ဖွံ့ဖြိုးဆဲနိုင်ငံကြီး ၄ ခု အိပ်မက်ဆိုးမှ လန့်နိုးလာကြခြင်း

Bric1

လွန်ခဲ့သည့်လေးနှစ်အတွင်း ကမ္ဘာ့စီးပွားရေးသည် ဖြစ်ပေါ်၊ ပြောင်းလဲမှုများစွာကို ဖြတ်သန်းခဲ့ရသည်။ အဓိကမှာ ၂၀၁၃ ခုနှစ်က ဖြစ်ခဲ့သော "the taper tantrum" ခေါ် (၂၀၁၃ ခုနှစ်က အမေရိကန်နိုင်ငံပြည်ထောင်စုဗဟိုဘဏ်မှ နိုင်ငံ၏စီးပွားရေးကဏ္ဍအတွင်းသို့ ထည့်သွင်းထားသည့် ငွေများအား တဖြည်းဖြည်းပြန်လည်ထုတ်ယူနေခြင်းကြောင့် ဖြစ်ပေါ်လာသည့်ဂယက်) တစ်နည်းအားဖြင့် အမေရိကန်နိုင်ငံ၏ ငွေကြေးဆိုင်ရာမူဝါဒအပြောင်းလဲ၊ ၂၀၁၄ ခုနှစ် ရေနံဈေးကျဆင်းမှု၊ ၂၀၁၅ ခုနှစ် တရုတ်ပြည်၏ ငွေကြေးတန်ဖိုးချမှု၊ ၂၀၁၆ ခုနှစ် နောက်ပိုင်း အိန္ဒိယနိုင်ငံမှ ၎င်း၏တန်ဖိုးကြီးငွေကြေးအချို့ကို ဖျက်သိမ်းမှုစသည့်ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာသည့် ကမ္ဘာ့စီးပွားရေးအတွင်း စိုးရိမ်ပူပန်မှုများဖြစ်သည်။

၂၀၁၇ ခုနှစ်သည်ကား တောက်ပစွာဖြင့် စတင်ခဲ့သည်ဟု ဆိုရမည်။ အကြောင်းမှာ အချိန်နှစ်နှစ်ခွဲအတွင်း ကမ္ဘာ့အကြီးဆုံး ဖွံ့ဖြိုးဆဲတိုင်းပြည်ကြီးလေးခုဖြစ်သည့် BRICs ဟု လူအများသိကြသော (ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့် တရုတ်နိုင်ငံ) တို့သည် ပထမဆုံးအကြိမ် တစ်ပြိုင်တည်း တိုးတက်ဖွံ့ဖြိုးလာခဲ့ကြ၍ဖြစ်သည်။

၁၉၉၀ ပြည့်နှစ်များအတွင်းမှ စတင်၍ အချိန်အကြာမြင့်ဆုံး ကပ်ကြီးဆိုက်ရောက်ခဲ့သည့်နောက်ပိုင်း ရုရှားနိုင်ငံ၏ GDP ခေါ် ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှုန်းသည် (အချိန်ကာလအလိုက် စစ်တမ်းများအရ) ၂၀၁၅ ခုနှစ်ကုန်ပိုင်းတွင် အနိမ့်ဆုံးသို့ကျရောက်ခဲ့သည်။ ၎င်းသည် လွန်ခဲ့သော ကိုးလခန့်အတွင်း အရှိန်အဟုန်ကောင်းစွာ ပြန်လည်တိုးတက်လာခဲ့သည်ကိုတွေ့ရသည်။ ရုရှားနိုင်ငံအနေနှင့် ဈေးကွက်ပြန်လည်ဦးမော့လာခြင်းတွင် တစ်စိတ်တစ်ပိုင်းအဖြစ် ပြည်တွင်းရေနံထုတ်လုပ်ရောင်းချမှုလည်းပါသည်။ (ပံ့ပိုးမှုတစ်ခုက အရင်နှစ်များအတွင်း ရေနံဈေးကြီးမြင့်မှုဖြစ်သည်။)

