ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အလုပ်ထွက်တယ်ဆိုတာ မလွယ်တဲ့ကိစ္စပါ။ သင်ဟာ မစားရတဲ့အမဲ သဲနဲ့ပက်သလို ပရမ်းပတာလုပ်မယ်ဆိုရင် သိပ်လွယ်ပေမယ့် အဲဒါဟာ သင်မလုပ်သင့်ဆုံးနည်းပါပဲ။ ဒါကြောင့် Richard Branson နဲ့ Suze Orman တို့ အပါအဝင် အောင်မြင်သူခုနစ်ဦးက အလုပ်ထွက်ဖို့ အကောင်းဆုံး အကြံဉာဏ်တွေကို LinkedIn ကတစ်ဆင့် ဖွင့်ဟမျှဝေပေးထားကြပါတယ်။
Branson ဟာ သူတစ်သက်လုံး စွန့်ဦးထွင်လုပ်ငန်းရှင် ဖြစ်ခဲ့တာကြောင့် ''ကျုပ်အလုပ်ထွက်ပြီဗျာ'' လို့ ပြောရမယ့် အလုပ်ရှင်သူဌေးဆိုတာ သူ့မှာမရှိခဲ့ပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ကိုယ်ပိုင် စွန့်ဦးထွင်လုပ်ငန်းသစ်တွေ လုပ်ကိုင်ဖို့ သူ့ရဲ့ Virgin ကုမ္ပဏီကို စွန့်ခွာတဲ့ ပင်ကိုစွမ်းရည်ပြည့် ဝန်ထမ်းတွေရှိပါတယ်။ သူတို့ဟာ သူ့ဆီက အဆင်ပြေစွာ နှုတ်ထွက်ပြီး ဆက်လက်အောင်မြင်သွားသူတွေ ရှိတယ်လို့ သူကပြောတယ်။
''သူတို့က အရင်ကုမ္ပဏီတွေကို ဆုတောင်းပေးကြပြီး ထွက်သွားပေမယ့် ကျုပ်တို့တွေနဲ့ မိတ်မပျက်ပါဘူး။ အနာဂတ်မှာ ပူးပေါင်းလုပ်ကိုင်ဖို့ အခွင့်အလမ်းတွေ ရှိလာပါလိမ့်မယ်'' လို့ Virgin Group တည်ထောင်သူ Branson က ပြောပါတယ်။
သူပေးတဲ့အကြံက ''သင့်ရဲ့အကြောင်းပြချက်ကိုရှင်းပြပါ။ သင့်အနာဂတ်စိတ်ကူးကို မျှဝေပြီး အမြဲဆက်သွယ်ဖို့ အားထုတ်ပါ။ အနာဂတ်မှာ ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူမှမသိပါဘူး''တဲ့။ သင် အပင်ပန်းခံဖန်တီးခဲ့တဲ့ ဆက်ဆံရေးတွေကို ဆက်ထိန်းထားဖို့ အရေးကြီးပါတယ်။ မစားရတဲ့အမဲ သဲနဲ့မပက်ခင် စဉ်းစားဆင်ခြင်ပါ။ အပြုသဘော ဆောင်ပါ။
“သင့်လိပ်ပြာက ရှေ့ဆက်သွားခိုင်းရင် သင်လိုက်နာပါ''လို့ Suze က ရေးထားတယ်။ Suze ဟာ အဲဒီအသိစိတ်ကြောင့် CMB မှာ ၁၃ နှစ်ကြာ အပိုင်းပေါင်း ၆၃၈ ပိုင်း လွှင့်ပြီးတော့ သူ့အစီအစဉ်ကို ရပ်ဆိုင်းခဲ့ပါတယ်။ ''လွန်ခဲ့တဲ့ တစ်နှစ်က တစ်မိနစ်မှာ ကျွန်မအိပ်ရာကနိုးတော့ Suze Orman Show အစီအစဉ် အဆုံးသတ်ဖို့ အချိန်တန်ပြီဆိုတာ ကျွန်မသိလိုက်တယ်။
ကျွန်မ အသစ်တစ်ခုပြောင်းလုပ်ဖို့ အချိန်ကျမှန်း ရင်ထဲကသိတယ်'' လို့ Suze က သူ့ရဲ့ ဆုံးဖြတ်ချက်ကို ရှင်းပြတယ်။
