အင်တာနက်လောကမှာ လှုပ်လှုပ်ခတ်ခတ်အဖြစ်ဆုံး နည်းပညာတစ်ခုဖြစ်တဲ့ Blockchain ဟာ ၂၀၀၈ ခုနှစ်က ထွက်ပေါ်လာခဲ့ပြီး ဒီနည်းပညာကို အခြေပြုကာ ဒစ်ဂျစ်တယ်ငွေကြေးစနစ်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ဒီအထဲက အအောင်မြင်ဆုံးကတော့ Bitcoin ပါ။ ဈေးနှုန်းအတက်အကျကြမ်းပြီး ထိန်းချုပ်ကွပ်ကဲမှုမရှိတဲ့ ဒစ်ဂျစ်တယ်ငွေကြေးစနစ်တစ်ခုဖြစ်တာနဲ့အညီ Bitcoin ဟာ နိုင်ငံတကာမှာရော ဒေသအတွင်းနိုင်ငံတွေမှာပါ ပေါ်ပြူလာဖြစ်ပါတယ်။
ဒါကြောင့် CEO ရဲ့စာဖတ်ပရိသတ်အတွက် Bitcoin နဲ့ပတ်သက်လို့ စကားဝိုင်းတစ်ခုစီစဉ်ခဲ့ပါတယ်။ ဒီစကားဝိုင်းရဲ့ ရည်ရွယ်ချက်က Bitcoin နဲ့ပတ်သက်လို့ နောက်ကွယ်က နည်းပညာကစပြီး ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ဘယ်လိုတွေ အသုံးပြုနေကြသလဲဆိုတာကို ဆွေးနွေးကြဖို့ ဖြစ်ပါတယ်။
ပါဝင်ဆွေးနွေးခဲ့သူများဖြစ်တဲ့ ဦးမင်းဝင့်ဦး (Deputy Managing Director & CTO, Ayeyarwady Bank) ၊ ဦးမင်းမြတ်စိုး (Co-founder & Technical Director, NEX4n Co Ltd) ၊ နဲ့ ဦးကောင်းစစ် (Managing Director, Plus Ninety 5 Pte Ltd (Singapore)) တို့ကလည်း Bitcoin ရဲ့မူလအစ၊ Blockchain နည်းပညာ၊ Bitcoin Mining ၊ Digital Wallet တည်ဆောက်ခြင်းအကြောင်းတွေအပြင် သူတို့ရဲ့ကိုယ်ပိုင်အတွေ့အကြုံ စတာတွေကို အိတ်သွန်ဖာမှောက် ဝိုင်းဝန်းဆွေးနွေးပေးခဲ့ပါတယ်။ ဒါအပြင် ဒီဆောင်းပါးမှာ နည်းပညာနယ်ပယ်မှာ ထဲထဲဝင်ဝင်လုပ်ကိုင်နေတဲ့ ဦးရဲမြတ်သူ (Founder & Managing Director, Alpha Computer Mandalay) နဲ့ ဦးအေးမောင်မောင်ကြည် (CEO Studio AMK Co Ltd) တို့ရဲ့ Cryptocurrency တွေအပေါ် ကိုယ်ပိုင်အမြင်တွေကိုလည်း မေးမြန်းထားဖော်ပြပေးပါတယ်။
ဒီဆောင်းပါးကနေ Bitcoin နဲ့ပတ်သက်လို့ စေ့စေ့ငှငှဖြစ်နိုင်သမျှဖြစ်အောင် တင်ပြပေးထားတဲ့အပြင် Cryptocurrency တွေနဲ့ပတ်သတ်သမျှ သိသင့်သိဖွယ်ဝေါဟာရ၊ လုပ်နည်းလုပ်ဟန်တွေနဲ့ နိုင်ငံအလိုက်အစိုးရတွေရဲ့ Bitcoin အပေါ်သဘောထားနဲ့ပတ်သက်လို့ အကြံပြုချက်စတာတွေကိုလည်း စုံစုံလင်လင် စုစည်းဖော်ပြလိုက်ရပါတယ်။
Bitcoin စတင်ပေါ်ပေါက်လာပုံနဲ့ လက်ရှိနိုင်ငံတကာမှာ Bitcoin ကို လက်ခံနေကြတဲ့ အတိုင်းအတာ အနေအထား
----------------------------------
ဦးမင်းမြတ်စိုး :၂၀၀၈ ခုနှစ်လောက်တုန်းက Satoshi Nakamoto ဆိုတဲ့ သူတစ်ယောက်က Bitcoin နဲ့ ပတ်သက်တဲ့ စာတမ်းတစ်ခုကို ဖိုရမ်မှာ တင်လိုက်တယ်။ အဲဒီစာတမ်းကို အခြေခံပြီးတော့ Bitcoin ကို လူတွေသိလာတယ်။ ၂၀၀၉ ခုနှစ်မှာ Bitcoin Code ကို Create လုပ်ပြီး တော့ Website တစ်ခုပေါ် တင်ပေးလိုက်ပြီး Bitcoin Call Code နဲ့ Bitcoin ကို Run တဲ့ အခြေအနေကို စရောက်လာတယ်။ ပထမအခြေအနေမှာတော့ လူတွေအများကြီး Bitcoin ကို မသုံးသေးဘူး။
Bitcoin ကို Create လုပ်တဲ့ အချိန်မှာ Bitcoin အသစ်တွေ ဘယ်လိုနည်းနဲ့ ထွက်လာသလဲဆိုတာ ပြန်ကြည့်ရင် Bitcoin က Mine လုပ်ပြီးတော့မှ Coin တွေက အသစ်ထွက်လာတယ်။
Mine လုပ်တယ်ဆိုတာက Bitcoin Transaction Block တစ်ခုအတွက်ကို Mathematics နဲ့ပတ်သက်တဲ့ Puzzle တစ်ခုကို Solve လုပ်ပေးရတဲ့ အလုပ်တစ်ခုဖြစ်တယ်။ အဲဒါလုပ်ပေးတဲ့အတွက် သူ့ကို Reward ပေးတဲ့အနေနဲ့ Bitcoin System ကြီးကနေ ပထမဦးဆုံးအကြိမ်မှာ Bitcoin ၅၀ ချပေးတယ်။ အဲဒါတွေက အသစ်ထုတ်ပေးတဲ့ Bitcoin အသစ်တွေဖြစ်တယ်။ Coin ၅၀ က လေးနှစ်တစ်ကြိမ်လောက်မှာ အကြမ်းဖျင်းအားဖြင့် တစ်ဝက်လျော့သွားတယ်။ ဒုတိယလေးနှစ်မှာဆိုရင် ဒီ System ကြီးက Mine လုပ်လို့ရှိရင် တစ် Block ပြီးတိုင်း Coin ၂၅ ခု ထုတ်ပေးတယ်။ နောက်လေးနှစ်ထပ်ကြာရင် Bitcoin Block တစ်ခုကို Solve လုပ်တိုင်း ၁၂.၅ Bitcoin ထုတ်ပေးပါတယ်။ အဲဒီလိုနဲ့ ထုတ်ပေးရင်း ထုတ်ပေးရင်းနဲ့ တစ်ချိန်ချိန်မှာ တစ်ဝက်တစ်ဝက်နဲ့ နောက်ဆုံးမှာ Bitcoin က လုံးဝမထွက်တော့တဲ့ အခြေအနေအထိ ရောက်သွားပါလိမ့်မယ်။ အဲဒီလိုဖြစ်တဲ့အချိန်မှာ စုစုပေါင်း Total Bitcoin အရေအတွက်က 21 Million အပြင်မှာရောက်နေပြီ ဖြစ်မှာပါ။ အဲဒီတော့ Bitcoin ရဲ့ Amount က ပြောမယ်ဆိုရင် Finite Amount ဖြစ်တယ်။ အဲဒီ Finite Amount ဘယ်လို ထွက်လာသလဲဆိုရင် Mine လုပ်ရင်းနဲ့ပဲ ထွက်လာတယ်။
Bitcoin ကို ဘာလုပ်လို့ရသလဲဆိုရင် တစ်ယောက်နဲ့တစ်ယောက် Transfer လုပ်လို့ရတယ်။ လူတစ်ဦးချင်းစီအလိုက် Transfer လုပ်လို့ရသလို ကိုယ်လိုချင်တဲ့ Service ကို ဝယ်တဲ့အချိန်မျိုးမှာလည်း သုံးလို့ရတယ်။ Bitcoin ရဲ့ အဓိကအားသာချက်ဖြစ်တဲ့ တခြားကျွန်တော်တို့ သုံးနေတဲ့ Currency တွေနဲ့ မတူတဲ့အချက်က သူ့မှာ Authority Body မရှိဘူး။ Bitcoin ရဲ့ Nature အရ Coin တွေကို ဘယ်သူမှ Control မလုပ်ထားဘူး။ Bitcoin အသစ်ထွက်တာကလည်း သူ့ရဲ့ Formula အတိုင်း System ကနေ စနစ်တကျ ထွက်လာတယ်။ သုံးတဲ့အချိန်မှာလည်း သုံးတာတွေကို ဘယ်သူမှ ကန့်သတ်ထားခြင်းမရှိဘူး။ Bitcoin ကို အဲဒီလိုမျိုး သုံးလို့ရပါတယ်။
ဦးမင်းဝင့်ဦး : ကျွန်တော်တို့ အခုလက်ရှိအနေအထား အရမြင်တာက Bitcoin ဆိုတာက Digital Currency တစ်ခုပဲ။ Digital Currency ဆိုကတည်းကိုက အပြင်မှာရှိတဲ့ ဒေါ်လာတို့လို၊ မြန်မာကျပ်ငွေတို့လိုပဲ Currency အနေနဲ့ အလုပ်လုပ်တယ်။ ဒါပေမဲ့ Digital Currency ဆိုတဲ့ နေရာမှာ အစိုးရအဖွဲ့အစည်းတစ်ခု၊ ငွေကြေးအဖွဲ့အစည်းတစ်ခုကနေ ချုပ်ကိုင်ထားတာမျိုးမရှိဘဲနဲ့ Currency တစ်ခုအနေနဲ့ သီးခြားရပ်တည်နေတဲ့ပုံစံမျိုးပါ။ ကျွန်တော်တို့ နားလည်သလို Digital Currency လို့ပြောတာ။ သူ့ Term ကတော့ Cryptocurrency ပါ။ Cryptocurrency ဆိုတဲ့ ထုံးစံကလည်း Distributed Ledger ပုံစံမျိုး Block Chains ပေါ် မှာ အခြေခံလာတဲ့ Cryptocurrency ဖြစ်နေတယ်။ Cryptocurrency လို့ ပြောလိုက်ပြီဆိုကတည်းက ငွေရေးကြေးရေးကို Manage လုပ်တဲ့ပုံစံ၊ ကျွန်တော်တို့ ဒီအပေါ်မှာ ရောင်းဝယ်ဖောက်ကားလုပ်တဲ့အခါမှာ Digital Currency က နည်းနည်းလေး အသစ်အဆန်းဖြစ်နေတဲ့အခါမှာ သိပ်နားမလည်တဲ့အခါကျ အခက်အခဲတွေ အများကြီးရှိတယ်။
ဦးကောင်းစစ် : Bitcoin ကတော့ System တစ်ခုလုံးမှာ Finite Amount ရှိပါတယ်။ ဆိုလိုတာက Natural Resource တွေလိုမျိုးဆို တစ်ကမ္ဘာလုံးမှာ ဘယ်နှစ်တန်ရှိမယ်ဆိုပြီး ရှိပါတယ်။ Bitcoin ကလည်း ထိုနည်းတူပဲ တင်စားပြီးတော့ ဒီလိုထုတ်တဲ့လူကို Mining လုပ်လိုက်တယ်လို့ ဆိုကြတာဖြစ်ပါတယ်။ သူ့နောက်ကွယ်မှာ အသုံးပြုတာက Distributed Ledger System ဖြစ်ပါတယ်။ အရင်တုန်းက ဘဏ်၊ ငွေရေးကြေးရေး အဖွဲ့အစည်းတွေမှာ Ledger တစ်ခုချင်းစီ ကိုယ့်ဘာသာ Maintain လုပ်တာရှိပါတယ်။ အခု System မှာက ဒါတွေအကုန်လုံးကို တစ်ကမ္ဘာလုံးကို ဖြန့်ပြီးမှ Maintain လုပ်တာဖြစ်ပါတယ်။