ရူဘယ်တန်ဖိုးထိုးကျခဲ့သည့် ၂၀၁၄ ခုနှစ်နောက်ပိုင်းနှင့် ၂၀၁၅ ခုနှစ် အစောပိုင်းတို့တွင်မူ တစ်သမတ်တည်းတည်ရှိခဲ့သည့် ကုန်သွယ်မှုပိုငွေ၊ ဒေါ်လာဘီလီယံပေါင်းသုံးရာအောက်မရောက်ခဲ့ဖူးသည့် နိုင်ငံခြားအရန်ငွေကြေးပမာဏစသည့် တစ်ချိန်က ရုရှားနိုင်ငံ၏စီးပွားရေးအင်အားကြီးမားမှုအချို့ကို အလွယ်တကူပင်မေ့ပျောက်ခဲ့ကြသည်။

ရုရှားနိုင်ငံသည် စီးပွားရေးကဏ္ဍတွင် ခြေကုပ်ပြန်လည်ရယူနိုင်ခဲ့သည့်အလျောက် လွန်ခဲ့သည့် ၁၂ လ အတွင်း အမေရိကန်ဒေါ်လာနှင့်ယှဉ်လျှင် ရုရှားရူဘယ်ငွေသည် ၁၅ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာခဲ့ခြင်းက ကမ္ဘာ့အကောင်းဆုံး ငွေကြေးစွမ်းဆောင်မှုများအနက် ရလဒ်ကောင်းတစ်ခုဖြစ်စေခဲ့သည်။

ဘရာဇီးနိုင်ငံ၏ ဒုက္ခဆင်းရဲက ပို၍ပင်ရှည်လျားသည်ဟုဆိုရမည်။ ၎င်း၏ စီးပွားရေးဆုတ်ယုတ်မှုမှာ ကုန်ပစ္စည်းတန်ဖိုးများ ကျဆင်းသွားခြင်း၊ နိုင်ငံ၏သမ္မတစွပ်စွဲခံရခြင်း၊ ခြစားသည့် နိုင်ငံရေးအဖွဲ့များ၏ ဆန့်ကျင်မှု၊ စသည်တို့ကြောင့် ၂၄ လ မျှကြာမြင့်ခဲ့သည်။ ဘရာဇီးနိုင်ငံ၏ နိုင်ငံရေးအရှုပ်တော်ပုံကို ဖြေရှင်းနိုင်ဖို့အရေးမှာ များစွာအလှမ်းဝေးကွာသေးသည့်တိုင် အနည်းဆုံးရာသီဥတုအခြေအနေမှာမူ တိုးတက်လာခဲ့သည်။ နွေရာသီအချိန် မိုးကောင်းစွာရွာသွန်းခဲ့သည့်အတွက် Bahia ပြည်နယ်ကဲ့သို့သော ဒေသအချို့၌ နှစ်ဦးပိုင်းလများတွင် ပဲပိစပ်နှင့် ပြောင်းတို့အထွက်ကောင်းခဲ့သည်။ ယင်းအချက်က ဘရာဇီးနိုင်ငံ၏ GDP ကို ပထမသုံးလပတ်အတွက် ၁ ရာခိုင်နှုန်း မြှင့်တင်ပေးခဲ့သည်။ (တစ်နှစ်ပတ်လုံးစံနှုန်းနှင့်ဆိုလျှင် ၄ ရာခိုင်နှုန်းကျော်ဖြစ်သည်။) သီးနှံအထွက်ကောင်းခြင်းကို သုံးလပတ်တိုင်း မမျှော်လင့်နိုင်သည့်အတွက် အချို့စီးပွားရေးသမားများက ဒုတိယသုံးလပတ်တွင် နိုင်ငံ GDP ကျဆင်းမည်ကို စိုးရိမ်ကြသော်လည်း ကြိုတင်တွက်ဆသူများစွာက ၂၀၁၇ တစ်နှစ်ပတ်လုံးအနေနှင့် ခြုံကြည့်လျှင် တိုးတက်မှုရှိလိမ့်မည်ဟု ယုံကြည်ကြသည်။

