ပင်လယ်ပြာမဟာဗျူဟာအဖြစ် စီးပွားရေးဝေါဟာရ၏ အဓိကအဓိပ္ပာယ်မှာ ဈေးကွက်ယှဉ်ပြိုင်အနိုင်ရရန် ပြိုင်ဘက်များနှင့် ဈေးကွက်တွင် ရင်ဆိုင်တိုက်ပွဲမဝင်ဘဲ သီးခြားပြိုင်ဘက်မရှိသည့် ဈေးကွက်ကိုဖန်တီးပြီး အကျိုးအမြတ်များများရရန် အားထုတ်ရမည်ဟု ဆိုလိုသည်။
ပင်လယ်ပြာမဟာဗျူဟာမှ အတွေးအခေါ်ပြောင်းလဲ၍ စိန်ခေါ်သည့် နည်းဗျူဟာအသစ်မှာ ဈေးကွက်ဟောင်း၏ ကန့်သတ်ချက်များကို ကျော်လွှား၍ နယ်ပယ်သစ်တိုးချဲ့ရန်ဖြစ်သည်။ အတွေးအခေါ်သစ်များ၊ မသုံးသေးသော နည်းစနစ်များဖြင့် အရောင်းနယ်ပယ်သစ်ကို ဖော်ထုတ်ရန် ဖြစ်သည်။
ယင်းသီအိုရီအရ ပြိုင်ဆိုင်မှုတွင် သဘောထားအမြင်နှစ်မျိုးရှိသည်။ ထိုအမြင်တို့မှာ အပြာရောင်ပင်လယ်များနှင့် အနီရောင်ပင်လယ်များဟု ဆိုသည်။
ပင်လယ်နီ
------------
လက်ရှိထုတ်ကုန်နှင့် ဝန်ဆောင်မှုဈေးကွက်တို့မှာ အနီရောင်ပင်လယ်များ (သွေးနီလွှမ်းသောစစ်မြေပြင်) ဖြစ်ပြီး ကန့်သတ်ချက်ရှိသော နယ်မြေအတွင်း အပြိုင်ကြဲနေကြရသည်။ မိမိ၏ဈေးကွက်ချဲ့နိုင်ဖို့ လက်ရှိကန့်သတ် နယ်မြေအတွင်း အားထုတ်နေကြရသည်။
ပင်လယ်ပြာ
--------------
ပင်လယ်ပြာတွင်ထားသော စိတ်သဘောထားမှာ ကွာခြားပေသည်။ ကျယ်ပြန့်နက်ရှိုင်းသည့် နယ်ပယ်သစ်၏ အခွင့်အရေးများကို ရယူရန်ဖြစ်ပြီး သမားရိုးကျယှဉ်ပြိုင်မှုမျိုးမဟုတ်ဘဲ ကုန်ပစ္စည်းသစ်များ၊ ဝန်ဆောင်မှုအသစ်များကို ဖန်တီးပြီး ဈေးကွက်သစ်နှင့် ယခင်မရှိသေးသော ဝယ်သူများရရန် ဖြစ်သည်။
ပင်လယ်ပြာမဟာဗျူဟာဗဟိုဦးတည်ချက်မှာ ရှိပြီးဈေးကွက်မှ ရှိပြီးဝယ်သူများကို ရယူရန်မဟုတ်ဘဲ နောင်လာမည့်နေ့ရက်များအတွက် ဝယ်သူများနှင့် ဈေးကွက်သစ်ဖန်တီးရန်ဖြစ်သည်။ ယင်းဗျူဟာမှ ကောင်းကျိုးများ အမျိုးမျိုးရှိနိုင်မည်မှာအမှန်ဖြစ်ပြီး အဓိကအကျိုးမှာ မိမိကဈေးကွက်ကို ချုပ်ကိုင်နိုင်သော အခြေအနေမှ ဈေးကွက်သစ်သို့ နောက်လူများဝင်မလာမီ မိမိကသာအပိုင်စီးခံစားရမည် ဖြစ်သည်။
Value Creation တန်ဖိုးဖန်တီးခြင်း
-----------------------
