စတုတ္ထအကြိမ်မြောက် မြန်မာ့ဘဏ်လုပ်ငန်းနှင့် ငွေကြေးဆိုင်ရာ ဆွေးနွေးပွဲ (Banking and Finance Conference 2016) ကို ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၈ ရက်က ရန်ကုန်မြို့ရှိ Sula Shangri-La ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို နိုင်ငံပေါင်းဆယ်နိုင်ငံကျော်က ဘဏ်လုပ်ငန်းနှင့် ငွေကြေးဆိုင်ရာကဏ္ဍတွေက ကျွမ်းကျင်သူပေါင်း ၂၅၀ ကျော်တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံဘဏ်လုပ်ငန်းကဏ္ဍမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပြောင်းလဲမှုတွေနဲ့ တိုးတက်မှုတွေ၊ အသွင်ကူးပြောင်းရေး ဆောင်ရွက်ချက်တွေကို ဆွေးနွေးခဲ့ပါတယ်။ ဒါအပြင်ပွဲကို ပြည်တွင်းဘဏ်ပေါင်း ၂၅ ခုကျော် ရှိတဲ့အထဲက အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (AGD Bank) ၊ ဧရာဝတီဘဏ် (AYA Bank) ၊ သမဝါယမဘဏ် (CB Bank) ၊ ကမ္ဘောဇဘဏ် (KBZ Bank) နဲ့ ရိုးမဘဏ် (YOMA Bank) အပြင် နိုင်ငံခြားဘဏ်တွေဖြစ်တဲ့ ANZ Bank ၊ Tokyo Mitsubishi Bank ၊ Cathay United Bank နဲ့ Security Bank Corporation Bank တို့က တာဝန်ရှိသူတွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ ပွဲကို တက်ရောက်လာခဲ့တဲ့ ဘဏ်လုပ်ငန်းပညာရှင်တချို့ကို တွေ့ဆုံပြီး မေးမြန်းဖြစ်ခဲ့တာကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
ဒေါ်ခင်ချောစု
Chief Finance Officer (CFO)
KBZ Bank
ဒီပွဲမှာ ဘယ်အချက်တွေကို အဓိကဆွေးနွေးခဲ့တယ်ဆိုတာ . . .
ဒီပွဲမှာ ဘဏ်လုပ်ငန်းကဏ္ဍတိုးတက်အောင် နိုင်ငံတကာဘဏ်တွေနဲ့ ဘယ်လိုလက်တွဲလုပ်ကြမယ်၊ Digital Channel ကိုလည်း ဒီထက်ပိုပြီးအောင်မြင်အောင် ဘယ်လိုမျိုးဆောင်ရွက်ကြမယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး အဓိကဆွေးနွေးဖြစ်ပါတယ်။
၂၀၁၆ ခုနှစ် ဘဏ်လုပ်ငန်းအလားအလာအပေါ်အမြင် . . .
ကျွန်မအနေနဲ့ ဘဏ်လုပ်ငန်းမှာ အများကြီးပြောင်းလဲဖို့ အလားအလာမရှိဘူးလို့ မြင်ပါတယ်။ ပွဲမှာလည်း Speaker တွေက မနှစ်ကဆွဲခဲ့တဲ့ Plan တွေ၊ မပြီးပြတ်သေးတဲ့ Plan တွေကို အခုထက် အပြီးသတ်လုပ်ကြဖို့ (Execution) ကိုပဲ ပြောခဲ့တာကို သတိထားမိပါတယ်။ World Economic Forum ကလည်း မြန်မာနိုင်ငံကို ၈.၆ ရာခိုင်နှုန်း Growth (Projected) ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။ တကယ်တော့ စီးပွားရေးလုပ်ငန်း ကဏ္ဍတစ်ခု ဖွံ့ဖြိုးဖို့ဆိုရင် ဘဏ်လုပ်ငန်းကဏ္ဍတစ်ခုတည်းတင်မကဘဲ တခြားလုပ်ငန်းကဏ္ဍတွေကလည်း ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့လိုပါတယ်။ အခုလောလောဆယ်မှာတော့ အစိုးရသစ်တက်တာလည်း သိပ်မကြာသေးသလို၊ သူတို့ရဲ့စီမံချက်တွေက ဘာလဲဆိုတာကိုလည်း ကွဲကွဲပြားပြား မပြသသေးပါဘူး။ ဒါကြောင့် ကျွန်မအနေနဲ့ ဒီနှစ်မှာ Transparency ရှိဖို့က အရေးကြီးတယ်လို့ ပြောချင်ပါတယ်။ ဘဏ်လုပ်ငန်းကဏ္ဍမှာတင် မဟုတ်ဘဲ ဘယ်လုပ်ငန်းကဏ္ဍပဲဖြစ်ဖြစ် Corporate Governance (ကောင်းမွန်သောအုပ်ချုပ်မှု) ရှိဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။
နိုင်ငံခြားဘဏ်တွေ ဝင်ရောက်လာမှုအပေါ်သုံးသပ်ချက် . . .
