အခုချိန်မှာ ရွှေဝယ်စုသင့်သေးပါသလား

[caption id="attachment_27020" align="alignnone" width="370"]uagsanwinအောင်သမာဓိရွှေဆိုင်[/caption]

အရင်အစိုးရလက်ထက်က ရွှေရဲ့စံချိန်တင်ဈေးက ရှစ်သိန်းကျပ်အထိဖြစ်ခဲ့ပါတယ်။ ကျွန်တော်ရွှေလုပ်တဲ့ ၂၅ နှစ် သက်တမ်းတစ်လျှောက်မှာ ဥပမာနဲ့ပြောရရင် ရွှေဟာ နဂိုက ဈေးသတ်မှတ်ချက်တစ်ခုရှိတယ်။ တက်တယ်၊ ပြီးရင်ပြန်ကျတယ်၊ နဂိုဈေးပြန်ရောက်တယ်၊ ပြန်တက်တယ်၊ ပထမတက်ထားတဲ့ ဈေးကိုကျော်သွားတယ်ဆိုတဲ့ ဖော်မြူလာအတိုင်း ဖြစ်ခဲ့တယ်။ ဒီဖော်မြူလာက ဦးသိန်းစိန်အစိုးရလက်ထက်မှာ တော်တော်လေးပျောက်သွားပြီး ရွှေဈေးတော်တော်လေး တည်ငြိမ်လာတယ်လို့ ပြောလို့ရခဲ့ပေမဲ့ လက်ရှိမှာတော့ ဒီဖော်မြူလာက ပြန်ဖြစ်နေပါတယ်။ အရင်အစိုးရလက်ထက်က ရွှေဈေးက ၇၃၀,၀၀၀ နဲ့ ရှစ်သိန်းကြားမှာ လည်နေပေမဲ့ ဒီဘက်ခေတ်မှာကျတော့ ရှစ်သိန်းကျော်ပြီး ကိုးသိန်းထဲ ရောက်လာပြီဖြစ်ပါတယ်။

ကျွန်တော်အရင်ကတည်းက ဘယ်ပစ္စည်းရဲ့တန်ဖိုးကိုမဆို ရွှေနဲ့ပဲနှိုင်းပြီး ဆုံးဖြတ်ပါတယ်။ အရင်က လန်ခရုဇာတစ်စီးကို ရွှေအချိန်တစ်ဆယ်ရှိပေမဲ့ အခုတော့ လန်ခရုဇာက ရွှေ ၅၀ သားတန်ဖိုးပဲ ရှိပါတော့တယ်။ အဲဒီတော့ အရင်က လန်ခရုဇာဝယ်စီးတဲ့လူက အလိုလိုနေရင်းနဲ့ ရွှေကိုးပိဿာခွဲပျောက်သွားသလို ဖြစ်သွားပါတယ်။ အရင်တုန်းက ဖုန်းတစ်လုံးဆို ရွှေ ၅၀ သားပေးရတယ်။ ဒါပေမဲ့ အဲဒီခေတ်က ဖုန်းရှိမှ၊ ကားရှိမှလည်း အဲဒီကနေ ပိုက်ဆံပြန်ဝင်တာ ဖြစ်ပါတယ်။ အဲဒါတွေ မရှိရင်ပိုက်ဆံဝင်ဖို့က မလွယ်ပါဘူး။ ကိုယ်ကလက်ရှိ ရွှေတစ်ပိဿာခွဲတန် မြေကွက်ပဲဖြစ်ဖြစ်၊ ကားပဲဖြစ်ဖြစ် တစ်ခုခုဝယ်ဖို့ ရည်ရွယ်ထားရင် ကိုယ်တတ်နိုင်သလောက် ရွှေပမာဏကို နည်းနည်းချင်းစီ ဝယ်စုသွားပြီး ကိုယ်လိုချင်တဲ့ ပမာဏရောက်မှရောင်းပါလို့ အကြံပြုလိုပါတယ်။ နောက်ပြီး ဒီလိုမျိုး ရင်းနှီးတာမျိုးက မရှုံးနိုင်ဘူးလို့လည်း ပြောချင်ပါတယ်။ ရွှေဈေးတက်တာ၊ ကျတာကို သိပ်ပြီးအရေးမစိုက်သင့်ပါဘူး။ ကျွန်တော့်အနေနဲ့ ဘယ်အချိန်မှာ ရွှေဝယ်ပါ၊ ဘယ်အချိန်မှာတော့ ရောင်းပါလို့ မပြောလိုပါဘူး။ ကျွန်တော်က ဝယ်သင့်တယ်ပြောလို့ ကမ္ဘာ့ရွှေဈေးကျရင် ဒုက္ခရောက်နိုင်သလို ရောင်းပါပြောလို့ ထပ်တက်ပြန်ရင်လည်း ဒုက္ခရောက်နိုင်ပါတယ်။

ဒါကြောင့် ကျွန်တော့်အနေနဲ့ ရွှေဈေးတက်တာ၊ ကျတာကို မစဉ်းစားဘဲ ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနဲ့ ကိုယ်တတ်နိုင်သလောက် နည်းနည်းချင်းစီ လိုချင်သလောက်ဝယ်ထားပြီး ကိုယ်သတ်မှတ်ထားတဲ့ ပမာဏ တစ်ခုရောက်တဲ့ အနေအထားကျမှသာ ထုတ်သုံးသင့်တယ်လို့ အကြံပြုလိုပါတယ်။

နောက်ပြီး ကျွန်တော့်အနေနဲ့ ရွှေကိုအင်တာနက်မှာ တက်ဆော့တာမျိုးလည်း မလုပ်ပါနဲ့လို့ ပြောချင်ပါတယ်။ဘာလို့လဲဆိုတော့ ဒီလိုတက်ဆော့ဖို့ဆိုတာ ကိုယ်က ဗဟုသုတတွေ အများကြီးလိုပါတယ်။ ရွှေဆော့တာက စတော့ကလူကလည်း ကိုယ့်ပိုက်ဆံကို နုတ်သလို မြန်မာပြည်ထဲက စတော့တင်ပေးတဲ့ ပွဲစားကလည်းနုတ်တာမို့ နှစ်ဖက်မျှနုတ်နေတာကြောင့် မလုပ်သင့်ဘူးလို့ အကြံပြုလိုပါတယ်။ နောက်ပြီး ကျွန်တော့်ကို ရွှေ ၅၀ သားလောက်ဝယ်ပြီး ရွှေအသင်းဝင်ပြီး ရွှေကစားချင်လို့ဆိုပြီး လာတိုင်ပင်ရင် ကျွန်တော်ဘယ်တော့မှ အားမပေးခဲ့ပါဘူး။ အဲဒီ ၅၀ သားက နောက်နှစ်နှစ်သုံးနှစ်လောက်ကြာတဲ့အခါ တစ်ဆယ်သားလောက်ကျန်ရင် ကံကောင်းတယ်ဆိုပြီး ကျွန်တော်ပြောလေ့ရှိပါတယ်။