Bindez Pte Ltd ရဲ့ Co-Founder & CTO ဦးရဲဝင့်ကို

သတင်း Application ကို တီထွင်ဖြန့်ဖြူးလျက်ရှိပြီး Idea Box ၊ Project Hub Yangon တို့မှာလည်း အလားအလာရှိတဲ့ Startup အဖြစ် ရွေးချယ်ခံခဲ့ရဖူးတဲ့ Bindez နဲ့ပတ်သက်ပြီး ပူးတွဲတည်ထောင်သူနဲ့ Chief Technology Officer ဖြစ်သူ ကိုရဲဝင့်ကိုနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့တာတွေကို ပြန်လည်တင်ပြပေးလိုက်ပါတယ်။ Bindez ဟာ Forbes Asia Entrepreneur Under 30 List ထဲမှာလည်း Consumer Tech Category အောက်မှာ ရွေးချယ်ဖော်ပြခံခဲ့ရပါသေးတယ်။

uyewintko

ကုမ္ပဏီ စတင်ဖြစ်ခဲ့ပုံ . . .

Bindez ကို ကျွန်တော့်သူငယ်ချင်း ကိုထက်ေ၀ (Htet Will) နဲ့အတူစခဲ့ပါတယ်။ ကျွန်တော်တို့နှစ်ယောက်လုံးက MCC Institute, Business Information Technology နဲ့ ကျောင်းပြီးခဲ့ပါတယ်။ အရင်ကကျောင်းမှာကတည်းက ကျွန်တော်တို့ စလုပ်ခဲ့တဲ့ စီမံကိန်းလေးတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာလိုရှာလို့ရမယ့် Myanmar Search Engine တစ်ခု ကျွန်တော်တို့ လုပ်ချင်တယ်။ ကျောင်းပြီးသွားတော့လည်း ဒါကို လုပ်ငန်းတစ်ခုအနေနဲ့လုပ်ချင်လို့ ဆက်ပြီးလုပ်ဖြစ်ပါတယ်။

အဲဒီအချိန်မှာ Project Hub Yangon ရဲ့ Acceleration Program တစ်ခုမှာ ကျွန်တော်တို့ အရွေးခံရပါတယ်။ သူတို့က Mentorship တွေ၊ Guidline တွေ၊ Networking တွေလုပ်ပေးတယ်။ Project Hub Yangon က ကျွန်တော်တို့ကို Mr Rahul Batra နဲ့ ဆက်သွယ်ပေးခဲ့ပါတယ်။ သူက အရင်က Google မှာ ခြောက်နှစ်လောက်ကြာအောင်လုပ်ခဲ့တော့ ကျွန်တော်တို့ လုပ်ချင်တာကလည်း Search Engine ဆိုတော့ ကျွန်တော်တို့နဲ့ တအားအဆင်ပြေပါတယ်။ Mr. Rahul Batra က ကျွန်တော်တို့ရဲ့ Mentor အဖြစ် လုပ်ကိုင်ပေးခဲ့ပါတယ်။ သူက ကျွန်တော်တို့လုပ်ငန်းနဲ့ပတ်သက်ပြီး၊ လုပ်ငန်း၊ ငွေရေးကြေးရေးနဲ့ ပတ်သက်တာတွေကို ဘယ်လိုလုပ်ရမလဲဆိုတာကို အကြံပေးပါတယ်။ အဲဒီမှာ သူကလည်း ဒီ Project ကို လုပ်ငန်းအဖြစ် လုပ်မယ်ဆိုပြီး သူ့အလုပ်က ထွက်ပြီးတော့ ကျွန်တော်တို့သုံးယောက် ဒီလုပ်ငန်း ဆက်လုပ်ခဲ့ကြတာကြောင့် ကုမ္ပဏီကို စတင်တည်ထောင်သူ သုံးယောက်ဖြစ်သွားပါတယ်။ ပထမဆုံး ကုမ္ပဏီရဲ့ Seed Round ရင်းနှီးမြှုပ်နှံမှုကို ၂၀၁၄ ခုနှစ်မှာ စပြီးရရှိခဲ့တယ်။ အဲဒီကစပြီးတော့ ကျွန်တော်တို့ရဲ့ ကုမ္ပဏီကို တိုးချဲ့ခဲ့ပါတယ်။