Trust ကလည်း ဘယ်သူ့ကိုမှ ယုံကြည်စရာမလိုဘဲ System ကပဲ သူ့ဘာသာ Check and Balance နဲ့ သူ့ဘာသာတည်ဆောက်ထားတာဖြစ်ပါတယ်။ ဒီ Maintain လုပ်တဲ့သူတွေအတွက် Resource သုံးရတာတွေ ရှိပါတယ်။ ဥပမာ- ကွန်ပျူတာ၊ Electricity သုံးရပါတယ်။ အဲဒီအတွက် System ကဘယ်လို Reward ပေးမလဲဆိုတော့ Bitcoin ပြန်ထုတ်ပေးလိုက်ပါတယ်။ ပြောရရင် ရွှေတူးသလို Bitcoin ကို ထုတ်ပေးလိုက်ပါတယ်။ တကယ်က System Maintainance Fees ကို ထုတ်ပေးလိုက်တာဖြစ်ပါတယ်။ နိုင်ငံအလိုက်သုံးစွဲနေတဲ့ ငွေကြေးစနစ်တွေရှိတယ်။ တချို့လူတွေကလည်း Digital Currency ဆိုပြီး ထွင်သုံးကြတာတွေ ရှိပါတယ်။ နောက်ပိုင်းကျတော့ အဲဒါတွေအတွက် Trustworthyness ကလည်း လျော့လာပါတယ်။ Central Authority တစ်ခုထားပြီး အဲဒါကိုပဲ ယုံလိုက်မယ်ဆိုရင်လည်း မသမာမှုတွေလည်း ဖြစ်လာနိုင်တဲ့အတွက် Distributed Ledger System ကို အခြေပြုထားတာဖြစ်ပါတယ်။ ဒါကို လူတစ်ဦးလို့ ယူဆရပေမယ့် အသင်းအဖွဲ့လည်းဖြစ်နိုင်တဲ့ Satoshi Nakamoto က Philosophical Paper ကို သင်္ချာနည်းနဲ့ ပြန်ရှင်းပြထားပါတယ်။ Central Authority တွေကို မယုံရရင် အကုန်လုံးကို Decentralize လုပ်မယ်။ Decentralize လုပ်ဖို့ကို Mathematically လည်း Propose လုပ်သလို၊ Computational Method တွေကိုလည်း ရှင်းပြတယ်။ ပြီးတော့ အဲဒါတွေကို ဘယ်လို Reward လုပ်မလဲ Check and Balance လုပ်မလဲဆိုတာတွေကို ရှင်းပြတဲ့ Paper တစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။ ဒါကို တကယ်နားလည်တဲ့လူတွေက ပြန်ကြည့်ပြီး သဘောကျတယ်၊ Code ရေးမယ်၊ အဲဒီ System ကို ထုတ်မယ်ဆိုပြီး ထုတ်တာဖြစ်ပါတယ်။ ဒီ System က တစ်ယောက်တည်း ထုတ်လို့မရတဲ့ System ဖြစ်ပါတယ်။ အကုန်လုံးကစုပြီး ထုတ်ကြပြီးမှ ထွက်လာတဲ့ Decentralize ဖြစ်တဲ့ System ဖြစ်ပါတယ်။
Bitcoin ဘယ်အချိန်မှာ ကိုယ်တိုင် စသုံးဖြစ်ခဲ့တာပါလဲ
-------------------------
ဦးမင်းဝင့်ဦး : Bitcoin ဆိုတာကို စကြားဖူးပြီ၊ Bitcoin ဆိုတာ ဘာလဲဆိုပြီး စိတ်ဝင်စားပြီးလိုက်ရှာကြည့်တဲ့ အချိန် Bitcoin ကို ကိုယ်ကဘာများလုပ်လို့ရမလဲဆိုတဲ့အမြင်နဲ့ ကြည့်တာပါ။ စုချင်တာတွေ၊ တစ်ခုခု ရောင်းဝယ်ချင်တာတွေ စိတ်ကူးမရှိပါဘူး။ ဘာလဲဆိုတာ သိချင်တယ်၊ စမ်းကြည့်ချင်တယ်၊ သုံးကြည့်ချင်တယ်ဆိုတော့ ဒါကို ဘယ်ကနေယူလို့ရလဲဆိုပြီး လိုက်ရှာတယ်။ Wallet ဖွင့်ပြီးတဲ့အချိန်မှာ Bitcoin ကိုယ့်လက်ထဲရောက်လာဖို့အတွက်ကို အပြင်က Currency တစ်ခုသုံးပြီးဝယ်ရတယ်။ US Dollar ကို Exchange လုပ်ပြီးတော့ Bitcoin ကို နည်းနည်းစပြီးစမ်းဝယ်ကြည့်တယ်။ ရလာပြီဆိုတဲ့အချိန်မှာ ဘာလုပ်ရလဲဆိုတော့ ဒီဟာကို ဘယ်မှာပြန်သုံးရမလဲဆိုပြီး ရှာရတယ်။ အဲဒီအချိန်တုန်းက သုံးစရာနေရာကလည်း တော်တော်ရှားတယ်။ ဒါကိုပြန်အသုံးချပြီးတော့ Cash လျှောက်လုပ်ဖို့ကလည်း အဆင်မပြေဘူး။ အဲဒီလိုဖြစ်သွားတဲ့အခါမှာ ကျွန်တော်တို့ လွန်ခဲ့တဲ့သုံးနှစ်လောက်ကအချိန်မှာ ကျွန်တော်တို့ စမ်းကြည့်တယ်။ ပြန်သုံးလို့ရတဲ့ Usage ကို မတွေ့ရဘူး။ ကိုယ့်နိုင်ငံမှာလည်း လိုသေးတာတစ်ချက်၊ ဒါကိုပြန်ပြီးရောင်းစားလို့ရအောင်ကလည်း Amount က ဘယ်လောက်မှမရှိဆိုတော့ အဲဒီအတွက် ကိုယ့်အတွက် အသုံးမတည့်သလိုဖြစ်သွားတဲ့အခါမှာ ဒါကိုဖွင့်ထားပြီးတော့ Key ပျောက်ပြီးတော့ ပြန်ပြီးသုံးမရတဲ့ အခြေအနေဖြစ်သွားပါတယ်။
ဦးမင်းမြတ်စိုး: Bitcoin ကတော့ စသုံးတုန်းက နာမည်ကြားဖူးပြီးတော့ Wallet စဖွင့်တယ်။ အဲဒီအချိန်တုန်းက Wallet စဖွင့်တဲ့အချိန်မှာ ဘယ်လောက်ပေးလဲဆိုတော့ Wallet စဖွင့်လိုက်တာနဲ့ 0.5 Bitcoin Free ပေးတယ်။ 0.5 Bitcoin ဆိုတာ အခုခေတ်ပေါက်ဈေးနဲ့ဆိုရင် Bitcoin တစ်ခုကို ဒေါ်လာရှစ်ထောင်လောက်တန်တယ်ဆိုရင် ဒေါ်လာလေးထောင်လောက်တန်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းကတော့ ဘယ်လောက်မှမရှိပါဘူး။ ၁၂ ဒေါ်လာတောင် မရှိဘူး။ အဲဒီအချိန်တုန်းက Bitcoin က သုံးစရာနေရာလည်း မရှိဘူး။ အဲဒီလောက် တန်ဖိုးနည်းလို့လည်း အလကားပေးတာ ဖြစ်ရင်ဖြစ်မှာပါ။ သုံးတဲ့နေရာလေးတွေက ဂိမ်းကစားတဲ့ နေရာလေးတွေ။ ဘယ်လိုကစားလဲဆိုတော့ အံစာတုံးလှိမ့်တယ်။ နိုင်လို့ရှိရင် နှစ်ဆရတယ်။ ရှုံးလို့ရှိရင် ပါသွားမယ်။ အဲဒါလေးကို ကစားရင်း ကစားရင်းနဲ့ ကုန်သွားတယ်။ နောက်ပိုင်းကျတော့ အဲဒီ Bitcoin ၁၈ ဒေါ်လာလောက် တန်တဲ့အချိန်မှာ Bitcoin တစ်ခုလောက်ဝယ်ကြည့်တယ်။ စင်ကာပူမှာ နောက်ဘယ်လိုဝယ်လို့ရသလဲဆိုတော့ Bitcoin ဝယ်တဲ့ ATM Machine ရှိတယ်။ ATM စက်လေး သေးသေးလေးပဲ။ အဲဒီထဲမှာ Cash လေးထည့်လိုက်ရင် ကျွန်တော်တို့ဖုန်းမှာ QR Code လေးလားမသိဘူး။ ကျွန်တော်အတိအကျတော့ မမှတ်မိတော့ဘူး။ အဲဒီ QR Code လေးကို Scan ဖတ်လိုက်တာနဲ့ ကျွန်တော့်တို့ရဲ့ Wallet ထဲကို ဒေါ်လာ ၅၀ ထည့်ရင် ဒေါ် လာ ၅၀ Minus Transaction Fee နဲ့ Amount ရောက်လာတယ်။ ရောက်လာပြီဆိုရင် အဲဒီ Bitcoin နဲ့ ဆက်ပြီးတော့ သုံးလို့ရတယ်။ သုံးစရာတွေက နောက်ပိုင်းတော့ တဖြည်းဖြည်းနဲ့ များလာတယ်။ အဓိကအားဖြင့် အင်တာနက်မှာ Domain ဝယ်တဲ့နေရာတွေ၊ Internet Service တွေ ဝယ်တဲ့နေရာတွေမှာသုံးတယ်။ Bitcoin ကို အဲဒီအချိန်မှာ အကြီးအကျယ်သုံးတာက Underground Market မှာ သုံးကြတယ်။ Underground Market ဆိုတာက တခြားတရားမဝင်တာတွေ အများကြီးရောင်းတဲ့နေရာပါ။
ဦးကောင်းစစ် : ကျွန်တော့်အနေနဲ့ Cryptocurrency နဲ့ Bitcoin အကြောင်းကြားဖူးတာက Hackathon တစ်ခုမှာ သူငယ်ချင်းတစ်ယောက်က Fully Decentralize ဖြစ်တဲ့ System တစ်ခုရှိတယ်လို့ ပြောပါတယ်။ Digital Currency ထုတ်တဲ့ကုမ္ပဏီတွေ ရှိပါတယ်။ သူတို့ကထုတ်တယ်၊ ထုတ်ပြီးသွားရင် အစိုးရပိတ်တာ ခံလိုက်ရတယ်။ တချို့တွေကလည်း ထုတ်ရောင်းပြီးတော့မှ သူတို့ပိုက်ဆံတွေ ပျောက်သွားတယ်။ ဘယ်သူ့ကိုယုံရမလဲဆိုတာ အဲဒီက စတာဖြစ်ပါတယ်။ အခုကတော့ ပြန်လေ့လာကြည့်ရသလောက် လုံးဝကို Decentralize ဖြစ်တဲ့ System ဖြစ်ပါတယ်။ ဘယ်သူက Backing ပေးလဲဆိုတော့ ဘယ်သူမှတော့ မပေးပေမယ့် ကိုယ့်ဘာသာတန်ဖိုးရှိနေတာကိုတော့ သဘောကျမိပါတယ်။
ကျွန်တော်စပြီးကြားခဲ့ဖူးတာက Bitcoin တစ်ခုကို နှစ်ဒေါ်လာကနေ ကြားခဲ့ပါတယ်။ တကယ်စပြီး ဝယ်ဖို့စဉ်းစားတာက နိုင်ငံခြား Clients တွေဆီကနေဝယ်ဖို့ ပိုက်ဆံလွှဲမယ်ဆိုရင် ဘဏ်တွေကနေ ကျွန်တော်ရမယ့်ပိုက်ဆံရဲ့ ၈ ရာခိုင်နှုန်းလောက်ပါသွားပါတယ်။ ဒါပေမဲ့ Bitcoin ဝယ်ခိုင်းပြီး လွှဲပြီးတဲ့အခါ Singapore Exchange မှာလဲလိုက်မယ်ဆိုရင် ကျွန်တော့်အတွက် ငွေမပွန်းပါဘူး။ အဲဒီတုန်းက လွှဲလိုက်တာကို မထုတ်ဘဲ သိမ်းထားလိုက်မယ်ဆိုရင် အခုကျွန်တော်ချမ်းသာနေလောက်ပါပြီ။ ကျွန်တော်စလုပ်တုန်းက Bitcoin တစ်ခုကို ဒေါ်လာနှစ်ရာနဲ့ လုပ်တာကြောင့် သိပ်မများသေးပါဘူး။ ကျွန်တော်ဝယ်တဲ့သဘောကတော့ Idea ကို သဘောကျလို့ ဖြစ်ပါတယ်။
Bitcoin တစ် Coin ကို ဒေါ်လာတစ်သောင်းလောက် ရှိနေတဲ့အခါကျတော့ အစိတ်အပိုင်းအနေနဲ့ရော ဝယ်လို့ရလား။ ဒါမှမဟုတ် တစ် Coin လုံး ဝယ်မှရတာလား
----------------------------------
