အာရှတော်ဝင်ဆေးရုံရဲ့ အောင်မြင်မှုသက်တမ်းဟာ အခုဆိုရင် နှစ်ပေါင်း ၃၂ နှစ် ရှိလာပါပြီ။ စတင်တည်ထောင်ခဲ့တဲ့အချိန်ကစပြီး အခုလက်ရှိမှာ ဘယ်လိုဝန်ဆောင်မှုတွေ တိုးမြှင့်ပြုလုပ်နေသလဲ၊ ဘယ်လိုအဆင့်မြှင့်တင်နေသလဲ၊ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရသလဲဆိုတာတွေကို အာရှတော်ဝင်ဆေးရုံပိုင်ရှင် ဒေါက်တာမြတ်သူနဲ့ ဆေးရုံရဲ့ အဆင့်မြှင့်တင်မှုပိုင်းမှာ အဓိကအခန်းကဏ္ဍဖြစ်တဲ့ Risk Management ပိုင်းကို အထူးတာဝန်ယူထားတဲ့ ပါမောက္ခဒေါက်တာသိန်းဇော်တို့နဲ့ တွေ့ဆုံခိုက်မှာ အခုလိုမေးမြန်းဖြစ်ခဲ့ပါတယ်။
အာရှတော်ဝင်ရဲ့သမိုင်းကြောင်းကို အရင်ဆုံးပြောပြပေးပါ . . .
အာရှတော်ဝင်ဆေးရုံအကြောင်း ပြောရမယ်ဆိုရင် တော်ဝင်ဆေးခန်းကနေ စပြောရမယ်။ ၁၉၈၅ ခုနှစ်မှာ တော်ဝင်ဆေးခန်းကို ကျွန်တော်ဆေးကျောင်းသား Final Part II ကတည်းက စတင်တည်ထောင်ခဲ့တာပါ။ တော်ဝင်ဆေးခန်းကိုအခြေခံပြီး အာရှတော်ဝင်ဆေးရုံ ဖြစ်လာခဲ့တာပါ။ ကျွန်တော်နဲ့အတူ တွဲလုပ်ခဲ့တဲ့ Final Part II တစ်ယောက်က တော်ဝင်ဆေးခန်းထက်ကြီးတဲ့ ဆေးရုံတစ်ခုဖွင့်ချင်တယ်လို့ တိုင်ပင်လာတာကနေ အာရှတော်ဝင်ဆေးရုံဖြစ်တည်ဖို့ အကြောင်းရင်း ပေါ်ပေါက်လာတာပါ။ ပထမဦးစွာ အာရှတော်ဝင်ကုမ္ပဏီ တည်ထောင်ခဲ့တာက ၁၉၉၇ ခုနှစ်မှာပါ။ တစ်ကမ္ဘာလုံးက ၂၀၀၈ ခုနှစ်မှာ Global Recession ဖြစ်တယ်ဆိုပေမယ့် ၁၉၉၇ ခုနှစ်မှာ Southeast Asia တစ်ခုတည်းပဲကွက်ပြီး Economic Crisis ဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့် ၁၉၉၈ ခုနှစ်မှာ လုပ်ငန်းအကောင်အထည်မဖော်နိုင်ခဲ့ဘဲ ၁၉၉၉ ခုနှစ် တစ်နှစ်အတွင်းမှာ အာရှတော်ဝင်ဆေးရုံ အဆောက်အအုံကို ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။
၂၀၀၀ ပြည့်နှစ်၊ မတ်လ ၁၈ ရက်မှာ အာရှတော်ဝင်ဆေးရုံကို စတင်ဖွင့်လှစ်နိုင်ခဲ့တယ်။ လုပ်ငန်းအစမှာတော့ ချက်ချင်းကြီး အောင်မြင်မှုမရခဲ့ပါဘူး။ ၂၀၀၂ ခုနှစ်လောက်ကစပြီး နည်းနည်းလေး အခြေခိုင်လာတယ်။ အတိအကျပြောရရင်တော့ သာမညဆရာတော်ကြီးက အာရှတော်ဝင်ဆေးရုံတက်လာပြီးနောက်ပိုင်းမှာ ဆရာတော်ကြီးရဲ့ စောင့်ရှောက်မှုနဲ့ မိသားစုဝန်ထမ်းတွေရဲ့ ကြိုးစားမှုကြောင့် အောင်မြင်လာတယ်လို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ကတော့ ဆရာတော်ဘုရားကြီးကို ကြည်ညိုစိတ်နှင့် ဆေးကုသပေးခဲ့တာပါ။ အဲဒီမှာ တစ်ခုထည့်ပြောချင်တာက အခုနောက်ပိုင်းမှာ Marketing Strategy တွေက အတော်ပြောင်းလဲလာပါတယ်။ ဥပမာ- ဘန်ကောက်က ဆေးရုံကို ကြော်ငြာချင်တယ်ဆိုရင် မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့နိုင်ငံဖြစ်တဲ့အတွက် ဆရာတော်ဘုရားကြီးတွေရဲ့ အသွားအပြန် လေယာဉ်စရိတ်နဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ အခမဲ့လုပ်ပေးတယ်။ မြန်မာနိုင်ငံက ဒီလို သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် မြင့်မားတဲ့ ဆရာတော်ဘုရားကြီးတွေက ဒီဆေးရုံမှာ ကျန်းမာရေးစစ်ဆေးမှုတွေ ခံယူသွားပါတယ်ဆိုတဲ့ Marketing Strategy မျိုးနဲ့ ဈေးကွက်ထဲဝင်ရောက်လာပါတယ်။
