သင့်ရာထူးအဆင့်တိုင်းအတွက် အောင်မြင်သူတို့ပေးတဲ့ အကောင်းဆုံးအကြံဉာဏ်

bestadvice1

ကျွန်မအသက် ၂၀ ကျော်၊ ၂၅ နှစ်ဝန်းကျင်က မီဒီယာလုပ်ငန်းကြီးတစ်ခုရဲ့ PR (ပြည်သူ့ဆက်ဆံရေးဌာန) မှာ စတင်အမှုထမ်းပြီး တစ်နှစ်ခန့်အကြာမှာ ကျွန်မရဲ့ကြီးကြပ်ရေးမှူးက တခြားကုမ္ပဏီကို ပြောင်းရွှေ့သွားလို့ သူ့ရာထူးကို ကျွန်မဆက်ခံရပါတယ်။ ကျွန်မဟာ အရင်ကတည်းက ဝန်ထမ်းတွေကို စီမံခန့်ခွဲခဲ့ဖူးပေမယ့် အမှုထမ်းအတော်များများက ကျွန်မဆီအစီရင်ခံတာ၊ နောက်ပြီး အတော်လေးဖြုံစရာကောင်းတဲ့ ပုဂ္ဂိုလ်တချို့အပါအဝင် အကြီးတန်းအရာရှိ အတော်များများနဲ့လည်း ညှိနှိုင်းစီမံဆောင်ရွက်ရတဲ့ ကုမ္ပဏီကြီးတစ်ခုမှာ လုပ်ရတာကတော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

အရာရှိတွေနဲ့ လက်တွဲလုပ်ကိုင်ရာမှာ ကျွန်မရဲ့ဌာနမှူးက အချုပ်အချယ်ကင်းမဲ့ပြီး ခိုင်မာတဲ့ သူ့ရဲ့ လုပ်နည်းလုပ်ဟန်ကို အတုခိုးစေချင်တာကြောင့် သူ့ရဲ့ချဉ်းကပ်နည်းကို ကျွန်မပုံတူကူးချရင် ကျွန်မအောင်မြင်လိမ့်မယ်လို့ ယူဆမိပါတယ်။ ကြီးကြပ်ရေးမှူးအသစ်ဖြစ်တဲ့ ကျွန်မဟာ တစ်ပတ်အကြာမှာ ကျွန်မရဲ့ဌာနမှူး ဖြစ်စေချင်တဲ့ပုံစံနဲ့ အယ်ဒီတာချုပ်ကို စကားပြောတော့ အဆင်မပြေပါဘူး။ ''ငါ့ကိုဒီလေသံနဲ့ စကားပြောဖို့ နင့်အသက်က သိပ်ငယ်ပါသေးတယ်'' လို့ ဝါရင့်အယ်ဒီတာချုပ်မမက ပြန်ပြောပါတယ်။ သူနဲ့ကျွန်မရဲ့ဆက်ဆံရေး အဆင်ပြေဖို့ ကျွန်မကအတော်ကြာကြာ ပြန်ကြိုးစားရပါတယ်။ (ကံကောင်းချင်တော့ ကျွန်မအောင်မြင်သွားပြီး သူနဲ့ကျွန်မအခုထိလည်း အဆက်အသွယ်ရှိကြပါတယ်)။ ဒါပေမဲ့ ကျွန်မဟာ ကိုယ်နဲ့မတူတဲ့ တခြားသူတစ်ဦးလိုမပြုမူဘဲ ကိုယ့်မူကိုယ့်ဟန်အတိုင်းလုပ်ရမယ်ဆိုတဲ့သင်ခန်းစာကို ကျွန်မအကြီးတန်းမန်နေဂျာဖြစ်တဲ့အထိ တောက်လျှောက်လိုက်နာကျင့်သုံးခဲ့ပါတယ်။ သင့်အလုပ်အကိုင် ရာထူးအဆင့်ဆင့်မှာရရှိတဲ့ ဗဟုသုတတွေဟာ တန်ဖိုးရှိတဲ့ ကိရိယာတန်ဆာပလာတစ်ခုဖြစ်နိုင်ပေမယ့် ကာလအတော်ကြာမှ အဲဒါကို သင်သဘောပေါက်တတ်ပါတယ်။ သင့်ကိုကူညီလမ်းပြဖို့အတွက် ရာထူးတာဝန်အဆင့်ဆင့်မှာရရှိခဲ့တဲ့ သင်ခန်းစာတွေကို မျှဝေပေးဖို့ အောင်မြင်တဲ့ပုဂ္ဂိုလ်တချို့ကို ကျွန်မတို့မေးမြန်းခဲ့ပါတယ်။

