ကမ္ဘာ့ရေးရာ၌ အာရှနိုင်ငံတို့သည် အင်အားကြီးနိုင်ငံတို့၏ အတက်အကျ (Rise and Fall Powers) တို့ကို မျက်မြင်ဒိဋ္ဌတွေ့ခဲ့ကြပြီး ဖြစ်၏။ ထိုနည်းတူစွာပင် စီးပွားရေး အလားအလာ (Economic Prospects) အတက်အကျတို့ကိုလည်း နဖူးတွေ့ဒူးတွေ့ တွေ့နေကြပြီးဖြစ်သည်။ ထိုအခြေအနေတွင် အာရှအတိုင်းအတာ၌ဖြစ်စေ၊ သက်ဆိုင်ရာနိုင်ငံအလိုက် ပြည်တွင်းအတိုင်းအတာ၌ဖြစ်စေ၊ အာဏာတန်ခိုး (Power) နှင့် ပတ်သက်၍ လည်းကောင်း ခေါင်းဆောင် (Leadership) နှင့် ပတ်သက်၍လည်းကောင်း ရှုပ်ထွေးမှုများအစီစီအရီရီ ပေါ်ပေါက်နိုင်ပါသည်။ ထိုရှုပ်ထွေးမှုကိုလည်း ရှိရင်းစွဲနာကျင်မှုနှင့် စိန်ခေါ်မှုတို့ကို ကျော်လွှားဖြေရှင်းမှုတွင် အထောက်အကူပြု၊ မပြု ပညာရှင်တို့က စဉ်းစားသုံးသပ်ထားကြသည်။ ထို အတောအတွင်း၌ ဤရှုပ်ထွေးမှုကို ပို၍ရှုပ်ထွေးစေသည့် အချက်တစ်ချက်ကလည်း ပေါ်လာပြန်သည်။ 'အာရှပြဿနာကို အာရှနည်းဖြင့် ဖြေရှင်းရေး' (Asian Solutions to Asian Problems) စသော ဝါဒဆောင်ပုဒ်ဖြစ်၏။ ဤဆောင်ပုဒ်ကို အနည်းငယ်ချုံ့ပြီး 'ပြည်တွင်းပြဿနာကို ပြည်တွင်းနည်းဖြင့် ဖြေရှင်းရေး' ဆိုပြီးလည်း အပြောအ ဆိုတို့က ရှိလာသည်။ ခက်နေသည်မှာ အထက်တွင် ဖော်ပြခဲ့သော နာကျင်မှုတို့နှင့် စိန်ခေါ်မှုတို့သည် နိုင်ငံတစ်နိုင်ငံ၏နယ်နိ မိတ်အာရှ၏နယ်နိမိတ် တို့ကို ကြော့ကြော့မော့မော့ကျော်ဖြတ်နေပြီး ဟိုမှာထက် ကမ္ဘာလုံးဆိုင်ရာလက္ခဏာနှင့် အတိုင်းအတာကျယ်ကျယ် ဆက်မိနေသောအချက်ဖြစ်နေခြင်းပင်ဖြစ်သည်။ Global Link-age ဟု ဆိုသည်။ 'ကမ္ဘာနှင့်ချီပြီး စည်းဝါးပါ။ သို့သော် လုပ်ရပ်တော့ နိုင်ငံအလိုက်လုပ်ပါ' (Think Globally, But Act Locally) ဆိုသော မဟာဗျူဟာသင်တန်းကျောင်း တစ် ကျောင်းမှဆောင်ပုဒ်သည် ဤအချက်ကို အတိအလင်း ရည်ညွှန်းဟန်တူပါသည်။
မောင်သာဇုံ