အရင်က မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ သန်းတစ်ရာတန် ပရောဂျက်ဆိုရင် ရင်းနှီးမြှုပ်နှံမှုပမာဏ တော်တော့်ကို များတယ်လို့ သတ်မှတ်ခဲ့ကြပေမဲ့ အခုအချိန်မှာတော့ ပရောဂျက်တိုင်းလိုလိုက အမေရိကန်ဒေါ်လာ သန်း ၈၀ ကနေ သန်းတစ်ရာကြားမှာ ရှိနေတာကိုတွေ့ရပါတယ်။ ဒါပေမဲ့တကယ်တမ်း မြန်မာနိုင်ငံရဲ့ Infrastructure ကဏ္ဍဖွံ့ဖြိုးဖို့ Project Financing တွေ အများကြီးလိုအပ်နေသေးတယ် ဆိုတာကိုလည်း တွေ့ရပါတယ်။ ဒီလို Infrastructure Project တွေ အများကြီး လိုအပ်နေတာကြောင့် သူတို့တွေရဲ့ Financing တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ဆိုတာ ကျွန်မတို့ ပြည်တွင်းဘဏ်တွေချည်းပဲ လုပ်လို့အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့်လည်း ဗဟိုဘဏ်က နိုင်ငံခြားဘဏ် ၁၃ ဘဏ်ကို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်ဖို့အတွက် လိုင်စင်ပေးထားတာ ဖြစ်ပါတယ်။ နိုင်ငံခြားဘဏ်တွေနဲ့ ပြည်တွင်းဘဏ်တွေ ပူးပေါင်းဆောင်ရွက်ကြတဲ့အခါမှာ မြန်မာနိုင်ငံရဲ့ တိုးတက်မှုနှုန်းက ပိုပြီးမြန်လာမယ်လို့ ကျွန်မအနေနဲ့ မြင်ပါတယ်။
နိုင်ငံတကာမှာ ဘဏ်ခွဲတွေဖွင့်တဲ့အခါမှာတွေ့ရတဲ့ အခက်အခဲ . . .
ကျွန်မတို့ဘဏ်အနေနဲ့ စင်ကာပူနဲ့ ထိုင်းမှာ ဖွင့်ဖို့ခွင့်ပြုချက်ရတာက Representative Office တွေဖြစ်ပါတယ်။ Rep Office တွေက ဘဏ်ခွဲနဲ့လုံးဝမတူပါဘူး။ Rep Office တွေ ဖြစ်တဲ့အတွက် ကျွန်မတို့ရဲ့ Operation ပိုင်းအနေနဲ့ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံချင်တဲ့ကုမ္ပဏီတွေကို အကြံဉာဏ်ပေးတာတွေလောက်ပဲလုပ်ဖြစ်ဖို့ များပါတယ်။ Banking Service ကိုတော့ ပေးနိုင်ဦးမှာ မဟုတ်သေးပါဘူး။ တကယ်လို့ Service ပေးခဲ့ရင်တောင် ကျွန်မတို့အနေနဲ့ Regulators တွေဖြစ်တဲ့ Bank of Thailand(BOT) နဲ့ Monatry of Singapore (MAS) ကနေ လိုင်စင်ထပ်လျှောက်ဖို့လိုမှာဖြစ်ပါတယ်။ လောလောဆယ်မှာ ကျွန်မတို့က မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံချင်တဲ့ကုမ္ပဏီတွေကို အကြံပေးဖို့ သက်သက်ပဲ လိုင်စင်ရထားသေးတာ ဖြစ်ပါတယ်။
BREXIT ကြောင့် မြန်မာပြည်ရဲ့ ဘဏ်လုပ်ငန်းတွေမှာ ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်မလဲ . . .