(Jessica Kleiman, VP, PR for Hearst Magazines & Co-author of Be Your Own Best Publicist: How to Use PR Techniques to get Noticed, Hired and Rewarded at Work)

၁။ သင်ဟာအလုပ်သင်တစ်ဦးဖြစ်နေတဲ့အခါ အခွင့်အရေးရတိုင်း သင်လက်ထောင်ပြပါ။

သင်ဟာအလုပ်သင်တစ်ဦးအနေနဲ့ ဝန်ထမ်းငှားရမ်းရေးမန်နေဂျာတွေ၊ ထိပ်တန်းအရာရှိတွေနဲ့ ဆုံဆည်းနိုင်ပါတယ်။ အခုချိန်မှာ ကုမ္ပဏီတွေက လုပ်အားပေးတွေ (Interns)ကို ရနိုင်သမျှလိုချင်နေတာကြောင့် သင်လေ့လာဖို့ သိပ်ကောင်းတဲ့ အတွေ့အကြုံဖြစ်ကောင်းဖြစ်နိုင်တဲ့ စီမံကိန်းတွေမှာ ဝင်လုပ်ဖို့ လက်မနှေးပါနဲ့။ သင့်မှာရှိတဲ့ အစွမ်းအစတွေကို သင့်အထက်လူကြီးကို ပြလိုက်ပါ။ သင်ဟာ လူသစ်ဖြစ်တာကြောင့် သင့်ကို သိပ်အထင်ကြီးမှာမဟုတ်တော့ သင်ကပညာယူတဲ့သဘောနဲ့ ချဉ်းကပ်နိုင်ပါတယ်။

[caption id="attachment_28799" align="alignnone" width="720"]bestadvice2စီမံကိန်းတွေမှာ ဝင်လုပ်ဖို့ လက်မနှေးပါနဲ့[/caption]

ဒစ်ဂျစ်တယ်ဈေးကွက်မြှင့်တင်ရေးအရာရှိ 'ရှရယ်ဗစ်တာလဲဗီး' ဟာ အစ်သာကာကောလိပ်တက်တုန်းက စီးပွားရေးလုပ်ငန်းကုမ္ပဏီတွေရဲ့ အရောင်းမြှင့်ဗီဒီယိုတွေ ဖန်တီးရိုက်ကူးပေးတဲ့ ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုမှာ အလုပ်သင်ဝင်လုပ်ခဲ့ပါတယ်။ အဲဒီကုမ္ပဏီဟာ လူသိများတဲ့ ဟဒယရွှင်ဆေးအစီအစဉ်တင်ဆက်တဲ့ နိုက်ကလပ်တစ်ခုရဲ့ပွဲတွေကို ရိုက်ကူးထုတ်လွှင့်ပေးတဲ့ ပထမဆုံးကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။ ''အဲဒီ အစီအစဉ်ရိုက်ကူးတော့ စတူဒီယိုထဲမှာ ကျွန်မစေတနာ့ဝန်ထမ်းအဖြစ် ပါဝင်တာကြောင့် ထုတ်လုပ်မှုဖြစ်စဉ်ကို အနီးကပ်ဆည်းပူးခွင့်ရတယ်။ နာမည်ကျော် လူရွှင်တော်တချို့နဲ့တွေ့ဆုံရပြီး ဒီကုမ္ပဏီရဲ့ပိုင်ရှင်နဲ့လည်း လက်တွဲလုပ်ကိုင်ရတယ်။ နောက်ဆုံးတော့ သူတို့ကြောင့် USA  Network နဲ့ MTV  Network ရုပ်သံကုမ္ပဏီကြီးတွေမှာ ကျွန်မအလုပ်ဝင်လုပ်ဖြစ်ခဲ့တယ်။ အဲဒါဟာ ကျွန်မရဲ့ အလုပ်အကိုင်သက်တမ်းအစပိုင်းမှာ သိပ်ပျော်ရတဲ့ အလုပ်တွေပါပဲ''လို့ သူကပြောပါတယ်။

