အီလက်ထရောနစ်နည်းနဲ့ လုပ်ငန်းဆက်သွယ်မှုမှာ ဆောင်ရန်၊ ရှောင်ရန် ၅ ချက်

ခွင့်တောင်းစကား၊ ကျေးဇူးတင်စကားတွေကို သင်က မြန်မြန်ဆန်ဆန် ပြောနိုင်တယ်။ နားထောင်ကောင်းသူ တစ်ယောက်လည်းဖြစ်တယ်။ ယေဘုယျအားဖြင့်တော့ သင်က ယဉ်ကျေးမှုရှိတဲ့သူတစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့ သင့်ရဲ့ကောင်းတဲ့ကျင့်ဝတ်တွေကို အီလက်ထရောနစ်နည်းနဲ့ ဆက်သွယ်တဲ့အခါမှာကော ကျင့်သုံးပါသလား။ အများစုကတော့ အီလက်ထရောနစ်နည်းနဲ့ အဆက်အသွယ်လုပ်တဲ့အခါ ဒီလိုအခြေခံယဉ်ကျေးမှုလေးတွေကို ကျင့်သုံးမှုက အားနည်းနေပါတယ်။

ယနေ့ခေတ်မှာ လုပ်ငန်းနဲ့ဆက်စပ်တဲ့ ဆွေးနွေးပွဲတွေကို မျက်နှာချင်းဆိုင်တွေ့တာထက် လူမှုကွန်ရက်တွေ၊ အီးမေလ်နဲ့ ကွန်ရက်ဆွေးနွေးမှုတွေကတစ်ဆင့် ပြုလုပ်လေ့ရှိကြတယ်။ ညစာစားတဲ့အခါ ကျင့်သုံးသင့်တဲ့ အပြုအမူတွေကို သေချာသတ်မှတ်ထားကြပေမယ့် နည်းပညာနဲ့ဆိုင်တဲ့ ကျင့်ဝတ်ကောင်းတွေကိုတော့ သေချာသတ်မှတ်ထားမှုမရှိသလောက် ဖြစ်ပါတယ်။

အလုပ်ခွင်မှာ မိုဘိုင်းဖုန်းသုံးရင်းနဲ့ဖြစ်လာတဲ့ ကျင့်ဝတ်ဖောက်ဖျက်မှုတွေက များလာနေပါတယ်။ အလုပ်ကို အဟန့်အတားဖြစ်စေတဲ့အမှားတွေကို ရှောင်နိုင်ဖို့အတွက် ဆောင်ရန်၊ ရှောင်ရန်တွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

Electronicbusiness

သီးသန့်အကြံပြုတောင်းခံစာကိုပို့ပါ . . .

သင့်ရဲ့ Contact ထဲမှာ ရှိတဲ့သူတွေအားလုံးကို ယေဘုယျသဘောဆန်တဲ့ အကြံပြုတောင်းခံစာတွေကို ပို့မယ့်အစား သင့်ရဲ့အရည်အသွေးကို ထဲထဲဝင်ဝင်ပြောနိုင်တဲ့သူတွေကိုပဲ အဓိကထားပါ။ အဲဒီပုဂ္ဂိုလ်ရဲ့ထောက်ခံစာကို သင်က ဘာကြောင့်တန်ဖိုးထားလဲ ရှင်းပြတဲ့စာကို ကိုယ်တိုင်ရေးပါ။ တောင်းခံစာကို ကောင်းကောင်းမွန်မွန်ရေးနိုင်ရင်တော့ သူတို့ကသင့်အကြောင်းကို သေချာစဉ်းစားပြီး ထောက်ခံစာရေးပေးမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ကျေး ဇူးတင်ကြောင်းပြောဖို့နဲ့ ကျေးဇူးတုံ့ပြန်မယ်ဆိုတဲ့ အကြောင်းကိုလည်း ထည့်ရေးဖို့မမေ့ပါနဲ့။

အပြန်အလှန်ရှိပါ . . .

အွန်လိုင်းက မိတ်ဆွေတွေနဲ့ အဆက်အသွယ်လုပ်တဲ့အခါ တစ်သမတ်တည်းဖြစ်ပါစေ။ သင်လိုအပ်မှသာ ဆက်သွယ်တဲ့အရာမဖြစ်သင့်ပါဘူး။ မိတ်ဆက်စာတွေနဲ့ ထောက်ခံစာတွေကို မကြာခဏတောင်းမယ်၊ ကိုယ်ကတော့ သူများကို အကူအညီမပေးဘူးဆိုတာ မဖြစ်သင့်ပါဘူး။

သစ်လွင်တဲ့အကြောင်းအရာကောင်းတွေကို တင်ပါ . . .