[caption id="attachment_30883" align="alignnone" width="720"]Bric2From Left to Right[/caption]

စီးပွားရေးတိုးတက်နှုန်း မြန်ဆန်ခြင်းက ကုန်ဈေးနှုန်းတည်ငြိမ်မှုကို ကမောက်ကမ မဖြစ်စေခဲ့ပါ။ ရုရှားနှင့် အိန္ဒိယနိုင်ငံတို့ကဲ့သို့ပင် ဘရာဇီးနိုင်ငံကိုလည်း ငွေကြေးဖောင်းပွမှု လျော့နည်းစေခဲ့သည်။ အကယ်၍ ယင်းအခြေအနေများက အစိုးရအား လူမှုဖူလုံရေးအဖွဲ့များ ပြန်လည်ဖွဲ့စည်းခြင်းနှင့် ပိုကဲနေသောအခွန်များအား ထိန်းချုပ်ခြင်းတို့မှ တားဆီးနေမည်ဆိုလျှင်၊ ဗဟိုဘဏ်အနေနှင့် ယင်း၏ရပ်တည်ချက်ကို ဆန္ဒမရှိသည့်တိုင် သိသာစွာအလျှော့ပေးရမည့် အခြေအနေဖြစ်သည်။ ထို့သို့အလျှော့ပေးရခြင်းသည် အခွန်ကောက်ခံမှု စည်းမဲ့ကမ်းမဲ့ဖြစ်ခြင်းနှင့် ငွေကြေးပြဿနာလျှော့ချမှုတို့ ပေါင်းစပ်ပြီး၊ ငွေတန်ဖိုးကျဆင်းခြင်းနှင့် ကုန်ဈေးနှုန်းမြင့်တက်ခြင်းတို့မှ ကာကွယ်ရန်အလို့ငှာဖြစ်သည်။

မကြာမီနှစ်များက ဘရာဇီးနိုင်ငံတွင် ငွေကြေးဖောင်းပွမှု အလွန်မြင့်ခဲ့သည်ဆိုလျှင် တရုတ်နိုင်ငံတွင် အလွန်လျော့နည်းခဲ့သည်ဟု ဆိုရပေမည်။ ကုန်ဈေးနှုန်းများနှင့် ငွေကြေးတို့အပေါ် ဖိအားပေးမှုလျော့နည်းလာခြင်း၏ ကျေးဇူးကြောင့်ဖြစ်ပြီး စင်စစ်တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၂၀၁၆ ခုနှစ်တွင် ဒေါ်လာနှင့်တွက်လျှင် ၂၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကျဆင်းသွားခဲ့သည်။ သို့ရာတွင် ငွေကြေးဖောင်းပွမှုကျဆင်းရေးဆောင်ရွက်ချက်များ၏ ခြိမ်းခြောက်မှုများသည် ထိုအချိန်မှစပြီး ဆုတ်ယုတ်သွားခဲ့ကာ ငွေကြေးအရင်းအနှီးများ နိုင်ငံပြင်ပသို့ စီးဆင်းမှုအား ကိုင်တွယ်ထိန်းချုပ်ထားနိုင်ခဲ့သည့်အတွက် ယွမ်ငွေသည် ဒေါ်လာနှင့်ယှဉ်လျှင် ပိုမိုအားကောင်းလာခဲ့သည်။ တရုတ်နိုင်ငံဗဟိုဘဏ်အနေနှင့် ပြန်လည်ဖြည့်တင်းနိုင်သောကြောင့် မေလအတွင်းက ဒေါ်လာ ၂၄ ဘီလီယံတိုးလာခဲ့သည့် နိုင်ငံခြားငွေကြေးပမာဏသည် အရင်းအနှီးများ ပြန်လည်ထုတ်ယူသွားမှုကြောင့် ၂၀၁၄ ခုနှစ် အမြင့်ဆုံးအခြေအနေမှနေ၍ ဒေါ်လာတစ်ထရီလီယံ(($ 1 trn) ကျဆင်းခဲ့ရဖူးသည်။