''ရှင်ဟာ လွဲမှားတဲ့ အကြောင်းရင်းတွေကြောင့် အလုပ်မထွက်ဘဲ ဆက်နေရင် နောက်ဆုံး ရှင်ထွက်ခွာတဲ့အခါ ရှင့်စိတ်ကြိုက်ပုံစံအတိုင်း ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ နုတ်ထွက်ဖို့ လိုအပ်ကြောင်း ရိပ်မိတဲ့စေ့ဆော်မှုကြောင့် ကျွန်မအမျက်ထွက်ပြီး၊ ဒါမှမဟုတ် နောင်တရပြီး ထွက်ခွာစရာ မလိုတော့ဘူး'' တဲ့။
“ကျွန်တော်မြင်တာက နှုတ်ထွက်တာဟာ ကျရှုံးလို့မဟုတ်ပါဘူး။ လားရာပြောင်းလဲခြင်းသာ ဖြစ်တယ်။ လူတွေက နှုတ်ထွက်တာကို ကျရှုံးမှုနဲ့ တန်းတူသတ်မှတ်လို့ ကျွန်တော်က နှုတ်ထွက်ခြင်းအစား တစ်ပတ်လှည့်ခြင်းလို့ သုံးချင်တယ်။ နှုတ်ထွက်တာဟာ မဟာဗျူဟာတစ်ခု၊ ဒါမှမဟုတ် အလုပ်တစ်ခုမှ နှုတ်ထွက်တာ မဟုတ်လို့ ကျရှုံးမှုလို့ သဘောမထားသင့်ဘူး။ ကျွန်တော်တို့ လုပ်သမျှအရာတိုင်း မအောင်မြင်နိုင်ပါဘူး'' လို့ Robert က ပြောပါတယ်။ မြှုပ်ကွက်ကတော့ သင်ဘယ်နေရာမှာတော်မှန်း ရှာဖွေဖို့ဖြစ်ပြီး အဲဒီအခွင့်အရေးဟာ နှုတ်ထွက်တဲ့အခါ မကြာခဏ ပေါ်ပေါက်တတ်ပါတယ်။ ဒါကြောင့် အဲဒါဟာ အဆိုးထဲက အကောင်းထွက်ခြင်း ဖြစ်တယ်၊ ပိုမိုကောင်းမွန်တဲ့ အရာတစ်ခုဘက်ကို လှည့်ပြောင်းဖို့ အခွင့်အရေးဖြစ်တယ်လို့ သူက ဆိုပါတယ်။
“သင့်အလုပ်နှုတ်ထွက်စာ သွားတင်တဲ့အခါ သင့်အလုပ်ရှင်က ကျေးဇူးပြုပြီး မထွက်ပါနဲ့'' လို့ ပြောတဲ့အခါမျိုး သင့်ဘဝမှာ ရှိကောင်းရှိလိမ့်မယ်။ သူက သင့်ကိုလစာတိုးပေးပြီး မယုံနိုင်ဖွယ် အခွင့်အရေးတွေနဲ့ ပိုကောင်းတဲ့ အထူးခံစားခွင့်တွေပေးဖို့ ကတိပြုချင်ပြုဦးမယ်။
''ကျွန်မ သိတာကတော့ ရှင်ဆက်လုပ်စရာမလိုဘူး၊ ရှင်ထွက်ဖို့ လိုတယ်လို့ ပြောပါရစေ'' လို့ Careerealim ရဲ့ စီအီးအိုကရေးတယ်။ ဘာကြောင့်လဲ၊ တကယ်လို့ တန်ပြန်ကမ်းလှမ်းမှုကို လက်ခံပြီး သင်ဆက်လုပ်မယ်ဆိုရင် သင့်ကုမ္ပဏီက သင့်ကိုဆက်မယုံတော့ဘူး။ သူတို့တောင်းပန်ရအောင်လုပ်လို့ သင့်ကို သူတို့က ငြိုးလိမ့်မယ်။
သင့်ရဲ့ပြန်လည်နိုးထတဲ့ စိတ်ထက်သန်မှုလည်း လျင်မြန်စွာပြယ်သွားပြီး နောက်ဆုံးမှာ သင်နုတ်ထွက်သွားရပါလိမ့်မယ်။ အဲဒါဆို သင်ပံ့ပိုးခဲ့ပြီး သင့်ကို ငြင်းပယ်တဲ့ကုမ္ပဏီရယ် သင့်အလုပ်ရှင်ရယ်ကို သင်နာကြည်းရလိမ့်မယ်။ သင်နှုတ်ထွက်တဲ့အခါ သင်စာရိတ္တကောင်းပြီး ငွေမက်လို့ မဟုတ်ကြောင်း ပြသပါ။
