အပန်းဖြေခရီးထွက်ရတဲ့ အဓိကအချက်က လုပ်ငန်းခွင်ကနေ အနားယူနိုင်ဖို့ ဖြစ်ပါတယ်။ ကိုယ့်အလုပ်ကနေ ခွင့်ယူပြီး ခရီးသွားနေတဲ့အချိန် မလိုလားအပ်တဲ့ အနှောင့်အယှက်မျိုးတွေ ဝင်လာလို့ ခရီးစဉ် (ခွင့်ရက်) တောင် မဆုံးခင် အလုပ်ပြန်ဝင်ရတာမျိုး ဖြစ်မလာစေဖို့ ကိုယ်မရှိဘဲ လုပ်ငန်းကောင်းကောင်းမွန်မွန်နဲ့လည်ပတ်နိုင်မယ့် စနစ်ကောင်းကောင်း ရှိဖို့လိုပါတယ်။ အားလပ်ရက်ခရီးထွက်လို့ လုပ်ငန်းခွင်မှာ ကိုယ်မရှိတဲ့အချိန် ကိုယ့်ရဲ့ဖောက်သည်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ အဆင်ပြေစေဖို့ အခုဖော်ပြပေးမယ့် အချက်ငါးချက်ကို လိုက်နာဖို့ အကြံပြုလိုပါတယ်။
၁။ ဘယ်တော့ခွင့်ယူမယ်ဆိုတာ အသိပေးထားပါ။
ကိုယ်ပုံမှန်ဆက်သွယ်ရတဲ့ အဆက်အသွယ်တွေကို ကိုယ်ခရီးမထွက်ခင် တစ်ပတ်လောက်အလိုမှာ ထပ်ပြီး အသိပေးထားမှ သူတို့တွေအနေနဲ့ လုပ်စရာရှိတာတွေကို အစီအစဉ်တကျ ပြင်ဆင်ထားနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး ဦးစားပေးအနေနဲ့ ကိုယ်ဘယ်အချိန်ကနေ ဘယ်အချိန်အထိ ခရီးထွက်နေမယ်ဆိုတာနဲ့ ဘယ်ရက်တွေမှာ ဘယ်နှကြိမ်လောက် Email စစ်ဖြစ်မယ်ဆိုတာ အလိုအလျောက် အကြောင်းပြန်ပေးမယ့် Email တစ်စောင်ဖန်တီးထားသင့်ပါတယ်။ Email မှာ ချက်ချင်းအကူအညီလိုတဲ့ကိစ္စမျိုးဆို ကိုယ့်အစားဆက်သွယ်နိုင်မယ့် လူရဲ့နာမည်၊ ဖုန်းနံပါတ်၊ Email လိပ်စာတွေကိုလည်း တစ်ခါတည်းထည့်ပြီး ဖန်တီးထားရပါမယ်။ ဘယ်တော့လောက် အလုပ်ပြန်ဝင်မယ်၊ ဆက်သွယ်လို့ရမယ်ဆိုတဲ့ အသံ Message နဲ့ ကိုယ်ပြန်လာတဲ့အခါမှာ ကိုယ့်ဆီကို ပို့ထားတဲ့ Email တွေကို ပြန်စစ်နိုင်အောင် Outlook Reminder တစ်ခုကိုလည်း ဖန်တီးတည်ဆောက်ထားခဲ့သင့်ပါတယ်။
၂။ ကိုယ့်တာဝန်တွေ လွှဲခဲ့လို့ရမယ့် လုပ်ဖော်ကိုင်ဖက်ကို ရွေးချယ်ပါ။
ကိုယ်ခရီးသွားနေတဲ့အချိန်မှာ ဘယ်သူ၊ ဒါမှမဟုတ် ဘယ်သူတွေကတော့ ကိုယ့်တာဝန်တွေကို အစားယူပေးနိုင်မလဲဆိုတာ သတ်မှတ်ထားပါ။ ပြီးတော့ ဖြစ်လာနိုင်တဲ့ ပြဿနာအမျိုးမျိုးကို သူတို့အတွက် အနှောင့်အယှက်မဖြစ်ဘဲ ဖြေရှင်းနိုင်တာလည်း သေချာပါစေ။ ကိုယ်ခရီးမထွက်ခင်မှာ ကိုယ့်အလုပ်ရှင်၊ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေကို ကိုယ့်ရဲ့အရေးကြီးတဲ့လုပ်ငန်းတွေကို ကိုယ့်အစား ဘယ်သူတာဝန်ယူပေးထားတယ်ဆိုတာနဲ့ ပတ်သက်ပြီး အသိပေးဖို့ အစည်းအဝေးတစ်ခု ပြုလုပ်ပါ။ အစည်းအဝေးကျင်းပတာဟာ သူတို့ကို ကျေးဇူးတင်ဖို့ အခွင့်အရေးတစ်ခုအနေနဲ့ အသုံးချပါ။ ခရီးက ပြန်လာတဲ့အခါမှာလည်း သူတို့အတွက် တန်ဖိုးသိပ်မကြီးပေမဲ့ အမှတ်တရအဖြစ် လက်ဆောင်တွေတော့ ဝယ်လာပေးဖို့ မမေ့ပါနဲ့။ လူတိုင်းဟာ သူတို့ကြိုးစားပြုလုပ်ပေးတဲ့အပေါ်မှာ အသိအမှတ်ပြုခံချင်ကြပါတယ်။
