ကိုယ့်ရဲ့ခံယူချက် ခိုင်မာဖို့လိုပါတယ်

[caption id="attachment_27414" align="alignnone" width="370"]mydecision2Amelia Fawcett
Former Vice Chairman and COO
Morgan Stanley International[/caption]

လွယ်ကူတဲ့ဆုံးဖြတ်ချက်တွေကို လူတိုင်းလုပ်နိုင်တယ်။ ဒါပေမဲ့ ကျွန်မယုံကြည်တာက မန်နေဂျာကောင်းတွေက အများနဲ့မတူတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်တယ်ဆိုတာပါပဲ။

ကျွန်မမှတ်မိနေသေးတာတစ်ခုကတော့ ၁၉၉၃ နှစ်ကုန်ပိုင်းလေးမှာ မှတ်မှတ်ရရ ကုမ္ပဏီအမြတ်အစွန်း မှတ်တမ်းတင်ရခဲ့တယ်ဆိုတာပါပဲ။ အဲဒီတုန်းကကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဒစ်ဖစ်ရှုာ (Dick Fisher) က ဈေးကွက်မှာ ပိုမိုဦးဆောင်နိုင်တဲ့ အနေအထားရောက်ခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်က သူ့ရဲ့အဖွဲ့အစည်းအတွက် ချမှတ်ထားတဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီသလို ပြောင်းလဲမှု အရှိန်မြန်ဆန်လှတဲ့ ကမ္ဘာ့ငွေကြေးဈေးကွက်အရ ပြင်ဆင်ဖို့လည်း လိုနေတဲ့ အခြေအနေအချိန်အခါပါပဲ။ ကမ္ဘာနဲ့တစ်ဝန်း အောင်မြင်ဖို့ဆိုတာ သက်ဆိုင်ရာဒေသတွင်းဆိုင်ရာ ဈေးကွက်တွေမှာလည်း အလိုက်သင့်အောင်မြင်ဖို့ လိုပေမယ့် လက်တွေ့မှာ တချို့ဈေးကွက်တွေမှာ ကျွန်မတို့ နည်းနည်းနောက်ကျနေသလို ဖြစ်နေတယ်။

ဥက္ကဋ္ဌရဲ့ညွှန်ကြားချက်နဲ့အတူ စီမံခန့်ခွဲမှု တာဝန်ယူရသူအားလုံး အခြေအနေအရပ်ရပ်ကိုသုံးသပ်ပြီး အကြံပြုချက်တွေ တင်ပြကြရပါတယ်။ အဓိကကတော့ မိမိနဲ့သက်ဆိုင်ရာ ဈေးကွက်တွေမှာ အောင်မြင်ဖို့ ဘယ်လိုဝန်ထမ်းတွေ လိုအပ်သလဲဆိုတာကအစ သူတို့ကို ဘယ်လိုအားဖြည့်ပျိုးထောင်ပေးရမလဲအဆုံး ပြင်ဆင်ရပါတယ်။ လက်တွေ့ကျတဲ့ အကြံပြုချက်တွေကို ရွေးချယ်အတည်ပြုပြီးတာနဲ့လိုအပ်တဲ့ ဝန်ထမ်းတွေကစ ငှားရမ်းရပါတယ်။ အဲဒီမှာ အရေးကြီးဆုံးဒေသကတော့ ''ဥရောပ'' ဖြစ်ပါတယ်။ ကျွန်မစိတ်ထင်အရ ဥရောပမှာ ကျွန်မတို့ ရင်းနှီးမြှုပ်နှံမှု အားနည်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ ၁၉၉၄ ခုနှစ်မှာ မက်ဆီကိုစီးပွားရေး ကပ်ကြုံရတဲ့အချိန်မှာ ကမ္ဘာ့ငွေကြေးဈေးကွက်စိန်ခေါ်မှု  တွေ့ကြုံလာရပါတယ်။ အဲဒီအချိန်မှာ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ ဝင်ငွေနဲ့အမြတ်တွေ သိသိသာသာ ကျဆင်းနေတာကို ရင်တမမနဲ့ ကြည့်နေရပါတယ်။ တချို့ကုမ္ပဏီတွေဆိုရင် အသုံးစရိတ်တွေစပြီး ဖြတ်ချတာမျိုး လုပ်လာရပါတယ်။ အဲဒါနဲ့ ကျွန်မတို့ဟာ ''ဒစ်ရေ ဒီလိုအခြေအနေမျိုးမှာ ကျွန်မတို့ကော ဝန်ထမ်း ဆက်ငှားဖို့ လုပ်သင့်သေးလား'' လို့ မေးခွန်းထုတ်လာရပါတယ်။ ဒါပေမဲ့ သူက ''ကျွန်တော်တို့ရဲ့ ရေရှည်ရည်ရွယ်ချက်က မှန်နေတော့ ဆက်လုပ်ကြရအောင်'' လို့ ဖြေပါတယ်။ တဖြည်းဖြည်းနဲ့ စီးပွားရေးဆိုးရွားလာတော့ ပြိုင်ဘက်ကုမ္ပဏီတော်တော်များများက ဝန်ထမ်းတွေ လျှော့ချရတဲ့အထိ လုပ်လာရပါတယ်။ ကျွန်မတို့လည်းထပ်ပြီး ''ဆက်လုပ်ရဦးမှာလား'' လို့ မေးတော့ သူက  ''ရေရှည်မဟာဗျူဟာအတွက် မရှိမဖြစ်လုပ်ကို လုပ်ရမယ့်ဟာဖြစ်နေတော့ ဆက်လုပ်ကြပါ'' လို့ တိုက်တွန်းပါတယ်။