၂။ သင်ပထမဆုံးအလုပ်စတင်လုပ်ကိုင်နေတဲ့အခါ အသေးအဖွဲကိစ္စအတွက် စိတ်မပူပါနဲ့။

အွန်လိုင်းအယ်ဒီတာ ဂျင်နီဖာဒဲလ်မင်းဟာ အလုပ်ဝင်ခါစတုန်းက သူ့ထက်ဝါရင့်တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးက ''နောက်ဆုံးတော့လည်း ဒီအလုပ်ကရှင်းလင်းတင်ပြချက်တစ်ခု၊ ဒါမှမဟုတ် ဘလော့ဂ်ပို့စ်တစ်ခု၊ ဒါမှမဟုတ် အီးမေးလ်တစ်စောင်ပါပဲ'' လို့ပြောခဲ့ဖူးသတဲ့။ ဂျင်နီဖာဟာ အလုပ်တစ်ခုလွဲချော်သွားတဲ့အခါ အဲဒီစကားက သူ့ကိုအထောက်အကူပြုကြောင်း သိရှိခဲ့တယ်။ ''အလုပ်ဝင်ခါစမှာ အမှားတစ်ခု၊ ကျရှုံးမှုတစ်ခု၊ ဒါမှမဟုတ် စိန်ခေါ်မှုတစ်ခုက ကိုယ့်ရဲ့အလုပ်အကိုင်ကို အောင်မြင်စေမလား၊ ရှုံးနိမ့်စေမလားလို့ စိုးရိမ်ပူပင်တတ်ပါတယ်။ စီမံကိန်းတစ်ခုကြားမှာညှပ်ဖို့၊ ဒါမှမဟုတ်ဝေဖန်မှု၊ ဒါမှမဟုတ် အပျက်သဘောဆောင်တဲ့ တုံ့ပြန်မှုတွေပေါ်လာတဲ့အခါ တိုက်စစ်ဆင်ဖို့က လွယ်ပါတယ်'' လို့ သူကပြောပါတယ်။

သင်ဟာတလွဲလုပ်မိပြီး သင့်မန်နေဂျာကသင့်ကို စိတ်ဆိုးတဲ့အခါ၊ အားလုံးပြီးဆုံးသွားတဲ့အခါ သင့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတာဟာ ပိုကြီးကျယ်တဲ့ကိစ္စတွေကြားမှာ အသေးအဖွဲလေးသာ ဖြစ်နိုင်ပါတယ်။ ကျွန်မတို့ရဲ့ အလုပ်ရှင်သူဌေးအပါအဝင် ကျွန်မတို့အားလုံး အခါအားလျော်စွာ တလွဲလုပ်တတ်ကြပါတယ်။ အရေးကြီးတဲ့အချက်က အမှားကနေ သင်ခန်းစာယူပြီး နောက်ထပ်မလုပ်မိဖို့ပဲ ဖြစ်ပါတယ်။

၃။ သင့်ရဲ့ပထမဆုံးစီမံခန့်ခွဲရေးရာထူးထမ်းဆောင်တဲ့အခါ သင့်အဖွဲ့က အရေးကြီးပါတယ်။

သင်ဟာ ကြီးကြပ်ရေးမှူးအသစ်ဖြစ်တဲ့အခါ ပထမဆုံးအကြိမ် ကိုယ်စားလှယ်လွှဲခြင်းဟာ အမြဲတမ်းအခက်အခဲတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ သင့်အဖွဲ့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို နားလည်ဖို့က ပိုအရေးကြီးကြောင်း ဈေးကွက်မြှင့်တင်ရေးမန်နေဂျာ ဆာနမ်ဂန်ချီက တွေ့ရှိခဲ့ပါတယ်။ လူတစ်ဦးချင်းစီကို ဘယ်အရာက လှုံ့ဆော်သလဲဆိုတာ သိသင့်ပါတယ်။ ''တချို့ကစိန်ခေါ်ဖို့ လိုအပ်တယ်လို့ ထင်မှတ်နေခိုက်မှာ သူများတွေကကောင်းတဲ့ အားဖြည့်မှု၊ ဒါမှမဟုတ် အသိအမှတ်ပြုမှုတွေလိုအပ်ပြီး တခြားသူတွေက သွန်သင်မှုနဲ့ပံ့ပိုးမှုတွေ လိုကောင်းလိုအပ်မယ်။ သင်ဟာစီမံခန့်ခွဲမှုကို အထက်ပိုင်းကနေဖြစ်ဖြစ်၊ အောက်ပိုင်းကနေဖြစ်ဖြစ်၊ ဒါမှမဟုတ် တန်းတူလုပ်နေတာပဲဖြစ်ဖြစ် တူညီတဲ့ရည်ရွယ်ချက်ပန်းတိုင်ဆီ အတူလုပ်ကိုင်သွားဖို့အတွက် အဖွဲ့ကို အားဖြည့်ပေးမယ့် လှုံ့ဆော်မှုလက္ခဏာတွေကို ထည့်တွက်တာက အထောက်အကူဖြစ်ကြောင်း ကျွန်တော်တွေ့ရပါတယ်'' လို့ တန်ချီက ပြောပါတယ်။

