ဘဏ်တွေသတိထားကြရမယ့် ATM စက်မှ ငွေခိုးထုတ်မှု

bankatm1

ဘဏ်တိုက်တွေထားလေ့ရှိတဲ့ ATM လို့ ခေါ်တဲ့ အလိုအလျောက်ငွေထုတ်စက်တွေကို Hack လုပ်ပြီး ငွေခိုးထုတ်တဲ့နည်းတွေကို အခုချိန်မှာ အင်တာနက်ကနေ အလွယ်တကူရယူနိုင်နေပြီလို့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ပြောတယ်။ ဒါကြောင့် ထိုင်းနိုင်ငံမှာ ကွန်ပျူတာသတင်းအချက်အလက်များ လုံခြုံရေးဆိုင်ရာ ဗဟိုဌာနတစ်ခုရှိဖို့ အထူးလိုအပ်နေပြီလို့ National Broadcasting and Telecommunications Commission (NBTC) က ဆိုပါတယ်။

သိပ်မကြာခင်က ဖြစ်သွားခဲ့တဲ့ ငွေခိုးထုတ်မှုဟာ ဘဏ်စာရင်းဖွင့်ထားတဲ့ ဘဏ်ဝန်ဆောင်မှုအသုံးပြုတဲ့ အကောင့်က ပြုလုပ်တာမဟုတ်ပါဘူး။ ဒါကြောင့် ဘဏ်တွေအနေနဲ့ ပြဿနာအကြီးကြီးကို ရင်ဆိုင်နေရပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး Bangkok Post သတင်းစာက ATM စက်တွေကို Hack လုပ်ပြီး ငွေခိုးထုတ်ပုံကို အောက်ပါအတိုင်း တင်ပြထားပါတယ်။

ထိုင်းနိုင်ငံ သတင်းအချက်အလက် လုံခြုံရေးဆိုင်ရာအသင်းရဲ့ ဒုဥက္ကဋ္ဌဖြစ်သူ Prinya Hom-Anek က ''ATM  စက်ကို Hack လုပ်ရတာ သိပ်ကိုလွယ်ကူနေပါပြီ။ ဘယ်လိုလုပ်ရမယ်ဆိုတာ YouTube ပေါ်မှာ ရှာလို့ ရတယ်'' လို့ ပြောပါတယ်။ အဲဒီလို Hack လုပ်ပြီး ဝင်ရောက်ရှာဖွေလို့ရတဲ့ သတင်းအချက်တွေထဲက အရေးပါပြီး တန်ဖိုးရှိတဲ့သတင်းအချက်အလက်တွေကို Hacker တွေဟာ တစ်ဦးနဲ့တစ်ဦး ဖလှယ်လေ့ရှိကြတယ်။ ဒါအပြင် တရားမဝင်လုပ်ငန်းတွေဆောင်ရွက်တဲ့ Website တွေက တစ်ဆင့် အခကြေးငွေနဲ့ရောင်းချဖို့ ကြော်ငြာတင်တာမျိုးတွေလည်း ရှိပါတယ်။ Hacker တွေဟာ Malware ဆိုတဲ့ Software ကို သုံးကြပြီး အဲဒီ Software ကို ATM စက်ထဲထည့်လိုက်ရင် စက်ကို အပြည့်အဝထိန်းချုပ်နိုင်သွားတယ်။ စက်ထဲက ငွေစက္ကူတွေ ထွက်ကျလာအောင်လည်း လုပ်လို့ရသွားတယ်လို့ သူကဆိုပါတယ်။

သိပ်မကြာခင်လေးကပဲ ထိုင်ဝမ်က The Gove-rnment Savings Bank (GSB) ရဲ့ ATM စက်ထဲက အမေရိကန်ဒေါ်လာ ၂ဒဿမ ၂ သန်းကို အထက်ပါ နည်းလမ်းတွေအတိုင်း Hack လုပ်ပြီး ခိုးယူသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ဖြစ်ပြီး တစ်လအကြာမှာတော့ ထိုင်းနိုင်ငံဘဏ်က ATM စက်တွေဟာ အလားတူ Hack လုပ်တာကို ခံခဲ့ရပါတယ်။ ATM စက် ၂၁ လုံးထဲက ဘတ်ငွေ ၁၂ သန်း ခိုးယူခံခဲ့ရပါတယ်။

