ညံ့ဖျင်းတဲ့ အထက်လူကြီးတွေကို သတိထားပါ

မန်နေဂျာများအတွက် ဆွန်ဇူးရဲ့စစ်ဆင်ရေးပညာ

badleader

ဆွန်ဇူးက အောက်ပါအတိုင်း ဆက်ပြောပါတယ်။

ဗိုလ်ချုပ်ကြီးဆိုတာ တိုင်းပြည်ရဲ့ အမာခံအကာအကွယ်တံတိုင်းကြီးဖြစ်တယ်။ အဲဒီတံတိုင်းကြီးမှာ ချို့ယွင်းချက်ရှိနေရင် တိုင်းပြည်ဟာ အင်အားချည့်နဲ့သွားမှာ သေချာတယ်။

နိုင်ငံကိုအုပ်ချုပ်သူ (ဘုရင်စသည်) တို့က အောက်ပါနည်းသုံးနည်းကို လုပ်ကိုင်လိုက်ရင် စစ်တပ်ဟာ ဒုက္ခရောက်သွားနိုင်ပါတယ်။

၁။ ရှေ့ကို ချီတက်တိုက်ခိုက်နိုင်စွမ်းမရှိတာကို မသိနားမလည်ဘဲ စစ်တပ်ကို ချီတက်ခိုင်းခြင်း၊ သို့မဟုတ် နောက်ပြန်ဆုတ်ခွာဖို့ မဖြစ်ဘူးဆိုတာ မသိနားမလည်ပဲ တပ်ကိုဆုတ်ခိုင်းခြင်း။ ဒါဟာ စစ်တပ်ကို ထော့နင်းထော့နင်းဘဲ လှုပ်ရှားလို့ရအောင် လုပ်လိုက်တယ်လို့ ဆိုရမှာဖြစ်တယ်။

၂။ စစ်တပ်ရဲ့ တပ်တွင်းကိစ္စတွေကို မသိနားမလည်ဘဲ တပ်အုပ်ချုပ်ရေးကို ဝင်ရောက်စွက်ဖက်ခြင်း။ ဒီလိုလုပ်ရင် အရာရှိအရာခံအကြပ်တပ်သားတွေ စိတ်ရှုပ်ကုန်ကြမှာ ဖြစ်တယ်။

၃။ ဖြစ်ပေါ်လာတဲ့ အခြေအနေအရ လိုအပ်သလို လှုပ်ရှားဆောင်ရွက်ရမယ်ဆိုတဲ့ စစ်ရေးဆိုင်ရာသဘောတရားကို နားလည်ခြင်းမရှိဘဲ တိုက်ပွဲရဲ့ ဦးတည်ချက်ကို ဝင်ရောက်စွက်ဖက်ခြင်း။ ဒီလိုလုပ်ရင် စစ်ဗိုလ်စစ်သားတွေမှာ သံသယစိတ်တွေ၊ ဒွိဟစိတ်တွေ ဝင်လာမှာ ဖြစ်တယ်။

တပ်ဟာ စိတ်တွေရှုပ်နေတယ် ၊ သံသယစိတ်တွေ ရှိနေတယ်ဆိုရင်တော့ အနီးအနားတိုင်းပြည်တွေက ဒါကိုအခွင့်အလမ်းယူပြီး ဒုက္ခပေးတော့မှာ ဖြစ်တယ်။ ဒါဟာ တပ်ထဲမှာ ပရမ်းပတာတွေဖြစ်စေပြီး အောင်ပွဲကိုလည်း လက်လွှတ်ပစ်လိုက်ရသလို ဖြစ်သွားမှာပါပဲ။

အမိန့်နဲ့ ညွှန်ကြားချက်မတူပါ . . .

အမိန့်နဲ့ ညွှန်ကြားချက်မတူတဲ့အကြောင်း ရှင်းရှင်းသိနိုင်ဖို့ ၁၉ ရာစုနှစ်ကုန်ပိုင်းလောက်မှာ ပရပ်ရှားနိုင်ငံစစ်တပ်တွေအတွင်း စနစ်တစ်ရပ်လုပ်ထားခဲ့ပါတယ်။

- ညွှန်ကြားချက်ဆိုတာ တပ်မှူးတွေက သူတို့လုပ်ချင်တာ၊ ဖြစ်စေချင်တာတွေကို ဖော်ပြထားတာတွေဖြစ်တယ်။ လက်တွေ့မလုပ်နိုင်ရင် အကောင်အထည်ဖော်ဖို့ မလိုဘူး။