၃။ လုပ်ရမယ့်အလုပ်တွေကို ပြုပြင်မွမ်းမံပါ။
ကိုယ့်ရဲ့လုပ်ငန်းတွေကို ယာယီတာဝန်ယူပေးမယ့်လူက ကိုယ်လုပ်ရတဲ့ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ကျွမ်းဝင်မှုမရှိဘူးဆိုရင် ဘာကိုဘယ်လိုလုပ်ရတယ်၊ ဘာပြီးရင် ဘာလုပ်ရတယ်ဆိုတာတွေကို အဆင့်နဲ့ လိုရင်းတိုရှင်း သေသေချာချာ ပြထားသင့်ပါတယ်။ ဒီလိုလုပ်ထားတာကြောင့် သင်လုပ်ရမယ့်အလုပ်တွေကို သင့်ရဲ့တာဝန်ကို ယာယီလွှဲယူထားတဲ့ လုပ်ဖော်ကိုင်ဖက်အနေနဲ့ အလွယ်တကူနဲ့ သိနားလည်ပြီး သင့်ကိုကူညီပေးနိုင်မှာဖြစ်ပါတယ်။
၄။ အရေးကြီးတဲ့ လျှို့ဝှက်ကုတ်နံပါတ်တွေ ဘယ်မှာရနိုင်မယ်ဆိုတဲ့ စာရင်းကိုထားပေးထားပါ။
လုပ်ဖော်ကိုင်ဖက်အနေနဲ့ ကိုယ့်ရဲ့ကွန်ပျူတာဖွင့်ပြီး လုပ်စရာရှိတာတွေကို ဆက်လုပ်နိုင်စေဖို့ လျှို့ဝှက်ကုတ်နံပါတ်တွေကို စာရင်းပြုလုပ်ပေးထားခဲ့သင့်ပါတယ်။ တကယ်လို့ သင့်လုပ်ဖော်ကိုင်ဖက်က Email ဖွင့်မရတာတို့၊ ကွန်ပျူတာမှာ မှတ်ထားတဲ့ ဘယ်ဖောက်သည်တွေနဲ့ ဘယ်နေ့မှာ တွေ့ရမယ်ဆိုတာတို့ကို မသိဘူးဆိုရင် ကိုယ့်ဖောက်သည်တွေကိုလည်း ဆုံးရှုံးရနိုင်သလို ကိုယ့်ရဲ့အနားယူချိန်ကိုလည်း လာပြီးထိခိုက်နိုင်ပါတယ်။
၅။ ကိုယ်ခရီးမထွက်ခင် ကိုယ့်ရုံးခန်းကို သန့်ရှင်းရေးပြုလုပ်ပေးခဲ့ပါ။
ဒီလိုလုပ်ပေးခဲ့တာက ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေဆီက ကျေးဇူးတင်တာခံရစေမယ့်အပြင် ခရီးကပြန်ရောက်လာတဲ့အခါမှာလည်း စိတ်ကြည်နူးမှုကို ရရှိစေမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့စားပွဲအံဆွဲသာမကဘဲ အလုပ်က ကြောင်အိမ်နဲ့ ရေခဲသေတ္တာထဲမှာ ပုပ်သိုးလွယ်တဲ့ အစားအစာတွေ ထည့်ထားမိလားဆိုတာ စစ်ကြည့်ပါ။ ကိုယ့်ရဲ့စားပွဲက ရှုပ်ပွနေရင် မသွားခင်အရင် ရှင်းလင်းခဲ့ပါ။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက်က ကြည့်ရင် ရှင်းရှင်းလင်းလင်း ဖြစ်နေအောင်ထိ ဂရုတစိုက် ရှင်းလင်းခဲ့ပါ။ ကိုယ့်လုပ်ငန်းနေရာက မီးခလုတ်တွေ၊ အားသွင်းကြိုးတွေ၊ စားပွဲတင်အသံစနစ်ကြိုးတွေနဲ့ မီးပလပ်ပေါက်ကနေ လျှပ်စစ်ပစ္စည်းကို ဆွဲယူနိုင်တဲ့အရာတွေမှန်သမျှကို ဖြုတ်ထားပြီး လျှပ်စစ်စွမ်းအင်ကို ချွေတာပါ။ ခရီးမထွက်ခင် ပြင်ဆင်မှုတွေကို နှံနှံစပ်စပ်လုပ်ခဲ့တာက အနားယူတဲ့အခါမှာ သက်သောင့်သက်သာဖြစ်စေဖို့အတွက် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။