လက်လီအရောင်းမန်နေဂျာကင်ဆက်ကိုးကလည်း ''ခိုင်မာတောင့်တင်းတဲ့အဖွဲ့ကို တည်ဆောက်တာဟာ အမှုထမ်းတစ်ဦးစီရဲ့ခွန်အားတွေနဲ့ အားနည်းချက်တွေကို အရုပ်ဆက်ဉာဏ်စမ်းကစားနည်းရဲ့ အပိုင်းအစလေးတွေ ဆက်စပ်ပေးသလိုဖြစ်တယ်။ သင်ဟာ အကုန်လုံးလိုက်မလုပ်နိုင်တော့ ကိုယ့်ထက်တော်တဲ့လူတွေက သင့်ကိုဝန်းရံထားတာ အကောင်းဆုံးပါပဲ''လို့ပြောပါတယ်။

[caption id="attachment_28800" align="alignnone" width="720"]bestadvice3သင့်ဆန္ဒတွေ သိအောင်တော့လုပ်ပါ၊ ကြောက်စိတ်က အဟန့်အတားမဖြစ်စေနဲ့[/caption]

၄။ သင်ဟာ အကြီးတန်းစီမံခန်ခွဲသူဖြစ်တဲ့အခါ သင်လိုချင်တာတောင်းဆိုဖို့မကြောက်ပါနဲ့။

သင်ဟာ အောက်ခြေကနေအထက်ကိုတက်သွားနေတဲ့အခါ သင့်ကိုရှေ့ဆက်တိုးစေတာက ဘယ်အရာလဲဆိုတာ စဉ်းစားဖို့အရေးကြီးပါတယ်။ ဘာလင်မြို့ရှိ ဒစ်ဂျစ်တယ် တေးထုတ်လုပ်ရေးကုမ္ပဏီတစ်ခုရဲ့ လူထုဆက်ဆံရေးဌာနဥက္ကဋ္ဌအဲလစ္စဆားဟာ ဒီနေ့အထိ အသုံးဝင်သေးတဲ့ သင်ခန်းစာတစ်ခုကို အတိတ်မှာ ရရှိခဲ့ပါတယ်။ ''မိမိကိုယ်ကိုအဆင့်မြှင့်တင်ဖို့ လက်ဦးမှုရယူပါ။ သင်သာလျင် သင့်ကိုအားပေးသူဖြစ်ပြီး သင့်အလုပ်ရှင်ကသင့်စိတ်ကို မဖျောက်ဖျက်နိုင်ပါ။ သင်ဟာ တစ်ခုထက်ပိုလုပ်ချင်ရင်၊ ဒါမှမဟုတ် စီမံကိန်းတွေ ထပ်ပြီးလုပ်ကိုင်ချင်ရင် သင့်အလုပ်က အလိုအလျောက် သက်သေဖြစ်လာမယ်လို့ မယူဆပါနဲ့။ သင်လိုချင်တာကိုပြောပါ။ အလုပ်ကိုချပြပြီး သင်ဟာ အရည်အချင်းပြည့်မီကြောင်း သင့်အလုပ်က ထောက်ခံပါလိမ့်မယ်''လို့ သူက ပြောပါတယ်။ အဲလစ္စဟာ နယူးယောက်မြို့ရှိ အင်တာနက်ကုမ္ပဏီတစ်ခုမှာ ညွှန်ကြားရေးမှူးဖြစ်လာတော့ ပြည်ပမှာအလုပ်သွားလုပ်ချင်တဲ့ ဆန္ဒရှိတယ်။ ဒါကြောင့် သူဟာ စီမံခန့်ခွဲရေးဌာနက အကြံပေးတဲ့အထိမစောင့်ဘဲ လန်ဒန်ရုံးခွဲကိုပြောင်းရွှေ့ပေးဖို့ အထက်အရာရှိတွေကို စဉ်းစားခိုင်းတော့ သူတို့က သဘောတူကြတယ်။ ''ကျွန်မလိုချင်တာကို မပြောပြရင် အဲဒါဖြစ်လာမှာ မဟုတ်ဘူး။ သိပ်နားပူနားဆာ မလုပ်နဲ့။ ဒါပေမဲ့ သင့်ဆန္ဒတွေ သိအောင်တော့လုပ်ပါ။  ကြောက်စိတ်က အဟန့်အတားမဖြစ်စေနဲ့။ ရဲရဲသာလုပ် ဖြစ်သင့်ဖြစ်ထိုက်ရင် တကယ်ဖြစ်လာမှာပါ''လို့ သူက ပြောပါတယ်။