- အမိန့်ဆိုတာကတော့ တိတိကျကျ ချက်ချင်းလိုက်နာဆောင်ရွက်ရမယ့်ဟာ ဖြစ်တယ်။

ဒါပေမဲ့ ဒီအမိန့်ဆိုတာတွေကို သက်ဆိုင်ရာတပ်နဲ့ အမှန်တကယ်ရှိနေကာ အခြေအနေကိုလည်း ပိုင်ပိုင်နိုင်နိုင် ပြည့်ပြည့်စုံစုံသိထားတဲ့ အရာရှိတွေကသာ ထုတ်နိုင်မှာဖြစ်တယ်။

မန်နေဂျာရှုထောင့်မှ သုံးသပ်ချက် . . .

အခြေအနေကို ပြည့်ပြည့်စုံစုံ မသိဘဲ လုပ်ကိုင်ဆောင်ရွက်ခြင်းကို ရှောင်ပါ . . .

၂၀၀၈ ခုနှစ် ဘဏ္ဍာရေးပြိုလဲမှုမဖြစ်ခင် ကြိုတင်နိမိတ်ပြတဲ့ အချက်တစ်ချက်ရှိခဲ့ပါတယ်။ အဲဒါကတော့ အဲဒီဘဏ္ဍာရေးစနစ်နဲ့ ပတ်သက်လို့ ကျရောက်နိုင်တဲ့ဘေးအန္တရာယ်ကို ထိန်းချုပ်တဲ့နည်းတွေနဲ့ပတ်သက်လို့ လွဲမှားစွာယုံကြည်စိတ်ချနေတယ်ဆိုတဲ့ အချက်ဖြစ်တယ်။ အဲဒီတုန်းက အမေရိကန်ဗဟိုဘဏ်လုပ်ငန်းစနစ်ရဲ့ အကြီးအကဲ Alan Greenspan က ''ဘဏ္ဍာရေးဈေးကွက်တွေမှာ ဘေးအန္တရာယ်ကြုံလာရင် အများအားဖြင့် ကာကွယ်သွားနိုင်တဲ့ အစီအမံတွေ ပြည့်စုံစွာရှိတဲ့အတွက် ဘဏ်လုပ်ငန်းအများစုဟာ တိုးတက်ခဲ့တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်'' လို့ ဆိုခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့နောက်ပိုင်းမှာသိလာရတာကတော့ သူတို့လုပ်ငန်းတွေဟာ အန္တရာယ်မရှိနိုင်လောက်အောင်ကို ကြီးမားကြတဲ့အတွက် ဘယ်လိုမှဒုက္ခမတွေ့နိုင်ဘူးလို့ ယူဆခံထားရတဲ့အတွက် ဘဏ်လုပ်ငန်းကြီးတွေထဲမှာ အန္တရာယ်တွေ ကိန်းအောင်းနေတယ်ဆိုတဲ့ အချက်ဖြစ်တယ်။ ဒီအန္တရာယ်တွေကျရောက်မယ့် ကိန်းဆိုက်နေတာ တွေ့ခဲ့ရတယ်။

မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီးရေးသားတဲ့ The Reckoning ဆိုတဲ့ စာအုပ်ထဲမှာ စာရေးသူ David Halberstam က ' မိမိတို့အယူအဆကိုသာ အမှန်လို့လက်ခံတတ်ကြသူများ' ကြောင့် ပြဿနာတက်ရပုံကို တင်ပြထားတာပါ။ ''တစ်ချိန်က Ford မော်တော်ကားလုပ်ငန်းမှာ ဖြစ်ရပ်မှန်ကို မှန်မှန်ကန်ကန် တင်ပြသူမရှိသလောက်ပါပဲ'' လို့ သူကဆိုတယ်။ ''ဘာကြောင့်လဲဆိုတော့ မှန်မှန်ကန်ကန် ပွင့်ပွင့်လင်းလင်း မေးတဲ့သူတွေလဲ မရှိသလောက်ဖြစ်နေလို့ ဖြစ်တယ်'' တဲ့။ မန်နေဂျာတွေက မေးသင့်မေးထိုက်တဲ့ အမေးတွေကို မမေးကြတဲ့အခါ ရလာတဲ့အဖြေတွေဟာလည်း ဘာမှမထူးခြားပါဘူးလို့ သူကဆက်ပြောတယ်။ ''ဒီတော့ အထက်ပိုင်းမှာ လူညံ့တွေရှိနေတဲ့ အခြေအနေတွေ ဖြစ်လာတာပေါ့'' တဲ့။