ကျွန်တော့်တုန်းကတော့ ဒါဟာ Strategy တစ်ခုမဟုတ်ခဲ့ဘဲ ဒီကနေမမျှော်လင့်တဲ့ အကျိုးကျေးဇူးတွေ ရခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ ရန်ကုန်ကိုမလာတာ နှစ်ပေါင်းငါးဆယ်ကျော်ကြာပြီဖြစ်တဲ့ သာမညဆရာတော်က ရန်ကုန်တက်လာပြီးတော့ ဆေးဝါးကုသမှုခံယူတဲ့အခါမှာ အာရှတော်ဝင်ကိုရွေးချယ်ခဲ့လို့ ကျွန်တော်တအားဝမ်းမြောက်ခဲ့ပါတယ်။ အာရှတော်ဝင်ဆေးရုံက ဆရာတော်အတွက် ဆေးကုသစရိတ်အကုန်လုံးကို တာဝန်ယူခဲ့တယ်။ အဲဒီအချိန်တုန်းက အာရှတော်ဝင်ရဲ့ Occupancy က ၁၅ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။ ဆရာတော်ဘုရားကြီး ဆေးရုံကဆင်းပြီးနောက်ပိုင်း ကျွန်တော့်ကို အာရှတော်ဝင်က ဒီထက်ပိုအောင်မြင်လာမှာပါလို့ မိန့်ကြားခဲ့တယ်။ တကယ်ပဲ ဆရာတော်ဘုရားကြီးဆေးရုံက ဆင်းပြီးနောက်ပိုင်းမှာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့ဘက်ကလူနာတွေက ဖုန်းဆက်ပြီး ဆေးရုံတက်ဖို့ ဆက်သွယ်လာကြတယ်။ မြိတ်၊ ထားဝယ်၊ မော်လမြိုင်၊ ဘားအံဘက်တို့ကို တစ်လမှာ အခေါက်နှစ်ဆယ်လောက် Ambulance ဝန်ဆောင်မှုပေးရတယ်။ အဲဒီအချိန်ကစပြီး အာရှတော်ဝင်ရဲ့ Occupancy တောက်လျှောက်ပြည့်သွားတယ်။ နောက်ပြီး ၂၀၀၃ ခုနှစ်၊ စက်တင်ဘာလမှာ ယခုနိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က အာရှတော်ဝင်ဆေးရုံကို တက်ခဲ့တယ်။ ဒါတွေက ကျွန်တော်တို့ အာရှတော်ဝင်အောင်မြင်ရခြင်း အကြောင်းရင်းထဲမှာ ပါပါတယ်။ နောက်ပြီး အာရှတော်ဝင်ကုမ္ပဏီရဲ့ ဖွဲ့စည်းတည်ဆောက်မှုကောင်းတာနဲ့ ဒါရိုက်တာတွေနဲ့ မိသားစုဝန်ထမ်းအားလုံးရဲ့ ကြိုးစားအားထုတ်မှုတွေလည်း ပါပါတယ်။ ဒါအပြင် ကျွန်တော်တို့အုပ်ချုပ်မှုအဖွဲ့က ဗုဒ္ဓဘာသာဝင်အများစုဖြစ်တဲ့အတွက် ဘာသာတရားအဆုံးအမအောက်မှာနေပြီး အုပ်ချုပ်ဆောင်ရွက်လို့ အောင်မြင်လာတယ်လို့ ယုံကြည်တယ်။
အဲဒီအချိန်တုန်းက လူထုခေါင်းဆောင်ဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျွန်တော်တို့ အာရှတော်ဝင်ဆေးရုံကို တက်လာတဲ့အခါမှာ ကျွန်တော်တို့အားလုံး တအားစိတ်လှုပ်ရှားခဲ့ရပါတယ်။ ကျွန်တော်တို့ ဆေးရုံဘက်က လုံးဝကိုအတိမ်းအစောင်းခံလို့မရတဲ့ အခြေအနေဖြစ်တယ်။ အဲဒီအချိန်မှာ သီတဂူဆရာတော်က အာရှတော်ဝင်ဆေးရုံဟာ နိုင်ငံတကာအဆင့်မီဆေးရုံကြီး ဖြစ်လာမယ်လို့ ကြိုတင်မိန့်ကြားခဲ့ပါတယ်။ တကယ်လက်တွေ့မှာပဲ ဖြစ်လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆေးရုံတက်တော့ နိုင်ငံတကာသံရုံးတွေက ပန်းခြင်းတွေနဲ့ လာပြီးအားပေးကြတယ်။ အဲဒီနောက်ပိုင်းမှာ နိုင်ငံတကာကလာသမျှ နိုင်ငံခြားသားဧည့်သည် တော်တော်များများ ကျန်းမာရေးစောင့်ရှောက်မှုခံယူဖို့ဆိုရင် အာရှတော်ဝင်ကိုပဲ ရောက်လာတယ်။ ပထမခုတင်တစ်ရာနဲ့ မလုံလောက်တော့လို့ ၂၀၀၇ ခုနှစ်မှာ နောက်ထပ်ခုတင်တစ်ရာ ထပ်တိုးချဲ့ခဲ့ရပြီး ခုတင်နှစ်ရာဆန့်ပုဂ္ဂလိကဆေးရုံ ဖြစ်လာခဲ့ပါတယ်။
လုပ်ငန်းအနေနဲ့ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေအကြောင်းလည်း ပြောပြပေးပါ . . .
