်ဖြစ်သည်။
မြန်မာစီးပွားရေးခေါင်းဆောင်များအနေဖြင့် မုန့်ဟင်းခါးဆိုင် အတွေးအခေါ်၊ သို့မဟုတ် ယနေ့ခေတ်အခေါ်အရ ကား Showroom အတွေးအခေါ်များဖြင့် အချင်းချင်းနှိုက်ရန် ကြိုးစားခြင်းထက် ရေရှည်တွင် အကျိုးရှိမည့်ဈေးကွက်ကြီးများကို အချိန်ကုန်ငွေကုန် အရင်းအနှီးစိုက်ထုတ်ကာ ကြိုးစားရှာဖွေရန် တာဝန်ရှိပါသည်။ သို့မှသာ ASEAN တွင် ခေါင်းဆောင်နိုင်မည်ဖြစ်ပါကြောင်း။
အယ်ဒီတာ