နေရာတကာအသေးစိတ်တွေ လိုက်မလုပ်သင့်ဘူး။ တချို့ကတော့ ဒီလိုလုပ်ရတာဟာ ဟိုဟာကြောင့် ဒီဟာကြောင့်ဆိုပြီး အကြောင်းပြတတ်ကြတယ်။ အဲဒါတွေ ဘာမှမခိုင်လုံပါဘူး။ လူကြီးလုပ်တဲ့သူက အစစအရာရာ အသေးစိတ်ကြီးကြပ်နေရင် အောက်လက်ငယ်သားဟာ ကျွမ်းကျွမ်းကျင်ကျင် မလုပ်နိုင်တော့ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာလောက်တုန်းက Marshal Saxe ဆိုသူဟာ အဲဒီလိုစစ်ပွဲမှာ အစစဝင်လုပ်ချင်လို့ ဘာမှအရာမရောက်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးတွေအကြောင်း ရေးသားခဲ့ဖူးတယ်။ ''ဒီဗိုလ်ချုပ်ကြီးက ဒုဗိုလ်ချုပ်လုပ်ချင်နေတယ်။ နေရာတကာဝင်ပါတာပဲ။ တစ်ခုခုအောင်မြင်သွားရင် သူဝင်လုပ်လို့ ဖြစ်သွားတာလို့ ထင်နေတယ်'' တဲ့။

စီမံခန့်ခွဲမှုညံ့ရင် လူကောင်းတွေ အလုပ်က ထွက်သွားကြတယ်။ အဲဒီစီမံတဲ့သူကို အလုပ်ထုတ်ပစ်တဲ့ သဘောသက်ရောက်သွားတယ်။ ဝန်ထမ်းတွေ အဲဒီလိုထွက်သွား၊ သူတို့နေရာ လူစားတွေရောက်လာ၊ ဒီလူတွေကလည်း ထွက်သွားပြန်တော့၊ နောက်ထပ်ရောက်လာ၊ သူတို့ကလည်း ထွက်သွားပြန် စသဖြင့် ဝန်ထမ်းအဝင်အထွက်နှုန်းကိုကြည့်ရင် ဒီလုပ်ငန်းမှာ ပြဿနာရှိနေပြီလို့ သိနိုင်တယ်။

ခေါင်းဆောင်မှုမအောင်မြင်တာဟာ အများအားဖြင့် စိုးရိမ်စိတ်ကြောင့်ဖြစ်တယ်လို့ Norman Dixon က သူရေးတဲ့ On the Psychology of Military Incompetence ဆိုတဲ့ စာအုပ်ထဲမှာ ရေးသားထားတယ်။ သူက အောက်ပါချို့ယွင်းချက်တွေကို ဖော်ပြခဲ့တယ်။

- ရှေးရိုးအစဉ်လာ အယူအဆလုပ်နည်းကိုင်နည်းများကို စွဲကိုင်ထားခြင်း

- သတင်းအချက်အလက်ကို ဂရုမစိုက်ခြင်း/ ပယ်ချခြင်း

- တစ်ဖက်ရန်သူကို လျှော့တွက်လေ့ရှိခြင်း

- အလစ်ဝင်တိုက်ခိုက်နိုင်ပေမယ့် မတိုက်ခိုက်ခြင်း

- ရန်သူကို ရှေ့မှဝင်ရောက်တိုက်ခိုက်တတ်တဲ့ ဝါသနာရှိခြင်း

- အခြေအနေကို လုံလုံလောက်လောက် ထောက်လှမ်းဖို့ ပျက်ကွက်ခြင်း

နောက်ထပ်အသစ်ရရှိတဲ့ သတင်းအချက်အလက်ကို လက်မခံဘဲ ပယ်ချရခြင်းရဲ့ အကြောင်းကတော့ မိမိတို့ချမှတ်ထားတဲ့ လုပ်ငန်းစဉ်အပြောင်းအလဲ ဖြစ်သွားမှာစိုးလို့ ဖြစ်လေ့ရှိတယ်။ လက်ခံပြီး ပြောင်းလဲလုပ်ကိုင်ရတော့မယ်ဆိုရင် အရင်လုပ်ထားတာတွေမှားလို့ပါဆိုတဲ့ အဓိပ္ပာယ်သက်ရောက်သွားလို့ဖြစ်တယ်။

ညွန့်သောင်း