ကျွန်တော်တို့ ဒါရိုက်တာတွေအားလုံးက Marketing ကို ထိထိရောက်ရောက် သိပ်မလုပ်ကြဘူး။ ဒီလောက်အထိ အောင်မြင်လာလိမ့်မယ်လို့လည်း မူလကမမျှော်မှန်းထားခဲ့ပါဘူး။ ဒါကြောင့် ဆေးရုံနေရာကျဉ်းတဲ့ ပြဿနာကို ရင်ဆိုင်နေရပါတယ်။ ခုတင်တစ်ရာဆို အနည်းဆုံး မြေတစ်ဧက၊ ခုတင်နှစ်ရာဆိုတော့ မြေနှစ်ဧကလောက် ရှိသင့်ပေမယ့် ဧကဝက်နဲ့ ခုတင်နှစ်ရာဖြစ်နေတယ်။ ဒါကြောင့် အကျယ်မရှိဘဲ အထပ်အလွှာတွေများနေလို့ တစ်လွှာတည်းမှာ ဝန်ဆောင်မှုအမျိုးအစားများများ လုပ်နိုင်ရမယ့်အစား အလွှာတွေအများကြီးနဲ့ခွဲပြီး ဝန်ဆောင်မှုပေးရတယ်။ အဲဒီအတွက်လည်း ဝန်ထမ်းအင်အားပိုသုံးရတယ်။
အခုဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံတကာဖက်စပ်ဆေးရုံတွေလည်း အများကြီးဖွင့်လာတယ်။ နိုင်ငံခြားဆေးရုံတွေရဲ့ Agent တွေလည်း အများကြီးရှိလာတဲ့အတွက် ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာတယ်။ ဒီအတွက် အာရှတော်ဝင်ဆေးရုံအနေနဲ့ Marketing ပိုင်းမှာ ဘာတွေထပ်ပြီးလုပ်သွားဖို့ ရှိပါသလဲ။ ဝန်ဆောင်မှုပိုင်းမှာကော ဘာတွေထပ်ပြီး တိုးချဲ့လုပ်ဆောင်သွားမလဲ . . .
ဟုတ်ပါတယ်။ အခု Market မှာ ပြည်တွင်းပြည်ပ ပြိုင်ဘက်တွေ တအားများလာတယ်။ အခုဆိုရင် Marketing Strategy တွေက အရှိန်အဟုန်နဲ့ ပြောင်းလဲလာပြီး Marketing က အလွန်အရေးပါတဲ့ အခန်းကဏ္ဍဖြစ်လာတယ်။ Health Care Business က Nature နည်းနည်းလေး ပြောင်းလဲသွားတဲ့အခါ ပြည်တွင်းပြည်ပ Investor တွေက ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်ထဲကို ပိုဝင်လာကြတယ်။ အခုဆိုရင် ပုဂ္ဂလိကပိုင်ဆေးရုံအသစ်တွေ၊ ပြည်ပမှ နိုင်ငံခြားသားတွေနဲ့ စပ်တူဆေးရုံတွေပေါ်လာတယ်။ ရှိနေပြီးသား ပုဂ္ဂလိကဆေးရုံတွေကလည်း Foreign Investor တွေနဲ့ပေါင်းပြီး တိုးချဲ့မှုတွေ အများကြီးလုပ်လာကြတယ်။
ဒီအတွက် ကျွန်တော်တို့အာရှတော်ဝင်ရဲ့ ဝန်ဆောင်မှုတွေကို လိုအပ်နေသူတွေသိအောင် Marketing လုပ်ချင်တယ်။ ကျွန်တော်တို့ဘာပဲလုပ်လုပ်၊ လုပ်ငန်းတွေ ထပ်ချဲ့တာပဲဖြစ်ဖြစ် Patient Safety က အဓိကပါ။ ကျွန်တော်တို့ အာရှတော်ဝင်စတင်ကတည်းက နှလုံးသွေးကြောချဲ့တဲ့ ဝန်ဆောင်မှုကို ပုဂ္ဂလိကဆေးရုံတွေထဲမှာ ပထမဦးဆုံးစတင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် အဲဒီဝန်ဆောင်မှုကို ခေတ္တရပ်နားလိုက်ရတယ်။ ၂၀၁၃ ခုနှစ်ကစပြီး နှလုံးသွေးကြောချဲ့တာကို ပြန်လုပ်ဖြစ်ခဲ့တာ သုံးနှစ်အတွင်းမှာ လူနာခုနစ်ရာကျော်ကို ကုသပေးနိုင်ခဲ့ပါပြီ။