သင်က လုပ်ငန်းအတွက် Facebook ဒါမှမဟုတ် အခြားလူမှုကွန်ရက်တွေကို သုံးနေတယ်ဆိုရင် သင်ဝေမျှလေ့ရှိတဲ့ အချက်အလက်တွေနဲ့ပတ်သက်လို့ နည်းဗျူဟာကျကျ တွေးခေါ်ပါ။ သင်နေ့လယ်စာစားတဲ့ပုံတွေနဲ့ ပုဂ္ဂိုလ်ရေးဆန်တဲ့ပုံတွေကိုပဲ မတင်ပါနဲ့။ အဲဒီအစား လက်ရှိလုပ်ငန်းမှာဖြစ်နေတဲ့ အဖြစ်အပျက်တွေနဲ့ တိုးတက်မှုတွေအပေါ် အတွေးအမြင်တွေကို ဝေမျှပေးခြင်း၊ အသိအမြင်ပေးတဲ့ သတင်းဆောင်းပါးတွေနဲ့ ချိတ်ဆက်ခြင်းနဲ့ ဒီနယ်ပယ်မှာပဲ အခြားသူတွေတင်ထားတဲ့ ဆက်စပ်တဲ့အကြောင်းအရာတွေကို ပြန်လည်ဝေမျှခြင်းတွေကတစ်ဆင့် သင့်ရဲ့လုပ်ငန်းဗဟုသုတကို ဇောင်းပေးဖော်ပြပါ။

အပြစ်တင်မှုတွေကို ကိုယ့်စိတ်ထဲမှာပဲထားပါ . . .

အလုပ်မှာ အဆင်မပြေဖြစ်နေတဲ့အကြောင်းကို တစ်ကမ္ဘာလုံးကိုပြောပြဖို့ စိတ်ကူးနေပါသလား။ မဖွင့်ဟခင်မှာ ပြောသင့်၊ မပြောသင့် နှစ်ကြိမ်လောက်စဉ်းစားလိုက်ပါဦး။ အလုပ်နဲ့ဆက်စပ်တဲ့ ညည်းညူမှု၊ မကျေနပ်မှုတွေကို လူသိရှင်ကြားပြောလိုက်တာက ပြဿနာကို ဖြစ်စေတတ်ပါတယ်။ အလားတူပဲ ညစ်ညမ်းတဲ့ ပြက်လုံးတွေ၊ အတင်းအဖျင်းပြောတာတွေ၊ မသင့်တော်တဲ့ပုံတွေနဲ့ နိုင်ငံရေးနဲ့ ဘာသာရေးတို့လို အထိမခံတဲ့ခေါင်းစဉ်တွေနဲ့ပတ်သက်လို့ အငြင်းပွားစေနိုင်တဲ့ ထင်မြင်ချက်ပေးတာတွေကလည်း ပြဿနာဖြစ်စေနိုင်ပါတယ်။

အလုပ်အများကြီးကို တစ်ပြိုင်တည်းလုပ်တာလျှော့ပါ . . .

စမတ်ဖုန်းတွေက အလုပ်သမားတွေရဲ့ စွမ်းရည်နဲ့ အလုပ်ပြီးမြောက်နိုင်မှုကို တိုးတက်စေနိုင်တယ်ဆိုတဲ့အချက်က ငြင်းစရာမရှိပါဘူး။ ဒါပေမဲ့ အပြုအမူကောင်းဖို့အတွက် ရည်ရွယ်ပြုထားတဲ့ နည်းပညာဆော့ဖ်ဝဲမရှိသေးပါဘူး။ အစည်းအဝေးခန်းထဲမှာ ဒါမှမဟုတ် မျက်နှာချင်းဆိုင် စကားစမြည်ပြောနေစဉ်မှာ ဖုန်းနဲ့စာရိုက်နေမယ်ဆိုရင် သူတို့ပြောနေတဲ့အကြောင်းအရာမှာ သင်က စိတ်မဝင်စားနေဘူးဆိုတာကို သိစေပါတယ်။ သင်က အရေးကြီးဖုန်းကို စောင့်နေတာပဲဖြစ်ဖြစ်၊ အရေးကြီးစာပို့ဖို့ လိုအပ်နေတာပဲဖြစ်ဖြစ်ရှိနေရင် ဆွေးနွေးပွဲမစခင်ကတည်းက ကြိုပြောထားပါ။ ပြီးတော့ အပြင်ထွက်ပြောမှ ဖြစ်မယ်ဆိုရင် အပြင်ထွက်ခွင့်တောင်းပါ။

ဘယ်လိုနည်းနဲ့ပဲ အဆက်အသွယ်လုပ်လုပ် (အီလက်ထရောနစ် ဒါမှမဟုတ် မျက်နှာချင်းဆိုင်) အကျင့်ကောင်းတွေ ပြသခြင်းက ယဉ်ကျေးမှုစံနှုန်းတွေကို တစ်သဝေမတိမ်းလိုက်နာရုံတင်ပဲမဟုတ်ပါဘူး။ မိမိကိုယ်ကို အဆင့်အတန်းပိုမြင့်အောင် ထိန်းသိမ်းရာလည်းရောက်ပါ တယ်။ အလုပ်ရှင်ပဲဖြစ်ဖြစ်၊ အလုပ်ရှာနေသူပဲဖြစ်ဖြစ် သင့်ရဲ့အပြုအမူတွေအပေါ်မှာ အမြဲတမ်းသတိထားဖို့က နေရာတိုင်းမှာ အရေးကြီးပါတယ်။