Yahoo! ကုမ္ပဏီဥက္ကဋ္ဌ Maynard ဟာ သူ့တစ်သက်မှာ တစ်ခါပဲ အလုပ်ထုတ်ခံရဖူးပါတယ်။ သူ ၁၃ နှစ်အရွယ်က Mr. Donut ဆိုင်မှာ အိမ်သာသန့်ရှင်းရေး လုပ်ခဲ့ရပြီး အဲဒီအတွေ့အကြုံက သူ့ကို သူ့စိတ်ကြိုက်ပုံစံအရ အလုပ်မှနှုတ်ထွက်ခြင်း အနုပညာတတ်မြောက်စေခဲ့ပါသတဲ့။ သူပေးတဲ့ အကြံဉာဏ် တချို့ကတော့ -
(က) အနာဂတ်အကြောင်းချည်း မစဉ်းစားဘဲ ပစ္စုပ္ပန်ကိုလည်း အာရုံစိုက်ပါ
ချောမောစွာ ကူးပြောင်းဖို့ ဆောင်ရွက်ပါ။ သင့်ထွက်ခွာမှုအတွက် ပြင်ဆင်ဖို့ အားလုံးကို အချိန်လုံလောက်စွာ ပေးပါ။ အလုပ်မထွက်ခင် နှစ်ပတ်လောက် ကြိုတင်အသိပေးတာ မလုံလောက်တတ်ဘူး။ အကြီးတန်းရာထူးတွေအတွက် သုံးလေးပတ်ကြို အသိပေးဖို့ လိုပါတယ်။
(ခ) အစဉ်အမြဲ ကြော့ရှင်းပြီး ပရော်ဖက်ရှင်နယ်ပီသစွာ ပြုမူပြပါ
လူတွေမှာ မေ့မရစရာတွေ အများကြီး ရှိကြပါတယ်။ ကိုးကားရည်ညွှန်းချက်တွေကို စစ်ဆေးတဲ့အခါ သင်ထင်သလို မဖြစ်တတ်ဘူး။
(ဂ) သင် သစ္စာမဲ့တယ်လို့ အောက်မေ့အောင် ဘယ်သူ့မှ လုပ်ခွင့်မပြုပါနဲ့
သင့်ကုမ္ပဏီရဲ့ တွေးခေါ်ပုံက ရှေးကျလွန်းပြီး ကြောက်စိတ်နဲ့စီမံခန့်ခွဲနေရုံမက သင်အလုပ်ထွက်လို့ သင့်လိပ်ပြာမလုံသလို ခံစားရအောင်လုပ်ရင် သင်အဲဒီမှာ ဆက်မလုပ်သင့်ဘူး။ သင်အလုပ်မထွက်မချင်း အကောင်းဆုံးလုပ်ပြပြီးမှ နှုတ်ထွက်ခြင်းအတွက် စိတ်ကြည်လင်မှုရှိပါစေလို့ Webb က ပြောပါတယ်။
ကျွန်တော်က မနှုတ်ထွက်ပါဘူး။ အဲဒါထက် ပိုဆိုးပါတယ်လို့ စွန့်ဦးထွင်လုပ်ငန်းရှင် Altucher က ရေးထားပါတယ်။ တစ်ခါက ငြီးငွေ့စရာအစည်းအဝေးတစ်ခု တက်နေတုန်း သူက ခွင့်တောင်းပြီး သန့်စင်ခန်းဆီ ထသွားတယ်။ ''ကျွန်တော် ခြေထော့နင်းထော့နင်းနဲ့ အစည်းအဝေးခန်းထဲကထွက်ပြီး ဧည့်ကြိုစာရေးမကို တာ့တာလို့ ပြောသွားတယ်။ ကျွန်တော့် ရုံးခန်းတံခါးမှန်ပေါ်မှာ ကျွန်တော့်နာမည် ရှိချင်ရှိဦးမယ်။ ကျွန်တော် ၄၉ ထပ်ကနေ မြေညီကို ဓာတ်လှေကားနဲ့ဆင်းပြီး မြောက်ဘက်စူးစူး မိုင်ခုနစ်ဆယ်ကွာတဲ့အရပ်ကို ရထားစီးသွားတယ်။ အဲဒီအလုပ်ကို လုံးဝပြန်မသွားဘူး'' လို့ သူက ပြောတယ်။ သူ့ရဲ့လုပ်ရပ်ဟာ သမားရိုးကျ မဆန်သလို ကြော့ရှင်းယဉ်ကျေးစွာ နှုတ်ထွက်နည်းလည်း မဟုတ်ပေမယ့် တော်ပြီ တန်ပြီဆိုတဲ့အခါ ထွက်ခွာရမှာပါတဲ့။