ဦးမင်းမြတ်စိုး : အစိတ်အပိုင်းနဲ့ ဝယ်လို့ရပါတယ်။ အသေးဆုံးအစိတ်အပိုင်းက One Satoshi လို့ခေါ်တယ်။ ဝ.၀၀၀၀၀၀၀၁ က Bitcoin ရဲ့ အသေးဆုံး Amount ပေါ့။ အဲဒီကနေစပြီးတော့ ဝယ်လို့ရတယ်။ One Satoshi က မြန်မာငွေပြားဂဏန်းလောက်တောင်ရှိမယ်။ ဘယ်သူမှတော့ 1 Coin ၊ 2 Coin ဆိုပြီးတော့ အဲဒီလောက်အများကြီးတော့ Transaction တော့ ဒီအချိန်မှာ မလုပ်တော့ဘူး။ အခု MicroBTC ဆိုပြီးတော့ အဲဒီလိုပဲသုံးကြတယ်။ 0.001 Amount လောက်ကို One Micro Bitcoin ဆိုလို့ပြောပြီးတော့ အခုအချိန်မှာ သုံးကြတယ်။
ဦးကောင်းစစ် : Satoshi ဆိုရင် မြန်မာငွေပြားဂဏန်းလောက်အထိ ရှိပါတယ်။ တလောကဆိုရင် Meet Up မှာ Bitcoin နဲ့ ပစ္စည်းဝယ်ဖူးလားလို့ မေးကြည့်ဖြစ်ခဲ့ပါတယ်။ Digital ပစ္စည်းဝယ်ဖူးလားလို့ မေးကြည့်ဖြစ်ခဲ့ပါတယ်။ Digital ပစ္စည်းဆိုတာကတော့ Domain တို့၊ Team Credit တို့၊ Phone Top-Up အထိ ဝယ်လို့ရပါတယ်။ Physical Goods တွေဝယ်ဖူးလားဆိုတော့ တချို့တွေက ဝယ်ဖူးကြပါတယ်။ တလောကဖတ်လိုက်ရတဲ့ သတင်းထဲမှာကတော့ အင်ဒိုနီးရှားကို ဂျုံတန်သုံးထောင်သွင်းတဲ့အခါမှာ ရှင်းတော့ Bitcoin နဲ့ ရှင်းခဲ့တယ်လို့ သိရပါတယ်။ အပြင်မှာကတော့ ဒါကတွေ့ဖူးသမျှထဲမှာတော့ အကြီးဆုံး Amount ဖြစ်ပါတယ်။
Bitcoin Mining နဲ့ပတ်သက်လို့ အသေးစိတ်ပြောပြပေးပါ။ Mining လုပ်တဲ့ပုံစံ၊ Individual ကောလုပ်လို့ရလား၊ လုပ်ရင်ရရှိနိုင်တဲ့ Pros & Cons များ
----------------------------------
ဦးမင်းမြတ်စိုး : Mining လုပ်တယ်ဆိုတာက Mathematical Puzzle တစ်ခုကို ဖြေပေးရတယ်။ ဖြေပေးရတယ်ဆိုတာက Bitcoin မှာ Transaction တစ်ခါဖြစ်တိုင်း Ledger မှာ တစ်ခါရေးတယ်။ Ledger တွေ အကုန်လုံးကိုစုပြီးတော့ သူက Block တစ်ခုလုပ်တယ်။ ပြီးတော့ အဲဒီ Block ကို အတည်ပြုပေးရတယ်။ Verification လုပ်ပေးရတယ်။ Verification လုပ်ဖို့အတွက်ကို ကျွန်တော်တို့က Mathematical Puzzle တစ်ခုကို ဖြေပေးရတယ်။ အဲဒီလိုဖြေဖို့အတွက်ကို CPU တို့၊ GPU တို့ Computer တစ်ခုခုနဲ့တွက်ပြီးတော့မှ ဖြေပေးရတယ်။ ဖြေပြီးလို့ Puzzle လေးရသွားပြီဆိုရင်၊ အဲဒီဂဏန်းလေးတစ်ခုရသွားပြီဆိုရင် ဂဏန်းကို Block မှာ ထည့်လိုက်ပြီးတော့ အဲဒီ Block က အတည်ဖြစ်သွားတယ်။ အဲဒီ Mathematical Puzzle ဖြေဖို့အတွက် များသောအားဖြင့် ကွန်ပျူတာကိုသုံးပြီးတော့ လုပ်တယ်။ အရင်တုန်းက စစချင်းတုန်းက CPU ကို သုံးပြီးလုပ်တယ်။ အဲဒါတွက်တာကို Specialize လုပ်ထားတဲ့ Hardware တွေ တဖြည်းဖြည်းထုတ်လာတယ်။ စစချင်းတုန်းက CPU နဲ့ ကျွန်တော်တို့ Mine တယ်။ နောက်ပိုင်းတော Graphic Card တွေ၊ GPU တွေနဲ့ Mine တယ်။ GPU တွေက CPU တွေထက်စာရင် လေး၊ ငါး၊ ခြောက်ဆလောက် အနည်းဆုံးမြန်တယ်။ Computer တစ်လုံးမှာ လေးကတ်လောက် တပ်လို့ရတယ်ဆိုရင် လေးကတ်လောက်စိုက်ပြီးတော့ Mine တယ်။ နောက်ပိုင်းကျ ဘာတွေပေါ်လာလဲဆိုတော့ FPGA Chipset တွေ အခုနောက်ပိုင်း ASIC Chipset တွေ ပေါ်လာတော့ ASIC Device တွေနဲ့ သူတို့ Mine တယ်။ ASIC က Bitcoin Mathematical Puzzle တွေကိုဖြေရှင်းဖို့ Optimize လုပ်ထားလို့ရတယ်။ အဲဒီတော့ ကျွန်တော်တို့ တစ်ဦးချင်းစီအနေနဲ့က စက်နဲ့ Mine နေရင် ဒီခေတ်ကြီးထဲမှာ မလွယ်တော့ဘူး။ Hashing Power က တအားမြင့်သွား ပြီ။ Mine တဲ့ လူတွေက တအားများလာပြီ။ များလာတော့ တစ်ဦးချင်းစီနဲ့ Mine လို့မလွယ်တော့ တချို့လူတွေက စက်တွေ အများကြီးဝယ်ထားပြီး Mine ကြတယ်။ အဲဒီအခါကျတော့ ဘာဖြစ်သလဲဆိုတော့ Mathematics Problem တစ်ခုကို Solve လုပ်လိုက်ရင် Reward များများရဖို့ ပိုဖြစ်လာတယ်။ ကျွန်တော်တို့ ပစ္စည်းသေးသေးလေးနဲ့ လုပ်နေတော့ Hedge Rate က တအားကြီးနှေးနေတယ်။ ကျွန်တော်တို့ Solve လုပ်နိုင်တဲ့ Rate က နှေးနေတယ်ဆိုရင် ကျွန်တော်ရမယ့် Reward က မရသလောက် ဖြစ်သွားမယ်။ အဲဒီအတွက် တစ်ယောက်ချင်းစီ Mine လုပ်မယ်ဆိုရင် စက်သေးသေးလေးတွေနဲ့ Mine နေမယ်ဆိုရင် ရေရှည်မှာ သိပ်မလွယ်ဘူး။ အဲဒါကြောင့်တချို့ Mining Firm တွေက ပစ္စည်းတွေအများကြီးဝယ်ပြီး Mine ကြတယ်။
Mining လုပ်ချင်တဲ့သူတွေ၊ စိတ်ဝင်စားတဲ့သူတွေ Mine လုပ်မယ်ဆိုရင် ကိုယ့်တိုင်းပြည်ထဲမှာ လုပ်တာတွေက တရားဝင်လား။ Mining ဒါမှမဟုတ် Legalize လုပ်လို့ရလား။ Mining အပေါ်မှာကော ရလာတဲ့ Currency နဲ့ သူ့ရဲ့အကျိုးအမြတ်ကိုကော ဘယ်လိုအသိအမှတ်ပြုလဲ
---------------------------------
ဦးမင်းမြတ်စိုး : ဒီမှာတော့ Mining က ရတဲ့ ပိုက်ဆံဆိုရင်တော့ အခွန်ပဲရှိမယ်။ အခွန်အနေနဲ့ Bitcoin ပေါ်မှာ Tax လုပ်တာတော့ မရှိသေးဘူးထင်တယ်။
Mining လုပ်မယ်ဆိုရင် တစ်ယောက်ချင်းစီက သူ့ရဲ့ Computer တွေရဲ့ Processing Power တွေကို Contribute လုပ်ပြီး လုပ်လို့ရသလို Dedicating Mining Redge တွေ ဝယ်ပြီးတော့လည်း လုပ်လို့ရတယ်။ အဲဒီတော့ Mining လုပ်ရင်းရလာတဲ့ Bitcoin တွေ သိမ်းဖို့အတွက် သူ့မှာ Wallet တစ်ခုရှိရမယ်။ Mining လုပ်ရင်းနဲ့ အောင်မြင်လာပြီဆိုရင် Puzzle Solve လုပ်လို့ ပြီးသွားရင်ရလာတဲ့ Reward တွေကို Wallet ထဲကို ထည့်သိမ်းမယ်။ Wallet ထဲထည့်ထားတဲ့ Bitcoin က ကိုယ့်လက်ထဲရောက်လာပြီ။ အခုလောလောဆယ် မြန်မာပြည်ရဲ့အနေအထားအရတော့ Declare လုပ်စရာမလိုသေးဘူးထင်ပါတယ်။
ဦးကောင်းစစ် : Mining မှာက By-Product ရှိပါတယ်။ Heat ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ Cooling လုပ်ရပါတယ်။ Russia တို့၊ Syberia တို့မှာဆိုရင်တော့ Mining လုပ်လို့ထွက်လာတဲ့ Heat ကအသုံးဝင်ပါတယ်။ ခရမ်းချဉ်သီးစိုက်တဲ့နေရာမှာ သုံးကြပါတယ်။ Energy ပေါတဲ့နေရာ ၊ အေးတဲ့နေရာမှာသွားပြီး Mining လုပ်မယ်ဆိုရင်တော့ ကိုက်မယ်ထင်ပါတယ်။
နောက်တစ်ခုကတော့ Mining ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ Mining ကို Currency တစ်ခုအနေနဲ့ ယူဆရင်တော့ Tax ပေးရမှာ ဖြစ်ပါတယ်။ အစိုးရက မသတ်မှတ်သေးဘူးဆိုရင်တော့ Tax ပေးစရာ မလိုပါဘူး။ ဥပမာနှစ်ခုရှိပါတယ်။ တစ်ခုက အမေရိကန်မှာဆိုရင် Bitcoin ကို Commodity တစ်ခုအနေနဲ့ သတ်မှတ်ထားပါတယ်။ ကျွန်တော်က အလုပ်လုပ်လို့ လခကို Bitcoin အနေနဲ့ရရင် Tax ပေးစရာမလိုပါဘူး။ ဒါပေမဲ့ ဒါကို ရောင်းတဲ့အခါမှာ ဝင်ငွေဖြစ်တဲ့အတွက်တော့ Tax ပေးရပါတယ်။ ဂျပန်မှာကတော့ Bitcoin ကို Currency အနေနဲ့ သတ်မှတ်လိုက်တာကြောင့် Tax ပေးရပါတယ်။ တချို့ Hedge Fund တွေရဲ့ Mendate က ကမ္ဘာမှာ Major Currency အကုန်လုံးကို ဝယ်ရမယ်ဆိုတာရှိတယ်။ အဲဒီအတွက် ဂျပန်က Currency သတ်မှတ်လိုက်တာကြောင့် အကုန်လုံး Bitcoin ကို ဝယ်ရပါတယ်။ လောလောဆယ်မှာတော့ မြန်မာနိုင်ငံက Tax ပေးရမပေးရတော့ မသိသေးပါဘူး။
ဦးမင်းဝင့်ဦး : Bitcoin ကို Currency တစ်ခုအနေနဲ့ သတ်မှတ်လိုက်ပြီ၊ Official ဖြစ်သွားပြီဆိုရင် ဒါနဲ့ပတ်သက်တဲ့ Trading တွေ ပါလာပြီ။ အရောင်းအဝယ်ကိစ္စတွေ ပါလာတဲ့အခါမှာ Business ကြီးတစ်ခုဖြစ်လာတယ်။ ဖြစ်လာတဲ့အခါကျတော့ ဒီလိုမျိုးလုပ်နေတဲ့နိုင်ငံတွေမှာ တချို့အသိအမှတ်ပြုတဲ့ နိုင်ငံရှိသလို တချို့အသိအမှတ်မပြုတဲ့ နိုင်ငံတွေလည်း အများကြီးပါပဲ။ အဲဒီအခါကျတော့ အသိအမှတ်ပြုတဲ့နိုင်ငံတွေအနေနဲ့ ဒါကို Official လုပ်လို့ရပေမယ့် Bitcoin ကို အသိအမှတ်မပြုဘူး။ တရားမဝင်ငွေကြေးအနေနဲ့ပဲ သတ်မှတ်ထားတဲ့အခါမှာ Illegal သဘောမျိုးဖြစ်သွားတယ်။ Illegal သဘောမျိုး ဖြစ်သွားလို့ရှိရင် အဲဒီမှာ ရောင်းဝယ်ဖောက်ကားနေတဲ့သူတွေ၊ Illegal ကို ကစားနေတဲ့သူတွေ၊ Bitcoin Mine လုပ်နေတဲ့သူတွေကို Legally ဘယ်လိုအသိအမှတ်ပြုမလဲ။ အဲဒီလိုမျိုးရောင်းတဲ့နေရာမှာရော ဘယ်လောက်ထိအောင်မြင်နေလဲဆိုတာကို ကျွန်တော်ကိုယ်တိုင်လည်း သိချင်တယ်။
