အာဆီယံဈေးကွက်အထိ ရည်ရွယ်ထားတဲ့ BAIC

2

4

3  1

တရုတ်နိုင်ငံ BAIC Group နဲ့ Aung Gabar Services ကုမ္ပဏီတို့ ပူးပေါင်းပြီး BAIC ကားအရောင်းပြခန်း ဖွင့်လှစ်ပွဲကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်က ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းနဲ့ နတ်မောက် လမ်းထောင့်မှာ ကျင်းပခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားမှာ BAIC  ရဲ့ A1/E Series  နဲ့ MZ/ Wevan 40 ၄၀ အမျိုး အစားကားတွေကို တာဝန်ရှိသူတွေက မိတ်ဆက်ပေးခဲ့ပါတယ်။ BAIC ကားကုမ္ပဏီဟာ တရုတ်နိုင်ငံပြင်ပတွင် ပထမဆုံးပြခန်း ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပြီး Aung Gabar Services Co Ltd  ဟာလည်း မြန်မာနိုင်ငံအတွက် တရားဝင်ကိုယ်စားလှယ် ဖြစ်လာခဲ့ပါတယ်။ ဝန်ဆောင်မှုအနေနဲ့ ကားရဲ့ Grantee သက်တမ်းကို သုံးနှစ်၊ ဒါမှ မဟုတ် ကီလိုမီတာတစ်သိန်းပြည့်ပါက ပြင်ဆင်ခနဲ့ ပစ္စည်းဖိုးအခမဲ့ ဆောင်ရွက်ပေးသွားဖို့ရှိပြီး ပြင်ဆင်နေ ချိန်ကာလအတွင်း ကားအစားထိုးပေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာ အင်ဂျင်နဲ့ ဘော်ဒီပါ ပြုပြင်လို့ရတဲ့ After Sale Service  တွေကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့တွေမှာ ဖွင့်လှစ်သွားဖို့ ရှိတယ် လို့ သိရပါတယ်။

BAIC Group ရဲ့ ဥက္ကဋ္ဌဖြစ်သူ Mr. Dong Hai Yangက''လက်ရှိကားလုပ်ငန်းနဲ့ နိုင်ငံစီးပွားရေးအနေ အထားအရ အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံဟာ အလွန်ကြီးတဲ့ ဈေးကွက်ရှိတယ်လို့ သုံးသပ်ထားပါတယ်။ ရန်ကုန်မြို့ရဲ့အနေအထား၊ ကားဈေးကွက်ပြန်လည်ရှင်သန်နေမှုတွေကို ခြေကုတ်ယူပြီး အာဆီယံဒေသ အတွင်းထိုးဖောက်သွားနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ မြန်မာနိုင်ငံက Customer တွေ စိတ်ကျေနပ်မှု ရရှိစေဖို့ အောင်ကမ္ဘာနဲ့ အခုလိုပူးပေါင်းရတာပါ။ နှစ်ဦးနှစ်ဖက် အောင်မြင်မှုတွေရရှိဖို့  အမြဲဆန္ဒရှိပါတယ်'' လို့ ပြောပြ ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်အတွင်း BAIC ကားအစီးရေ ၂.၁၆ သန်း ရောင်းချနိုင်ခဲ့ပြီး ယွမ် ၂၅၉.၈ (အမေရိ ကန်ဒေါ်လာ ၄၃.၄ ဘီလီယံ) ဘီလီယံ ဝင်ငွေရှိခဲ့တယ်လို့ ဆိုပါတယ်။ လာမယ့်နှစ်တွေမှာတော့ နိုင်ငံတကာ ဈေးကွက်မှာ ကားအစီးရေ လေးသန်းထုတ်လုပ်ရောင်းချဖို့ ရည်ရွယ်ထားပြီး ဈေးကွက်ရဲ့ ဆယ်ရာခိုင်နှုန်းကို ပိုင်ဆိုင်မယ်လို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ ရုံးချုပ်ကတော့ ပေကျင်းမှာ တည်ရှိပြီး ဝန်ထမ်းပေါင်း ခုနစ် ထောင်ရှစ်ရာကျော်နဲ့ လည်ပတ်နေပါတယ်။ BIAC Group မှာ BIAC Motor ၊ Foton ၊ BAW ၊  BBAC ၊  BHMC ၊ R &D  အစရှိတဲ့ မော်တော်ကားကုမ္ပဏီတွေပါဝင်ပြီး  ကားအပိုပစ္စည်းတွေ ထုတ်လုပ်ရောင်းချလျှက်ရှိပါတယ်။