ဘရာဇီးနှင့် ရုရှားနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ရရှိလာခြင်းနှင့် တရုတ်နိုင်ငံတွင်း ဒေါ်လာငွေ ပြန်လည်မြင့်တက်လာခြင်းတို့က BRICs အမှတ်တံဆိပ်အား ဘဝသစ်ဖန်တီးပေးမည်လားမသိနိုင်ပေ။ BRICs ဆိုသည့် စကားလုံးသည် Jim O’Neill ဆိုသူက Goldman Sachs ကုမ္ပဏီတွင် Chief Economist အဖြစ်မှ တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း ၎င်း၏ ကိုယ်ပိုင်ဘဝသစ်စတင် ထူထောင်လျှောက်လှမ်းခဲ့စဉ်က စတင်တီထွင်အသုံးပြုခဲ့သည့် စကားလုံးဖြစ်သည်။ ထိုလေးနိုင်ငံ၏ခေါင်းဆောင်များက ထိပ်သီးဆွေးနွေးပွဲများ နှစ်စဉ်ကျင်းပပြီးတောင် အာဖရိကနိုင်ငံကိုလည်း ထပ်တိုးအဖွဲ့ဝင်အဖြစ် ဖိတ်ကြားခဲ့သည်။ ထို့ပြင် ရှန်ဟဲမြို့တွင်လည်း အခြေစိုက်ရုံးခန်း ဖွင့်ထားပြီး အိန္ဒိယလူမျိုးတစ်ဦးက ဦးဆောင်လျက် ဖွံ့ဖြိုးရေးဘဏ်တစ်ခုကိုလည်း ဖွဲ့စည်းတည်ထောင်ခဲ့ကာ အဖွဲ့ဝင်နိုင်ငံအားလုံးတွင် လုပ်ငန်းလည်ပတ်၍ ဧပြီလအတွင်းက ဘရာဇီးနိုင်ငံအား ပထမဦးဆုံးအဖြစ် ချေးငွေထုတ်ပေးရန် ခွင့်ပြုခဲ့သည်။

Jim O’Neill အနေနှင့်မူ လူဦးရေ ၅၆ သန်းသာ ရှိပြီး၊ GDP ဒေါ်လာဘီလီယံသုံးရာထက်နည်းသော တောင်အာဖရိကနိုင်ငံသည် မူရင်းလေးနိုင်ငံနှင့် ယှဉ်တွဲရပ်တည်နိုင်ရန် အလွန်သေးငယ်သည့် အနေအထားတွင်ရှိသည်ဟု ယူဆကြောင်းသိရသည်။ ထို့ပြင်ပဉ္စမမြောက်နိုင်ငံ (အာဖရိက) ၏ ဘဏ္ဍာရေးအခြေအနေမှာလည်း ပထမသုံးလပတ်အတွင်း စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်ရသောကြောင့် ယခုနှစ်လတ်တလောအခြေအနေတွင် အခြားအဖွဲ့ဝင်နိုင်ငံများနှင့် ကွဲပြားခြားနားခဲ့သည်။