နောက်ထပ်ခြောက်လလောက်အကြာမှာ Ooredoo လုပ်တဲ့ Idea Box လို့ခေါ်တဲ့ Acceleration Program တစ်ခုမှာ မြန်မာပြည်မှာ အလားအလာရှိတဲ့ Startup တွေထဲကတစ်ခုအနေနဲ့ အရွေးခံခဲ့ရခြင်းဖြစ်ပါတယ်။ သူတို့ကလည်း Marketing Distribution နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ကို အများကြီးအကူအညီ ပေးခဲ့ပါတယ်။ Networking ပိုင်းတွေပါအကုန်လုံး ထောက်ပံ့ပေးခဲ့ပါတယ်။ အဲဒီ Idea Box အတွင်းမှာ ကျွန်တော်တို့ရဲ့ Product နဲ့ပတ်သက်ပြီးတော့ အကြိမ်ကြိမ် ပြင်ဆင်မှုတွေလုပ်ခဲ့ပါတယ်။ ဒီ Product က မြန်မာပြည်အတွက် တကယ်ကော အသုံးဝင်မလား။ မသုံးကြဘူးဆိုရင် လူတွေသုံးကြမယ့် Product က ဘာလဲ စတာတွေကို သုံးသပ်ပြီးတော့ နောက်ဆုံး ကျွန်တော်တို့ရဲ့ ဒီသတင်းဆိုတဲ့ Product ကို ထုတ်ထားပါတယ်။ နောက်နှစ်လလောက်အကြာမှာ Second Round ရင်းနှီးမြှုပ်နှံမှု ရရှိခဲ့ပါတယ်။

အစကတော့ Google.com.mm လိုမျိုး Bindez.com ဆိုတဲ့ Web Search Engine လေးတစ်ခု ဖြစ်ပါတယ်။ နောက်ပိုင်း ကျွန်တော်တို့ လေ့လာသိရှိလာတာက မြန်မာပြည်မှာရှိတဲ့သူတွေက Search လုပ်တဲ့အသုံးပြုတွေက အင်မတန်နည်းပါတယ်။ မြန်မာလို စလုပ်တာဆိုတော့ ပိုပြီးတော့တောင် နည်းပါသေးတယ်။ မြန်မာနိုင်ငံကလူတွေက Facebook သုံးတဲ့ပုံစံလိုမျိုးတွေကို ပိုပြီးသဘောကျကြတယ်။ ဆိုလိုတာက ကိုယ်တိုင်ရှာရတာထက် ရှိနေပြီးသားတွေကို လွယ်လွယ်ကူကူ သုံးရတာကို ပိုကြိုက်ကြတယ်။

Facebook လိုမျိုး Mobile Application ဘက်ကိုပဲသွားနေတဲ့အခါကျတော့ မိုဘိုင်းဖုန်းအပေါ်မှာ Search လုပ်တဲ့သူတွေလည်း တအားနည်းတယ်။ ကျွန်တော်တို့လို လူမျိုးတွေတောင် အလုပ်နဲ့ပတ်သက်ပြီး၊ ဒါမှမဟုတ် ကျောင်းစာတွေနဲ့ ပတ်သက်ပြီးလိုအပ်လာမှ Search ကိုသုံးကြတယ်။ လူတွေတော်တော်များများက Entertainment နဲ့ပတ်သက်တဲ့ App တွေ သုံးကြတယ်။ မြန်မာပြည်မှာ Search အတွက် ဈေးကွက်က ဒီလောက်ကြီးပါဦးမလားဆိုတာကို ကျွန်တော်တို့လေ့လာပြီးတော့ ကျွန်တော်တို့ထုတ်ကုန်တွေကို ပုံစံပြောင်းတယ်။ အခုလက်ရှိထုတ်ထားတဲ့ App : Tha Din ဆိုရင် Newscreator လို့ပြောလို့ရပါတယ်။ နောက်တစ်ခုပြောလို့ရတာက Information Directory လို့ ပြောလို့ရပါတယ်။ Information ဆိုတဲ့နေရာမှာ သတင်းတွေပဲမဟုတ်ဘဲနဲ့ Market Price ၊ Gold Price ၊ Weather Forecast တွေ၊ နောက်ပြီး အားကစားနဲ့ ပတ်သက်တဲ့သတင်းတွေ အားလုံးကို အချိန်နဲ့တစ်ပြေးညီ ပြောင်းလဲသမျှ သတင်းတွေကို တစ်နေရာတည်းမှာ ပြနိုင်အောင် ကြိုးစားနေပါတယ်။

အခုလက်ရှိမှာ Content Provider တွေနဲ့ Partnership လုပ်ထားတာတွေ ရှိပါတယ်။ တချို့ Content တွေဆို တန်ရာတန်ကြေး ပေးပြီးဝယ်တာမျိုးတွေရှိတယ်။ ကျွန်တော်တို့လုပ်ငန်းနဲ့ Partner လုပ်ချင်တဲ့သူတွေကို ရှာနေပါတယ်။ Content Publisher တွေအနေနဲ့ ကျွန်တော်တို့နဲ့ လက်တွဲလုပ်ချင်တယ်ဆိုရင် အမြဲတမ်း ကြိုဆိုနေပါတယ်။

ရင်းနှီးမြှုပ်နှံမှုပိုင်း . . .