ပစ္စည်းတစ်မျိုး၏ တန်ရာတန်ဖိုးမှာ ထိုပစ္စည်း၏အသုံးဝင်မှုကို ကုန်ကျစရိတ်နှင့် ဈေးနှုန်းတို့ ပေါင်းစပ်ခြင်းဖြစ်သည်။ (၁) ကုန်ကျစရိတ်နှင့် (၂) ကွဲပြားအောင် ထုတ်လုပ်နိုင်မှုကို ပြိုင်ဆိုင်ရွေးချယ်ခြင်းမဟုတ်ဘဲ ထိုနှစ်မျိုးစလုံးပါဝင်ရမည်။ သို့မှသာ ဖြစ်ပေါ်သောတန်ဖိုးကို ဝယ်သူအုပ်စုများက လိုလားသဖြင့် ဈေးကွက်သစ်ဖြစ်ပေါ်သည်။ ကုန်ပစ္စည်း၏ အသုံးဝင်မှုတန်ဖိုးနှင့် ဈေးနှုန်းတို့ ကွာဟမှုကို အများဆုံးဖြစ်အောင် ဖန်တီးခြင်းအဖြစ် စဉ်းစားနိုင်သည်။ ကွာဟမှုကြီးလေ တန်ဖိုးကြီးလေဖြစ်၍ ဝယ်သူများကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။
အခြေခံသဘောတရား ၄ ခု
--------------------------
ပင်လယ်ပြာမဟာဗျူဟာသည် အောက်ပါအခြေခံကျသော သဘောတရား (၄) ခုအပေါ် တည်သည်။
၁ လက်ရှိဈေးကွက်ကို ကန့်သတ်ထားသော ဈေးကွက်ဘောင်များကို စိန်ခေါ်ခြင်း
-------------------------
ပင်လယ်ပြာမှာ ကျယ်ဝန်းသော ဝယ်လိုအားများ၊ အကောင်အထည်မပေါ်သေးသော နယ်မြေဖြစ်ပြီး ရည်ရွယ်ချက်မှာ ယင်းဝယ်လိုအားကို ဖော်ထုတ်ရန်ဖြစ်သည်။
၂ အခြေအနေကို ပြည့်ပြည့်စုံစုံ အာရုံစူးစိုက်ရန်
-------------------
မိမိဦးတည်ချက်ကို ရှင်းလင်းစွာသိရမည် (မည်သည်တို့က အရေးကြီး၍ ဖြစ်အောင်လုပ်ရမည် ... စသည်ဖြင့်)
၃ အန္တရာယ်နည်းအောင်လုပ်ခြင်း
---------------------------
လုပ်ငန်းတွင် လက်တွေ့အသုံးပြုမှုစံများကို သုံးသပ်၍ ဆုံးဖြတ်ရန်လိုအပ်သည်မှာ
- အသုံးမပြုဘဲဖယ်ရန် (သုံးရန်မလိုအပ်သည်များ)
- လျှော့ချရန် (မလိုအပ်ဘဲ အဆင့်မြင့်မြင့်လုပ်နေသည်များ လျှော့ချရန်)
- တိုး၍သုံးရန် (ပိုမိုကောင်းမွန်သည်များကို တိုး၍လုပ်ရန်)
- ဖန်တီးရန် (ယခင်က အသုံးမပြုရသေးသည်များကို စမ်းသုံးရန်)
၄ ကြိုတင်ပြင်ဆင်၍ သေချာစွာ အကောင်အထည်ဖော်ရန်
-----------------------------------
အခက်အခဲများကို ကျော်လွှားရန်၊ လိုအပ်မှုများကို ဖြည့်ဆည်းနိုင်ရန်နှင့် ကူညီပံ့ပိုးနိုင်သူများ၏ ကူညီမှုကို ရယူရန်
ဒေါက်တာဒေါ်ရီရီမြင့် (ပါမောက္ခ-ငြိမ်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်)