ပုံမှန်အားဖြင့်ဆိုရင်၊ စစ်တိုက်ကြရာမှာ စစ်သူကြီးဟာ ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်များအတိုင်း အမိန့်ပေးရတာ ဖြစ်တယ်။ တပ်တွေကို စုတဲ့အဆင့်မှ တိုက်ပွဲအတွက် နေရာချထားတဲ့အဆင့်အထိ အရေးကြီးဆုံးဟာ အထက်မှာ ဖော်ပြခဲ့တဲ့ တပ်တက်ဆုတ်နေရာယူတဲ့ အတတ်ပညာပဲဖြစ်တယ်။ ဒီလိုလုပ်ရတာဟာ မိမိအတွက် အဆင်ပြေတဲ့ အနေအထားကိုရအောင် ကြိုတင်ပြင်ဆင်ရတာပဲဖြစ်တယ်။ ဒီအလုပ်ရဲ့အခက်ခဲဆုံးအပိုင်းက ကွေ့ကောက်သွားရမယ့်အစား တန်းတန်းမတ်မတ် သွားလာလုပ်ကိုင်နိုင်ရေးနဲ့ အားနည်းချက်ကို အားသာချက်အဖြစ်ပြောင်းလဲပစ် ရတဲ့အလုပ်ဖြစ်တယ်။ ရန်သူမက်လုံးပေး ဖြားယောင်းကာ လမ်းလွှဲပစ်နိုင်ရမယ်။ သူ့ရဲ့ စစ်ချီတက်မှုကိုလည်း နှေးကွေးသွားစေရမယ်။ ဒီနည်းအားဖြင့် သင်ဟာ စစ်မြေပြင်ကို ရန်သူထက်စောစီးစွာ ရောက်သွားနိုင်တယ်။ အဲသလို လုပ်နိုင်ရေးအတွက် ရန်သူကို လမ်းလွှဲသွားအောင် လုပ်နည်းကို သိဖို့လိုတယ်။
မဟာဗျူဟာအဆင့်မှာ ထည့်သွင်းစဉ်းစားရမယ့်အချက်က Maneuvering လို့ခေါ်တဲ့ ဆုတ်-တက် လှုပ်ရှားနေရာယူမှုကို ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားထားရပါတယ်။ မိမိရဲ့တပ်ကို ရန်သူရဲ့အနေအထားအားနည်းသွားအောင် ဆုတ်ခြင်း တက်ခြင်း အလုပ်ကိုလုပ်ရတာ ဖြစ်တယ်။ ဒီမဟာဗျူဟာကို လက်တွေ့ဆောင်ရွက်ရတဲ့ နည်းဗျူဟာအပိုင်းမှာတော့ ဆုတ်တက်လှုပ်ရှားရာမှာ မိမိတပ်အတွက် အကျိုးပြုနိုင်ဆုံး အနေအထားရအောင် တပ်တွေကို လှုပ်ရှားရတာက များတယ်။ ရန်သူရဲ့ တပ်သားဦးရေ မိမိထက်များနေတဲ့အခါမျိုးမှာ ဆုတ်-တက် လှုပ်ရှားမှုကို ထည့်သွင်းမစဉ်းစားဘဲ တိုက်မယ်ဆိုရင် ရယ်စရာဖြစ်သွားမှာပါ။
ရန်သူရဲ့အားသာချက်ကို ရှောင်ရှားချင်ရင် သူ့ရဲ့ အားနည်းချက်ကို တိုက်ခိုက်ဖို့လိုတယ်။ ရန်သူရဲ့ ခုခံမှုချိနဲ့တဲ့ အနေအထားတွေကို တွေ့အောင်ရှာပါ။ မိမိက တပ်သားဦးရေအများကြီးသာနေမှသာ ရန်သူကို ရှေ့ဘက်က ဝင်တိုက်ပါ။ ဒါပေမဲ့ မိမိက တပ်သားဦးရေပိုများနေရုံလေးနဲ့ ခံတုတ်ကျင်းစတာတွေမှာ အခိုင်အမာတပ်စွဲထားတဲ့ ရန်သူကို ဆုတ်ခွာသွားအောင် မလုပ်နိုင်ဘူး။