ဦးကောင်းစစ် : ကျွန်တော်သိသလောက်က ASEAN မှာဆိုရင် ဗီယက်နမ်က Bitcoin ကို Legal မဖြစ်ဘူးလို့ သတ်မှတ်ထားပါတယ်။ Bitcoin Exchange လုပ်တဲ့သူတွေ ဆိုရင် Illegal Business တစ်ခုဖြစ်သွားပြီး ကိုင်ထားတဲ့လူတွေဆိုရင်လည်း Illegal Currency တစ်ခုဖြစ်နေတဲ့အတွက် တရားမဝင် ကိုင်ဆောင်ထားတယ်လို့ သတ်မှတ်ကြပါတယ်။ တကယ်ဖြစ်နေတာက လိုချင်ရင် လူကိုယ်တိုင်လာဝယ်ပြီး လာရောင်းကြတဲ့သူတွေရှိပါတယ်။ အင်ဒိုနီးရှားလည်း ဒီ Regulation တွေစပြီး ရှိနေပြီ ဖြစ်ပါတယ်။ တခြားနိုင်ငံတွေကတော့ ကြည့်နေကြတုန်းပဲဖြစ်ပါတယ်။ Bitcoin ဆိုတာလည်း သစ်နေသေးတဲ့အတွက် ဘယ်လို Implication တွေရှိနိုင်မလဲ စောင့်ကြည့်နေတာ ဖြစ်ပါတယ်။
ဦးမင်းမြတ်စိုး : Bitcoin က ပုံမှန်အားဖြင့် နှစ်မျိုးသုံးကြတယ်။ ပထမတစ်နည်းက Payment System တစ်ခုအနေနဲ့ သုံးတယ်။ နောက်တစ်နည်းက Bitcoin ကို Asset လို့ ယူဆပြီးတော့ Investment တစ်ခုအနေနဲ့ သုံးတယ်။ Payment တစ်ခုအနေနဲ့ သုံးတယ်ဆိုရင်တော့ ဥပမာ- Bitcoin နဲ့လက်ခံတဲ့ Service တစ်ခုကို Bitcoin ရှိတဲ့သူတစ်ယောက်က သွားပြီးတော့ပေးလိုက်တယ်။ ပေးလိုက် ရင် သူလိုချင်တဲ့ Service ရတယ်။ နောက်တစ်ခုကကျတော့ Bitcoin ကို စုထားတယ်။ စုထားပြီးတော့ နိစ္စဓူ၀ အမေရိကန်ဒေါ်လာနဲ့ Exchange လုပ်နေတဲ့သူတွေရှိသလို၊ Hedge လုပ်ပြီးတော့ သိမ်းထားတဲ့သူတွေလည်း ရှိတယ်။ မြန်မာပြည်အနေနဲ့ကျတော့ ဘယ်လိုနည်းနဲ့သုံးမလဲဆိုရင် အစိုးရကဘယ်လောက်အထိ ပေးလုပ်မလဲအပေါ် မူတည်ပါတယ်။ စင်ကာပူအစိုးရဆိုရင် ဖေဖော်ဝါရီလလောက်က Cryptocurrency တွေ Exchange ကို Ban ဖို့ ဆိုပြီး Proposal တစ်ခုလာတယ်။ လာတဲ့အချိန်မှာ သူတို့ဘက်ကမ Ban သေးဘူးဆိုပြီးတော့ ပြောတယ်။ စောင့်ကြည့်ဦးမှာပဲပေါ့။ အဓိကကတော့ Bitcoin ရဲ့ Underlying Technology ဖြစ်တဲ့ Blockchain ကိုသုံးဖို့ သူတို့က ဆက်ပြီးတော့ အားပေးတယ်။ အဓိက Blockchain ရဲ့ အားသာချက်က ကြားထဲမှာရှိတဲ့ Record တွေကို ပြင်လို့မရဘူး။ အားလုံးက Public ဖြစ်ပြီးတော့ ပြင်လို့မရဘူး။ အစိုးရအနေနဲ့လည်း အဲဒီနည်းပညာကို ဆက်ပြီးတော့ သုံးစေချင်တယ်လို့ ပြောတယ်။
Bitcoin အပေါ် လူတွေရဲ့အမြင်နဲ့ပတ်သက်သက်လို့ ဆွေးနွေးပေးပါဦး
----------------------------------
ဦးမင်းဝင့်ဦး : Bitcoin ကို များသောအားဖြင့် Currency တစ်ခုအနေနဲ့ မြင်ကြတယ်။ ဒေါ်လာလို၊ မြန်မာကျပ်တို့လို Currency တစ်ခုအနေနဲ့ စပြီးအလုပ်လုပ်တဲ့အခါကျတော့ ဒါကိုဘယ်သူ Control လုပ်မှာလဲ၊ မလုပ်နိုင်ဘူးလဲပေါ်မှာ မူတည်သွားပါတယ်။
Bitcoin က Cryptocurrency လို့ပြောကတည်းက သူ့ရဲ့ Currency က တအားကိုလုံခြုံစိတ်ချရတယ်၊ လူမသိနိုင်ဘူးဆိုတဲ့ ပုံစံမျိုးဘက်ကိုလည်း သွားတယ်။ အဲဒီမှာ တစ်ခုနည်းနည်းလေး ဆိုးသွားတဲ့အချက်က မသမာမှုတွေ၊ မကောင်းမှုတွေဘက်သွားဖို့ကို အားပေးသလို ဖြစ်နေတယ်။ အွန်လိုင်းပေါ်မှာရော နိုင်ငံတကာမှာရော ဒါကိုအသုံးချတာတွေက မမှန်တဲ့ဘက်မှာသွားပြီး အသုံးချတာတွေများတယ်။ အဲဒီလိုအသုံးချတာများလာတဲ့အတွက် ငွေကြေးကို လိုက်ထိန်းချုပ်တဲ့ Central Bank တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေက ဘာဖြစ်လာလဲဆိုရင် Bitcoin ကို မသုံးသင့်ဘူးလို့ မြင်လာကြတယ်။ ဒါပေမဲ့ Bitcoin ကို ဖြစ်လာစေတဲ့၊ Cryptocurrency ရဲ့ အခြေခံ Blockchain ကိုတော့ နည်းပညာအရ လက်ခံနိုင်တယ်။ Investor ဘက်ကကြည့်ရင်လည်း Invest လုပ်ရတာနည်းတယ်။ Transparency ဘက်ကကြည့်ရင်လည်း သူ့ကိုတအားစိတ်ချရတယ်။ ဒါမျိုးတွေနဲ့ သုံးကြတဲ့အခါကျတော့ Blockchain ဘက်ကို အားသာလာတယ်။ Bitcoin ဘက်ကိုတော့ တဖြည်းဖြည်းနဲ့ လက်ခံတာနည်းလာတယ်။
အာဆီယံထဲမှာလည်း နိုင်ငံတော်တော်များများမှာ တချို့ကလက်ခံတာရှိသလို လက်မခံတဲ့ဘက်ကို ဦးစားပေးသွားနေတာလည်းရှိတယ်။ ဗီယက်နမ်တို့လို လက်မခံဘူးဆိုတာတွေဖြစ်လာတယ်။ စင်ကာပူမှာဆိုရင်လည်း Blockchain ကိုတော့ အားပေးတဲ့သဘောမှာရှိတယ်။ ဒါပေမဲ့ Bitcoin ဆိုရင်တော့ လက်မခံနိုင်ဘူး။ သူတို့တိုင်းပြည်အလိုက်ရော၊ နိုင်ငံတွေအလိုက်ရော၊ အမေရိကန်နဲ့ အင်္ဂလန်တို့မှာလုပ်သလို၊ အာဆီယံတို့လို လုပ်သလိုမျိုးမှာ ကိုယ့် Currency ကိုယ် Control လုပ်ဖို့ ကြိုးစားနေကြတဲ့ အဖွဲ့အစည်းတွေကြားထဲမှာ Bitcoin ကို Control လုပ်လို့မရဘူး။ ထိန်းလို့မရတဲ့အခါကျတော့ ဒီအပေါ်မှာ အန္တရာယ်ရှိတဲ့ကိစ္စတွေ၊ မသမာမှုတွေ ရှိနေကြတော့လည်း တအားကြီးတဲ့ပြဿနာကြီးဖြစ်တယ်။ အဲဒီတော့ များသောအားဖြင့်က မသွားတော့မယ့်ဘက်ကို အားပေးကြဖို့များတယ်လို့ ကျွန်တော်မြင်ပါတယ်။
Blockchain နည်းပညာနဲ့ပတ်သက်လို့ ဆွေးနွေးပေးပါဦး
-----------------------------------------
ဦးမင်းမြတ်စိုး : Blockchain အနေနဲ့ ဆက်ပြောမယ်ဆိုရင် ကျွန်တော်တို့ Blockchain ကို ဘာကြောင့်သုံးနေကြသလဲလို့မေးရင် Blockchain ဆိုတဲ့ သဘောတရားက Public Ledger ကနေ စတာပဲ။ Transaction တစ်ခါဖြစ်တိုင်း Transaction တွေ အကုန်လုံးကိုစုပြီး Block တစ်ခုတည်းမှာ ထည့်တယ်။ အဲဒီ Block ကို ကျွန်တော်တို့က သူ့ရဲ့ Integrity ကို စစ်ဖို့၊ Verification လုပ်ဖို့ Code တစ်ခုကို Generate လုပ်တယ်။ အဲဒီ Code ကိုကြည့်လိုက်ခြင်းအားဖြင့် Block ထဲမှာရှိတဲ့ Record တွေ ပြောင်းလဲခြင်းရှိလား မရှိလားကို ကျွန်တော်တို့က ကြည့်လို့ရတယ်၊ စစ်လို့ရတယ်။ ကျွန်တော်တို့တစ်ယောက်တည်း စစ်လို့ရတာမဟုတ်ဘူး။ Blockchain ရဲ့ အားသာချက်တစ်ခု က Decentralize ဖြစ်တယ်။ Blockchain ကို တစ်နေရာတည်းမှာ ထိုင်ထားတာမဟုတ်ဘူး။ Computer လေးလုံးရှိရင် လေးလုံးစလုံးမှာ Blockchain ရှိတယ်။ Bitcoin Transaction လို့ပြောရင် Bitcoin နဲ့ပတ်သက်တဲ့ Transaction တွေ စပေါ်ကတည်းက ခုထက်ထိရှိတဲ့ Transaction တွေအကုန်လုံးကို ကျွန်တော်တို့ရဲ့ Computer ထဲမှာ ထည့်သိမ်းထားလို့ရတယ်။ ကျွန်တော်သိမ်းလို့ရသလို ကျန်တဲ့သူတွေလည်း အကုန်သိမ်းလို့ရတယ်။ ဒါအပြင် ဘယ် Address က ဘယ်တုန်းက ဘယ်သူ့ကို ဘယ်လောက်ပေးခဲ့လဲဆိုတဲ့ Record ကလည်း ပြန်စစ်လို့ရတယ်။
ပြီးတော့သူက Temper Resistance ဖြစ်တယ်။ Temper Resistance ဖြစ်တယ်ဆိုတာက အထဲမှာပြင်လို့ မရဘူး။ ပြင်လိုက်တာနဲ့ အောက်က Hash လုပ်ထားတဲ့ Key လေးက လွဲသွားပြီ။ လွဲသွားတာနဲ့အဲဒီမှာ တစ်ခုခုမှားယွင်းသွားပြီဆိုတာ ပေါ်လွင်သွားပြီ။ အဲဒါကို တခြားဘယ်နေရာမှာ အသုံးချသလဲဆိုတော့ Public ဖြစ်တဲ့ Record တွေကို သိမ်းချင်တယ်။ ဒါပေမဲ့ တစ်ယောက်ယောက်က ပြောင်းလိုက်တာကိုလည်း မဖြစ်စေချင်ဘူး။ ပြောင်းလိုက်ရင်လည်း ချက်ချင်းသိနေရမယ်ဆိုတဲ့ နေရာတွေမှာ အသုံးပြုနိုင်တယ်။
