နိုင်ငံတကာတွင်လည်း စီးပွားရေးနယ်ပယ်အလိုက် ပါဝင်ပတ်သက်ရသည့် ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များစုစည်းရန်၊ မိမိနယ်ပယ်တိုးတက်ရန်၊ နိုင်ငံ၏စီးပွားရေးပေါ်လစီများချမှတ်ရာတွင် အထောက်အကူပြုရန်၊ လိုအပ်လျှင် လိုအပ်သလို အစိုးရဌာနဆိုင်ရာများ၊ စီးပွားဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးရန်၊ အချို့သော ကိစ္စရပ်များတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အထိုက်အလျောက် ကာကွယ်ရန်၊ သင်တန်းများ စီမံဆောင်ရွက်ခြင်း၊ အနာဂတ်ခေါင်းဆောင်များ မွေးထုတ်ခြင်း စသည်တို့ကို ဆောင်ရွက်ရန်၊ အသင်းအဖွဲ့များ (Association ၊ သို့မဟုတ် Organization များ) တည်ထောင်ဆောင်ရွက်ကြလေသည်။
ထိုသို့သော အသင်းအဖွဲ့မျိုးတွင် ဦးဆောင်ကြသည့်ခေါင်းဆောင်များမှာလည်း လူအများစုလေးစားလက်ခံသည့် ခေါင်းဆောင်အရည်အချင်းမျိုးပြည့်စုံသူများဖြစ်ပြီး မိမိကိုယ်ကျိုးထက် အများအကျိုး၊ အသင်းအဖွဲ့၏ရှေ့ရေးနှင့် အကျိုးစီးပွားဦးစားပေးသူ၊ အသင်းအဖွဲ့ဝင်များကို လှုံ့ဆောင်စည်းရုံးဦးဆောင်နိုင်သူများ ဖြစ်ကြလေသည်။
မောင်သာတို့ မြန်မာနိုင်ငံတွင်လည်း တသီးပုဂ္ဂလရပ်တည်နေသော ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်းချုပ်ကြီးရှိရာ အသင်းချုပ်ကြီး၏အောက်တွင် မှတ်ပုံတင်ထားသော စီးပွားရေးအသင်းအဖွဲ့ပေါင်း ၇၄ ဖွဲ့ ရှိပါသည်။ လက်ရှိအစိုးရသစ်အနေနှင့်လည်း အသင်းချုပ်ကြီးနှင့် စီးပွားရေးဆိုင်ရာပေါ်လစီများ၊ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ တိုင်ပင်ဆွေးနွေးပူးပေါင်းမှုများကို တွေ့မြင်နေရပါသည်။
သို့ဖြစ်ရာ အသင်းချုပ်ကြီးနှင့် အသင်းအဖွဲ့များတွင် ဦးဆောင်နေသည့်ဥက္ကဋ္ဌများ၊ အမှုဆောင်အဖွဲ့ဝင်များအနေဖြင့် အသင်းဝင်များ၏ဆန္ဒအရ ရွေးကောက်တင်မြှောက်ခံရသူများဖြစ်ရာ မိမိတို့၏အသင်းဝင်များနှင့် လုပ်ငန်းနယ်ပယ်အကျိုးစီးပွားအတွက် စွမ်းစွမ်းတမံ တာဝန်ယူလုပ်ဆောင်ရန် လိုအပ်ပါကြောင်း .....။
မောင်သာ