မိမိအတွက် တကယ်အသာစီးမျိုးရနိုင်မယ့် အခြေအနေများကိုလည်း မြင်တတ်ဖို့လိုပါတယ်။ စီးပွားရေးလုပ်ရာမှာ တိုက်ပွဲဆင်နွှဲရတဲ့အခါမျိုးမှာလိုပဲ တကယ်အရေးပါးတဲ့နေရာမှာ အသာစီးရအောင်ဆောင်ရွက်တာဟာ အကောင်းဆုံးဖြစ်တယ်။ စီးပွားရေးလုပ်ကိုင်ရာမှာ မိမိတို့ ကုန်ပစ္စည်းရောင်းကောင်းရေးအတွက် ဆုတ်သာတက်သာ လုပ်ကိုင်ကြရတယ်။ အဲသလိုလုပ်ရာမှာ မိမိတို့ရဲ့ စီးပွားရေးပြိုင်ဘက်တွေမရှိဘဲ ဝယ်ယူသူတွေသာရှိတဲ့နေရာတွေကိုပဲ တိုက်ရိုက်ဆက်သွယ်စည်းရုံးကြရတယ်။
ဆုတ်တက်လှုပ်ရှားရာမှာ အကောင်းဆုံးနည်းတစ်ခုကတော့ စစ်ပွဲကို တခြားနေရာပြောင်းတိုက်ခိုက်ခြင်း ဖြစ်တယ်။ စီးပွားရေးဆိုင်ရာရှင်းလင်းတင်ပြဟောပြောပွဲတစ်ခုကို ကြော်ငြာလုပ်ငန်းက အမှုဆောင်အရာရှိတစ်ဦး ရောက်သွားတဲ့အခါ သူနဲ့ဆက်သွယ်လုပ်ကိုင်နေကျ လူတစ်ယောက်ဟာ တခြားကြော်ငြာလုပ်ငန်းတစ်ခုကို ပြောင်းလဲငှားရမ်းဖို့ လုပ်နေတာကို တွေ့သွားတယ်။ ဒီတော့ အဲဒီအမှုဆောင်အရာရှိဟာ သူရှင်းလင်းတင်ပြဖို့ ပြင်ဆင်ထားတာကို မတင်ပြတော့ဘဲ အဲဒီလူအောင်မြင်အောင် ဘာတွေလုပ်ဖို့လိုကြောင်းကိုပဲ ပြောင်းပြီးပြောတယ်။
''ကျွန်တော်က ပြိုင်ဆိုင်ရေးကိစ္စကို စတင်မပြောပါဘူး။ စစ်မြေပြင်ကိုပဲ ပြောင်းလိုက်တာပါ'' လို့ သူက ပြောတယ်။
သဘောထားကွဲလွဲမှုအားလုံးမှာ စီးပွားရေးလုပ်ငန်းရှင်တွေ အချင်းချင်း အားပြိုင်ကြရာမှာ ဆုတ်သာတက်သာ လုပ်နိုင်ရေးအတွက် ရွေးချယ်စရာနည်းလမ်းတွေကို အာရုံစိုက်ကြည့်ကြရတယ်။ အချင်းချင်း ထိပ်တိုက်ရင်ဆိုင်မှု မပြုလုပ်ကြတော့ဘဲ ရည်ရွယ်ချက်အောင်မြင်နိုင်မယ့် လမ်းကိုသာ အာရုံစိုက်လုပ်ကြရတော့တယ်။ ဒီလိုလုပ်ရာမှာ အချင်းချင်းသူမသာ ငါမနာနည်းဟာ အကောင်းဆုံးဖြစ်တယ်။
ဆုတ်-တက်လှုပ်ရှားစစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ သဘောတရားဆောင်ရွက်ပုံများကို စီးပွားရေးမှာ လိုအပ်သလို ဆီလျော်အောင်သုံးစွဲနိုင်အောင် အောက်ပါအတိုင်းတင်ပြလိုက်ပါတယ်။
Frontal Attack
------------------
မိမိရဲ့အားသာချက်ကို အများကြီးသုံးပြီး ထိပ်တိုက်တိုက်ခိုက်ခြင်း
Attack in Echelon
----------------------