Seed Round နဲ့ Angle Round Funding အပြီးမှာ 500 Startups ဆိုတဲ့ ကုမ္ပဏီတစ်ခုကနေ ရင်းနှီးမြှုပ်နှံဖို့ ရထားတာရှိပါတယ်။ ကျွန်တော့်ကုမ္ပဏီရဲ့ ဘဏ္ဍာရေးလုပ်ငန်းစဉ်က Round အထိ သုံးကြိမ်ရင်းနှီးမြှုပ်နှံမှု ရရှိပြီးသွားပြီဖြစ်ပါတယ်။ (Bindez ဟာ လက်ရှိအချိန်အထိ Third Round Funding အပါအဝင် အမေရိကန် ဒေါ်လာ ငါးသိန်းကျော် ရင်းနှီးမြှုပ်နှံမှု လက်ခံထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ Ref:www.mmtimes.com)

တခြား ဘယ်လို Product တွေ ရှိပါသလဲ . . .

ကျွန်တော်တို့ကုမ္ပဏီက Software တွေ၊ Business Application တွေရေးတဲ့ ကုမ္ပဏီမဟုတ်ပါဘူး။ ကျွန်တော်တို့ကုမ္ပဏီ ထုတ်ကုန်အနေနဲ့ကြည့်မယ်ဆိုရင် လောလောဆယ်မှာ BtoC ဆိုတဲ့ Business To Consumer ထုတ်ကုန်ထုတ်တဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ နောက်ပြီးမြန်မာစာနဲ့ပတ်သက်တဲ့  မြန်မာစာရဲ့ သဒ္ဒါကိုနားလည်တဲ့ Technology ကျွန်တော်တို့ဆီမှာရှိလို့ ဒါကိုလည်း လိုင်စင်လုပ်ပေးပါတယ်။ ဒါကြောင့် လက်ရှိလုပ်ငန်းအနေနဲ့ ကြည့်မယ်ဆိုရင် BtoC နဲ့ Technology လိုင်စင်လုပ်တာဆိုပြီး နှစ်မျိုးရှိပါတယ်။

Android Application ကိုပဲ အဓိကထားသွားမှာလား . . .

Android က မြန်မာပြည်ရဲ့သုံးစွဲသူအများဆုံးလို့ ပြောလို့ရပါတယ်။ ရာခိုင်နှုန်းအများဆုံးသုံးကြလို့ Android ကိုပဲ အကောင်းဆုံးလုပ်ဖို့ ဦးစားပေးထားပါတယ်။ iOS ကိုတော့ ကျွန်တော်တို့လုပ်ဖို့ စဉ်းစားပါတယ်။ ဒါပေမဲ့ သုံးစွဲတဲ့သူတအားနည်းသလို အသုံးပြုသူတွေက တကယ်ပဲသတင်းဖတ်မယ့် အသုံးပြုတွေလားဆိုတာ ကျွန်တော်တို့ လေ့လာစရာတွေ အများကြီးရှိပါသေးတယ်။ iOS ကိုသုံးစွဲချင်တဲ့သူတွေ ကျွန်တော်တို့ လိုချင်တဲ့ ပမာဏထိရှိမယ်ဆိုရင်တော့ ထပ်လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်မှာတော့ Android ကိုပဲ အကောင်းဆုံးဖြစ်အောင် အရင်လုပ်ချင်ပါတယ်။

အသုံးပြုသူအနေအထား . . .

အခုလက်ရှိမှာ အသုံးပြုသူ ၁၅၀,၀၀၀ လောက် Download ဆွဲထားတာရှိပါတယ်။ လစဉ် တစ်သောင်းကနေ နှစ်သောင်းကြား လက်ရှိအသုံးပြုနေတာတွေရှိပါတယ်။ လောလောဆယ်မှာ သိပ်မများသေးပေမယ့် လာမယ့်ခြောက်လအတွင်းမှာ Marketing နဲ့ Distribution အပိုင်းကို သေသေချာချာ လုပ်သွားဖို့ ရှိပါတယ်။ အဓိက နေ့စဉ်အသုံးပြုသူတွေကို တိုးပွားအောင် လုပ်သွားဖို့ စီစဉ်ထားတာတွေရှိပါတယ်။

နောက်ပိုင်းထပ်ထုတ်မယ့် ထုတ်ကုန်တွေရှိလား . . .

