Brand (အမှတ်တံဆိပ်) သည် လူတစ်ယောက်နှင့် အလားသဏ္ဌာန်တူသည်။ မွေးဖွားသည်၊ အသက်ရှင်နေထိုင်သည်၊ သေဆုံးသည်။ Brand တစ်ခုမမွေးဖွားမီကပင် သူ၏သဘာဝစရိုက်၊ လက္ခဏာတို့ကို ကြိုတင်စီမံဖန်တီးပြီး ဖြစ်ရသည်။ မည်သူမျှ မပေးရသေးသော၊ ဆန်းသစ်သောနာမည်ကို ရွေးချယ်ရသည်။ သူ၏သရုပ်ကို ဖော်ညွှန်းသောတံဆိပ်ရုပ်ပုံကို ဖန်တီးရသည်။ ဖတ်လိုက်ရုံနှင့် သူ့အကြောင်းကိုသိနိုင်သည့် ဆောင်ပုဒ်ကို ဖွဲ့သီရေးသားရသည်။ ဤသို့လျှင် Brand တစ်ခု စတင်မွေးဖွားလာလေ့ရှိသည်။
မွေးဖွားပြီး ရှင်သန်ကြီးထွားရန် ရုန်းကန်ရတော့သည်။ လူများသိရန်၊ လက်ခံရန် ကြိုးပမ်းရသည်။ ချစ်ခင်နှစ်သက်စွဲလမ်းခံရရန် အားထုတ်ရသည်။ ဦးတည်ချက်မှာ ထာဝရရှင်သန်နေရေးဖြစ်ပေသည်။ ကောင်းမွန်သော ရေခံမြေခံနှင့် ထိုက်သင့်သော ပြုစုပျိုးထောင်မှုမခံရသော Brand မှာ လျင်မြန်စွာ သေဆုံးသွားမည်ဖြစ်သည်။
တစ်ခါတစ်ရံတွင် Brand တို့၏ ကြံ့ခိုင်မှု ယိုယွင်းလျော့နည်းတတ်သည်။ မမျှော်လင့်သော အကြောင်းကြောင်းတို့ကြောင့် နာမည်ပျက်ရသည်လည်း ရှိသည်။ အချစ်လျော့၍ အမုန်းပွားခံရသည်လည်း ရှိသည်။ ထိုအခါမျိုးတွင် အချိန်မီအရေးယူဆောင်ရွက်ရပြန်သည်။
ပြိုင်ဆိုင်မှုများနှင့် တိုက်ခိုက်မှုများကို ခံနိုင်ရန် Brand တစ်ခုသည် သန်စွမ်းနေရန် လိုအပ်သည်။ အမြဲသန်စွမ်းကျန်းမာရန်လည်း နည်းမျိုးစုံဖြင့် ရှာကြံ၍စောင့်ရှောက်ကြရပါသည်။ တစ်ခါတစ်ရံတွင် အစွမ်းကုန်ပြုစုပျိုးထောင်နေသည့်ကြားမှပင် အခြေအနေအပြောင်းအလဲတို့ကြောင့် ချုပ်ငြိမ်းသွားရသည်လည်း ရှိသည်။ ကာလတိုက်စားမှုကြောင့် မီးစာကုန်ဆီခန်း၍ မှိန်ပျပျသာကျန်သည့် Brand တို့လည်း များစွာ။
မည်သို့ဆိုစေ အသက်ရှင်နေထိုင်သောကာလအတွင်း Brand တစ်ခုသည် ကျန်းမာသန်စွမ်းစွာ ရှင်သန်နေရန် ကြိုးပမ်းအားထုတ်နေရမည်သာ။
အယ်ဒီတာ