နောက်တစ်ခုက Decentralize ဖြစ်တယ်။ ပုံမှန်အားဖြင့် Database ကို Server တစ်လုံးတည်းမှာ သိမ်းထားရင် ဒီ Server တစ် ခုခုဖြစ်သွားတဲ့အခါ Data တွေအကုန်လုံး ကုန်သွားမယ်။ Blockchain ရဲ့ သဘောတရားအရ Decentralize ဖြစ်တော့ စက်တွေက တစ်ကမ္ဘာလုံးမှာ အများကြီးရှိတယ်။ နောက်တစ်ယောက်က စက်တစ်လုံးထောင်ပြီးတော့ အဲဒီ Data တွေကို ကူးလိုက်လည်း ရသွားတယ်။ အဲဒီတော့ Data တွေကလည်းပျက်ဖို့ တော်တော်ခဲယဉ်းတယ်။
ဦးမင်းဝင့်ဦး : Distributed ဆိုတာကို နည်းနည်းလေးထပ်ပြီး ရှင်းပြချင်တယ်။ ကိုယ့်နိုင်ငံနဲ့ပဲ ယှဉ်ပြီးပြောပါမယ်။ ကျွန်တော်တို့နိုင်ငံမှာ ဘဏ်တွေအများကြီးပါ။ ဘဏ်တွေတော်တော်များများက အရင်တုန်းက သုံးခဲ့တဲ့ Technology က ဘာလဲဆိုရင် Distributed System လို့ ခေါ်တယ်။ Distributed System ဆိုတာက ကိုယ့်ဘဏ်တစ်ခုတည်းရဲ့ စာရင်းတွေကို၊ Database တွေကို တစ်နေရာတည်းကနေ မထိန်းချုပ်ထားဘူး။ အရင်တုန်းကဆိုရင် ဘဏ်ခွဲတစ်ခုမှာ သူ့ကိုယ်ပိုင် Network လေးနဲ့ ကိုယ်ပိုင် Server ၊ ကိုယ်ပိုင် Database လေးနဲ့ ကိုယ့်ဘဏ်ခွဲရဲ့ Customer တွေရဲ့ အချက်အလက်တွေကိုပဲ သိမ်းပြီး Process လုပ်တယ်။ အဲဒါက ခေတ်အရရော၊ Technology အရရော မကောင်းသွားတဲ့အခါမှာ Centralized ဘက်ကို ရောက်လာတယ်။ Centralized ရဲ့သဘောက ကိုယ့်ဘဏ်၊ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့် Database ၊ ကိုယ့် Customer၊ ကိုယ့်စာရင်းတွေ အကုန်လုံးကို တစ်နေရာတည်းမှာ စုထားတာ။ Centralized System ပါ။ ခုနောက်ပိုင်း Call Banking လို့ခေါ်တယ်။ ဒီ Centralized System ကို သုံးကြတဲ့အခါမှာ တစ်နေရာတည်းမှာ ရှိသမျှ Transaction တွေအကုန်လုံး၊ Data အကုန်လုံး၊ Debit/ Credit အကုန်လုံးကို တစ်နေရာတည်းမှာ စုထားလိုက်တယ်။ အဲဒီလိုပဲ Transaction အားလုံးရဲ့ General Ledger ၊ ကိုယ့်ရဲ့ GL ကို တစ်နေရာတည်းမှာ Process လုပ်ကြတယ်။ Process လုပ်တဲ့နေရာမှာ ဘာကောင်းသွားလဲဆိုတော့ တစ်နေရာတည်းမှာ Access လုပ်နိုင်တယ်၊ Connection အကုန်လုံးကို Real Time Transaction လုပ်နိုင်တယ်။ အားသာချက်တွေ အများကြီးပဲ။ သူ့မှာတစ်ချက်ဆိုးတာဘာလဲဆိုတော့ Processing Power တအားလိုတယ်။ တစ်နေရာတည်းမှာ ထိန်းချုပ်ရတယ်။ တစ်နိုင်ငံလုံးဟာကို ထိန်းချုပ်ရတယ်။ တချို့ဆိုရင် တခြားနိုင်ငံတွေထိပါ သွားလုပ်တဲ့အခါမှာ ကိုယ့်ရဲ့ Call Level မှာက Process လုပ်တဲ့အခါမှာ Power က တအားလိုတယ်။ Database ဆိုလည်း တအား Size ကြီးရတယ်။ Server ဆိုလည်း တအား Powerful ဖြစ်ရတယ်။ သူ့အတွက်ကို Data Center တစ်ခု သီးခြားတည်ဆောက်ထားရတယ်။ ဒီတစ်ခုဆောက်ပြီဆိုကတည်းကိုက Backup တွေထားရတယ်၊ Redundance ဖြစ်အောင်ထားရတယ်၊ HA ဖြစ်အောင်ထားရတယ်။ သဘောက တအားများလာတဲ့အခါမှာ သာမန် Size သေးတဲ့ ဘဏ်တစ်ခုရဲ့ Processing တောင် တအားကြီးတယ်ဆိုရင် လုပ်ငန်းတအားကြီးလာတဲ့၊ တအားအောင်မြင်လာတဲ့ဘဏ်မျိုးဆိုရင် Processing Power က နည်းနည်းနောနော မဟုတ်ဘူး။ သုံးရတဲ့ Resource က သိပ်များသွားပြီ။ အဲဒီတော့ တဖြည်းဖြည်းနဲ့ Centralized ဖြစ်တဲ့ပြဿနာတွေကို မြင်လာတဲ့အခါမှာ ဒါကိုဘယ်လိုနည်းနဲ့ ပြန်ပြီးတော့လျှော့ကြမလဲဆိုတဲ့အခါမှာ Decentralized ကို ပြန်သွားမယ်ဆိုပြီး ဖြစ်လာတယ်။ အရင်တုန်းကတော့ System တစ်ခုလုံးကို Decentralized လုပ်တယ်။ အခုကျတော့ Blockchain ဆိုတဲ့နေရာမှာ ကျွန်တော်တို့က Ledger ကိုပဲ Distributed Ledger အနေနဲ့ အကုန်လုံးမှာ Decentralized လုပ်မယ်။ Node တွေ အများကြီးခွဲလိုက်မယ်။ တစ်ခုတည်းမှာ Invest လုပ်တာမဟုတ်တော့ဘဲနဲ့ Investment ကအစ အကုန် Share လုပ်ထားတဲ့ပုံစံဖြစ်သွားတယ်။ အလုပ်ကို အားလုံးခွဲပြီးယူလိုက်တဲ့အတွက် Power သုံးတာ၊ Resource သုံးတာ အကုန်လုံးလျော့ကျသွားတယ်။ ဒါက Trend လို့ မြင်လာကြပြီ။ အခုရှိသမျှ အဖွဲ့အစည်းတော်တော်များများက ဒီလိုမျိုး Centralized System နဲ့ ဒုက္ခရောက်နေတဲ့ အဖွဲ့အစည်းတွေ၊ Invest တွေ တအားများတဲ့သူတွေ လျှော့ချဖို့ ကျန်တဲ့သူအားလုံးက Decentralized ဘက်ကို သွားမယ်၊ Distributed Ledger ဘက်ကိုသွားမယ်ဆိုပြီး ဖြစ်လာတယ်။ အခုချိန်မှာ အကောင်းဆုံးနည်းပညာက Blockchain ဖြစ်လာတယ်။ ဒါကြောင့် Blockchain ကို အစိုးရတွေ ကိုယ်တိုင်၊ Central Bank တွေကိုယ်တိုင် အားပေးတယ်ဆိုတာ အဲဒီဘက်ကိုသွားနေလို့ပါ။
ဦးကောင်းစစ် : ကျွန်တော်တွေ့ဖူးသလောက်ကတော့ Centralization လုပ်တဲ့အခါမှာ Cost ကများလာပြီး Scalability က Limit ဖြစ်လာပါတယ်။ ဘာတွေ့လာသလဲဆိုတော့ Blockchain က ဘဏ်တစ်ခုချင်းစီ Centralize လုပ်တယ်ဆိုတာထက် အချင်းချင်း Clearance တို့၊ Swift တို့လို တစ်ကမ္ဘာလုံးလှည့်ပြီး ပေးရတဲ့အခါမှာ သုံးလို့ရလားဆိုတဲ့ မေးခွန်းလေးတွေ စလာတာတွေ့ရပါတယ်။ စလာတဲ့အခါမှာ စင်ကာပူအစိုးရကိုယ်တိုင် Research လုပ်နေတာတွေရှိပါတယ်။ အထဲမှာ ဘဏ်အချင်းချင်းလည်း လှည့်ပြီးသုံးဖို့ ကမ္ဘာမှာလည်း လှည့်ပြီးသုံးလို့ရဖို့ Start Up တွေလည်း ရှိနေပြီဖြစ်ပါတယ်။ ကျွန်တော့်အမြင်ကတော့ ဒီ Technology က ဖြစ်နိုင်ခြေရှိတဲ့ Technology မျိုးဖြစ်ပါတယ်။ အလွန်အဆင်ပြေမယ့် Technology မျိုးဖြစ်ပါတယ်။ အရင်ကလည်း Public Transport System မျိုးမှာ Database Synchronization မှားရင် လူတွေ ထောင်ပေါင်းသောင်းပေါင်းများစွာ ဘဏ်ကတ်တွေ အလုပ်မလုပ်တော့တာတွေ တွေ့ရပါတယ်။ ဒီလိုအခါမျိုးမှာ Blockchain ကိုသုံးလိုက်ရင် အဲဒီပြဿနာမျိုးရှင်းသွားတဲ့အပြင် Incentivization က ပါပြီးသားဖြစ်လို့ ဘယ်သူက ဘယ်လောက်ရသင့်တယ်ဆိုတာကို တွက်နေစရာမလိုပါဘူး။ ခေါင်းလည်းရှင်းတယ်၊ ငွေလည်းသက်သာတယ်၊ လူတွေအတွက်လည်း အကျိုးရှိတဲ့အတွက် အစိုးရအနေနဲ့လည်း အားပေးဖို့လိုပါတယ်။
Cryptocurrency တွေကို ဝယ်လို့ရတဲ့ Centre တွေက တရားဝင်ဖွင့်ထားတာလား။ သူတို့ရဲ့အနာဂတ်တွေက ဘယ်လိုရှိလဲ
-----------------------------
ဦးကောင်းစစ် : ကျွန်တော်တွေ့ဖူးသလောက် စင်ကာပူမှာ Cryptocurrency ဝယ်လို့ရတဲ့ Exchange တွေရှိပါတယ်။ တရားဝင်လိုင်စင်ယူပြီး တရားဝင်ဖွင့်ထားတာတွေ ဖြစ်ပါတယ်။ လောလောဆယ် ကျွန်တော်တို့ မြင်နေတာက အစိုးရက Ban ထားတာမဟုတ်ဘူး။ လုပ်လို့ရတယ်၊ လုပ်ခွင့်ရှိတယ်။ ဒါပေမယ့် ဘဏ်တွေက ဒီ Activity တွေကို မြင်တာက Money Laundering တို့၊ Terrorism Financing တို့ အဲဒါမျိုးတွေအတွက် Risk အများကြီးရှိတယ်လို့ မြင်ကြပါတယ်။ အစိုးရရဲ့ Directive တော့ မရှိသေးပေမယ့် ဘဏ်တွေကတော့ ဒါတွေက တအား Risky ဖြစ်တာကြောင့် ဒီလိုလုပ်တဲ့သူတွေကို Risky မလုပ်ဘူး။ အဲဒီ Trend ကို မြင်လာကြပါတယ်။ လွန်ခဲ့တဲ့ သုံး၊ လေးနှစ်ကအထိတော့ အဆင်ပြေသေးပေမယ့် လွန်ခဲ့တဲ့တစ်နှစ် နှစ်နှစ်လောက်ကမှ Bitcoin Exchange Account တွေကို ဘဏ်တွေကနေလိုက်ပိတ်တာတွေ ရှိပါတယ်။ Bitcoin Exchange ရဲ့ CEO တွေရဲ့ Personal Account တွေအထိပါ လိုက်ပိတ်ထားတာမျိုးလည်း ကြားဖူးပါတယ်။ ဒါတွေကိုတော့ Derisking လုပ်တယ်လို့ ခေါ်ပါတယ်။ အစိုးရအနေနဲ့ကတော့ တွေ့ရသလောက် စောင့်ကြည့်နေတုန်းပဲ ရှိပါသေးတယ်။