နောက်ပိုင်းထုတ်ကုန်အနေနဲ့ကြည့်မယ်ဆိုရင် ကျွန်တော်တို့က သတင်းပိုင်းကို Recommendation လုပ်ပေးနိုင်တဲ့အပိုင်းကို သွားချင်ပါတယ်။ အသုံးပြုသူဖတ်လိုက်တဲ့ သတင်းအချက်အလက်တွေပေါ် မူတည်ပြီး အသုံးပြုသူတွေကြိုက်မယ့်ဟာတွေကို ကျွန်တော်တို့က အကြံပြုနိုင်ဖို့ လုပ်သွားမယ်။ နောက်ပြီး E-Commerce လုပ်ချင်တာတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ လုပ်မယ်လို့ပြောတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ E-Commerce က ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ သွားချင်တဲ့အပိုင်းဖြစ်ပါတယ်။

Marketing နဲ့ Promotion တွေကို ဘယ်လိုလုပ်သွားမှာလဲ . . .

Digital Marketing အနေနဲ့ Facebook ကို အဓိကထားပြီးတော့ လုပ်နေပါတယ်။ ဒါက Online Marketing အနေနဲ့ဖြစ်ပြီး Offling Marketing ကတော့ သိပ်ကြီးကြီးမားမား မလုပ်ဖြစ်ပါဘူး။ နောက်ပိုင်းတော့ လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။ အခုလက်ရှိ Work.com နဲ့ Partnership လုပ်ထားပြီး လွန်ခဲ့တဲ့အပတ်က မန္တလေးပြပွဲတစ်ခုမှာ ပြခဲ့တာတွေရှိပါတယ်။ လာမယ့်ခြောက်လအတွင်းမှာ Marketing Campaign တွေ ဒီထက်ပိုလုပ်သွားဖို့ရှိပါတယ်။

uyewintko2

Bindez နဲ့ပတ်သက်ပြီး သိစေချင်တာရှိလား . . .

Bindez ကိုစပြီးတည်ထောင်ကတည်းက မြန်မာပြည်မှာရှိတဲ့  အင်တာနက်သုံးတဲ့အသုံးပြုသူတွေကို ကူညီဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တည်ထောင်ခဲ့ပါတယ်။ သတင်းအားလုံးကို တစ်နေရာတည်းမှာ လွယ်လွယ်ကူကူနဲ့ ရရှိနိုင်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်ကောင်းတစ်ခုနဲ့ စခဲ့တယ်လို့ ကျွန်တော်ထင်တယ်။ နောက်တစ်ခုက ကျွန်တော်တို့ ပိုက်ဆံရှာဖို့ဆိုတာထက် ကုမ္ပဏီရဲ့နည်းပညာကြောင့်ပဲဖြစ်ဖြစ်၊ ကုမ္ပဏီရဲ့ထုတ်ကုန်ကြောင့်ပဲဖြစ်ဖြစ် နိုင်ငံနဲ့ဆက်ဆံရေးအပေါ်မှာ တအားဂရုစိုက်တယ်။ ဒီနိုင်ငံအတွက် လုပ်ကိုင်ပေးနိုင်တဲ့ ဒီနိုင်ငံအတွင်းမှာ တခြားသူတွေဆီက ရင်းနှီးမြှုပ်နှံမှုတွေ ယူလာပေးနိုင်တယ်ဆိုရင်တောင် ကျွန်တော်တို့ရဲ့ရည်ရွယ်ချက် တစ်ဝက်လောက်အောင်မြင်နေပြီလို့ ပြောချင်ပါတယ်။ ဒီကုမ္ပဏီ အောင်မြင်သွားတယ်ဆိုတာထက် ဒီကုမ္ပဏီတည်ရှိနေတဲ့အချိန်မှာ ကျွန်တော်တို့ဘာတွေလုပ်ခဲ့လဲ၊ လူတွေအတွက် ဘာတွေကိုအသုံးဝင်အောင် လုပ်ခဲ့လဲဆိုတာ ဦးစားပေးပါတယ်။ Product တစ်ခု၊ Business တစ်ခု အောင်မြင်မှုမရသေးခင် တည်ရှိနေဆဲအချိန်အတွင်း ကျွန်တော်တို့ တတ်နိုင်သလောက် လူ့အသိုင်းအဝိုင်းနဲ့ Community ကို အကျိုးပြုသွားချင်ပါတယ်။ နောက်ပိုင်းမှာလည်း နည်းပညာနဲ့ပတ်သက်ပြီး တခြားကုမ္ပဏီတွေကိုလည်း ကူညီသွားဖို့ရှိပါတယ်။ နယ်တွေမှာလည်း နည်းပညာနဲ့ပတ်သက်ပြီး လူငယ်တွေကို လမ်းညွှန်ပေးတာတွေ၊ Training ပေးနိုင်တာတွေလည်း ရှိပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ဆီမှာ ကျောင်းပြီးစ လူငယ်တွေ အလုပ်ဝင်ပြီး လာလေ့လာနေတာတွေလည်း ရှိပါတယ်။ ဒီလိုမျိုးတွေ ထပ်ပြီးအများကြီးလုပ်သွားနိုင်ဖို့ ကြိုးစားနေပါတယ်။

ဖြူလဲ့မွန်