[caption id="attachment_27413" align="alignnone" width="720"]mydecision1ခေါင်းဆောင်တွေဟာ ဈေးကွက်မှာ အသာစီးရနိုင်တဲ့အစီအစဉ်တွေ ချမှတ်ဖို့လိုပါတယ်[/caption]

၁၉၉၄ ခုနှစ်ကုန်ပိုင်းထိ တကယ်ခက်ခဲတဲ့နှစ် ဖြစ်ပါတယ်။ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုနယ်ပယ် တစ်ခုလုံးနီးပါးနဲ့ကိုယ့်အဖွဲ့အစည်းတွင်းက လူတချို့ ကန့်ကွက်တဲ့ကြားက ကျွန်မတို့ လုပ်စရာရှိတဲ့အလုပ်ကို ဖြစ်အောင်လုပ်နိုင်ခဲ့ပြီး ဝန်ထမ်းအရေအတွက်ကို ၁၅ ရာခိုင်နှုန်းတိုးမြှင့်ပြီး ခန့်ထားနိုင်ခဲ့ပါတယ်။ အဲဒီ အရေအတွက်ဟာ အဲဒီကာလမှာတော့ တော်တော်များတဲ့ ပမာဏဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်နဲ့ ၁၉၉၆ ခုနှစ်မှာ ကျွန်မတို့ဟာ ဈေးကွက်တိုင်းနီးပါး၊ အထူးသဖြင့် အမေရိကန်နိုင်ငံရဲ့ ပြင်ပတွေမှာ ဈေးကွက်ရာခိုင်နှုန်း တော်တော်များများကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အမှန်အတိုင်းဝန်ခံရရင် ဒီလိုဈေးကွက်တိုင်းမှာ၊ အထူးသဖြင့် ဥရောပဈေးကွက်တစ်ခုလုံးမှာ ဈေးကွက်ချဲ့ထွင်နိုင်ဖို့ အခြေခံကောင်းတွေ တည်ဆောက်နိုင်ခဲ့ပါတယ်။ မှန်ကန်တဲ့ရင်းနှီးမြှုပ်နှံမှုတွေလည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ကျွန်မစိတ်ထင်တော့ ဒစ်ဟာ သူ့ရဲ့ခံယူချက်အတိုင်း သတ္တိရှိရှိ မမှိတ်မသုန် လုပ်ဆောင်ခဲ့လို့လည်း ကျွန်မအပါအဝင် လူတိုင်းကို စိတ်ဓာတ်ရေးရာလှုံ့ဆော်မှု ရရှိစေပြီး သူ့ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ သင်ခန်းစာတစ်ခုကလည်း ရေတိုအခွင့်အရေးနဲ့ ငွေကြေးအကျိုးအမြတ်ကို ဦးစားပေးတာထက် အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်နဲ့လားရာကို သိရှိနေပြီး ရေရှည်အကျိုးအမြတ်အတွက် မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ အစီအစဉ်တွေကို ချမှတ်သင့်တယ်ဆိုတာပါပဲ။ အဆုံးမှာတော့ ဈေးကွက်မှာ ဘယ်လောက်ပဲခက်ခဲနေပါစေ၊ စိန်ခေါ်မှုတွေ ကြုံတွေ့နေရပါစေ၊ မိမိအနေနဲ့ အဖွဲ့အစည်းရဲ့ အခြေခံကျတဲ့ ရေရှည်ခံယူချက်နဲ့လားရာကို ယုံကြည်လက်ခံထားရင် ဘယ်သူတွေပဲ ကန့်ကွက်ပါစေ၊ လူကြိုက်နည်းပါစေ၊ ကိုယ်လုပ်ရမယ့်အလုပ်ကို သတ္တိရှိရှိ ဆုံးဖြတ်လုပ်ကိုင်ဖို့ လိုပါတယ်။

