Asean Tourism Forum (ATF) 2015 မှ နိုင်ငံအလိုက်ပြောကြားသည့် ခရီးသွားလုပ်ငန်းဆိုင်ရာ အချက်အလက်များ

MIConventionCentre မြန်မာနိုင်ငံကအိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပတဲ့ Asean Tourism Forum (ATF) 2015 ကို ဇန်နဝါရီလ ၂၂ ရက်ကနေ  ၂၉ ရက်အထိ နေပြည်တော်ရှိ Myanmar International Convention Centre (MICC 1) မှာကျင်းပခဲ့ပါတယ်။ အဆိုပါ Forum မှာအာဆီယံနိုင်ငံတွေအလိုက် သတင်းမီဒီယာတွေနဲ့ တွေ့ဆုံတဲ့အစီအစဉ်တစ်ရပ်ကို ထည့်သွင်းပြုလုပ်ခဲ့ပြီး နိုင်ငံံပေါင်းစုံမှာ ခရီးသွားလုပ်ငန်းနဲ့ပတ်သက်တဲ့ တိုးမြင့်လုပ်ဆောင်မှုတွေ နိုင်ငံတကာခရီးသည်ဝင်ရောက်မှု ခန့်မှန်းတာတွေနဲ့ ခရီးသွားကဏ္ဍတိုးတက်စေဖို့ ကျင်းပပြုလုပ်မယ့် 2015 Calender ကိုပါထည့်သွင်းပြောကြားခဲ့ပြီး ယင်းအချက်အလက်တွေကို ပြန်လည်ဝေမျှလိုက်ပါတယ်။   Myanmar

မြန်မာ

နိုင်ငံအလိုက် သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရာမှာအိမ်ရှင်နိုင်ငံဖြစ်တဲ့  မြန်မာနိုင်ငံက အရင်ဆုံးရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းမြှင့်တင်ခြင်းနှင့် နိုင်ငံတကာဆက်ဆံရေးဌာနက ဒါရိုက်တာဒေါ်ခင်သန်းဝင်း၊ အာဆီယံနှင့် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဌာနခွဲ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးဒေါ်ခိုင်မီမီထွန်း၊ Deputy Director ဖြစ်သူ ဦးအောင်သူတို့ ဦးဆောင်တဲ့ မြန်မာအစိုးရအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပါတယ်။ ယင်းဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရဲ့ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံရဲ့ခရီးသွားဝင်ရောက်မှု အခြေအနေဟာ၂၀၁၃ ခုနှစ်ကထက်  ၅၁ ရာခိုင်နှုန်းတိုးလာခဲ့ပြီး၊ ခရီးသွား ၃.၀၈၁ သန်းရှိလာခဲ့တယ်ဆိုတာဖော်ပြခဲ့သလို ဟိုတယ်အခန်းအရေအတွက်အရ အခန်းပေါင်း ၄၃,၂၄၃ နဲ့ ဟိုတယ်အလုံးရေ ၁,၁၀၆ လုံးရှိနေပြီဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ Visa on Arrival နဲ့ E-Visa တို့ရှိနေပြီဖြစ်ကြောင်းအပြင် E-Visa လျှောက်ပါကငါးရက်ကြာမြင့်ပြီး တစ်ယောက်ကို အမေရိကန်ဒေါ်လာ၅၀ နဲ့နိုင်ငံပေါင်း တစ်ရာကျော်ကနေ လျောက်နိုင်ပြီဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ Southern Asia Land International Group Planning က Executive Director ဖြစ်သူ Edward KOH Boon Wee ကို မြန်မာနိုင်ငံရဲ့Tourism ပိုင်းဆိုင်ရာ တိုးတက်မှုအတွက် မေးမြန်းခဲ့ရာ''မြန်မာနိုင်ငံအကြာင်းကို အားလုံးကစိတ်ဝင်စားတယ်။ စင်ကာပူလိုမဟုတ်ဘဲ မြန်မာနိုင်ငံက Natural Resource တွေများပြားတဲ့အတွက် ပုဂံအပါအဝင်၊ World Heritage Site တွေကို ပိုပြီးအာရုံစိုက်သင့်တယ်။ ဒါတွေဟာ ခရီးသွားကဏ္ဍကို ပိုအထောက်အကူပြုနိုင်တယ်'' လို့သူ့ရဲ့အမြင်ကို ပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင်

