BREXIT နှင့် ASEAN

ဇွန်လ ၂၃ ရက်တွင် ဗြိတိန်နိုင်ငံအနေဖြင့် ဥရောပယူနီယံတွင် ဆက်လက်တည်ရှိ မရှိ ဆန္ဒမဲပေးဆုံးဖြတ်ရာ သမိုင်းဝင် စိတ်ပျက်အံ့သြဖွယ်ရလဒ်ဖြစ်သည့် ခွဲထွက်ရေးအဖြေကို ဆန္ဒမဲပေးမှု ၃၃ ဒဿမ ၆ သန်းမှ ၅၂ ရာခိုင်နှုန်းဖြင့် အဖြေထွက်ခဲ့ပါသည်။ အကြောင်းရင်းများစွာအနက် အရေးပါသောအချက်တစ်ချက်မှာ မကြာသေးမီက အာဖရိကနှင့် အာရပ်နိုင်ငံများမှ ဒုက္ခသည်များ ခိုလှုံဝင်ရောက်လာခြင်း ဖြစ်ပါသည်။ ဤခွဲထွက်ရေးရလဒ်ကြောင့် ဗြိတိန်နိုင်ငံတွင်း လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ပြဿနာပေါင်းစုံကြုံတွေ့နေရပြီ ဖြစ်ပါသည်။ ၁၉၉၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော ဥရောပယူနီယံတွင်း လွတ်လပ်သော ဈေးကွက်စနစ် (Free - Market) နှင့် လွတ်လပ်သောအတွေးအခေါ် (Liberalism) ကို အခြေခံခဲ့သော်လည်း ဗြိတိန်နိုင်ငံအနေဖြင့် မူလကတည်းက ကိုယ်ပိုင်ငွေပေါင် (Pound) ပေါ် ရပ်တည်ခြင်းနှင့် ဘုံဗီဇာစနစ်ပေါ် လက်မခံခဲ့ပေ။

မူလကတည်းက ဗြိတိန်မှ ခွဲထွက်ခဲ့ပါက ဗြိတိန်နိုင်ငံအနေဖြင့် နိုင်ငံကြွယ်ဝမှု ကျဆင်းဖွယ်ရှိရုံသာမက တီထွင်ကြံဆမှုနှင့် ပြိုင်ဆိုင်မှုအခွင့်အရေး အားနည်းသွားဖွယ်ရှိကြောင်း မျှော်မှန်းထားကြသည်။ လတ်တလော အခြေအနေတွင်ပင် ဝန်ကြီးချုပ်မှ နုတ်ထွက်စာတင်ပြီး  နိုင်ငံခေါင်းဆောင်ရန်လူမရှိခြင်း၊ ပေါင် (Pound) ငွေတန်ဖိုးမှာ ၃၁ နှစ်အတွင်း ဒေါ်လာလဲလှယ်မှုနှုန်း အနိမ့်ဆုံးကျဆင်းခြင်း၊ အင်္ဂလန်ဘဏ်များ၏ ပိုင်ဆိုင်မှုတန်ဖိုး သုံးတစ်ပုံဆုံးရှုံးခြင်း၊ ကမ္ဘာ့စတော့ဈေးကွက်တွင် ဒေါ်လာ ၁ ဒဿမ ၃ ထရီလီယံ ဆုံးရှုံးခြင်းအပြင် စကော့တလန်နိုင်ငံနှင့် မြောက်အိုင်ယာလန်တို့က အင်္ဂလန်နိုင်ငံမှ ခွဲထွက်ရန် စဉ်းစားနေကြပြီဖြစ်ပါသည်။

ဗြိတိန်နိုင်ငံအနေဖြင့် ခွဲထွက်ခြင်းကြောင့် အာဆီယံနိုင်ငံအဖွဲ့အစည်းတွင် အနည်းနှင့်အများ အကျိုးသက်ရောက်မှုရှိပါသည်။ ၁၉၆၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော အာဆီယံအနေဖြင့် ၁၉၉၃ ခုနှစ်တွင်  အာဆီယံဒေသတွင်း လွတ်လပ်စွာကုန်သွယ်ခွင့် (AFTA) ကို သဘောတူခဲ့ကြပြီး ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် Asean Economic Comminity (AEC) ကို အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ပါသည်။ ဥရောပ ယူနီယံနှင့် ခြားနားချက်မှာ ဘုံဗီဇာစနစ်မရှိခြင်း၊ ဘုံငွေကြေးစနစ်မရှိခြင်း၊ ဘုံပေါ်လစီချမှတ်သည့် စီမံခန့်ခွဲ အုပ်ချုပ်မှုပုံစံမရှိခြင်းတို့ ဖြစ်ပါသည်။

ဥရောပယူနီယံနှင့် အာဆီယံအဖွဲ့အစည်းတို့အနေဖြင့် လွတ်လပ်သောဈေးကွက်စနစ်၊ ဘုံဈေးကွက်စနစ်၊ အကောက်ခွန်စနစ် တစ်သမတ်တည်းထားရှိဆောင်ရွက်ခြင်း၊ ဘုံငွေကြေးစနစ်နှင့် စီမံခန့်ခွဲမှု အဆောက်အဦထားရှိခြင်းတို့အပေါ် အခြေခံထားကြသော်လည်း လက်ရှိတွင်မူ ဥရောပယူနီယံမှာ အဆင့်လေးသို့ ရောက်နေပြီဖြစ်သော်လည်း အာဆီယံအဖွဲ့အစည်းမှာ အဆင့်နှစ်တွင်သာ ရောက်ပါသည်။

ထို့ပြင် အာဆီယံနိုင်ငံများတွင် ဘာသာ၊ လူမျိုး၊ ယဉ်ကျေးမှု မတူညီခြင်းကြောင့် ဥရောပယူနီယံရှိ အဖွဲ့ဝင်နိုင်ငံတိုင်းက 'ဥရောပသား' ဟု ခံယူနိုင်သော်လည်း အာဆီယံတွင်းမူ 'အာဆီယံသား' ဟု ခံယူရန် ခက်ခဲနေခြင်းနှင့် ဒေသတွင်းလုံခြုံမှုကို ထိပါးသည့် တောင်တရုတ်ပင်လယ်ကိစ္စမျိုးကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးရန် ခက်ခဲနေပါသေးသည်။

လောလောဆယ်တွင် ဥရောပယူနီယံကြုံတွေ့သည့်အခက်အခဲမျိုး ရင်ဆိုင်ရန် ခက်ခဲနေသေးသော်လည်း အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC) ကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်ဆောင်နိုင်မှသာ အဖွဲ့ဝင်နိုင်ငံများအတွက် အကျိုးရှိမည်ဖြစ်ပါကြောင်း  . . . . .။

မောင်သာ

Ref : The Economist

The Bangkok Post