ဦးမင်းဝင့်ဦ း Derisking ကိုကောင်းစစ်ပြောတဲ့အထဲမှာ ကျွန်တော်တို့က ဘာတွေတွေ့လဲဆိုတော့ လတ်တလောမှာ Cryptocurrency တွေ Bitcoin လိုဟာမျိုးကို အသုံးချပြီးလုပ်တဲ့ တခြား Issue တွေက များတယ်။ ဥပမာ- ဂျပန်စာမေးပွဲတွေ။ ဂျပန်စာမေးပွဲတွေဆိုရင် သူ Ransom လုပ်တဲ့ Currency ကိုက Bitcoin နဲ့ပဲ လက်ခံတယ်။ ဘဏ်တွေနဲ့ Digital Currency တွေနဲ့မတူတဲ့အချက်က ဒီ Transaction ရဲ့ Source ကို ဘယ်သူစလုပ်တာလဲ၊ ဘယ်ကစလုပ်တာလဲ၊ ဘာအတွက်လုပ်တာလဲ ဒါတွေကို Risk အရရော၊ Antimoney Laundering အရရော ဒါတွေအကုန်လုံးကြည့်ရတယ်။ ကျွန်တော်က Cash Amount တစ်ခုကို တခြားတစ်ယောက်ကို Transfer လွှဲပေးတယ်ဆိုရင် ကျွန်တော် လွှဲပေးမယ်၊ သူရမယ်၊ Amount ဘယ်လောက်၊ ဘာကြောင့်လွှဲပေးတယ်ဆိုတာ ကျွန်တော်တို့မှာရှိတယ်။ ဒါပေမဲ့ Bitcoin လိုဟာမျိုးကတော့ ဒီလိုမသိနိုင်ဘူး။ ကျွန်တော်တို့ပြောတာတော့ KYC - Know Your Customer လို့ပြောတယ်။ ဘယ်ကနေ ဘယ်ကိုလွှဲတယ်ဆိုတာတော့ သိတယ်။ ဒါပေမဲ့ ဘယ်သူဆိုတာကို မသိနိုင်တာ။ ကျွန်တော်တို့ ဘဏ်တွေအနေနဲ့ပဲဖြစ်ဖြစ်၊ တခြား Currency Control လုပ်တဲ့ Central Bank တွေပဲဖြစ်ဖြစ် Source ကို သိတယ်ဆိုတာ KYC Process ရှိလို့။ ဘယ်သူလဲ၊ ဘယ်ဝါလဲ၊ ဘာအတွက်လဲ၊ ဘာကြောင့်လဲဆိုတာတွေ အားလုံးရတဲ့အခါမှာ တခြား Issue တစ်ခုခုဖြစ်တယ်၊ မသမာမှုတွေဖြစ်တယ်ဆိုရင် ဒါကိုဖြေရှင်းတဲ့နည်းတွေ ရှိတယ်။ Bitcoin မှာ အဲဒီပြဿနာရှိသွားတယ်။
Amount တစ်ခုကို ပေးလိုက်ရတယ်ဆိုရင် ဘယ်သူ့ကိုပေးလိုက်ရလဲ၊ ဘယ်ကနေလိုက်လို့ရလဲမသိနိုင်ဘူး။ အပြင်မှာ ဘဏ်ကို ပြန်ပေးဆွဲတာတွေ၊ ဓားပြတိုက်တာတွေဆိုရင် ဒီ Cash က ဘယ်ရောက်သွားလဲကအစ Trace လိုက်လို့ရတယ်။ အဲဒီအပေါ်မှာ လိုက်ပြီးတော့ အမှုတွေတစ်ခုခုဖြစ်ရင် ပြန်ဖော်ထုတ်လို့ရတယ်။ ဒီမှာကျတော့ Cryptocurrency ဖြစ်သွားတဲ့အခါမှာ လုံးဝပျောက်သွားတယ်၊ မသိနိုင်ဘူး။ ဒါကိုစိုးရိမ်ကြတယ်။ ဒါကိုကြောက်တဲ့အတွက်လည်း ဒီဘက်ကိုသွားရင်တော့ ဒါမျိုးတွေကို အားပေးသလိုဖြစ်နေပြီဆိုပြီး အဖွဲ့အစည်း တော်တော်များများက မလုပ်ကြတာမျိုးဖြစ်မယ်လို့ ကျွန်တော်မြင်ပါတယ်။
ဦးကောင်းစစ် : Bitcoin က ဘယ်ကနေ ဘယ်လောက်လွှဲတယ်ဆိုတဲ့ Address တွေကို Public Record လုပ်တဲ့အတွက် သိတော့သိတယ်။ ဒါပေမဲ့ Personal Information တွေကို ချိတ်လို့မရဘူး။ ကောင်းတာလေးတစ်ခုကတော့ နောက်ပိုင်းအစိုးရတွေရဲ့ Technology ကလည်း လိုက်ပြီးတော့ Catch Up လုပ်လာတဲ့အတွက် Bitcoin ဆိုရင်လည်း ဥပမာ- ကျွန်တော့်မှာ Address တစ်ခုရှိတယ်။ သူများတွေကို ကျွန်တော့်မှာရှိတယ်လို့တော့ မပြောထားဘူး။ ဒါပေမဲ့ အစိုးရ Agency တွေက ဒီ Address ဟာ ဘယ်သူ့ဟာဖြစ်နိုင်လဲဆိုတာကို မှန်းလို့ရတဲ့ Technology တွေ ရှိလာပြီ ဖြစ်ပါတယ်။ System ထဲကနေ အဝင်အထွက်ကို ကြည့်ပြီး Behavior တွေကိုလည်း မှန်းလို့ရနိုင်တဲ့ Technology တွေရှိတဲ့အတွက် Risk ကတော့ တဖြည်းဖြည်းလျော့လာတယ်လို့ ကျွန်တော်ထင်ပါတယ်။
ဦးမင်းမြတ်စိုး : Bitcoin တွေကို ဝယ်တဲ့အခါမှာ Coinbase တို့လို Exchange သွားဝယ်တယ်။ Bitcoin ဝယ်ချင်ရင် သူတို့ကို ပိုက်ဆံပေးရတော့မယ်။ Cash ကို ဘယ်ကပေးရသလဲဆိုရင် Online Website ဖြစ်တဲ့အတွက် Credit Card ကနေ ပေးရတယ်။ စင်ကာပူမှာဆိုရင် ဘဏ်ကနေ Transfer လုပ်ရတယ်။ ဒါတောင်မှ Coinbase ကို တစ်ခါတည်း Transfer လုပ်လို့မရဘူး။ ကြားထဲမှာ Xfers(https://www.xfers.com/sg/) တို့လို တစ်ဆင့်ခံတဲ့ အေးဂျင့်လေးတွေ ရှိသေးတယ်။ သူတို့ရဲ့အကောင့်ထဲကို စင်ကာပူ Bank အကောင့်ထဲကနေ ပိုက်ဆံထည့်လိုက်တယ်။ ပိုက်ဆံထည့်လိုက်ရင် သူကနေတစ်ဆင့် ကျွန်တော်တို့ရဲ့ Coinbase ထဲကို Top Up လုပ်ပေးမယ်။ အဲဒီ Coinbase ကတစ်ဆင့် လိုအပ်တဲ့ Bitcoin ကို ကျွန်တော်တို့ ဝယ်လို့ရမယ်။ Coinbase ထဲမှာ ကျွန်တော်တို့ Bitcoin ရဲ့ Wallet ရှိမယ်။ Wallet ထဲက ပိုက်ဆံက ဘယ်ကရောက်လာလဲဆိုတာ ကြည့်လို့ရတယ်။ Cash ကနေ ဝင်လာခဲ့ရင်ပေါ့။ Bitcoin Address က ဝင်လာခဲ့ရင်တော့ ဟိုဘက် Bitcoin ရဲ့ Address က ဘယ်သူလဲဆိုတာသိဖို့ နည်းနည်းတော့ခက်တယ်။ ဒါပေမဲ့ Cash ကနေဝင်လာခဲ့ရင် အကောင့်ပိုင်ရှင်ဘယ်သူလဲဆိုတာ သိသွားပြီ။ သိသွားတဲ့အချိန်မှာ Coinbase ကနေ အခြား Bitcoin အကောင့်တွေကို ပိုက်ဆံတွေပေးပြီ။ ပေးလို့ရှိရင် အဲဒီ Transaction Record တွေက ခုနကလိုပဲ Public Ledger ဖြစ်နေတဲ့အတွက် လူတိုင်းက ကြည့်လို့ရတယ်။ ကျွန်တော့်ရဲ့ Address ထဲကနေ ဘယ်တွေကို ရောက်သွားလဲဆိုတာ Trace လိုက်လို့ရတယ်။ အဲဒီလိုဆိုတော့ တဖြည်းဖြည်းနဲ့ Risk က လျော့လာတယ်လို့ ထင်ရတယ်။
နောက်တစ်ခါ ပိုက်ဆံလိုချင်လို့ Bitcoin ကို ရောင်းတယ်ဆိုရင်လည်း Coinbase ထဲမှာ ရောင်းလိုက်တယ်။ ရောင်းလိုက်တဲ့ ပိုက်ဆံက Bank Account ထဲ ရောက်သွားဖို့ဆိုရင် Bank Account ရှိရတော့မယ်။ Bank Account ရှိပြီဆိုရင် Bank Account ပိုင်ရှင် Information က ဘဏ်က လူတွေထိန်းထားတာရှိတယ်ဆိုတော့ အကောင့်ထဲက Bitcoin Amount တွေက ဘယ် Cash လွှဲထားလဲဆိုတာ ကြည့်လို့ရတယ်။ အဲဒီလိုနဲ့ Risk တွေက တဖြည်းဖြည်းနဲ့လျော့လာမှာပါ။
ဦးကောင်းစစ် : Know Your Customer (KYC) ကလည်း Exchange တွေရဲ့ KYC Process က တော်တော်လေးတော့ Strict ဖြစ်ပါတယ်။ ကြိုက်တဲ့သူဖွင့်လို့ရတယ်ဆိုပေမယ့် သူတို့မှာ Limit တွေရှိပါတယ်။ စဖွင့်ဖွင့်ချင်းမှာ ဒေါ်လာတစ်ရာ နှစ်ရာထက်ပိုပြီး မလုပ်ရပါဘူး။ Driving License ၊ ဒါမှမဟုတ် Passport တစ်ခုခုကို Verify လုပ်ပြီးမှရပါတယ်။ Verify လုပ်တဲအခါမှာလည်း သေချာမှန်ကန်အောင် Passport ကိုင်တဲ့ ပုံစံပေးထားတဲ့စာနဲ့ မျက်နှာပါပြခိုင်းပါတယ်။ KYC က ခုနက ဘဏ်မှာသွားပြီး လုပ်သလိုမျိုး ယုံကြည်မှုက တဖြည်းဖြည်းတည်ဆောက်လာနေတဲ့အတွက် ယုံကြည်ရတဲ့ အခြေအနေရောက်ရင်တော့ လူတိုင်းသုံးလို့ အဆင်ပြေလာမှာ ဖြစ်ပါတယ်။
ဦးမင်းမြတ်စိုး : Bitcoin Exchange ဆိုရင် Bitcoin Exchange ကနေ ကိုယ်တွေသုံးတဲ့ Spending Limit အပေါ်မှာမူတည်ပြီး Bitcoin ဝယ်တာ ဒေါ်လာနှစ်ရာထက်ကျော်သွားပြီဆိုရင် (Amount တော့ အတိအကျမသိတော့ဘူး) ဝယ်ပြီဆိုရင် Identity ကို Verify လုပ်မှ ဆက်ပြီးတော့ Transaction ပေးလုပ်တယ်။
Exchange မှာ Bitcoin ကို အရောင်းအဝယ်လုပ်မယ်ဆိုရင် အရင်ဆုံး Wallet တစ်ခုရှိရမယ်။ ဒီတော့ Exchange ကနေ Wallet ကို ဖွင့်ပေးတာလား။ Wallet ကိုဖွင့်ပေးတဲ့ ကုမ္ပဏီသက်သက်ရှိသလား။ အဲဒါလေးရှင်းပြပေးပါ
--------------------------------