၂၀၁၆ မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့အလှည့်ကျတဲ့ ဖိလစ်ပိုင်နိုင်ငံက Office of Tourism Standards and Regulation က Director ဖြစ်သူ Maria Rica C. Bueno ၊ Tourism Development က Undeuecretary ဖြစ်သူ Benito C. Bengzon, JR. နဲ့ Office of Tourism Development Planning က Assistant Secretary ဖြစ်သူ Rolando Canizal တို့ဦးဆောင်တဲ့ ဖိလစ်ပိုင်အစိုးရအဖွဲ့ဝင်တွေ သတင်းမီဒီယာတွေနဲ့တွေ့ဆုံခြင်း အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံက ၂၀၁၄ ခုနှစ်မှာ ဧည့်သည်ခြောက်သန်း ဝင်ရောက်ဖို့မှန်းခဲ့ပေမဲ့ ၄.၈ သန်းသာရရှိခဲ့ကြောင်း။ ခရီးသွားလုပ်ငန်းတိုးမြှင့်ဖို့အတွက် ၂၀၁၄ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၇၅၀ သန်းတန်ဖိုးရှိ စီမံကိန်း ၁၆ ခုတည်ဆောက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ 2015 Major International Events တွေဖြစ်တဲ့ ASEAN Corporate Sustainability Summit and Awards ပွဲ(မတ်လ)၊ Madrid Fusion Manila နဲ့ 46th World Trade Centeu Association General Assembly  ပွဲ (ဧပြီလ)၊ MTV Music Evolution  ပွဲ (မေလ)၊ ASEAN Food Conference  ပွဲ (ဇွန်လ)၊  17th Asia Pacific Retaileu Convention and Exhibition  ပွဲ (အောက်တိုဘာလ) နဲ့ APEC Ministerial  Leadeu' Summit ပွဲ (နိုဝင်ဘာလ)တွေ ကျင်းပတာဖြစ်တဲ့အတွက် ဖိလစ်ပိုင်နိုင်ငံဟာ ၂၀၁၅ ခုနှစ်ဟာ  “Visit the Philippines” Year(VPY)  ဖြစ်ဖို့မျှော်မှန်းထားကြောင်းနဲ့ ''အာရှမှာမလည်မဖြစ် လည်ပတ်သင့်တဲ့နေရာတစ်ခုဖြစ်လာဖို့'' ဟာ သူတို့ရဲ့National Tourism Development Plan ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။   Thailand