ကျန်းမာရေးမှာ ဖြစ်လာမှကုသတာထက် မဖြစ်ခင်က ကာကွယ်တာကောင်းပါတယ်။ မဖြစ်ခင် ဘယ်လိုကာကွယ်မလဲဆိုတော့ Medical Check-up လုပ်ဖို့လိုအပ်ပါတယ်။ Medical Check-up Package မှာ အသက်အပိုင်းအခြားအလိုက်၊ ကျား/မ အလိုက် အမျိုးအစား ၁၂ မျိုးခွဲထားပါတယ်။ အစိုးရဝန်ကြီးဌာနတွေ ဥပမာ-နိုင်ငံခြားရေးဝန်ကြီးဌာနက သံအမတ်နဲ့ ဝန်ထမ်းတွေ၊ သင်္ဘောသားကုမ္ပဏီ၊ ရေနံကုမ္ပဏီ၊ ဟိုတယ်၊ စက်ရုံတွေစတဲ့ ကုမ္ပဏီ ၁၅၀ ကျော် နှစ်ရာနီးပါးလောက်ရဲ့ ဝန်ထမ်းတွေအတွက် Medical Check-up ဝန်ဆောင်မှုပေးနေပါတယ်။ မကြာမီ ရှင်စောပုလမ်းမှာ Medical Check-up Centre ဖွင့်လှစ်ဖို့ ဆောင်ရွက်နေပါတယ်။ အဲဒီမှာ နိုင်ငံတကာအဆင့်မီ Appointment Executive OPD လုပ်သွားဖို့လည်းရှိပါတယ်။ အခုလည်း အမေရိကန်က ဦးနှောက်အာရုံကြောအထူးကု ဆရာဝန်ကြီးတစ်ယောက်က မြန်မာနိုင်ငံကို အပြီးပြန်လာပြီး အာရှတော်ဝင်မှာ အချိန်ပြည့် လူနာကုသပေးနေပါတယ်။ သူက အာရှတော်ဝင်မှာ လေဖြတ်တဲ့လူနာတွေ ပြန်လည်ထူထောင်ရေးအတွက် Rehabilitation Unit (ပြန်လည်ထူထောင်ရေး ယူနစ်) ဖွင့်လှစ်ဖို့ အစီအစဉ်ရှိပါတယ်။
နောက်ပြီး Heart Centre ကို ပြီးပြည့်စုံအောင် Upgrade လုပ်သွားဖို့ရှိပါတယ်။ နောက်ထပ်လိုအပ်ချက်အရ အတွင်းလူနာခုတင်တစ်ရာ ထပ်မံတိုးချဲ့သွားဖို့လည်း ရှိပါတယ်။ ကျွန်တော်တို့ အာရှတော်ဝင်က Tertiary Care Centre အဆင့်ဖြစ်ပါတယ်။ ကျွန်တော်တို့အဖွဲ့အစည်းက နယ်တွေမှာ Primary Centre ၊ Secondary Centre တို့ကိုလည်း ဖွင့်ဖို့ရည်ရွယ်ထားပါတယ်။ နယ်တွေကရှိနေပြီးသား ဆေးရုံတွေကလည်း သူတို့ဆေးရုံတွေကို Upgrade လုပ်ချင်ပေမယ့် အရင်းအနှီးးထပ်မထည့်ချင်ကြတော့ပါဘူး။ အဓိကကတော့ စက်တွေသုံးမယ်ဆိုရင် အဲဒီစက်အတွက် နည်းပညာ၊ အဲဒီနည်းပညာတွေကို ကိုင်တွယ်တတ်မယ့် HR တွေ လိုအပ်လာမယ်။ အဲဒီစက်တွေ အဆင့်မြှင့်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုလည်း ထပ်ပြီးလိုတယ်။
နောက်ပိုင်း ရန်ကုန်မြို့အပြင် တခြားမြို့ကြီးတွေမှာ အောင်မြင်စွာတိုးချဲ့သွားဖို့အတွက် Future Plan တွေရှိပါတယ်။ အဲဒီလိုတိုးချဲ့သွားမယ်ဆိုရင် အဓိကလိုအပ်ချက်တွေကတော့ Human Resource Development ကိုဘယ်လိုမြှင့်တင်မလဲ၊ Human Resource Development က ဘယ်လိုစံနှုန်းနဲ့သွားမလဲ၊ Strategic Plan ကို ဘယ်လိုသတ်မှတ်မလဲ၊ Action Plan ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာတွေ ရှိပါတယ်။ နောက်ပြီး ကျွန်တော်တို့တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကုသရေးအပိုင်းမှာ အမှားနည်းအောင်၊ Patient Safety ဖြစ်အောင် Risk Management က အမြဲထိန်းမတ်ပေးရမယ်။ ကျွန်တော်တို့အရင်က Risk Management ရဲ့ အရေးပါမှုကို အဲဒီလောက်အထိ မစဉ်းစားမိခဲ့ဘူး။ အရေးကြီးတာက လူနာတွေရဲ့ လုံခြုံမှုနဲ့ ယုံကြည်မှုရရှိအောင် တည်ဆောက်ဖို့ပါ။