Bric3

BRIC လေးနိုင်ငံအား ၂၀၀၁ ခုနှစ်တွင် ဖွဲ့စည်းအမည်ကင်ပွန်းတပ်ပြီးနောက် Goldman Sachs သည် နောက်ပိုင်းတွင် "Dreaming with BRICs " (BRIC နိုင်ငံများနှင့်အတူ ရည်းမှန်းချက်အိပ်မက်မြင်မက်ခြင်း) ဟူသော ခေါင်းစဉ်ရှိစာတမ်းဖြင့် လာမည့်နှစ်ပေါင်းငါးဆယ်အတွက် အနာဂတ်အစီအစဉ်များရေးဆွဲကာ ၂၀၀၃ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ BRIC နိုင်ငံများ၏ ပြီးခဲ့သောရာစုနှစ်များမှ အားကောင်းသော စွမ်းဆောင်မှုများအပေါ်မူတည်၍ ၂၀၁၁ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုဘဏ်မှ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအစီအစဉ်များကို ထပ်မံပြင်ဆင်ခဲ့သည်။ ထိုအချက်က မှားယွင်းကြောင်း အဖြေထွက်ခဲ့သည်။ နိုင်ငံလေးခု၏ စီးပွားရေးစီမံကိန်းများအနက်၊ တရုတ်နိုင်ငံတစ်ခုသာ ၎င်း၏ဒေါ်လာနှင့်ယှဉ်သည့် GDP တိုးတက်နှုန်းကို အကောင်းမြင်၊ ပြင်ဆင်ရေးဆွဲထားသည့် ၂၀၁၁ ခုနှစ် စီမံကိန်းနှင့်အညီ အမီလိုက်နိုင်ခဲ့သည်။ ကျန်အခြားနိုင်ငံများမှာ စုစုပေါင်း ဒေါ်လာသုံးထရီလီယံနှင့် ညီမျှသည့်အတိုင်းအတာထိ နောက်ကျကျန်ရစ်နေခဲ့ကြသည်။

အလားတူစိတ်အနှောင့်အယှက်ဖြစ်ဖွယ်ဖြစ်ရပ်မျိုးကို စတော့ဈေးကွက်ရင်းနှီးမြှုပ်နှံသူများကလည်း ကြုံတွေ့ခဲ့ရသည်။ MSCI (Morgan Stanley Capital Intern-ational) ခေါ် ကမ္ဘာ့အစုရှယ်ယာဈေးနှုန်းများနှင့်ပတ်သက်သည့် အညွှန်းစံနှုန်းပြုစုသည့် အဖွဲ့မှ ကောက်ယူစုဆောင်းထားသည့် BRIC ၏ အစုစပ်ညွှန်ကိန်းသည် ၂၀၀၇ ခုနှစ်ကရှိခဲ့သည့် ယင်း၏အမြင့်ဆုံးတန်ဖိုးမှ ၄၀ ရာခိုင်နှုန်း ကျဆင်းကြောင်းတွေ့ခဲ့ရသည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလက Goldman Sachs ဟုခေါ်သည့် အမေရိကန်နိုင်ငံတကာ ငွေကြေးကုမ္ပဏီအဖွဲ့တစ်ခုမှ၊ အမေရိကန်နိုင်ငံရှိ ရင်းနှီးမြှုပ်နှံသူများအတွက်ရည်စူးတည်ထောင်ခဲ့သည့် ၎င်း၏တစ်ခုသော BRIC အစုစပ်လုပ်ငန်းကို ရုပ်သိမ်းပြီး၊ ပိုမိုကျယ်ပြန့်သော အစုစပ်ဈေးကွက်တွင်းသို့ ပေါင်းစပ်ခဲ့သည်။ (၎င်းတို့၏ ဆိုစကားအရမူ ' ဖြစ်ပေါ်လာသည့် အစုစပ်ဈေးကွက်အတွက် အားလုံးကိုလွှမ်းခြုံအဖြေရှာခြင်း၏ ရလဒ်' ပင်ဖြစ်သည်)။

BRIC နိုင်ငံများကသာ ၂၀၁၁ ခုနှစ်၏ ကျေနပ်အားရဖွယ်အဖြစ်များကို ထိန်းထားခဲ့လျှင် ၎င်းတို့သည်'မူလရည်မှန်းချက်အိပ်မက်' အား ပြည့်စုံစွာဖြည့်ဆည်းပေးခဲ့မည်ဖြစ်သည်။ မကြာမီကမှ ရင်ဆိုင်ခဲ့ရသည့် အခက်အခဲများကြားမှပင် ၎င်းတို့၏စုပေါင်းစီးပွားရေးပမာဏသည်၊ လွန်ခဲ့ပြီးသော ၂၀၀၃ ခုနှစ်က Goldman အဖွဲ့သားများ မှန်းဆထားခဲ့ကြသည့် (ဒေါ်လာ ၁၁.၆ ထရီလီယံ) ထက်များစွာကြီးမားသည့် ပမာဏဖြစ်သော (ဒေါ် လာ ၁၆.၆ ထရီလီယံ) ရှိနေပေသေးသည်။