အခုအချိန်မှာ လူတိုင်းက GBP Currency Devaluation (တန်ဖိုးလျော့မှု) နဲ့ ပတ်သက်ပြီး တော်တော်လေး စိတ်ပူနေကြပါတယ်။ ဒါပေမဲ့ ကျွန်မအနေနဲ့ ဒါကချက်ချင်းဖြစ်မှာမဟုတ်ဘဲ နောက်နှစ်နှစ်လောက် အချိန်ယူဦးမယ်လို့ မြင်ပါတယ်။ Referendum လုပ်တယ်ဆိုတာက UK မှာရှိတဲ့ ပြည်သူလူထုရဲ့ဆန္ဒကို Vote လုပ်ပြီး ပြောသွားတာပဲရှိပါသေးတယ်။ UK အစိုးရက EU မှာသွားပြီး Section 50 Lisbon Treaty အဆိုပြုတဲ့အခါကျမှ Exit ကို Formally လုပ်လို့ရမှာဖြစ်ပါတယ်။ ဒါကြောင့် တကယ်တမ်းထွက်တဲ့အချိန်က နှစ်နှစ်လောက် ကြာနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။ တကယ်ထွက်လာတဲ့အခါမှာလည်း ကျွန်မတို့ မြန်မာနိုင်ငံနဲ့ EU ၊ UK နဲ့ ချုပ်ထားတဲ့ Trade Treaty တွေအပါအဝင် စာချုပ်စာတမ်းတွေကို ပြန်ချုပ်ဖို့လိုလာမယ်လို့မြင်ပါတယ်။
ဦးစိုးလင်း
Deputy Managing Director
Corporate Banking Head
AYA Bank
ဘဏ်တွေအနေနဲ့ နိုင်ငံခြားမှာ ဘဏ်ခွဲသွားဖွင့်ရတဲ့ရည်ရွယ်ချက် . . .
ကျွန်တော်တို့ Market ကို Moniter လုပ်ကြည့်နေတဲ့အခါမှာ ဘာလို့နိုင်ငံတကာကဘဏ်တွေက မြန်မာပြည်ကို လာနေတာလဲဆိုတာကို အရင်ဆုံးအဖြေရှာရပါတယ်။ ဒါဟာဘာလို့လဲဆိုရင် သူတို့ရဲ့ Corporate လုပ်ငန်းတွေက မြန်မာပြည်ထဲကို ဝင်လာတဲ့အတွက်ကြောင့် Financial ပိုင်းကို Support ပေးနိုင်ဖို့အတွက် သူတို့တွေက လိုက်လာတာဖြစ်ပါတယ်။ နောက်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ တဖြည်းဖြည်း တိုးတက်လာတဲ့အခါမှာ မြန်မာ့စီးပွားရေးတိုးတက်လာတဲ့အခါမှာ မြန်မာကုမ္ပဏီတွေဟာ နိုင်ငံခြားတိုင်းပြည်တွေမှာ စီးပွားရေးအခွင့်အလမ်းတိုးတက်ဖို့အတွက် သွားရှာလာကြမှာဖြစ်ပါတယ်။ အဲဒီလို သူတို့သွားရှာတဲ့အခါမှာ ကျွန်တော်တို့ကလည်း အခုဒီနိုင်ငံခြားဘဏ်တွေလိုပဲလိုက်ရမယ်။ ဒါပေမဲ့ မလိုက်ခင်မှာ ကျွန်တော်တို့ဘဏ်တွေက အရင်ဆုံးဝင်ရောက်ထားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဧရာဝတီဘဏ်အနေနဲ့လည်း နိုင်ငံခြားမှာ ဘဏ်တွေ သွားဖွင့်ဖို့စီစဉ်နေတာ ရှိပါတယ်။
Credit Bureau မဖွဲ့ခင် Credit Card ထုတ်တာက ဘယ်လို Risk တွေရှိပါသလဲ . . .