၁၉၉၄ ခုနှစ်မှာ ကျွန်မတို့ဆုံးဖြတ်ထားတာက ရုရှားဟာ အရေးပါတဲ့ဈေးကွက်ကြီး ဖြစ်လာနိုင်တယ်။ အထူးသဖြင့် သဘာဝဓာတ်ငွေ့နဲ့ ပတ်သက်နေပြီး အဲဒီဈေးကွက်ရဖို့ဆိုရင်တော့ အဲဒီမှာ ရုံးဖွင့်ပြီး ပြင်ဆင်ထားရမယ်ဆိုတာပါပဲ။ လောင်းကစားလို့ စွန့်ခဲ့တာပဲလေ။ ၁၉၉၀ ပြည့်နှစ် နှစ်လယ်လောက်စပြီး ရုံးခန်းဖွင့်တယ်။ လူတွေ တဖြည်းဖြည်းခန့်တယ်။ ဒါပေမဲ့ ၁၉၉၈ ခုနှစ်မှာ ရုရှားရဲ့အကြွေးပြဿနာကြောင့် ရုံးခန်းကို ဆက်ဖွင့်ဖို့ အလေးထားစဉ်းစားရမယ့် အခြေအနေ ဖြစ်လာပါတယ်။

ဒါပေမဲ့ ကျွန်မနားလည်ခံယူထားတာက ဈေးကွက်တစ်ခုကို ရဖို့ဆိုရင် အဲဒီဈေးကွက်မှာရှိနေမှသာ အဲဒီဈေးကွက်ကိုရင်းနှီးပြီး ရေရှည်မှာ ဦးဆောင်တဲ့နေရာမှာ ရှိနေမယ်ဆိုတာပါပဲ။ အဲဒါကြောင့်လည်း ပြိုင်ဘက်တွေထွက်သွားပေမဲ့ ကျွန်တော်တို့ ဆက်နေခဲ့တယ်။ အဲဒါကြောင့် နောက်ပိုင်းမှာ ဈေးကွက်နာလန် ပြန်ထူချိန်မှာ ကျွန်တော်တို့က ဦးဆောင်တဲ့နေရာမှာရှိနေခဲ့ပြီး ပြိုင်ဘက်အားလုံးက တော်တော်ကြာမှ ဈေးကွက်ထဲ ပြန်ဝင်လာနိုင်ခဲ့ပါတယ်။