ပထမဦးဆုံးမိမိရဲ့ အခိုင်မာဆုံးကုန်ပစ္စည်းများနဲ့ စတင်တိုက်ခိုက်ပါ။ နောက်ပိုင်းကျ သိပ်အားပျော့တဲ့ ကုန်ပစ္စည်းများနဲ့ ဆက်တိုက်ပါ။
Flanking Attack
-------------------
ပြိုင်ဘက်မသိမ်းပိုက်ထားရသေးတဲ့၊ ဒါမှမဟုတ် အားနည်းနေသေးတဲ့ နေရာတွေကို ရွေးတိုက်ပါ။
Blitz
---------
ခိုင်မာတဲ့ အချက်အလက်တွေကို မသုံးဘဲ ထားရစဉ်မှာ လုပ်သင့်တာတွေ အာရုံစိုက်လုပ်ပါ။
Encirclement
----------------
ဈေးနှုန်းအပြိုင်ရောင်းနိုင်တဲ့ပစ္စည်းများကို စရောင်းပါ။
Fabian
---------
တချို့နေရာတွေမှာ မယှဉ်ပြိုင်ပါနဲ့။
Defense
---------
ယှဉ်ပြိုင်မှုကို ခံနိုင်အောင်ထိန်းထားပါ။
Guerrilla
----------
ခိုင်မာတဲ့နေရာတစ်ခုရအောင်လုပ်ကာ ရနိုင်တာကို ရအောင်ယူပါ။
Retreat
---------
စီးပွားရေးလုပ်ငန်းကို နောက်ဆုတ်ပေးပါ။ ဆက်မလုပ်နဲ့တော့။
General Pogo's
------------------
ဒီပုဂ္ဂိုလ်က ''ရန်သူကိုတွေ့ပြီးပြီ။ ရန်သူတွေဟာ တို့ပဲ''တဲ့။ ကိုယ့်ကိုယ်ကိုယ် အရင်တိုက်ပါ။
မန်နေဂျာရှုထောင့်မှ သုံးသပ်ချက်
------------------------
ကွေ့ပတ်သွားရင် အောင်မြင်ရေးပန်းတိုင်ကို အတိုဆုံးခရီးလမ်းနဲ့ ရောက်သွားနိုင်တယ် Federal Express ဆိုတဲ့ အမြန်ကုန်ပို့စနစ်ကို စတင်လုပ်ကိုင်ခဲ့သူဟာ Fred Smith ဖြစ်ပါတယ်။ သူဟာ အထုပ်အပိုင်းများကို တစ်နေရာမှ တစ်နေရာသို့ ညတွင်းချင်းပေးပို့ရတဲ့အလုပ်ကို သူက စတင်လိုက်တော့ သူ့လို လိုက်လုပ်မယ့်သူတွေ ပေါ်လာတယ်။ ဒီအခါသူက ညတွင်းချင်းဆိုတဲ့ အသုံးအနှုန်းအစား မနက် ၁၀ နာရီ ၃၀ ဆိုပြီး ပြောတယ်။ ဒါ့အပြင် ကုန်ပို့ရာမှာ ဘယ်နေရာကို ရောက်နေပြီဆိုတာကိုလည်း ပြောပြပေးနိုင်အောင် လုပ်လိုက်တယ်။ ပေးပို့လိုက်တဲ့ အထုပ်အပိုင်းတွေ လမ်းဘယ်မှာရောက်နေပြီဆိုတာ သိဖို့က အဲဒီပစ္စည်းတွေရဲ့ တန်ဖိုးလိုပဲ အရေးကြီးပါတယ်'' လို့ သူကပြောပါတယ်။
နေရာတစ်နေရာ ရောက်ဖို့သွားရာမှာ အလွယ်ကူဆုံးလမ်းများဟာ အစောင့်အကြပ်တွေ အထူထပ်ဆုံးချထားကြတာ များတယ်။ ဒီတော့ အဲဒီလိုလမ်းကမသွားဘဲ ဝေ့ဝိုက်သွားရတာက အမြန်ဆုံးလွယ်သွားတတ်ပါတယ်။ မြန်မြန်သွားဖို့တော့ လိုပါတယ်။
ညွန့်သောင်း