''တစ်ခါတလေ ကိုယ်လုံးဝမလှုပ်ယှက်နိုင်တဲ့အထိ၊ အိပ်ရာကမထနိုင်တဲ့အထိ အဓိပ္ပာယ်မဲ့တဲ့ကိစ္စတွေ များပြားလာတတ်တယ်ဗျ။ ကျွန်တော်ထွက်ခွာပုံက ကျင့်ဝတ်နဲ့မညီညွတ်ဆုံး မဟုတ်ပေမယ့် ကျေနပ်စရာမကောင်းတဲ့အလုပ်နဲ့ ဆန္ဒမပြည့်ဝစေတဲ့အလုပ်ကို စွန့်ခွာရလို့ ဝမ်းမနည်းပါဘူး။
အရေးကြီးဆုံးအချက်က ငွေကြေးရည်မှန်းချက်၊ ဒါမှမဟုတ် စည်းစိမ်တချို့ရဲ့ အဓိပ္ပာယ်အစား ခင်ဗျားဘဝမှာ အဓိပ္ပာယ်အစစ်အမှန်ကို ရှာဖို့ပဲဖြစ်တယ်''လို့ Altucher က ပြောပါတယ်။
GE Transportation နဲ့ GE Power System တို့လို CEO ဟောင်းဖြစ်သူ Nardelli ဟာ အဲဒီကုမ္ပဏီက နုတ်ထွက်ဖို့ ခဲရာခဲဆစ် ဆုံးဖြတ်ခဲ့ရပါသတဲ့။ အဲဒီဆုံးဖြတ်ချက်မချခင် စေ့စပ်သေချာပြီး တွေးဆဆင်ခြင်မှုရှိအောင် အရင်လုပ်ရတယ်လို့ ဆိုပါတယ်။
သူ့ရဲ့လမ်းညွှန်ချက် သုံးချက်ကတော့ -
(က) ထွက်မပြေးပါနဲ့
သင်ဟာ စိတ်တင်းကျပ်လို့၊ ဒါမှမဟုတ် မကျေမချမ်းဖြစ်လို့ နောက်မှ နောင်တရစေမယ့် ဆုံးဖြတ်ချက်မျိုး မချပါနဲ့။
(ခ) သင့်အလုပ်သစ်ဟာ သင့်ယခင်အလုပ်ထက် ပိုကောင်းသင့်တယ်
သင်ဟာ သိပ်ကောင်းတဲ့ ကုန်အမှတ်တံဆိပ်ရှိပြီး သိပ်တော်တဲ့ခေါင်းဆောင်တွေ မွေးထုတ်ပေးတဲ့ မှတ်တမ်းရှိတဲ့ အဆင့်မြင့်ကုမ္ပဏီကြီးတစ်ခုမှာ လုပ်ခွင့်ရရှိထားရင် တခြားအလုပ်ပြောင်းလုပ်ဖို့ ဆန္ဒသိပ်မစောပါနဲ့။
(ဂ) သင် ဘာကိုရှာဖွေနေမှန်း သင်ကိုယ်တိုင်သိပါစေ
သင်ဟာ လုံးဝခြားနားတဲ့လုပ်ငန်းကို ပြောင်းလုပ်ချင်လို့လား၊ အဲဒီအလုပ်မှာ သင်ကြိုက်တာရှိလို့လား။ ရာထူးအသစ်မှာ သင်စွမ်းဆောင်ရရှိနိုင်မယ့်အရာနဲ့ လက်ရှိအလုပ်ရယ်၊ လက်ရှိကုမ္ပဏီက သင့်ရဲ့ ရှေ့အလားအလာရယ်ကို ရိုးသားပြီး ပွင့်လင်းစွာ သင်နှိုင်းယှဉ်ကြည့်ပါလို့ Nardelli က အကြံပေးပါတယ်။
သင် သေချာစဉ်းစားပြီး နုတ်ထွက်ဖို့ ဆုံးဖြတ်ပြီးပြီဆိုတဲ့အခါ နည်းမှန်လမ်းမှန်နဲ့လုပ်ပြီး သင် ကျောခိုင်းထားရစ်ခဲ့မယ့်လူတွေကို သင်ဘယ်တော့မှ မမေ့ပါစေနဲ့။ သူတို့နဲ့ သင် ဘယ်တော့ပြန်တွေ့ဆုံဦးမယ်ဆိုတာ သင်ဘယ်သိနိုင်မှာလဲလို့ သူက ပြောပါတယ်။
ဟိဏ်းကိုကို