ရုရှားတစ်နိုင်ငံတည်းသာ အစောပိုင်းက မျှော်မှန်းချက်များနှင့်အညီ လိုက်မီအောင် မစွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံအနေနှင့်မူ ၎င်းတို့အား အလွယ်တကူစွမ်းဆောင်ကျော်ဖြတ်နိုင်ခဲ့သည်။ ဘရာဇီးနိုင်ငံ၏ တိုးတက်နှုန်းမှာ Gold-man Sachs တို့ စီမံကိန်းချမှတ်ထားခဲ့သည်ထက် နှေးကွေးသော်လည်း နိုင်ငံ၏ငွေလဲနှုန်း အစစ်အမှန်မှာ ၎င်းတို့မှန်းဆထားခဲ့သည်ကို ကျော်လွန်ခဲ့ပြီး နိုင်ငံ၏ GDP အား ဒေါ်လာဖြင့် တွက်ချက်မှုတွင် မြင့်တက်စေခဲ့သည်။

Bric4

၂၀၁၅ ခုနှစ်နောက်ပိုင်း အခြေအနေအချို့တွင် BRICs တို့သည် ရင်းနှီးမြှုပ်နှံရန်ကောင်းသော နေရာတစ်ခုအဖြစ် ထည့်သွင်းစဉ်းစားခံလောက်သည့် အနေအထား မရှိတော့ပေ။ Goldman Sachs မှ ယင်း၏ရန်ပုံငွေကို ပိတ်သိမ်းလိုက်သည့် အချိန်မှစ၍ BRICs ၏ စတော့ရှယ်ယာဈေးနှုန်းသည် ၂၀ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့သည်။

BRICs အခြေခံမူဝါဒ၏ အခက်ခဲဆုံးပြဿနာမှာ ၎င်း၏ အဆုံးသတ်စာလုံး (C-China) ပင် ဖြစ်ပေလိမ့်မည်။ ၂၀၀၁ ခုနှစ်က တရုတ်နိုင်ငံသည် အဖွဲ့တစ်ခုလုံး GDP ၏ တစ်ဝက်ခန့်ကို ပံ့ပိုးပေးထားခဲ့ပြီး၊ ယခုအချိန်တွင် တစ်ခုလုံး၏ သုံးပုံနှစ်ပုံ အပြည့်အဝနှင့် သက်ဆိုင်နေပြီ ဖြစ်သည်။ တရုတ်နိုင်ငံသည် အဖွဲ့တွင်းရှိ အကြီးမားဆုံး ကုမ္ပဏီအများစုကို လက်ခံထားသည့် နိုင်ငံတစ်ခုလည်း ဖြစ်သည်။ BAT ဆိုသည့် ကိုယ်ပိုင်အတိုကောက်အမည်ကို ပိုင်ဆိုင်ထားသော ကုမ္ပဏီကြီးသုံးခု Baidu ၊ Alibaba နှင့် Tencent တို့အပါအဝင်၊ MSCI ၏ ညွှန်းကိန်းတွင် အကြီးမားဆုံး အစုရှယ်ယာတန်ဖိုးကို ပိုင်ဆိုင်ထားသည့် ကုမ္ပဏီကြီး ဆယ်ခုအနက် ရှစ်ခုသည် တရုတ်နိုင်ငံမှ ဖြစ်သည်။