၅။ သင်ဟာအမှုဆောင်အရာရှိကြီးဖြစ်တဲ့အခါ သင့်လုပ်ငန်းအတွက် အကောင်းဆုံးဖြစ်မယ့် ဆုံးဖြတ်ချက်တွေ ချမှတ်ပါ။

သင်ဟာလုပ်ငန်းခွင်မှာ အောက်ခြေကနေထိပ်ပိုင်းကို ရာထူးတက်လာတဲ့အခါ နောက်ဆုံးမှာ သင့်လုပ်ဖော်ကိုင်ဖက်တွေလို့ သဘောထားခဲ့တဲ့လူတွေကို စီမံခန့်ခွဲရပါတယ်။ 'အကြောင်းအရာနဲ့ ဈေးကွက်မြှင့်တင်ရေး နည်းဗျူဟာပညာရှင်ဆူဆန်ရှုလ်ဟာ အယ်ဒီတာချုပ်ပေါက်စဘဝတုန်းက သူ့မဂ္ဂဇင်းတိုက်မှာ ထိပ်တန်းရာထူးတစ်ခုခန့်အပ်ဖို့ သူ့ရဲ့သူငယ်ချင်းနှစ်ယောက်ကြား ရွေးရခက်နေခဲ့ပါတယ်။ သူသဘောကျသူကိုရွေးချယ်ပြီး အပယ်ခံရတဲ့သူနဲ့ ဆက်ဆံရေးကို ဘယ်လိုဆက်ပြီး ထိန်းသိမ်းရမလဲ စဉ်းစားရပါတယ်။ ဘက်လိုက်မှုကင်းအောင်လို့ စာမူတည်းဖြတ်မှုစာမေးပွဲကို သူက 'လူ' မကြည့်ဘဲ 'မူ' အရသာ ဖတ်ရှုစစ်ဆေးပါတယ်။ သူလိုလားသူကိုရွေးချယ်ပြီးတဲ့အခါ အရွေးမခံရတဲ့ သူငယ်ချင်းအနေနဲ့ အတော်ဆုံးလူကို သမာသမတ်ကျစွာ ရွေးချယ်ကြောင်း နားလည်ပေးနိုင်အောင်လို့ လူရွေးချယ်မှုဖြစ်စဉ်ကို အတိအကျရှင်းပြပါတယ်။ ''ကျွန်မစိတ်မကောင်းပါဘူး။ ဒါပေမဲ့ ဆုံးဖြတ်ချက်အပေါ် ယုံကြည်မှုရှိတယ်။ အလုပ်အတွက်အကောင်းဆုံးက ဘာဖြစ်မလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖို့လိုတယ်။ ကိုယ့်မှာရှိတဲ့ စိတ်ခံစားချက် ဝိရောဓိတွေကို ဘေးဖယ်ရမယ်။ ကုမ္ပဏီရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ဦးစားပေးတာက ကိုယ့်လုပ်ရပ်အပေါ် အမြင်ကြည်လင်စေတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ လူတွေကို တလေးတစား ဆက်ဆံဖို့ကလည်း အရေးကြီးတယ်။ ကိုယ်က တာဝန်ရှိသူဖြစ်ရုံနဲ့ လူ့ခွစာအဖြစ် မခံသင့်ဘူး''တဲ့။

သင့်အလုပ်ဟာ ဘယ်အဆင့်မှာပဲရှိရှိ သင်က အကောင်းဆုံး ဖြစ်ချင်ပါတယ်။ တစ်ခါတလေ သင့်ဆရာထက် သင်ပိုသိတယ်လို့ အောက်မေ့ပေမဲ့ တချို့အသိပညာဗဟုသုတတွေဟာ အတွေ့အကြုံနဲ့တိုးတက်မှု ရှိမှရတာပါ။ ဒါကြောင့် စိတ်ရှည်သည်းခံပါ။ အထက်က လူတွေပြောတာ နားထောင်ပါ။ စောင့်ကြည့်ပါ။ သင့်ကို တောက်လျှောက်ပံ့ပိုးမယ့် မြင်ဆရာ၊ သင်ဆရာတွေကို ရှာဖွေပါ။

Ref: Businessinsider

စိုးသိဏ်း