စံံချိန်စံညွှန်းသတ်မှတ်ထားရှိခြင်း (BENCHMARKING)

benchmarking

လုပ်ကိုင်ပြီးမြောက်မှုကို တိုင်းတာခြင်း (Measuring Performance)

-------------------------

စံချိန်စံညွှန်းများသတ်မှတ်ထားရှိခြင်းသည် လုပ်ငန်းလုပ်ဆောင်ပြီးမြောက်မှုကို တိုင်းတာသိရှိနိုင်သည်။ စံချိန်စံညွှန်းများကိုသုံး၍ လုပ်ဆောင်မှုကို အကဲဖြတ်နိုင်ပြီး လုပ်ငန်းအတွင်း လုပ်ဆောင်မှုအမျိုးမျိုးအတွက် သတ်မှတ်ချက်များ ထားရှိနိုင်သည်။

ခြုံငုံတင်ပြခြင်း

---------------

စံချိန်စံညွှန်းများထားခြင်း၏ ရည်ရွယ်ချက်မှာ လုပ်ငန်းစွမ်းရည် အရည်အသွေးကောင်းမွန်ရန်နှင့် အကောင်းဆုံး လုပ်ကိုင်နည်းရရန်တို့ဖြစ်သည်။ သို့မှသာ ယှဉ်ပြိုင်နိုင်မှု အားကောင်းပြီး အလုပ်လုပ်သူများအနေဖြင့် လိုအပ်သလို ပြောင်းလဲ၍ ပိုမိုကောင်းမွန်စွာလုပ်ရန် အာရုံစိုက်မည်ဖြစ်သည်။ စံချိန်စံညွှန်းသတ်မှတ်ခြင်း လေးမျိုးခွဲ၍ လုပ်နိုင်ကြောင်း အောက်တွင်ဖော်ပြထားသည်။

တိုင်းတာမှုစံများ သတ်မှတ်ခြင်း

-----------------

အချက်အလက်အတိုင်းအတာများ တိကျမှန်ကန်၍ အသာစီးပေးမှုမရှိရ။ ပြင်ပအဖွဲ့အစည်းကို တာဝန်ပေး၍ လက်တွေ့တိုင်းတာခြင်းဖြင့် မှန်ကန်တိကျမှုရှိပြီး တိမ်းစောင်းခြင်းရှိမည်မဟုတ်ပေ။

အောင်မြင်သောစံများရရှိရန်မှာ လူတိုင်းတစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေပြီး လုပ်ငန်းကို နားလည်သဘောပေါက်ရမည်။ မည်သည်ကို မည်သည့်အကြောင်းကြောင့် တိုင်းတာရသည်ကို သိကြရမည်ဖြစ်သည်။ လိုအပ်သော ပစ္စည်းကိရိယာများရှိပြီး အချိန်ပေးရန်လည်းလိုသည်။

စံချိန်စံညွှန်းများသည် လက်တွေ့ကျ၍ ဖြစ်နိုင်ခြေလည်းရှိရမည်။ ကုမ္ပဏီတစ်ခုလုံး ထိန်းသိမ်းထားပြီး ပိုမိုကောင်းမွန်ရန်ကိုပါ ကြိုးစားရမည်။ ကုမ္ပဏီအတွင်းစံနှင့် ပြင်ပမှစံများကို သတိဖြင့် စောင့်ကြည့်ရမည်။

စံချိန်စံညွှန်းများထားရှိအသုံးပြုခြင်းကို အစဉ်တစိုက်လုပ်ရမည်ဖြစ်ပြီး အပြောင်းအလဲများရှိလျှင် စံများ၊ အပြောင်းအလဲများ မြန်ဆန်စွာ ပြုလုပ်ရမည်။ အခြေအနေဖြင့်မကိုက်ညီသောစံများကို သုံးခြင်းမှာ မဆီလျော်ဘဲ ပိုအရေးပါလာသောလုပ်ငန်းများကို လျစ်လျူရှုထားခြင်းမှာလည်း လွဲမှားခြင်းဖြစ်သည်။ ပိုမိုအကျိုးရှိရန်မှာ လုပ်ငန်းတွင်း အလုပ်များဆန်းစစ်ရုံဖြင့်မပြီးဘဲ မိမိ၏ဝယ်သူများ၊ ပြိုင်ဘက်များနှင့် အခြားလုပ်ငန်းစု ကုမ္ပဏီများကိုပါ သတိထားစောင့်ကြည့်ရန် လိုအပ်သည်။ သို့မှသာ စံချိန်စံညွှန်းများထားခြင်းသည် လတ်တလော ဖြစ်ပေါ်နေသော အကြောင်းအရာတို့ကိုအလေးထားပြီး ပြီးခဲ့သောကာလဖြစ်ရပ်များကိုသာ ကျဉ်းမြောင်းစွာ သုံးသပ်နေခြင်းဖြစ်မည်မဟုတ်ပေ။ လုပ်ငန်းပြိုင်ဘက်များ၏ လုပ်ဆောင်မှုနှင့် အခြားလုပ်ငန်းစုများမှ တီထွင်ဆန်းသစ်၍ စွမ်းဆောင်အောင်မြင်မှုကောင်းသော လုပ်ငန်းများ၏ စံရည်စံညွှန်းကိုပမာထား၍ မိမိလုပ်ငန်းများကိုပါ ယှဉ်ပြိုင်တိုးတက်အောင် စွမ်းဆောင်အောင်မြင်မည်ဖြစ်သည်။

ဒေါက်တာဒေါ်ရီရီမြင့် (ပါမောက္ခ-ငြိမ်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်)