၎င်း၏ 'ဈေးကွက်ကြီးထွားလာခြင်း' နှင့် 'ဝင်လာသည့် ရင်းနှီးမြှုပ်နှံမှုများကို လက်ကမ်းကြိုဆိုနေခြင်း' တို့ကြောင့် တရုတ်နိုင်ငံသည် 'BRIC အဖွဲ့ဝင်နိုင်ငံလေးခု၏ ကျဉ်းမြောင်းသည့် ဈေးကွက်လေးမဆိုထားနှင့် စုပေါင်းဈေးကွက်ကြီးတစ်ခုလုံး၏ ဘဏ္ဍာရေးအတိုင်းအတာအတွင်း၌ပင် ထိန်းသိမ်းထားရန် အလွန်ခက်ခဲမည့်'  'ပိုင်ဆိုင်မှုအတန်းစား' (asset class) တစ်ခုအဖြစ်သို့ ၎င်း၏ကိုယ်တိုင်လုပ်ပိုင်ခွင့်အတွင်းမှနေ၍  ဦးတည်နေသည်ဟု ထင်မြင်ယူဆရသည်။ BRICs နိုင်ငံများ၊ စီမံကိန်းအကြံအစည်အတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှုကြီးမှာ အဖွဲ့ဝင်လေးနိုင်ငံ၏ စီးပွားရေးဆုတ်ယုတ်မှုမဟုတ်ဘဲ အဖွဲ့ဝင်လေးနိုင်ငံအနက် အကြီးဆုံးအဖွဲ့ဝင်နိုင်ငံတစ်ခု၏ 'တစ်နိုင်ငံတည်း ထိုးထွက်အောင်မြင်နေမှု' ပင် ဖြစ်သည်။

Bric5

ဘရာဇီးနိုင်ငံ . . .

ဘရာဇီးနိုင်ငံရဲ့ စီးပွားရေးကဏ္ဍမှာ ကူးသန်းရောင်းဝယ်ရေးက အရေးပါနေပါတယ်။ ၂၀၁၅ ခုနှစ်မှာ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၃ ဘီလီယံအရ အမေရိကန်ဒေါ်လာ ၁၉၅ ဘီလီယံ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၇၀ ဘီလီယံ တင်သွင်းနိုင်ခဲ့ပါတယ်။

ဘရာဇီးရဲ့ GDP . . .

၂၀၁၅ ခုနှစ်မှာ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှုန်းက အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၇ ထရီလီယံဖြစ်ပြီး GDP Per Capita လူဦးရေအရအသားတင် ထုတ်လုပ်မှုနှုန်းက အမေရိကန်ဒေါ်လာ ၁၅၄၀၀ ဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံရဲ့ အဓိကပို့ကုန်တွေက . . .

ပဲပိစပ်၊ သံသတ္တုရိုင်း၊ ရေနံစိမ်း၊ သကြားခဲအကြမ်းနဲ့ မွေးမြူရေးအသားတွေဖြစ်ပြီး အဓိကသွင်းကုန်တွေကတော့ သန့်စင်ပြီး ရေနံ၊ ရေနံစိမ်း၊ ရေနံဓာတ်ငွေ့၊ ကားအပိုပစ္စည်းတွေနဲ့ ကားတွေဖြစ်ပါတယ်။

ရုရှားနိုင်ငံ . . .

ရုရှားနိုင်ငံမှာတော့ အခြေခံလူမှုဘဝလိုအပ်ချက်နဲ့ ပတ်သက်ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်းကဏ္ဍ ပိုမိုတိုးတက်ဖွံ့ဖြိုးအောင် အဓိကထားလုပ်ဆောင်နေတာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၃၂ ဘီ လီယံအရ တင်ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၃၁၆ ဘီလီယံရှိခဲ့ပြီး တင်သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာ ၁၈၄ ဘီလီယံရှိခဲ့ပါတယ်။

ရုရှားနိုင်ငံရဲ့ GDP . . .

၂၀၁၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၃ ထရီလီယံဖြစ်ခဲ့ပြီး GDP Per Capita က အမေရိကန်ဒေါ်လာ ၂၄၅၀၀ ဖြစ်ပါတယ်။

ရုရှားနိုင်ငံရဲ့ အဓိကပို့ကုန်တွေ . . .