ကျွန်တော်တို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဟာ အမြတ်အစွန်းရဖို့ စီးပွားရေးလုပ်တယ်ဆိုတာထက် လူနာတွေကို ကိုယ့်မိသားစုဝင်တွေလို စာနာစိတ်နဲ့ စေတနာထားပြီး ကုသစောင့်ရှောက်မှုပေးဖို့ ခံယူချက်ရှိဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ငန်းကို ဆက်လက်တိုးချဲ့သွားမှာဖြစ်ပေမယ့် လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှု (Competency) နဲ့ လူနာလုံခြုံစိတ်ချရမှု (Patient Safety) ကို အဓိကထားပါတယ်။
အာရှတော်ဝင်ရဲ့ဝန်ဆောင်မှုအဆင့်မြှင့်တင်မှုအပိုင်းတွေကို Advisory/ Consultant (Risk Management & Medicolegal) တာဝန်ယူထားတဲ့ ပါမောက္ခဒေါက်တာသိန်းဇော်က အခုလိုပြောပြခဲ့ပါတယ်။
အာရှတော်ဝင်ဆေးရုံမှာ Risk Management ပိုင်းရဲ့ အကြံပေးပညာရှင်အဖြစ် တာဝန်ယူဖြစ်ခဲ့ပုံနဲ့အတူ Risk Management အကြောင်းကို ရှင်းပြပေးစေချင်ပါတယ် . . .
ကျွန်တော် တစ်သက်လုံးလုပ်လာတဲ့အလုပ်က ဥပဒေရေးရာ ဆေးပညာဖြစ်တယ်။ ကျွန်တော် အသက်ခြောက်ဆယ်အထိ ဒီအလုပ်ကို လုပ်ခဲ့တယ်။ နောက်ဆုံး ပါမောက္ခဌာနမှူးရာထူးနဲ့ ပင်စင်ယူခဲ့ပြီး အိမ်မှာနားနေတဲ့အချိန် ဒေါက်တာမြတ်သူတို့ လာခေါ်တယ်။ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလမှာ အာရှတော်ဝင်မှာ စပြီးဝင်လုပ်ခဲ့တယ်။ အစကတော့ ကျွန်တော့်ကို Ethical Consultant အနေနဲ့ စခေါ်ခဲ့တယ်။ ကျွန်တော်က Ethics နဲ့ ပတ်သက်ရင် နည်းနည်းပဲလုပ်နိုင်တယ်။ ကျွန်တော်တကယ်လုပ်နိုင်တာက Risk Management ကို လုပ်နိုင်တယ်။ အစပိုင်းမှ Risk Management ဆိုတာ ဘာလဲဆိုတာ အရင်ရှင်းပြရပါတယ်။ Risk Management အကြောင်း ပြောရရင် မြန်မာပြည်မှာ ဘယ်ဆေးရုံမှမလုပ်သေးပါဘူး။ ရေနံကုမ္ပဏီတွေနဲ့ တချို့လုပ်ငန်းတွေမှ Risk Management ရှိပေမယ့် ဆေးရုံနဲ့ပတ်သက်ရင်တော့ ဆေးရုံတော်တော်များများမှာ မရှိသေးပါဘူး။ အာရှတော်ဝင်မှာ Risk Management နဲ့ ပတ်သက်ပြီး ကျွန်တော်လုပ်ချင်တာတွေ တစ်ခုပြီးတစ်ခုတင်ပြပြီး စလုပ်ခဲ့တယ်။
အဲဒီအထဲမှာ အဓိကဦးတည်လုပ်တာကတော့ Patient Safety ဖြစ်ပါတယ်။ ဆေးရုံက ကြိုက်တာကုပါ။ ကုသရေးမှာ ကျွန်တော်လုံးဝမပါဘူး။ ဒါပေမဲ့ ဘာပဲလုပ်လုပ် လုပ်သမျှသည် Patient Safety ကို ဦးတည်ရမယ်။ Patient Unsafe ဖြစ်ရင် ဘယ်လောက်ကောင်းကောင်းမလုပ်နဲ့။ နံပါတ်တစ်က Patient Safety ဖြစ်တယ်။ နံပါတ်နှစ်လည်း ဒါပဲ။ နံပါတ်သုံးလည်း ဒါပဲဖြစ်တယ်။ Risk Management ခေါင်းစဉ်အောက်မှာ ကဏ္ဍတွေ အများကြီးရှိပါတယ်။