ထိုင်း

ထိုင်းနိုင်ငံက သတင်းမီဒီယာတွေနဲ့တွေ့ဆုံရာကာ International Marketing Asia and South Pacific Tourism Authourity of Thailand ရဲ့ Deputy Governor  ဖြစ်သူ Pongsathoin Kessasamli  နဲ့ International Public Relations Division၊ Tourism Authority of Thailand  က Editor နဲ့ Director ဖြစ်သူ Sarima Chindamat တို့ တက်ရောက်ခဲ့ပါတယ်။ ထိုင်းနိုင်ငံက ၂၀၁၄ ခုနှစ်အတွက် နိုင်ငံတကာဧည့်သည် ၂၈.၉ သန်းဝင်ရောက်ဖို့ခန့်မှန်းခဲ့ပေမဲ့ ၂၄.၇ သန်းသာဝင်ရောက်ခဲ့ပြီး ၆.၆ သန်းဝင်ရောက်မှုဟာ အာဆီယံနိုင်ငံတွေကလို့ ဆိုပါတယ်။ သူတို့ဟာ ၂၀၁၅ ခုနှစ်အတွက် နိုင်ငံတကာဧည့်သည် ဝင်ရောက်နိုင်ခြေ ၂၈ ရာခိုင်နှုန်းအထိ မျှော်မှန်းထားပြီး ၂၀၁၅ ခုနှစ်မှာ 2015 Discover Thainess ဆိုတဲ့ရည်ရွယ်ချက်နဲ့ သွားမှာဖြစ်ကြောင်း၊ ထိုင်းလူနေမှုပုံစံ၊ ထိုင်းယဉ်ကျေးမှု၊ ထိုင်းနိုင်ငံရဲ့အထင်ကရလှုပ်ရှားမှုတွေဖြစ်တဲ့ Thai Boxing၊ Thai Massage၊ Thai Cooking၊ and Thai Classical Dance စတဲ့ အပိုင်းတွေကို ပိုပြီးအာရုံစိုက်သွားမှာဖြစ်ကြောင်းနဲ့ ဒါတွေကြောင့်ပဲ ထိုင်းနိုင်ငံဟာ AEC ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ Muay Thai Festival (မတ်လ)၊ Song-kran Splendouu (ဧပြီလ)၊ Thailand Music Festival (မေလ)၊ Thailand Grand Sale Festival (ဇွန်လ)၊ ASEAN Music and Arts Festival (ဇူလိုင်လ)၊ Queen of Silk Festival (သြဂုတ်လ)၊ Thailand International Food Festival  (စက်တင်ဘာ)၊ Thailand Time Trial(အောက်တိုဘာလ)၊ Loi Krathong Festival  (နိုဝင်ဘာ)နဲ့ In Royal Melody (ဒီဇင်ဘာလ) အစရှိတဲ့ပွဲတွေကို ကျင်းပမှာဖြစ်တဲ့အတွက် နိုင်ငံတကာဧည့်သည် ဝင်ရောက်နိုင်ခြေပိုများမယ်လို့ မျှော်မှန်းကြောင်းပြောကြားခဲ့ပါတယ်။

အင်ဒိုနီးရှား

အင်ဒိုနီးရှားနိုင်ငံက Domestic Tourism Marketing က Director ဖြစ်သူ Tazbir၊ Directorate International Tourism Promotion က အာဆီယံပိုင်းဆိုင်ရာ Deputy Director ဖြစ်သူ Rita Sofia နဲ့ Visit Indonesia Tourism Office က Country Manager  ဖြစ်သူ Sulaiman Shehdek တို့က သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ၂၀၁၄ ခုနှစ်မှာ နိုင်ငံတကာဧည့်သည်ဝင်ရောက်နှုန်း ၉.၃ သန်းဟာ ၂၀၁၃ ခုနှစ်ကထက် ၅.၆၅ ရာခိုင်နှုန်းကျော်လွန်ခဲ့တာဖြစ်ကြောင်းနဲ့ တရုတ်လူမျိုးဝင်ရောက်မှုဟာ အကောင်းဆုံးဖြစ်ကြောင်းပြောကြားရင်း ၂၀၁၅ ခုနှစ်မှာ နိုင်ငံတကာဧည့်သည်ဝင်ရောက်မှုနှုန်း ဆယ်သန်းရောက်ရှိဖို့မျှော်မှန်းထားပြီး ၂၀၁၉ ခုနှစ်မှာတော့ သန်း ၂၀ ရရှိဖို့ မျှော်မှန်းတယ်လို့ဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ၂၀၁၁ ခုနှစ်တကည်းက ချမှတ်ထားတဲ့ National Master Plan of Acceleration and Expansion of Indonesian Economic Development 2011-2025 မှာ Acceleration and Expansion ဆိုတဲ့စကားနဲ့အညီ ဆက်လက်ဆောင်ရွက်နေပြီး အင်ဒိုနီးရှားရဲ့အထင်ရှားဆုံးဖြစ်တဲ့ ဘာလီကျွန်းအပါအဝင်၊ Nusa Tenggara အရှေ့ဘက်နဲ့ အနောက်ဘက်ကို အဓိကအာရုံစိုက်သွားကာဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၅ ခုနှစ်မှာ Jakarta Fashion and Food Festival၊ Java Jazz Festival၊ Jakarta Marathon၊ Batam Six Bridges Ride၊ ASEAN Jazz Festival၊ BintanTriathlon၊ ဘန်ဒေါင်ကာကျင်းပမယ့် 60 Yeau Asian-African Conference Festival၊ Tour de Singkarak (Professional Road Bicycle Racing)၊ Singkawang Festival၊ Baliem Valley Festival နဲ့ ဘာလီမှာကျင်းပမယ့် Amway China Incentive Event တို့ရှိတဲ့အတွက် နိုင်ငံတကာဧည့်သည်ဝင်ရောက်မှုများဖို့ ခန့်မှန်းထားတယ်လို့ ဆိုပါတယ်။   Malaysia