ထိုင်းနိုင်ငံဟာ Malware ကူးစက်ခံရမှုနှုန်း အလွန်မြင့်ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက ကူးစက်ခံရတဲ့ အမှုပေါင်း သုံးထောင်ခန့်ရှိခဲ့ပြီး ၂၀၁၆ ခုနှစ်၊ နှစ်တစ်ဝက်ကုန်ချိန်မှာတော့ ကူးစက်ခံရတဲ့ အမှုပေါင်းက ၂,၄၀၀ ရှိနေပြီဖြစ်ပါတယ်။

bankatm2

ကွန်ပျူတာသတင်းအချက်အလက် လုံခြုံရေးဆိုင်ရာကျွမ်းကျင်သူတစ်ဦးက ATM စက်မှာသုံးတဲ့ Software က တခြား Software တွေထက် စွမ်းဆောင်ရည်ပိုမြင့်ပါတယ်။ ငွေထုတ်ကတ်မျိုးစုံ အသုံးပြုနိုင်တဲ့ လုပ်ဆောင်ချက်စနစ်ကို ထောက်ပံပေးဖို့အတွက်ဖြစ်ပါတယ်။

NBTC ရဲ့ ဒုဥက္ကဋ္ဌ Settapong Malisuwan က ဘဏ်တွေက ဘဏ်ဝန်ဆောင်မှုအသုံးပြုသူတွေကို Electronic Platform တွေနဲ့ ဝန်ဆောင်မှုတွေ ပေးထားပေမဲ့ အခုလိုပြဿနာတွေကြုံတဲ့အခါ ဘယ်သူမှ တက်တက်ကြွကြွနဲ့ ချက်ချင်းဆိုသလို ဒီမသမာသူ Hacker တွေကို နှိမ်နင်းဖို့ မလုပ်ကြဘူးလို့ ဆိုပါတယ်။ သူက ဆက်လက်ပြီး ''ဘဏ်တွေဟာ နည်းပညာဆိုင်ရာ ရာဇဝတ်မှုများနှိမ်နင်းရေးဌာနလို အစိုးရဌာနတွေကိုချည်း အားကိုးမနေသင့်ဘူး။ ဒီဌာနတွေမှာ Software တွေရော လူအင်အားပါ လုံလုံလောက်လောက် မရှိကြဘူး။ ထိုင်းနိုင်ငံမှာ ဒီလို ဖြစ်ရပ်တွေ တစ်နေ့တခြား တိုးပွားလာနေတဲ့အတွက် သီးသန့်လုံခြုံရေးဦးစီးဌာနတစ်ရပ် ထားရှိဖို့လိုတယ်''လို့ အကြံပြုတယ်။ ''အဲဒီဌာနကို ဝန်ကြီးဌာန တစ်ခုတည်းအောက်မှာ မထားဘဲ သီးခြားလွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့်ပေးရမယ်။ ဒီအဖွဲ့မျိုး အချိန်တိုတိုအတွင်း ဖွဲ့စည်းဖြစ်သွားအောင် ဝန်ကြီးချုပ်၊ ဒါမှမဟုတ် ဒုဝန်ကြီးချုပ်က ဦးဆောင်ဖွဲ့စည်းသင့်တယ်လို့လည်း သူကအကြံပေးပါတယ်။ ''ဒီအဖွဲ့မျိုးဖွဲ့ဖြစ်ဖို့ အနည်းဆုံးတစ်နှစ်လောက် အချိန်ယူရလိမ့်မယ်'' လို့ သူက ခန့်မှန်းလိုက်ပါတယ်။

Ref: Bangkokpost

ညွန့်သောင်း