နောက်တစ်ခုက Identification ဖြစ်ပါတယ်။ ဆေးရုံတွေမှာ သွေးမှားဖောက်တာ၊ ဆေးမှားပေးတာ၊ ဓာတ်မှန်မှားရိုက်တာတွေ ရှိတတ်ပါတယ်။ ဒါက ဆရာဝန် ဆေးကုတော်တာ မတော်တာနဲ့ မဆိုင်ပါဘူး။ ဒါကြောင့် ဝန်ထမ်းတွေ Identification မမှားအောင် Identification Week သတ်မှတ်ပြီး တစ်ပတ်လုံးမှာ အထူး Identification လုပ်စေတယ်။ သေချာအောင် နောက်တစ်ကြိမ် Verification ထပ်လုပ်ခိုင်းတယ်။ ပုံမှန်အမြဲတမ်းလုပ်ပေမယ့် Awareness ရအောင် သတ်မှတ်ထားတဲ့ တစ်ပတ်မှာ Two Step Procedure နဲ့ ပိုအားထုတ်လုပ်ခိုင်းတယ်။ ပိုပြီးသေချာအောင်လုပ်တယ်ဆိုတာကို လူနာတွေလည်း နားလည်အောင်ရှင်းပြတယ်။
Risk Management မှာ Identification က အစိတ်အပိုင်း သေးသေးလေးတစ်ခုပါ။ နောက်တစ်ခု HSE (Health Safety Environment) ဖြစ်ပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ အခုလုပ်နေပါတယ်။ နောက်လည်း ဆက်လုပ်သွားရမယ့်အရာပါ။ အဲဒီထဲမှာ Health ပိုင်းနဲ့ Safetyပိုင်းကို ပိုအားစိုက်ပြီး လုပ်နိုင်တယ်။ Environment ကတော့ ကျွန်တော်တို့အာရှတော်ဝင်က သိပ်မလုပ်နိုင်ဘူး။ မြေနေရာကျဉ်းတဲ့အတွက် မလုပ်နိုင်တာပါ။ ဒါပေမဲ့ ကျွန်တော်တို့ တတ်နိုင်သလောက်တော့ လုပ်ပါတယ်။ ဥပမာ - ဒီဝန်းကျင်အနီးအနားတွေမှာ အခမဲ့ဆေးကုပေးတာ၊ ဆေးပေးတာ၊ သွေးချိုဆီးချိုတိုင်းတာ၊ ဘုန်းကြီးကျောင်းမှာနေတဲ့ မိဘမဲ့ဘုန်းကြီးကျောင်းသားတွေအတွက် ယူနီဖောင်းတွေပေးတာ၊ ဆွမ်းကျွေးတာ၊ ဆီဆန်ဆားလှူတာ စတဲ့ အလှူတွေကိုတော့ တတ်နိုင်သလောက်လုပ်နေပါတယ်။
ကျွန်တော်တို့ တကယ်လုပ်နိုင်တဲ့ Health ဆိုတဲ့အပိုင်းမှာ ဆရာဝန်နဲ့ ဆေးကုသမှုနဲ့တင်မပြီးပါဘူး။ Health မှာ Infection Control က အရေးပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ လူနာတစ်ယောက်ရှိရင် လူနာလာကြည့်တဲ့သူတွေ အများကြီးဝင်ကြတယ်။ သူတို့စီးဝင်လာတဲ့ ဖိနပ်မှာ ရောဂါပိုးမွှားတွေအများကြီး ကပ်ပါလာတယ်။ အဲဒီကနေ ပိုးမွှားတွေ ကူးစက်ပြန့်နှံ့ကုန်တယ်။ ၁၂ နှစ် အောက်ကလေးတွေ မဝင်နဲ့၊ ရောဂါကူးမယ်လို့ ပြောပေမယ့်လည်း ရင်ခွင်ပိုက်ကလေးအရွယ်တွေတောင် ခေါ်လာကြတယ်။ လူနာရှင်များလွန်းလို့ သန့်ရှင်းရေး လုပ်တာတောင်မနိုင်ဘူး။ Hand Washing ၊ Waste Disposal ဆိုတာတွေက ဆေးရုံအတွက် အရေးပါတဲ့ လုပ်ရမယ့်အရာတွေဖြစ်တယ်။
နောက်တစ်ခုက ဝန်ထမ်းစည်းကမ်းတွေ၊ ဝန်ထမ်းဥပဒေတွေနဲ့ မငြိအောင် ဝန်ထမ်းတွေကို တာဝန်တွေလည်း ပေးရတယ်။ သူတို့ရဲ့ခံစားပိုင်ခွင့်တွေလည်း ရအောင်ပေးရမယ်။ ဝန်ထမ်းဥပဒေတွေနဲ့ ပတ်သက်တဲ့ ရှောင်တခင်ခွင့်၊ သားဖွားခွင့် စတာတွေကိုလည်း ပေးသိရတယ်။