မလေးရှား

မလေးရှားနိုင်ငံရဲ့ ၂၀၁၅ ခုနှစ် ခရီးသွားနှစ်နဲ့မလေးရှားပွဲတော်များနှစ်အကြောင်းဆွေးနွေးပွဲမှာ မလေးရှားခရီးသွားနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Datuk Dr. Ong Hong Peng ၊ မလေးရှားခရီးသွားဌာနက ဒုတိယဥက္ကဋ္ဌ Dato' Sir Maznah Mazlan ၊အထွေထွေညွှန်ကြားရေးမှူး Dato' Mirza Mohammad Taiyab တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။ မလေးရှားနိုင်ငံရဲ့ ၂၀၁၄ ခုနှစ်ခရီးသွားနှစ်ကို ဆက်လက်ကျင်းပမှာဖြစ်ပြီး မလေးရှားနိုင်ငံရဲ့ယဉ်ကျေးမှုတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ ၂၀၁၅ ခရီးသွားနှစ်ဟာ ရည်ရွယ်ထားတယ်လို့သိရပါတယ်။ မလေးရှားနိုင်ငံက ၂၀၁၅ ခရီးသွားနှစ်ရဲ့Theme ဖြစ်တဲ့ EndlessCelebrations(ဆင်နွှဲမဆုံးပွဲတော်များ) လို့အဓိပ္ပာယ်သက်ရောက်အောင် မလေးရှား နိုင်ငံရဲ့ယဉ်ကျေးမှုနဲ့ရိုးရာဓလေ့ပွဲတော်ပေါင်း ၅၀ကို အဓိကထားပြီး ကျင်းပသွားမှာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ရဲ့ မလေးရှားနိုင်ငံကိုလာရောက်တဲ့ခရီးသွားဦးရေမှာ ၂၀၁၃ ခုနှစ်ထက်စာရင် ၆.၇ ရာခိုင်နှုန်းတိုးတက်လာခဲ့ ပြီး ၂၀၁၅ ခုနှစ်မှာတော့ ၂၉.၄ သန်းတိုးတက်လာမယ်လို့ ခန့်မှန်းထားပြီး ခရီးသွားဝင်ငွေမလေးရှားရင်းဂစ် ၈၉ ဘီလီယံရရှိမယ်လို့ ခန့်မှန်းထားတယ်လို့ ပြောကြားခဲ့ပါတယ်။ မလေးရှားနိုင်ငံရဲ့ ခရီးသွားလာရေးလုပ်ငန်းအတွက် အာဆီယံနိုင်ငံတွေက အဓိကအရေးပါပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ ဝင်ရောက်မှုဦးရေကအမြင့်ဆုံးဖြစ်ကာ မြန်မာနိုင်ငံက ဒုတိယဝင်ရောက်မှုဦးရေအများဆုံး ဖြစ်ပါ တယ်။

