နယူးယော့ခ်မြို့မှာ ရှေ့နေကြီးတစ်ဦးသည် အနောက်ဗာဂျီးနီးယားပြည်နယ်တွင် ခရီးသွားခိုက် ကားရပ်ရန် သတိပေးဆိုင်းဘုတ်ကို မလိုက်နာဘဲ ကားမရပ်သည့်အတွက် ရှက်ရစ်ဖ်ဟုခေါ်သော ရွေးချယ်တင်မြှောက်ခံ ငြိမ်ဝပ်ပိပြားရေးအရာရှိ၏ ဖမ်းဆီးခြင်းကို ခံရသည်။ ရှေ့နေကြီး က သူသည်မြို့ကြီးပြကြီးမှ ဥပဒေပညာရှင်ဖြစ်ပြီး အနောက်ဗာဂျီးနီးယားပြည်နယ်ဘက်မှ ရှက်ရစ်ဖ်တစ်ဦးထက် ဥပဒေအရာတွင် ပိုကျွမ်းကျင်လိမ္မာသည်ဟု မိမိကိုယ်မိမိ အထင်ရောက်နေသည်။ သို့ဖြစ်ရာ အရာရှိက သူ့အား ကားမောင်းလိုင်စင်နှင့် ကားမှတ်ပုံတင်လိုင်စင်တို့ကို တောင်းသောအခါ သူက ''နေစမ်းပါဦး၊ ငါက ဘာဖြစ်လို့ပေးရမှာလဲ'' ဟု ပြန်ဟောက်လိုက်သည်။ အရာရှိဖြစ်သူက ''လူကြီးမင်းဟာ ကားရပ်ဖို့ သတိပေးဆိုင်းဘုတ်ရှိရက်နဲ့ ကားမရပ်ဘူးလေ၊ ဒါကြောင့်ပေါ့'' ဟု ပြန်ပြောသောအခါ ရှေ့နေကြီးက ''ငါအရှိန်လျှော့နေတာ ရပ်မလို့ပေါ့ကွ၊ မင်းမမြင်ဘူးလား၊ ပြီးတော့ ဒီနားမှာ လမ်းဖြတ်တဲ့သူမှမရှိတာ''ဟု ပြန်ငြင်းချက်ထုတ်လိုက်သည်။ အရာရှိက ''လူကြီးမင်းဟာ အခုအထိကို ကားကို လုံးလုံးမရပ်ရသေးပါဘူး၊ ဒါကြောင့် လိုင်စင်ပေးမှာသာ ပေးစမ်းပါ'' ဟု စိတ်မရှည်နိုင်ဘဲပြောသည်။
ထိုအခါ ရှေ့နေကြီးက ''ကဲဒါဆိုရင် ကားရပ်ဖို့ အရှိန်လျှော့နေတာနဲ့ ကားလုံးလုံးရပ်သွားတာနဲ့ ဥပဒေ သဘောအရခြားနားချက်ကို မင်းသက်သေပြနိုင်မယ်ဆိုရင် မင်းကို ငါလိုင်စင်ပေးမယ်၊ မင်းငါ့ကို အရေးယူလို့ရတယ်၊ ဒီလိုမှ ရှင်းရှင်းလင်းလင်း မင်းသက်သေမပြနိုင်ရင်တော့ ငါ့ကို ခရီးဆက်သွားခွင့်ပေးရလိမ့်မယ်'' ဟု ခပ်တင်းတင်း ထပ်ပြောလိုက်သည်။ ထိုအခါ ငြိမ်ဝပ်ပိပြားရေးအရာရှိက ''အင်း၊ ဒါသဘာဝကျပြီး မျှတပါတယ်၊ ကျွန်တော်သက်သေသက္ကာယနဲ့ ရှင်းပြပါမယ်၊ ကျွန်တော် သက်သေပြနိုင်ဖို့ လူကြီးမင်းက ကားအပြင်ကို ထွက်ခဲ့ပေးပါ'' ဟု ဆိုလိုက်ရာ ရှေ့နေကြီးကလည်း သဘောတူပြီး ကားကိုရပ်ကာ ကားထဲမှထွက်လာခဲ့သည်။ ထိုအခါ အရာရှိဖြစ်သူက ခါးတွင်ချိတ်ထားသော နံပါတ်တုတ်ကို ထုတ်ပြီး ရှေ့နေကြီး၏ ခေါင်းကို တစ်ချက်ပြီးတစ်ချက် ခပ်သွက်သွက်ရိုက်လိုက်ရင်း ပါးစပ်ကလည်း အဆက်မပြတ် မေးခွန်းထုတ်လိုက်သည်။ ''ကဲ၊ အခု ခင်ဗျားရိုက်ချက်ကို အရှိန်လျှော့စေချင်တာလား၊ လုံးလုံးရပ်စေချင်တာလား၊ ပြောစမ်းဗျာ'' တဲ့။
ဥပဒေသ။ ။ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး မလိမ့်တပတ်ဖြင့် ကိုယ်လွတ်ရုန်းတတ်သူမျိုးသည် ထိုအကျင့်ဆိုးကြောင့် တစ်နေ့တွင် အရှက်တကွဲ အကျိုးနည်းဖြစ်ရတတ်သည်။
အပြုံးနှင့်စီမံ အပြုံးနှင့် နာခံနိုင်ကြပါစေ။
ရီနေနိုင်