ဘယ်သူမဆို ဆုံးဖြတ်ချက်ချရပါတယ်။ ကျွန်မတို့လည်း နေ့တိုင်းဆုံးဖြတ်ချက်ချရသလို ကျွန်မတို့အတွက် အလုပ်လုပ်ရတဲ့သူတွေလည်း ဆုံးဖြတ်ချက်ချရပါတယ်။ အခက်ခဲဆုံးအခြေအနေကတော့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ခက်ခဲတဲ့ဆုံးဖြတ်ချက်ချရတာမျိုး၊ ဝေဖန်မှုအမျိုးမျိုးကြား လူကြိုက်နည်းတဲ့ ဆုံးဖြတ်ချက်ချရတာမျိုးဟာ အရည်အချင်းစစ်စာမေးပွဲ တစ်ခုပါပဲ။ ရေရှည်အကျိုးအမြတ်အတွက် ကိုယ်ယုံကြည်တဲ့ ရည်ရွယ်ချက်ကို မဆုတ်မနစ်ဆုပ်ကိုင်ထားပြီး သတ္တိရှိရှိ ရှေ့ဆက်တိုးပွားနိုင်သူတွေက ထူးခြားတဲ့ခေါင်းဆောင်တွေပါပဲ။

မှတ်သားဖို့ရာ . . .

၁။ ခေါင်းဆောင်တွေဟာ အဖွဲ့အစည်းရဲ့ ရေရှည်မဟာဗျူဟာနဲ့ ရည်ရွယ်ချက်တွေကို အခြေခံတဲ့ဈေးကွက်မှာ အသာစီးရနိုင်တဲ့ အစီအစဉ်တွေ ချမှတ်ဖို့ လိုပါတယ်။ ရေတိုစိန်ခေါ်မှုအမျိုးမျိုးကို ကြံ့ကြံ့ခံ ရင်ဆိုင်ပြီး မူရင်းရည်ရွယ်ချက်တွေကို ရှင်းရှင်းလင်းလင်းနဲ့ ပြောဆိုရှင်းပြနိုင်ဖို့လည်း လိုအပ်ပါတယ်။

၂။ မိမိရည်ရွယ်ချက်လမ်းကြောင်းကို သွေဖည်စေမယ့် ဆောင်ရွက်မှုတွေ၊ ဝေဖန်မှုတွေ၊ ဝိရောဓိတွေ ကြုံနိုင်ပါတယ်။ အဲဒီလိုအခြေအနေမျိုးကြုံရရင် သက်ဆိုင်တဲ့လူတွေကို ဖိတ်ခေါ်ပြီး သူတို့ရဲ့အမြင်တွေကို လူတွေကြားမှာဖြစ်ဖြစ် တစ်ဦးချင်းဖြစ်ဖြစ် ပြောဆိုဆွေးနွေးခွင့်ပြုပြီး ခေါင်းဆောင်အနေနဲ့ အဖြေတွေ ဖြေကြားနိုင်ဖို့ လိုအပ်ပါတယ်။

mydecision3

Morgan Stanley International

Morgan Stanley ဆိုတာ အမေရိကန်အခြေစိုက် နိုင်ငံတကာငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ကော်ပရေးရှင်းကြီးဖြစ်ပါတယ်။ လုပ်ငန်းရဲ့ ရုံးချုပ်တည်နေရာကတော့ နယူးယောက်မြို့မှာဖြစ်ပြီး ရုံးခန်း အဆောက်အအုံပေါင်း ၁,၃၀၀ ၊ ဝန်ထမ်းပေါင်း ခြောက်ထောင်ကျော်နဲ့ လုပ်ကိုင်လည်ပတ်နေတာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် Scorpio Partnership Global Private Banking Benchmark ရဲ့မှတ်တမ်းအရ Morgan Stanley ရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၁ ဒသမ ၄၅၄ ထရီလီယံရှိပြီး ၂၀၁၃ ခုနှစ်က ပိုင်ဆိုင်မှုမှတ်တမ်းထက် ၁၇ ဒသမ ၅ ရာခိုင်နှုန်း ထပ်တိုးလာကြောင်း ထုတ်ပြန်ထားပါတယ်။