Safety ပိုင်းမှာ လူနာရဲ့ Safety ပဲမဟုတ်ဘူး။ ဒီဆေးရုံထဲဝင်လာတဲ့ လူနာစောင့်တွေ၊ ဆေးရုံက ဝန်ထမ်းတွေပါ Safety ဖြစ်ရမယ်။ ဥပမာ- လူနာစောင့်က ဆေးရုံမှာ ဓာတ်ကြိုးထိပြီး သေဆုံးသွားရင် ဆေးရုံကို တရားစွဲမှာပါ။ ဆေးရုံက ဓာတ်ကြိုး၊ လျှပ်စစ်အန္တရာယ်မရှိအောင် ကာကွယ်ထားရမယ်။ ဆေးရုံက Ambulance ကား ယာဉ်တိုက်မှုဖြစ်တယ်ဆိုရင် ဒီဆေးရုံက တာဝန်ယူရမယ်။ Ambulance က လူနာ၊ ယာဉ်မောင်း၊ ဝန်ထမ်းတွေရဲ့ Safety တာဝန်ယူရတယ်။ ဝန်ထမ်းတွေ ဆေးလိပ်မသောက်ရဘူး။ အရက်မသောက်ရဘူး။ Ambulance နဲ့ နယ်တွေသွားရင် ခြောက်နာရီခြားတစ်ခါ ဖုန်းဆက်အကြောင်းကြားစေတယ်။ Car Parking Safety ပိုင်းဆိုရင်တော့ ကျွန်တော်တို့က Parking အခမဲ့ပေးထားတာဖြစ်လို့ ကားထဲကပစ္စည်းတွေကိုတော့ တာဝန်မယူနိုင်ဘူး။ အဲဒီအတွက် Parking နဲ့ ပတ်သက်တဲ့ စည်းကမ်းထုတ်ထားရတယ်။ နောက်တစ်ခု ဝန်ထမ်းတွေ အလုပ်လုပ်ရင်းနဲ့ အပ်စူးတာတွေ သိပ်များတယ်။ လူနာ HIV ၊ B ၊ C ရောဂါရှိနေရင် အင်မတန်စိုးရိမ်ရပါတယ်။
အဲဒီလိုဖြစ်သွားမယ်ဆိုရင် အဲဒီဝန်ထမ်းကို အရေးပေါ်ခေါ်ယူပြီး ဆေးစစ်ပေးရတယ်။ ကာကွယ်ဆေး အခမဲ့ထိုးပေးရတယ်။ ကံဆိုးသွားလို့ HIV တစ်သက်တာ ရောဂါမျိုးရသွားရင်တော့ သက်ဆိုင်ရာ ဆေးရုံတွေကို လွှဲပေးရပါတယ်။ ဝန်ထမ်းတွေ အလေးအပင် ပစ္စည်းတွေမရင်း ခြေကျိုးလက်ကျိုးတာတွေမဖြစ်အောင် စည်းကမ်းတွေထုတ်ရတယ်။ ဖြစ်လာရင်လည်း တာဝန်ယူကုသပေးရတယ်။ ဒါကြောင့် ကျွန်တော်တို့ ဆေးရုံကို ဝင်လာတဲ့ လူနာ၊ ဝန်ထမ်း၊ လူနာစောင့်အားလုံးရဲ့ Safety ကို အကုန်စဉ်းစားပြီး ကြိုတင်ပြင်ဆင်ထားရတယ်။ တွေးကြည့်ရင်တော့ ဒါတွေက ဆေးကုတာနဲ့ ဘာမှမဆိုင်ပေမယ့် အခုခေတ်မှာ နိုင်ငံတကာ အဆင့်မီဆေးရုံကြီးတွေမှာဆို HSE မလုပ်တဲ့ဆေးရုံ မရှိပါဘူး။ နိုင်ငံခြားမှာ ဝန်ထမ်းဆယ်ယောက်ကျော်ရင် HSE ရှိရမယ်။ HSE ရဲ့ဖွဲ့စည်းပုံ၊ ဆောင်ရွက်ပုံတွေ တင်ပြရတယ်။ တင်ပြပြီးရင် သူတို့ဆီက အဖွဲ့အစည်းက စစ်ဆေးရေးတွေလုပ်တယ်။ အများဆုံးကတော့ ရေနံကုမ္ပဏီကြီးတွေဆိုရင် HSE အပြည့်လုပ်တယ်။ နောက်ထပ်အရေးကြီးတာတစ်ခုက Fire Safety ပါ။ ရပ်ကွက်ထဲက အိမ်တစ်အိမ် မီးလောင်တာနဲ့ ဆေးရုံတစ်ရုံ မီးလောင်တာမတူပါဘူး။ ဆေးရုံအတွက်ဆိုရင် Fire Safety အတွက် စာအုပ်တစ်အုပ်သတ်သတ် ရေးထားရပါတယ်။ တော်တော်ပြည့်စုံအောင်တော့ လုပ်ထားပါတယ်။ Safety လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေး၊ Health လုပ်ငန်းခွင်ကျန်းမာရေးက အားလုံးကိုကြည့်ပေးရတယ်။ အမျိုးသမီးတွေ ညပိုင်း အိမ်ပြန်ဖို့မလုံခြုံဘူးထင်ရင် ဖယ်ရီစီစဉ်ပေးတာမျိုးတွေ လုပ်ရပါတယ်။ HSE ဆိုတာ အင်မတန်ကျယ်ပြန့်ပါတယ်။ ဝန်ထမ်းတွေကိုလည်း ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့ စည်းရုံးရတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အာရှတော်ဝင်က HSE လုပ်နိုင်တဲ့အတွက် ဂုဏ်ယူမိပါတယ်။
နိုင်ငံတကာအဆင့်မီဆေးရုံဖြစ်အောင် အဆင့်မြှင့်တင်မှုလုပ်တဲ့အပိုင်းကိုလည်း ပြောပြပေးပါ . . .
ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံတကာသံရုံးတွေ၊ NGO အဖွဲ့အစည်းတွေ အများကြီးရှိတယ်။ နိုင်ငံခြားသားတွေ နေမကောင်းလို့ ဆေးရုံလာပြရင် နိုင်ငံတကာအဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှုကို လိုချင်တယ်။ နိုင်ငံတကာအဆင့်မီဆိုတဲ့ နာမည်ခံထားရင် နိုင်ငံတကာအဆင့်မီတဲ့ ဝန်ဆောင်မှုပေးနိုင်ရမယ်။ အာရှတော်ဝင်ရဲ့ အားသာချက်က ISO-2009 ရထားတယ်။ ရန်ကုန်မှာ ISO ရထားတဲ့ ဆေးရုံက အာရှတော်ဝင်အပါအဝင်နှစ်ခုပဲရှိပါတယ်။ ISO ရဖို့အတွက် စစ်ဆေးမှုတွေ အများကြီးခံယူခဲ့ရပါတယ်။ ISO လာစစ်တဲ့လူက နောင်နှစ်ကျရင် Health Safety Environment (HSE) လုပ်ရမယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ဆီမှာက HSE လုပ်နေပြီးသားဖြစ်လို့ ဖွဲ့စည်းပုံတွေ လုပ်ဆောင်ချက်တွေကိုလည်း တင်ပြထားနိုင်ခဲ့တယ်။ နောက်ထပ်လည်း ISO-2015 ရဖို့ ဆောင်ရွက်နေပါတယ်။ ရမယ်လို့လည်း ယုံကြည်ပါတယ်။
နောက်ပိုင်းမှာ ISO ထက်မြင့်တဲ့ JCI (Joint Commission International) အဆင့်ကိုရအောင် ဆက်လက်ကြိုးစားသွားပါမယ်။ အခုလတ်တလောမှာတော့ အာရှတော်ဝင်ရဲ့ ဓာတ်ခွဲခန်းကို ISO ရဖို့ လုပ်နေပါတယ်။ ဓာတ်ခွဲခန်း ISO 15189-2012 ကို မြန်မာနိုင်ငံမှာ ပထမဦးဆုံးရဖို့က ဆေးရုံ ISO ရဖို့ထက် ပိုခက်ခဲပါတယ်။ ဓာတ်ခွဲခန်းတည်ဆောက်ပုံ၊ သုံးတဲ့စက်ပစ္စည်းတွေ၊ ဓာတ်ခွဲခန်းကြီးကြပ်တဲ့လူတွေကအစ တော်တော်များများကို ဘက်စုံစစ်ဆေးပါတယ်။ ဝန်ဆောင်မှုပိုင်းကို တစ်ဆင့်ထက်တစ်ဆင့် မြင့်သည်ထက်မြင့်အောင် စဉ်ဆက်မပြတ်ကြိုးစားနေပါတယ်။ မိသားစုဝန်ထမ်းတွေ အားလုံးကလည်း စိတ်တူကိုယ်တူ အားသွန်ခွန်စိုက်ကြိုးစားနေပါတယ်။ အချိန်တစ်ခုရောက်ရင် လက်ရှိအာရှတော်ဝင်ဆေးရုံဟာ နိုင်ငံတကာအဆင့်မီ ခုတင်သုံးရာဆန့် ပုဂ္ဂလိကဆေးရုံတစ်ခုဖြစ်လာမှာ အသေအချာဖြစ်ပါတယ်။
အယ်ဒီတာအဖွဲ့