ရေနံစိမ်း၊ သန့်စင်ပြီးရေနံ၊ ရေနံဓာတ်ငွေ့၊ ကျောက်မီးသွေး၊ အလူမီနီယမ်သတ္တုရိုင်းတွေဖြစ်ပြီး သွင်းကုန်တွေကတော့ ကား၊ ထုတ်ပိုးပြီး ဆေးဝါး၊ ကားအပိုပစ္စည်း၊ ကွန်ပျူတာ၊ လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ အာကာသယာဉ်တွေ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ . . .

ကမ္ဘာ့အကြီးမားဆုံး ပို့ကုန်စီးပွားရေးကဏ္ဍမှာ နံပါတ် ၁၆ က ရပ်တည်နေတဲ့ နိုင်ငံဖြစ်သလို စီးပွားရေးဂယက်ရိုက်မှုညွှန်းတမ်း (ECI) အရ အရှုပ်ထွေးဆုံးစီးပွားရေးလောကရဲ့ နံပါတ် ၄၉ မှာ တည်ရှိနေပါတယ်။ ၂၀၁၅ ခုနှစ်၊ အိန္ဒိယနိုင်ငံဟာ အမေရိကန်ဒေါ်လာ ၂၇၆ ဘီလီယံ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၆၈ ဘီလီယံတင်သွင်းနိုင်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ GDP . . .

၂၀၁၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ထရီလီယံဖြစ်ပြီး GDP Per Capita ကအမေရိကန်ဒေါ်လာ ၆၁၀၀ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ အဓိကပို့ကုန်တွေ . . .

သန့်စင်ပြီးရေနံ၊ စိန်၊ အသင့်ထုတ်ပိုးပြီး ဆေးဝါး၊ ကျောက်မျက်ရတနာတွေနဲ့ ဆန်စပါးဖြစ်ပါတယ်။ တင်သွင်းကုန်တွေထဲမှာတော့ ရေနံစိမ်း၊ ရွှေ၊ စိန်၊ ကျောက်မီးသွေးနဲ့ ရေနံဓာတ်ငွေ့တွေ ပါဝင်ပါတယ်။

တရုတ်နိုင်ငံ . . .

လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ အရှိန်အဟုန်မြင့်မြင့်နဲ့ ကြီးပွားတိုးတက်လာတဲ့ တရုတ်စီးပွားရေးလောကဟာ တရုတ်နိုင်ငံကို ကမ္ဘာ့ဒုတိယစီးပွားရေး အတောင့်တင်းဆုံးနိုင်ငံ ဖြစ်စေခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ တရုတ်နိုင်ငံဟာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၇ ထရီလီယံ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၇ ထရီလီယံ တင်သွင်းနိုင်ခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ GDP . . .

၂၀၁၅ ခုနှစ်၊ အမေရိကန်ဒေါ်လာ ၁၁ ထရီလီယံ ဖြစ်ပြီး GDP Per Capita က အမေရိကန်ဒေါ်လာ ၁၄,၅၀၀ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ အဓိကပို့ကုန်တွေ . . .

ကွန်ပျူတာ၊ ရုပ်သံထုတ်လွှင့်ရေးစက်ကိရိယာ၊ တယ်လီ ဖုန်း၊ လျှပ်စစ်ဓာတ်အားထိန်းတဲ့ Circuits ၊ ရုံးလုပ်ငန်းသုံးစက်ပစ္စည်းတွေကို အဓိကတင်ပို့ရောင်းချနေပြီး ရေနံစိမ်း၊ လျှပ်စစ်ဓာတ်အားထိန်းတဲ့ Circuits ၊ ရွှေ၊ သံသတ္တုရိုင်းနဲ့ ကားတွေကို ဝယ်ယူတင်သွင်းနေပါတယ်။

အောင်ကို (တောင်ငူ)