ဦးမင်းမြတ်စိုး : အဲဒါကနှစ်မျိုးရှိတယ်။ Wallet က Local Wallet ဆိုရင် ကိုယ့်ဘာသာကိုယ် Wallet ကို Software နဲ့ Create လုပ်ပြီးတော့ ကိုယ့် Computer မှာပဲ ကိုယ်သိမ်းထားလို့ရတယ်။ နောက်တစ်ခုကကျတော့ Bitcoin Exchange Website တွေမှာ Wallet Create လုပ်လိုက်တယ်။ Bitcoin Wallet ဆိုတဲ့အဓိပ္ပာယ်က Wallet Create လုပ်လိုက်ရင် အဲဒီ Bitcoin ရဲ့ Secret Key လေးရှိတယ်။ ကိုယ့်ဘာသာလုပ်တယ်ဆိုရင် အဲဒီ Secret Key က ကျွန်တော်တို့ဆီမှာ သိမ်းထားတယ်။ Secret Key ရဲ့ သဘောတရားက Secret ပေါ့။ ဘယ်သူမှမသိရဘူး။ ဒါပေမဲ့ Bitcoin Wallet ကို Bitcoin Exchange ပေါ်မှာသွားပြီး Create လုပ်ရင် အဲဒီ Key လေးက သူတို့ယူထားတယ်။ အဲဒီလိုမျိုးနဲ့ပါ သွားတာတွေလည်း ရှိဖူးပါတယ်။ အဓိကက Bitcoin တစ်ခု Transaction ဖြစ်တိုင်း သူများကိုပေးလို့ရတယ်၊ မရဘူးဆိုတာ အဲဒီ Secret Key ပေါ်မှာ အများကြီးမူတည်တယ်။ ကိုယ့်ရဲ့ပိုက်ဆံကို သူများကိုပေးတော့မယ်ဆိုရင် ကိုယ့်ရဲ့ Secret Key ကို သုံးပြီးပေးရတာ။ Bitcoin Exchange ကို Manage လုပ်ခွင့်ပေးလိုက်ရင် ကိုယ့် Wallet ကို အလွဲသုံးစားလုပ်ခံရနိုင်ပါတယ်။
ဦးမင်းဝင့်ဦး : Wallet က တကယ်တော့ ကြားခံတာပါပဲ။ ကျွန်တော်တို့တွေ ဘဏ်မှာစာရင်းဖွင့်ရင် Account ရှိရသလိုပဲ အွန်လိုင်းပေါ်မှာ၊ Wallet ပေါ်မှာ Bitcoin လိုဟာမျိုးကို အရောင်းအဝယ်လုပ်မယ်၊ သိမ်းထားမယ်၊ စုထားမယ်ဆိုရင် ကိုယ့် Account နဲ့ ကိုယ်သိမ်းသလိုမျိုး၊ ကိုယ့်ပိုက်ဆံအိတ်နဲ့ ကိုယ်သိမ်းသလိုမျိုးပါ။ Wallet Provider တွေဆီကနေ Wallet ဖွင့်၊ ကိုယ်သိမ်းချင်တာပဲဖြစ်ဖြစ်၊ Exchange လုပ်ချင်တာပဲဖြစ်ဖြစ် ဒီ Wallet ကနေတစ်ဆင့် လုပ်တယ်ဆိုပြီးတော့ ကြားခံလိုက်တာပါပဲ။
ဦးကောင်းစစ် : Wallet လို့ပြောရင်တော့ နည်းနည်းရှုပ်ပြီး နားလည်ရခက်တဲ့အတွက် အလွယ်အားဖြင့် ကိုယ့်ရဲ့လိပ်စာတစ်ခုဖြစ်တယ်လို့ ပြောလို့ရပါတယ်။ သူက Online Cryptocurrency ဖြစ်တဲ့အတွက် ကိုယ့်ဘာသာ Create လုပ်လို့ရတယ်။ ဘယ်သူ့ဆီမှာမှသွားပြီး Bind လုပ်စရာမလိုဘူး။ လိပ်စာမှာ Approach နှစ်ခုရှိပါတယ်။ လူတိုင်းသိလို့ရတဲ့ လိပ်စာရှိသလို ကိုယ်ဝင်တဲ့ လိပ်စာရှိပါတယ်။ Secret Key ဖြစ်ပါတယ်။ သူများက ကိုယ့်ကို ပို့မယ်ဆိုလည်း ကြိုက်တဲ့လူက လှမ်းပို့လို့ရတယ်။ ကိုယ်ကလည်း သူများကိုပေးမယ်ဆိုရင် သူများကိုဖွင့်ပြီးမှ ပေးလို့ရတာဖြစ်ပါတယ်။ အဲဒီသော့ကလည်း နံပါတ်အရှည်ကြီးတစ်ခုဖြစ်ပြီး သူများကကိုယ့်ကိုပေးတာကလည်း နံပါတ်အရှည်ကြီးတစ်ခုဖြစ်ပါတယ်။ အဲဒီ Private Key ကို ကိုယ်သိမ်းထားမလား၊ သူများကိုအပ်ထားမလားဆိုတာကို စဉ်းစားရမှာဖြစ်ပါတယ်။ တချို့တွေကတော့ Exchange မှာအပ်ထားပြီး သူ့ဘာသာဖွင့်ပြီး သူ့ဘာသာ လုပ်လိုက်ပါတယ်။ တချို့တွေက မယုံတဲ့အတွက် Paper Wallet လုပ်ထားတယ်။ အဲဒီထဲမှာ ကိုယ့်ဘာသာကိုယ် ဖွင့်ထုတ်ပြီး မှတ်ထားတယ်။ သူများကို လွှဲစရာရှိတော့မှ အဲဒီကနေထုတ်ပြီး လွှဲပေးလိုက်တယ်။ တချို့တွေကလည်း စာတမ်းအရှည်ကြီးကို ပြန်တိုက်ဖို့က တစ်လုံးမှားရင်မထွက်တာကြောင့် သိမ်းထားတယ်။ Digital Wallet တစ်ခုဖွင့်ထားတယ်။ အဲဒီ Digital Wallet က Software နဲ့ရော Hardware နဲ့ပါ Assign လုပ်လို့ရတယ်။ ဝယ်ချင်ရင်တော့ အဲဒီလို Wallet တွေကို Provide လုပ်တဲ့ Technology Supplier တွေတော့ ရှိပါတယ်။
ဦးမင်းမြတ်စိုး : Paper Wallet ကကျတော့ Private Key ပေါ့။ Private Key က စာတန်းလေးတစ်တန်းပဲ။ ဒါပေမဲ့ စာတန်းလေးက ရေးရရှုပ်တော့ QR Code နဲ့ပြလေ့ရှိတယ်။ အဲဒီ QR Code ကို ပထမဦးဆုံးမြင်တဲ့သူက အဲဒီ Coin ကို သုံးလို့ရပြီပဲ။ Mining လုပ်ရင်းနဲ့ရထားတဲ့ Bitcoin ကို ကျွန်တော့်ကို ပေးလိုက်တယ်ဆိုတော့ အဲဒီပေးလိုက်တဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ Private Key နဲ့ Mine လိုက်တယ်။ ပြန်သုံးချင်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ Secret Private Key နဲ့သုံးမှရတယ်။ အဲဒီ Key ကို တခြားသူတစ်ယောက်က သူများကိုသွားပြလိုက်လို့ မြင်သွားရင်လည်း ကျွန်တော်တို့ပိုက်ဆံကို သူတို့သုံးလို့ရသွားလိမ့်မယ်။ အဲဒီ Key ကို လုံလုံခြုံခြုံထားဖို့ အရေးကြီးတယ်။ ခုနကလို အွန်လိုင်းမှာတင်ထားရင်တော့ ပြဿနာတွေက အများကြီးပဲ။ သူတို့ကဘယ်လိုလုပ်လဲတော့ သေချာမသိဘူး။ တချို့အကြီးအကျယ်လုပ်တဲ့သူတွေကျတော့ Hardware Key လေးတွေကို USB Stick ထဲ ထည့်ပြီးတော့ သိမ်းထားတယ်။ အဲဒီတော့ Transaction တစ်ခါလုပ်တိုင်း USB လေးနဲ့ ကွန်ပျူတာထဲမှာ ထိုးပြီးတော့ အလုပ်လုပ်တဲ့ ဟာလေးတွေရှိတယ်။ Private Key ပျောက်သွားရင်လည်း အဲဒီပိုက်ဆံတွေ အကုန်လုံးက လုံးဝသုံးမရတော့ဘူး။ ဘယ်လောက်မီလီယံတန်တန်ပေါ့။ ပိုက်ဆံတွေက ရှိနေပေမယ့် တခြားသူကို Transfer လုပ်လို့ မရတော့ဘူး။ သေတ္တာထဲမှာ ပိုက်ဆံတွေထည့် သော့ခတ်ထားပြီး သော့ကြီးပျောက်သွားသလိုပဲ။ သေတ္တာထဲမှာ ပိုက်ဆံတွေရှိနေပေမယ့် သုံးလို့မရတော့ဘူး။
ဦးမင်းဝင့်ဦး : ကိုယ်တိုင်ဖြစ်ဖူးတယ်။ Wallet တွေ ဖွင့်၊ Bitcoin တွေကို ဟိုဘက်၊ ဒီဘက် Exchange တွေ လုပ်၊ ပြီးတော့ မသုံးတာကြာတဲ့အချိန်မှာ အဲဒီ Key က ဘယ်ရောက်သွားမှန်းမသိတော့ဘူး။ အဲဒီပိုက်ဆံက အလကားဖြစ်သွားပါတယ်။
Bitcoin အပေါ် အများပြည်သူ Awareness အတိုင်းအတာနဲ့ သူ့အနာဂတ်အပေါ်အမြင်
-------------------------------
ဦးမင်းဝင့်ဦး: ကျွန်တော် Bitcoin ကို Review သဘောမျိုးတွေ ကြည့်ဖူးတယ်။ တော်တော်နဲ့မပြီးနိုင်ဘူး။ နားလည်အောင်ကို ပြောယူရတယ်။ အတိုဆုံးဆိုရင်တောင် ခြောက်နာရီလောက်ကြာတယ်။
ဒီအကြောင်းကို သိချင်တယ်၊ နားလည်ချင်တယ်၊ လေ့လာချင်တယ်။ အဲဒီအတွက် သင်တန်းကြေးပေးပြီး သင်တန်းတက်လိုက်ရတယ်ဆိုတဲ့သဘောနဲ့ ကိုယ်က Investment လုပ်ပြီးတော့ ဒါကိုလေ့လာကြည့်လိုက်မယ်။ တကယ်ကိုယ်တိုင်ကြုံဖူးမှပဲ၊ လုပ်ဖူးမှပဲသိတာ။ ဒီအတိုင်းပြောရင် Transaction ဘယ်လိုလုပ်သွားလဲ၊ ဘယ်လိုဖြစ်သွားလဲဆိုတာ ဘယ်လိုမှမသိနိုင်ဘူး။ သိသွားပြီ၊ နားလည်သွားပြီဆိုတဲ့အချိန်မှာလည်း ဒါကြောင့်ဖြစ်နိုင်တဲ့ ကောင်းတာ၊ ဆိုးတာလေးတွေရှိပါတယ်။ ကောင်းတာလေးတွေကို ဘာယူလို့ရလဲ၊ ဘာအသုံးချလို့ရလဲ။ ဘယ်နေရာမှာ Utilize လုပ်လို့ရလဲ။ ဒါတွေကို ကြည့်ပြီးတော့ သုံးသင့်တာသုံးပါ။ အဲဒီလိုမှမဟုတ်ဘူး။ ဆိုးတာတွေ ပိုများတာတွေ့နေတယ်၊ တစ်ခုခုအန္တရာယ်ရှိတာတွေရှိနေတယ်ဆိုရင် ကိုယ့်ပိုင်ဆိုင်မှုလေးမဆုံးရှုံးအောင် ဘယ်လိုကာကွယ်မလဲ၊ ဒါမှမဟုတ် ဘာတွေမလုပ်သင့်ဘူးဆိုတာကို ဆုံးဖြတ်နိုင်ရင်တော့ မီးလိုပါပဲ ထိရင်ပူတယ်ဆိုတာ သိသွားမှာပါ။