ဘရူနိုင်း

ဘရူနိုင်းနိုင်ငံ Brunei Tourism က Ms Noraini Hj Teuad နဲ့ Ak Zulkhairi Razak တို့က ဘရူနိုင်းနိုင်ငံသတင်းမီဒီယာတွေနဲ့တွေ့ဆုံပွဲကို တက်ရောက်ခဲ့ပါတယ်။ ဘရူနိုင်းနိုင်ငံကတော့ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလမှာ  မြန်မာနိုင်ငံနဲ့ နှစ်ဦးနှစ်ဖက် ဗီဇာကင်းလွတ်ခွင့်ရရှိခဲ့ကြောင်းနဲ့ ယင်းကင်းလွတ်ခွင့်မှာ နေထိုင်ခွင့် ၁၄ ရက်သာကြာမြင့်တာဖြစ်ကြောင်း၊ ယင်းမှာ ခရီးသွားလာရေးကို အဆင့်မြှင့်တင်တာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ ယင်းနောက် ဘရူနိုင်းနိုင်ငံမှာ ငှက်မျိုးနွယ်စိတ်ပေါင်း ၆၂၂ ခုရှိပြီး Bruneo Birds Race ကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်မှာ ကျင်းပမှာဖြစ်ကြောင်း ဆာဘတ်၊ ဆာရာဝပ်နဲ့ နောင်အခါ ကမ်လီမန်တမ် ပါဝင်အောင်ကြိုးစားသွားမှာဖြစ်ပြီး ကမ္ဘာမှာအဆင့်မြင့် Bird Watching Tourism  ဖြစ်ဖို့ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါတယ်။ ခရီးသွားလမ်းညွှန်အတွက် Brunei Islamic Application ကို ရှေ့နှစ်ကပြုလုပ်ခဲ့ပြီး ဘရူနိုင်းမှာရှိတဲ့သမိုင်းဝင်အထင်ကရ နေရာတွေဘာသာရေးအထိမ်းအမှတ်တွေကို ပြသထည့်သွင်းထားတယ်လို့ဆိုပါတယ်။ တခြားနိုင်ငံမှာလုပ်လို့မရတဲ့ အစ္စလာမ်ပွဲတော်တွေအားလုံးကို ဘရူနိုင်းမှာပြုလုပ်တဲ့အတွက် တစ်ကမ္ဘာလုံးမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေ လာရောက်လိုတဲ့နေရာဖြစ်ပြီး ဒါဟာလည်း ခရီးသွားလုပ်ငန်းများပြားစေတဲ့ အကြောင်းရင်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။   Singapore

စင်ကာပူ

စင်ကာပူနိုင်ငံရဲ့ ခရီးသွားကဏ္ဍအကြောင်းအရာတွေ ဆွေးနွေးပေးခဲ့တဲ့သူကတော့ Communications & Industry Marketing ရဲ့ Executive Director Mr Oliver CHONG ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံရဲ့ခရီးသွားကဏ္ဍကတော့ စဉ်ဆက်မပြတ်တိုးတက်နေပြီး ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလကနေ နိုဝင်ဘာအတွင်းမှာလာရောက်တဲ့ ခရီးသွားဦးရေဟာ ၁၃.၇ သန်း ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်ရဲ့ ပထမ ၁၁ လအတွင်း နိုင်ငံတကာကဝင်ရောက်တဲ့ခရီးသွားဦးရေရဲ့ Top 15 Market မှာထိပ်ဆုံးမှာရှိတာက ဟောင်ကောင် (၁၈ ရာခိုင်နှုန်း) ၊ တောင်ကိုရီးယား (၁၄ ရာခိုင်နှုန်း) နဲ့ ဗီယက်နမ် (၁၂ ရာခိုင်နှုန်း)တို့ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံရဲ့ International Airlines ပေါင်း တစ်ရာကျော်က နိုင်ငံပေါင်း ၇၀ ကျော်ကို ပြေးဆွဲနေပြီး Changi အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုလည်း ခေတ်မီတိုးတက်အောင် လုပ်ကိုင်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါတယ်။ စင်ကာပူနိုင်ငံရဲ့ဖျော်ဖြေရေးနဲ့ Sightseeing  ပိုင်းနဲ့ပတ်သက်ပြီး စင်ကာပူနိုင်ငံရဲ့ Chinatown Food Street ၊ Singapore Food Festival နဲ့ Sentosa ရဲ့ Wings of Time ကလည်း ခရီးသွားတွေကို ဆွဲဆောင်မှုတစ်ခုဖြစ်ကြောင်း၊ ဧည့်လမ်းညွှန်ဆိုင်ရာ Regulatory တွေကို ပိုမိုခိုင်မာလာအောင် စနစ်တကျသတ်မှတ်ထားပြီး နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ တိုးမြှင့်တင်ထားကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ဟိုတယ်လေးခုထပ်မံဆောက်လုပ်နိုင်ခဲ့ပြီး အခန်းအရေအတွက် ၅၇,၀၀၀ တိုးလာခဲ့တယ်လို့သိရပါတယ်။ စင်ကာပူနိုင်ငံရဲ့မြောက်ဘက်ပိုင်းမှာရှိတဲ့ မြို့ပြစီမံကိန်းနေရာတစ်ခုဖြစ်တဲ့အပြင်ကမ္ဘာ့အဆင့်မီ Natural Tourist Attraction တစ်ခုဖြစ်လာမယ့် Mandai မှာ Singapore Zoo ၊ Night Safari ၊ River Safari တို့ ပါဝင်ကြောင်း ပြောကြားခဲ့ပါတယ်။

ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍဆိုင်ရာအကြောင်းအရာကို ခရီးသွားဝန်ကြီးဌာနက လက်ထောက်အထွေထွေညွှန်ကြားရေးမှူး Mr Hoy Phireak နဲ့ Marketing & Promotion Department က လက်ထောက်ဒါရိုက်တာ Mr Park Vuthy  တို့ကပြောကြားခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံရဲ့ခရီးသွားလုပ်ငန်းအနေနဲ့ လုပ်ဆောင်မယ့် အသစ်သစ်သောအကြောင်းအရာ တွေကိုအဓိကထားပြီးပြောကြားခဲ့ပါတယ်။ နိုင်ငံတကာခရီးသွားဦးရေဝင်ရောက်မှုနှုန်းဟာ ၂၀၁၃ ခုနှစ်ထက်စာရင်၂၀၁၄ ခုနှစ်မှာ ၅.၉ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ဗီယက်နမ်နိုင်ငံက အများဆုံးဝင်ရောက်ခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ နိုင်ငံတကာက ဝင်ရောက်ခဲ့တဲ့ခရီးသွားဦးရေဟာ၂၀၁၄ ခုနှစ်မှာ ၄၅ သန်းဖြစ်ပြီး၂၀၁၅ ခုနှစ်မှာတော့ ငါးသန်းနဲ့ ၂၀၂၀ ပြည့်နှစ်မှာ ၇.၅၈ သန်းအထိ မျှော်မှန်းထားကြောင်းသိရပါတယ်။ နိုင်ငံတကာလေကြောင်းလိုင်းပေါင်း ၃၀ ကျော်နဲ့ Phnom Penh နဲ့ Siem Reap International Airport  တွေကနေ Visa on arrival ၊ E-visa နဲ့ လာရောက်နိုင်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံရဲ့ အထင်ကရနေရာတွေကို သွားရောက်လည်ပတ်ပြီး ကမ္ဘောဒီးယားနိုင်ငံရဲ့ပွဲတော်တွေမှာ ပါဝင်ဆင်နွှဲဖို့ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဗီယက်နမ်

