ကျွန်တော်တို့မြန်မာနိုင်ငံ၏ စီးပွားရေးအနေအထားမှာ ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံတကာစီးပွားရေးပုံစံမျိုးကို အမှန်တကယ်ထိတွေ့လုပ်ကိုင်ခွင့်ရခဲ့ပါသည်။ ပုံမှန်မဟုတ်သော အခြေခံအုတ်မြစ်အားနည်းစွာနှင့် ရပ်တည်ခဲ့သော မြန်မာစီးပွားရေးလုပ်ငန်းစုများအနေဖြင့် နိုင်ငံတကာစံများ၊ နည်းပညာ၏ စိန်ခေါ်မှု၊ ဥပဒေနှင့် နည်းဥပဒေများ အားနည်းမပြည့်စုံမှု၊ အဆင့်တိုင်းနှင့် နေရာတိုင်းတွင် မြန်မာကျွမ်းကျင်ပညာရှင်များ သို့မဟုတ် မန်နေဂျာများ ရှားပါးခြင်းကြောင့် ရေရှည်တွင် မြန်မာကုမ္ပဏီများ ရပ်တည်နိုင်ရန် မနည်းလုပ်ဆောင်နေကြရပြီ ဖြစ်ပါသည်။
အစဉ်အဆက်တစ်လျှောက်လုံး ဆိုရှယ်လစ်စနစ်အပါအဝင် အုပ်ချုပ်မှုပုံစံအမျိုးမျိုးတွင် ကြီးပြင်းလာရသူများအဖို့ မန်နေဂျာဟူသည် ပိုင်ရှင်နှင့်အလုပ်သမားများကြား ကြားခံအဆင့်တစ်ခု ဖြစ်သည်ဟု လွဲမှားစွာ နားလည်ထားကြပါသည်။ သို့သော် ယနေ့ခေတ်ကာလတွင် မန်နေဂျာ၏ အခန်းကဏ္ဍမှာ အလွန်အရေးပါလာပြီ ဖြစ်ပါသည်။
၁၉၉၀ ပြည့်နှစ် အစပိုင်းမှာတွင် တည်ထောင်ခဲ့သော ကုမ္ပဏီများနှင့် လုပ်ငန်းများ၏ ကနဦးတည်ထောင်သူအများစုအနေဖြင့် ယနေ့ခေတ်အချိန်အခါတွင် ဆက်ခံမှုပြင်ဆင်ခြင်း (Succession Plan) မဖြစ်မနေတည်ထောင်ရန် လိုအပ်လှပါသည်။ အဆိုပါ ဆက်ခံမှုပြင်ဆင်ရာတွင် မိမိ မိသားစုဝင်များ၊ သို့မဟုတ် ငယ်မွေးခြံပေါက်မန်နေဂျာများ သို့မဟုတ် ကျွမ်းကျင်မန်နေဂျာများ ခေါ်ယူလုပ်ကိုင်ခြင်းတို့အနက် တစ်ခုခုကို ရွေးချယ်ရန်ဖြစ်ပါသည်။
မြန်မာမန်နေဂျာအများစုအနေဖြင့် ကိုယ့်မြေကိုယ့်အခြေကျွမ်းကျင်သော်လည်း မဟာဗျူဟာနှင့် နည်းဗျူဟာအားနည်းခြင်း၊ နိုင်ငံတကာစီးပွားရေးကစားကွက် အတွေ့အကြုံများမရှိခြင်းတို့ကြောင့် ချက်ချင်းလက်ငင်းနေရာယူ ဦးဆောင်ရန် ခက်ခဲကြမည် ဖြစ်ပါသည်။
စရိတ်ကြီးမားသော်လည်း အထိရောက်ဆုံးနည်းလမ်းမှာ နိုင်ငံခြားကျွမ်းကျင်မန်နေဂျာ (Expatriate) ငှားရမ်း၍ မိမိ၏ မိသားစုဝင် သို့မဟုတ် ငယ်မွေးခြံပေါက်မန်နေဂျာများနှင့် ပူးတွဲလုပ်ကိုင်သင်ယူစေခြင်းဖြင့် ရေရှည်ရပ်တည်မှုကို ပြင်ဆင်နိုင်ပါကြောင်း။
မောင်သာ