ဒီလုပ်ငန်းကို ၁၉၃၅ ခုနှစ်မှာ J.P Morgan & Co နဲ့အတူ Henrt S . Morgan (J.P Morgan ရဲ့ မြေး) နဲ့ Harold Stanley တို့ အတူတကွ တည်တောင်ခဲ့ကြတာ ဖြစ်ပါတယ်။ Morgan Stanley ဟာ သူ့ရဲ့ဝန်ဆောင်မှုတွေကို အဓိကအနေနဲ့ Global Wealth Management ၊ Institutional Securities နဲ့ Investment Management ဆိုပြီး အပိုင်းသုံးပိုင်းခွဲထားပါတယ်။ Global Wealth Management အဖွဲ့ရဲ့ဝန်ဆောင်မှုကတော့ အကျိုးဆောင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို အကြံပေးတာဖြစ်ပါတယ်။ Institutional Management ကတော့ အမြတ်အများဆုံး ရရှိတဲ့အပိုင်းဖြစ်ပြီး လုပ်ငန်းဆိုင်ရာ ဖွဲ့စည်းပုံစည်းမျဉ်းတွေ ၊ ဘဏ္ဍာရေးဆိုင်ရာအကြံပေးတဲ့ ဝန်ဆောင်မှုနဲ့ လုပ်ငန်းဖျက်သိမ်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းစတဲ့ ဝန်ဆောင်မှုတွေပေးပါတယ်။ Investment Management ကတော့ လုပ်ငန်းပိုင်ဆိုင်မှုဆိုင်ရာ စီမံခန့်ခွဲမှုနဲ့ ရှယ်ယာအရောင်းအဝယ်ဆိုင်ရာတွေမှာ အကြံပေးတာ ဖြစ်ပါတယ်။

mydecision4

၁၉၅၀ ပြည့်နှစ်တွေမှာ Wold Bank ရဲ့ လုပ်ငန်းကိစ္စတချို့ဖြစ်တဲ့ General Motor ရဲ့ ဒေါ်လာသန်းသုံးရာ အကြွေးကိစ္စ ၊ IBM ရဲ့ ဒေါ်လာ ၂၃၁ သန်းတန် Stock Offer နဲ့ AT ရဲ့ ဒေါ်လာသန်း ၂၅၀ အကြွေးကိစ္စတွေမှာ ပူးပေါင်းစီမံရတဲ့ အချိန်ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်မှာတော့ Financial Service လုပ်ငန်းတစ်ခုဖြစ်တဲ့ Dean Witter Reynolds and Discover & Co နဲ့ ပူးပေါင်းလုပ်ခဲ့ပြီး လုပ်ငန်းနာမည်ကိုလည်း Morgan Stanley အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်နှောင်းပိုင်းမှာတော့ Dean Witter ကိုဖြုတ်ပြီး မူလနာမည်ဖြစ်တဲ့ Morgan Stanley ကို လုပ်ငန်းနာမည်အဖြစ် ပြန်လည်ပြုပြင်ခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှာ Morgan Stanley ကနေ Citigroup ပိုင်ဆိုင်တဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့ Smith Barney ကို ဝယ်ယူပြီး Morgan Stanley Smith Barney နာမည်နဲ့ လုပ်ခဲ့ပါတယ်။ နောက်ထပ်ဝင်လာတဲ့ အကျိုးဆောင်အသစ်တွေကလည်း ဒီလုပ်ငန်းနာမည်အောက်မှာ လုပ်ကိုင်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး Wealth Management လုပ်ငန်းဖြစ်လာခဲ့ပါတယ်။

Morgan Stanley ကနေ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ လူနေမှုဘဝအတွက် အကျိုးရှိစေဖို့ ဒေါ်လာတစ်ဘီလီယံ ရင်းနှီးမြှုပ်နှံမှုပြုလုပ်မှာဖြစ်တယ်လို့၂၀၁၃ ခုနှစ်မှာ အသိပေးကြေညာခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ Morgan Stanley ရဲ့ရုံးခန်းတွေဟာ နိုင်ငံပေါင်း ၄၃ နိုင်ငံမှာ ရှိနေပြီဖြစ်ပါတယ်။

ဒေါက်တာသာထွန်းဦး