လောလောဆယ် Credit Card မရှိခင် ဘဏ်တွေက Centralize မဖြစ်သေးတာကြောင့် Customer တစ်ယောက်ဟာ ကိုယ့်ဘဏ်ကနေ ငွေမချေးထားဘူးဆိုပေမဲ့ တခြားဘယ်ဘဏ်ကနေ ချေးထားတာ ရှိ မရှိ ဆိုတာကိုလည်း မသိနိုင်ဘူးဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဘဏ်ကနေ Credit Card လျှောက်တဲ့ Customer က ဧရာဝတီဘဏ်ရဲ့ Customer ဖြစ်ဖို့လိုတဲ့အပြင် သူ့ရဲ့ Employee Track Record ကို ကျွန်တော်တို့ကြည့်ပြီး သူ့ရဲ့လစာပေါ်မူတည်ပြီးတော့ပဲ Credit Card ကိုပေးပါတယ်။
Hal Bosher
Chief Finance Officer (CFO)
Advisor to CEO
Yoma Bank
အစိုးရက Sanction တွေ ဖြေလျှော့ပေးလိုက်တာကြောင့် ဖြစ်လာနေတဲ့အကျိုးဆက်အပေါ်အမြင် . . .
ကျွန်တော့်အနေနဲ့ ဒါဟာ မြန်မာနိုင်ငံအတွက် တကယ်ကို အကျိုးရှိတဲ့ ခြေလှမ်းတစ်လှမ်းလို့ မြင်ပါတယ်။ အရင်သမားရိုးကျ ဘဏ်လုပ်ငန်းစနစ်တစ်လျှောက်မှာ နိုင်ငံရဲ့ နေရာအနှံ့အပြားကို ဘဏ်တွေရောက်အောင် ကြိုးစားနိုင်ခဲ့တာကလည်း ဘဏ်တွေအတွက် ကောင်းတဲ့အကျိုးရလဒ်တစ်ခုကို ရရှိလာပါတယ်။ မြန်မာနိုင်ငံတွင်းကို ဝင်လာတဲ့ နိုင်ငံတကာဘဏ်တွေကိုလည်း ပြည်တွင်းဘဏ်တွေအနေနဲ့ Clarify လုပ်ဖို့ လိုတယ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။ မြန်မာနိုင်ငံဟာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ အများကြီးလိုနေတဲ့အတွက် ပြည်တွင်းဘဏ်တွေနဲ့ နိုင်ငံတကာဘဏ်တွေ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုရင် အများကြီးအကျိုးရှိနိုင်မယ်လို့ မြင်ပါတယ်။
အစိုးရက နိုင်ငံခြားဘဏ်တွေကို လုပ်ပိုင်ခွင့်အပြည့်အဝပေးလိုက်မယ်ဆိုရင် ဘယ်လိုစိန်ခေါ်မှုတွေ ဖြစ်လာနိုင်မလဲ . . .
အစိုးရကနေ နိုင်ငံတကာဘဏ်တွေကို လုပ်ပိုင်ခွင့်တွေ အပြည့်အဝပေးလိုက်ပေမဲ့ နိုင်ငံခြားဘဏ် တော်တော်များများက ဒီစနစ်အတိုင်း လိုက်ပါအကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ မထင်ပါဘူး။ ဘာလို့လဲဆိုရင် မြန်မာနိုင်ငံကိုရောက်နေတဲ့ နိုင်ငံခြားဘဏ်တွေ တော်တော်များများဟာ ဒီကို Mass Market Consumer ဘဏ်တွေအနေနဲ့ ရောက်နေကြတာ မဟုတ်ပါဘူး။ သူတို့မှာ လုပ်နိုင်စွမ်းတွေ၊ ပြည်တွင်းဗဟုသုတတွေနဲ့ အဆက်အသွယ်တွေလည်း မရှိကြသေးပါဘူး။ ဒါကြောင့် ကျွန်တော့်အမြင်အရဆိုရင် သူတို့တွေကို အစိုးရက လုပ်ပိုင်ခွင့်အပြည့်အဝပေးရင်တောင် ထဲထဲဝင်ဝင် လုပ်နိုင်ဦးမှာမဟုတ်ပါဘူး။ တကယ်လို့ သူတို့အနေနဲ့ လုပ်လာရင်လည်း မြန်မာပြည်တွင်း ဘဏ်တွေအနေနဲ့ အလွယ်တကူနဲ့ ယှဉ်ပြိုင်နိုင်မှာဖြစ်တယ်လို့ မြင်ပါတယ်။
ကိုဒီ