ဦးမင်းမြတ်စိုး : ကျွန်တော့်အနေနဲ့ကတော့ Bitcoin က ပုံမှန်တော့ Invest လုပ်တယ်ဆိုတာ Trade လုပ်တာပဲ။ Trade လုပ်တယ်ဆိုတာ အမေရိကန်ဒေါ်လာကို ဈေးကျတဲ့အချိန်မှာ ဝယ်ထားပြီးတော့ ဈေးတက်တဲ့အချိန်မှာ ပြန်ရောင်းစားရင် အမြတ်ရတဲ့ပုံစံမျိုးပဲပေါ့။ Bitcoin ကိုလည်း ဈေးကျတဲ့အချိန်မှာ ဝယ်ထားတယ်။ ဈေးတက်ရင် ပြန်ရောင်းမယ်။ ဒါပေမဲ့ Bitcoin ရဲ့ ဈေးနှုန်းအတက်အကျက တအားကိုများလွန်းအားကြီးတယ်။ များလွန်းအားကြီးတော့ Speculation တွေ တအားများနေတော့ ကစားဖို့ဆိုတာက ကိုယ်က အဲဒီအပိုင်းမှာ ဒီ Trend တွေကို သေချာကျကျနန နားမလည်ရင် မလုပ်သင့်ပါဘူး။ Trend ဆိုတာလည်း သူကတကယ့် Economic နဲ့ပတ်သက်တဲ့ Real Trend ကလည်း မရှိသလိုဖြစ်နေတယ်။ ခုနကလို ဒေါ်လာရှစ်ထောင်ကနေ ဒေါ်လာ ၁၆,၀၀၀ လောက်အထိကို တစ်ပတ်လောက်အတွင်း ရောက်သွားတာတို့ဆိုရင် အဲဒီ Amount တွေကို ကိုယ်က Personally ဆိုရင် အဲဒီလောက် Risk များတယ်ဆိုရင် မကစားတော့ပါဘူး။ နည်း နည်းခန့်မှန်းလို့ရတဲ့ အနေအထားလောက်မှာဆိုရင် ကစားချင်ကစားဦးမယ်။ နောက်နှစ်ပတ်လောက်နေရင် တက်မလား၊ ကျမလားကို ခန့်မှန်းလို့ရမယ်ဆိုရင် ကစားချင်တယ်။ ဒါပေမဲ့ အခုဟာကကျတော့ ကျသွားတာကကျတော့ ဝုန်းခနဲကျသွားတယ်။ တက်သွားရင်လည်း ဝုန်းခနဲတက်သွားတယ်။ အဲဒါကို လိုက်ကစားဖို့ကျတော့ ကြောက်ဖို့ကောင်းတယ်။ ဒါကတော့ ကျွန်တော့် Personal အမြင်ပါ။
ဦးမင်းဝင့်ဦး : အပြင်မှာ FX ဒေါ်လာအရောင်းအဝယ်လုပ်တဲ့သူမျိုးတွေရှိသလို ဒီ Stock တွေကို Invest လုပ်ထားမယ်၊ ဈေးကိုက်ရင် ပြန်ရောင်းမယ်။ ဒါမျိုးတွေလုပ်သလိုပဲ Bitcoin ကို Exchange လုပ်ချင်တယ်၊ ကစားချင်တယ်ဆိုရင် လောင်းကစားတော့ နည်းနည်းဆန်တယ်။
ဥပမာ- ငွေကြေးပိုလျှံနေတယ်၊ Invest လုပ်ချင်တယ်၊ ဒီ Trend ကို ကြည့်ပြီးတော့ ကစားချင်တယ်ဆိုရင်တော့ Invest လုပ်လို့ရတယ်။ ဒါကကျတဲ့ Down Trend ကို ဖြစ်လာပြီဆိုရင်လည်း သူ့ကိုရောင်းထုတ်မလား။ ဒါမျိုးတွေကတော့ ဒါကိုနားလည်ရင် သုံးလို့ရတယ်။ Payment System အနေနဲ့ကျတော့ သုံးတဲ့သူရှိတယ်၊ လက်ခံတဲ့သူရှိရင် ဒါကရှိနေမှာပါပဲ။
ဦးမင်းမြတ်စိုး : Bitcoin သုံးတဲ့နည်း နှစ်နည်းမှာ ပထမတစ်နည်းက Payment အနေနဲ့ သုံးတယ်။ အဲဒါက ဆက်သုံးလို့ရတယ်။ Bitcoin ကို ဘလောက်နည်းနည်း ဝယ်ထားမယ်။ Bitcoin Service ပေးတဲ့နေရာမှာ ဝယ်သုံးတယ်။ အဲဒါဆိုရင်တော့ ဘာမှမဖြစ်နိုင်ဘူး။ ခုနကလိုမျိုး Trading လုပ်ဖို့ဆိုရင်တော့ တော်တော်လေး စဉ်းစားဖို့လိုအပ်ပါတယ်။
Bitcoin မဟုတ်တဲ့ တခြား Cryptocurrency တွေနဲ့ပတ်သက်လို့ ပြောပြပေးပါဦး
-----------------------------
ဦးမင်းမြတ်စိုး : Blockchain ကို အခြေခံထားတဲ့ Cryptocurrency တွေက အများကြီးပဲ။ Bitcoin ကတော့ ပထမဦးဆုံးဖြစ်တယ်။ အခုခေတ်စားနေတဲ့ဟာတွေက Ethereum တို့၊ Ripple တို့၊ တချို့ Currency တွေကျတော့ Fully Annonymous ဖြစ်တဲ့ Cryptocurrency လည်း ရှိတယ်။ ဘယ်သူကနေ ဘယ်သူ့ကိုပို့တယ်ဆိုတာ တကယ် Trace လိုက်လို့မရဘူး။ နောက်တချို့ Cryptocurrency ကျတော့ လွယ်လွယ်လေး Mine လို့ မရဘူး။
ဦးကောင်းစစ် : Cryptocurrency မျိုးစုံပေါ်ထွက်လာပါ တယ်။ သူတို့ဆီမှာလည်း Feature မျိုးစုံရှိပါတယ်။ တချို့တွေကျတော့လည်း Distributed Computer တစ်လုံးအနေနဲ့ သုံးလို့ရတဲ့ Feature တွေရှိပါတယ်။ Program ပေးလို့ရတယ်။ Smart Contract လုပ်လို့ရတယ်။ ဆိုလိုတာက လိုအပ်တဲ့ Condition နဲ့ညီရင် ပိုက်ဆံလွှဲမယ်ဆိုတာမျိုးကို လုပ်လို့ရတယ်။ Trading လုပ်လို့ရတယ်။ ဥပမာ- ဒီသင်္ဘောက ဒီနေရာကို ထွက်လာရင် ပိုက်ဆံကို ဘယ်ကိုပို့လို့ရပြီဆိုတာမျိုးတွေရှိပါတယ်။ တချို့ Forex Trading လုပ်တဲ့သူတွေက Risk အများကြီးယူတဲ့သူတွေ ဖြစ်ပါတယ်။ တချို့တွေကတော့ Speculate လုပ်ပြီးမှ Trade လုပ်တဲ့သူတွေ ရှိပါတယ်။ တချို့တွေကလည်း နားမလည်ဘဲနဲ့ ပိုက်ဆံရလောက်တယ်ဆိုပြီး ထည့်လိုက်တာတွေ ရှိပါတယ်။ နောက်ရှုံးတယ်ဆိုပြီး ပြန်ထုတ်သွားတာတွေ ရှိပါတယ်။ အဲဒါမှ တကယ်ရှုံးတာ ဖြစ်ပါတယ်။ ကျွန်တော့်အမြင်ကတော့ ငွေလိုချင်လို့လုပ်တာဆိုရင် အရင်လေ့လာသင့်ပါတယ်။ Idea ကို သဘောကျလို့ လုပ်တာဆိုရင်တော့ ပိုက်ဆံကို ကြိုက်တဲ့အချိန်မှာ ကြိုက်သလောက် ထည့်ထားပြီး သုံးလို့ရရင်လည်း သုံးမယ်၊ မရရင်လည်း ဘာမှမဖြစ်ပါဘူး။ သူများတွေလုပ်လို့ လိုက်လုပ်တာဆိုရင်တော့ မလုပ်သင့်ပါဘူးလို့ ပြောချင်ပါတယ်။
မြန်မာနိုင်ငံမှာ Cryptocurrency တွေအနေနဲ့ လူကြိုက်များလာနိုင်သလား၊ ဘာတွေဖြစ်လာနိုင်မယ်လို့ ထင်ပါသလဲ
----------------------------------
ဦးမင်းဝင့်ဦး : လက်ရှိအနေအထားအရ ကျွန်တော်တို့လေ့လာကြည့်တယ်။ တခြားနိုင်ငံတွေမှာ လက်ခံတာတွေ၊ လက်မခံတာတွေရှိတဲ့အချိန်မှာ မြန်မာနိုင်ငံအတွက်ဆိုရင် မြန်မာနိုင်ငံရဲ့ Regulator တွေက နီးစပ်ရာ အာဆီယံထဲမှာရှိတဲ့ နိုင်ငံတော်တော်များများရဲ့ Regulation အတိုင်း သွားဖို့များတယ်။ အဲဒီလိုသွားမယ်ဆိုရင် လက်မခံတဲ့ဘက်ကို ပိုသွားဖို့များတယ်လို့ ကျွန်တော်မြင်ပါတယ်။ လက်မခံတော့ဘူးဆိုကတည်းကိုက ဒါက Legal မဖြစ်နိုင်ဘူး။ Official Transaction တွေ လုပ်လို့မရနိုင်ဘူး။ ဒါပေမဲ့ လက်ခံတယ်၊ လက်မခံဘူးဆိုတာကလည်း Cryptocurrency လိုမျိုး Bitcoin လိုသာ ဖြစ်နေတာ။ သူ့ရဲ့နောက်ကွယ်မှာရှိတဲ့ Theology ကိုကျ လက်ခံကြတယ်။ ကျွန်တော်တို့မြင်နေတာကတော့ မြန်မာနိုင်ငံလည်း သူများနိုင်ငံတွေလို ပုံစံမျိုးပဲ Cryptocurrency ဘက်ကို ဦးစားမပေးတော့ဘဲနဲ့ သူ့ရဲ့ Technology ကို ဦးစားပေးမယ့် Blockchain ဘက်ကို သွားလိမ့်မယ်လို့ ယူဆပါတယ်။
ဦးမင်းမြတ်စိုး : Bitcoin ကို သုံးတယ်ဆိုတဲ့အဓိပ္ပာယ် က ခုနကလိုမျိုး အများစုက Anonymity ပေါ့။ Anonymity ထက် တစ်ယောက်ယောက်က ကိုယ့်ရဲ့ ပိုက်ဆံတွေသုံးတာကို မမြင်ချင်တဲ့ပုံစံမျိုး သုံးတယ်ဆိုတဲ့ပုံစံမျိုးလည်း တော်တော်များများမြင်ကြတယ်။ ဒါပေမဲ့ မြန်မာပြည်အနေနဲ့ စဉ်းစားမယ်ဆိုရင် Transaction တော်တော်များများက Cash Transaction တွေ များတယ်။ မဖြစ်မနေမှဘဲ ဘဏ်ကိုသုံးပြီးတော့ Transaction လုပ်ကြလေ့ရှိတယ်။ သဘောတရားချင်းတော့ အခုအချိန်မှာတော့ သိပ်မကွာဘူး။ အစိုးရအနေနဲ့ Bitcoin ကို လက်ခံမလား၊ လက်မခံဘူးလားဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။
ဦးကောင်းစစ် : Cryptocurrency ကို Currency နဲ့ သတ်မှတ်ပြီးတော့ လက်ခံတဲ့အခါမှာ သူ့ရဲ့ကောင်းကျိုးတွေ ဆိုးကျိုးတွေရှိမယ်။ ကောင်းကျိုးတွေအတွက် ကောင်းတာတွေရမှာဖြစ်သလို ဆိုးကျိုးတွေအတွက် ဘယ်လိုကာကွယ်ဖြေရှင်းမလဲဆိုတဲ့ နည်းလမ်းတွေ ရှာသင့်ပါတယ်။ ဒါပေမဲ့ လက်မခံဘူးဆိုရင်လည်း တစ်ကမ္ဘာလုံးမှာဖြစ်နေတာတွေကို လက်လွတ်သွားနိုင်တာတွေ ရှိပါတယ်။ ဒါတွေကိုတော့ အစိုးရရော၊ တစ်နိုင်ငံလုံးရော စဉ်းစားရမှာဖြစ်ပါတယ်။ အကုန်လုံးတော့ အကောင်းရမှာ မဟုတ်ပါဘူး။ ဒီနိုင်ငံမှာ Bitcoin သို့မဟုတ် Blockchain ဘာဖြစ်လာနိုင်သလဲဆိုတာရှိပါတယ်။ ကျွန်တော့်အမြင်ကတော့ Cryptocurrency နဲ့ပတ်သက်တာ၊ Blockchain နဲ့ပတ်သက်တာတစ်ခုခုဖြစ်ဖို့ ဝင်ဖို့ထွက်ဖို့ အပေါက်တစ်ခု လိုပါတယ်။ ဆိုလိုတာက မြန်မာငွေကနေ Cryptocurrency ကို Exchange လုပ်ဖို့နေရာမျိုးရှိဖို့လိုပါတယ်။ ဒါမျိုးရှိမှ တခြားဟာတွေလည်း ပြန့်ပွားလာစရာရှိပါတယ်။ အဲဒါမျိုးတွေကလည်း တစ်ခုတည်းမဟုတ်ဘဲ အများကြီးလိုပါတယ် ရှေ့မှာလည်း အစိုးရလက်ခံမှုအပေါ်မူတည်ပြီး ဆက်လုပ်လို့ ရမရရှိလာနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ သေချာလေ့လာစေလိုပြီး Policy Maker တွေကိုလည်း သေချာစဉ်းစားပြီးတော့မှ ဆုံးဖြတ်ဖို့အချိန်ရောက်လာတော့မယ်လို့ ထင်ပါတယ်။
အယ်ဒီတာအဖွဲ့