ဗီယက်နမ်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအကြောင်းအရာတွေနဲ့ စပ်လျဉ်းပြီး Tourism Marketing Department က လက်ထောက်ညွှန်ကြားရေးမှူး Mr Le Tuan Anh ၊ International Cooperation Department က လက်ထောက်ညွှန်ကြားရေးမှူး Mr Tran Phu Cuong ၊ Vietnam National Administrative Tourism(VNAT) က ဒုတိယဥက္ကဋ္ဌ Dr Hanan Sieu နဲ့ Vietnam Airlines in Myanmar က Mr Nguyen Minh Tam တို့က ရှင်းလင်းပြောကြားခဲ့ပါတယ်။ Vietnam နိုင်ငံရဲ့ ခရီးသွားဧည့်သည်ဝင်ရောက်မှုဦးရေဟာ ၂၀၁၄ ခုနှစ်မှာ ၇.၈ သန်း တိုးတက်လာခဲ့ပြီး ၂၀၁၃ ခုနှစ်ထက်စာရင် ၄ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ပြောကြားခဲ့ပါတယ်။၂၀၁၄ ခုနှစ်အနေနဲ့ အများဆုံးတရုတ်နိုင်ငံက လာရောက်ခဲ့တာဖြစ်ပြီး ဒုတိယအနေနဲ့ တောင်ကိုရီးယားနိုင်ငံက ဝင်ရောက်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ Middle East နဲ့ India တို့က ဧည့်သည်တွေပါဝင်ရောက်လာဖို့ မျှော်မှန်းထားကြောင်းသိရပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆယ်နှစ်မဟာဗျူဟာ (၂၀၂၀-၂၀၃၀) အတွက် အကောင်အထည်ဖော်နေကြောင်း၊ ခရီးသွားလုပ်ငန်းပြယုဂ်အနေနဲ့ Sea (Sea-Sightseeing) ၊ Culture (Heritage& Festival) ၊ Nature (Eco-tourism&Mountain Exploration) နဲ့ City-breaks (Cuisine ၊ Museum ၊ History) စတာတွေရှိကြောင်း၊ ဗီယက်နမ်နိုင်ငံရဲ့ထင်ရှားတဲ့ Tourist Attraction တစ်ခုဖြစ်တဲ့ နှစ်သုံးကျော်လောက်ရှိပြီဖြစ်တဲ့ Ho Chi Minh City ကိုလာရောက်သူဦးရေနှစ်စဉ်သုံးသန်းထက် ကျော်လွန်ကြောင်းပြောကြားခဲ့ပါတယ်။ ရန်ကုန်ကနေ Hanoi အထိကို စရိတ်သက်သာလေကြောင်းလိုင်းနဲ့ သွားရောက်နိုင်ကြောင်း၊ နိုင်ငံတကာအဆင့်မီလေဆိပ်တွေ ဖွင့်လှစ်ထားကြောင်း၊ ASEAN နိုင်ငံတွေအတွက် Visa လိုအပ်ချက်မရှိကြောင်း ပြောကြားခဲ့ပါတယ်။

လာအို

လာအိုနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအကြောင်းအရာတွေကို သတင်းအချက်အလက်၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းရဲ့ Tourism Marketing Department က အထွေထွေညွှန်ကြားရေးမှူး Mr Phimphinith ကပြောကြားခဲ့ပါတယ်။ လူဦးရေ ခုနစ်သန်းရှိတဲ့ လာအိုနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာအကြောင်းအရာတွေကတော့ ၂၀၁၃ ခုနှစ်အတွက် အများဆုံးဝင်ရောက်တဲ့ နိုင်ငံက ထိုင်းနိုင်ငံဖြစ်ပြီး ဒုတိယအနေနဲ့ ဝင်ရောက်ခဲ့တာကတော့ ဗီယက်နမ်နိုင်ငံဖြစ်ပါတယ်။ ၂၀၁၃ခုနှစ်အထိ ဟိုတယ်ပေါင်း ၄၉၁ ခုရှိပြီး ဧည့်ရိပ်သာပေါင်း ၁,၈၆၈ နဲ့ အခန်းပေါင်း ၃၉,၇၈၂ ရှိကြောင်း၊ လာမယ့်နှစ်တွေအတွက် ဆက်လက်တိုးချဲ့သွားမှာဖြစ်ကြောင်း၊ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာလေဆိပ်လေးခုရှိပြီး မြို့တော် Vientiance ရဲ့လေဆိပ်မှာ လေယာဉ်အစီးပေါင်း ၄၀ ကျော် ဆိုက်ရောက်နိုင်ကြောင်းပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံတွေအတွက် Visa ကင်းလွတ်ခွင့်ရမှာဖြစ်တဲ့ လာအိုနိုင်ငံမှာ ဗုဒ္ဓဘာသာဆိုင်ရာကျောင်းတော်တွေနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေရှိတာကြောင့်  လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့ပါတယ်။

မို့မို့လတ်မောင်၊ သက်ဝါဟန်