နိုဝင်ဘာလ ၁၂ ရက်နေ့မှာ နေပြည်တော်ရှိ Myanmar International Convention Center II မှာ ASEAN Business & Investment Summit 2014 ရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ ဆွေးနွေးပွဲတွေကို ဆက်လက်ကျင်းပလျက်ရှိတာဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၂ ရက်နေ့မနက်ပိုင်း ဆွေးနွေးပွဲတွေမစခင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခန်းက အခမ်းအနားမှာ အဖွင့် အမှာစကား ပြောကြားခဲ့ပါတယ်။ ဒုတိယသမ္မတက သူ့အနေနဲ့ ဒီညီလာခံကို ကြီးမှူးစီစဉ်ပေးခဲ့ကြတဲ့ ASEAN Business Advisory Council နဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ကို ကျေးဇူးအထူးတင်ကြောင်း၊ ဒေသတွင်း စီးပွားရေးခေါင်းဆောင်တွေအချင်းချင်း ဆွေးနွေးခြင်း အမြင်ဖလှယ်ခြင်းတွေကနေ အာဆီယံစီးပွားရေးပေါင်းစပ်မှုကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုလိမ့်မယ်လို့ ယုံကြည်ကြောင်း၊ ဒီနေ့စတင်ခဲ့တဲ့ညီလာခံကဆွေးနွေးပွဲတွေကနေ ဒေသတွင်းစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုတွေကိုယူဆောင်နိုင်မယ့် အကျိုးဖြစ်ထွန်းတယ့် ရလဒ်တွေကို မျှော်လင့်မိကြောင်း၊ မြန်မာနိုင်ငံအနေနဲ့လည်း ဈေးကွက်စီးပွားရေးအရ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း၊ Private Sector development ကို အလေးထားလုပ်ဆောင်နေတာနဲ့အညီ အစိုးရအနေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အခက်အခဲအတားအဆီးတွေကို တစ်ခုပြီးတစ်ခု လျှော့ချပေးနေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ Public နဲ့ Private Sector Cooperation ကိုလည်း အားပေးလုပ်ဆောင်နေကြောင်း၊ မြန်မာနိုင်ငံရဲ့ ပထဝီအနေအထားဟာ တောင်အာရှနဲ့ အရှေ့တောင်အာရှတို့ကို ချိတ်ဆက်ပေးမယ့်တံတားတစ်ခု သဖွယ်ဖြစ်နေကြောင်း၊ ဒီလို တည်နေရာကောင်းကြောင့်လည်း မြန်မာနိုင်ငံအနေနဲ့ သီလဝါ၊ ထားဝယ်နဲ့ ကျောက်ဖြူတို့လို အထူးစီးပွားရေးဇုန်တွေ စတင်ခဲ့တာဖြစ်ကြောင်းနဲ့ အဲဒီ အထူးစီးပွားရေးဇုန်တွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ကြောင်း စသဖြင့် ပြောကြားခဲ့ပါတယ်။ ညီလာခံမှာ ဒေသတွင်းနိုင်ငံအသီးသီးမှ Business Leader ၅၀၀ ကျော် တက်ရောက်လျက်ရှိတာဖြစ်ပါတယ်။ ပထမပိုင်းဆွေးနွေးမှုအစီအစဉ်ဖြစ်တဲ့ Beyond Economic Growth: Inclusive Connectivity ဆိုတဲ့ Plenary Session One မှာ အာဆီယံအသိုက်အဝန်းအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် SME တွေက အဓိက ကြိုးပမ်းရမှာဖြစ်ပြီး အစိုးရကလည်း ပူးပေါင်းပါဝင်ဖို့လိုကြောင်း၊ Open Sky Policy ကို ကျင့်သုံးသင့် မသင့်နဲ့ အကျိုးအပြစ်တွေ၊ EU လိုမျိုးဖြစ်ဖို့ အချိန်ယူဆောင်ရွက်သင့်တာတွေ၊ အာဆီယံဒေသအတွင်း အပြည့်အ၀ ပေါင်းစည်းဖို့အတွက် နားလည်မှုတွေနဲ့ လက်တွဲကူညီမှုတွေလိုအပ်ကြောင်း စသဖြင့်ဆွေးနွေးခဲ့ပါတယ်။ ပါဝင်ဆွေးနွေးခဲ့တဲ့သူတွေကတော့ David Carden - Partner-in-Charge of Asia ၊ Jones Day - Former US Ambassador to ASEAN ၊ Don Lam - CEO and Executive Director, VinaCapital Group ၊ Richard Owens - EVP and Regional Head, DHL Customer Solutions and Innovation, Asia Pacific, DHL Express ၊ Tin Maung Htun - Chairman, Myanmar Airways International တို့ဖြစ်ပြီး Moderator အဖြစ် Gwen Robinson - Senior Editor, Nikkei Asian Review မှ ပြုလုပ်ပေးခဲ့တာပါ။ The Power of Many - Micro Small- & Medium-Sized Enterprises (MSMEs) ဆွေးနွေးပွဲမှာတော့ Frederick Eck - President and Founder, The Randolph Group ၊ Jay Yuvallos - President, Interior Basics Export Corporation ၊ Kazumi Nishikawa - Executive Director, Japan External Trade Organisation; Special Advisor to the Minister, Ministry of Economy, Trade and Industry Japan ၊ Teh Kee Sin - National President, SME Association of Malaysia တို့နဲ့အတူ Moderator အဖြစ် Teymoor Nabili - Presenter/Executive Editor, Channel NewsAsia က ဆောင်ရွက်ပေးခဲ့တာပါ။ ဒီဆွေးနွေးပွဲမှာတော့ SME တွေအနေနဲ့ ပေါင်းစည်းမှုတွေမှာ အခက်အခဲတွေရှိကြောင်း၊ အစိုးရအနေနဲ့ ပူးပေါင်းပါဝင်ပေမယ့်လည်း SME တွေကယခုထက် ပိုလုပ်သင့်ကြောင်း စသဖြင့် ဆွေးနွေးခဲ့ကြပါတယ်။ ဒုတိယပိုင်းဆွေးနွေးမှုအစီအစဉ်ဖြစ်တဲ့ The Role of ASEAN Women as Agents of Economic and Social Change မှာတော့ Anu Sahai - Director, ASEAN Private Equity & Venture Capital Association ၊ Dexter Tan - Consultant, KBZ Group ၊ Fauziah Dato Seri Paduka Hj Talib - MD, IQ-Quest Company နဲ့ ဒေါ်ခိုင်ခိုင်နွယ် - CEO, Best Industrial Co., Ltd.; Secretary, Myanmar Garment Manufacturers Association တို့နဲ့အတူ Rico Hizon - News Anchor and Reporter, BBC World News က Moderator အဖြစ် ဆောင်ရွက်ပေးခဲ့ပါတယ်။ အာဆီယံဒေသတွင်းရှိ Corporate board အဖွဲ့ဝင်တွေထဲမှာ အမျိုးသမီး ၆ ရာခိုင်နှုန်းနဲ့ Executive Committees တွေထဲမှာတော့ ၈ ရာခိုင်နှုန်းရှိတာဖြစ်ပါတယ်။ ကျား/မ ဘက်လိုက်မှုတွေက အမျိုးသမီးတွေအနေနဲ့ တန်းတူအခွင့်အရေးရဖို့ဆိုတဲ့နေရာမှာ အဟန့်အတားဖြစ်နေတုန်းဖြစ်ပါတယ်။ ဒါကြောင့် အာဆီယံဒေသတွင်းရှိအမျိုးသမီးစွန့်ဦးတီထွင်သူတွေအနေနဲ့ ဘယ်လို စိန်ခေါ်မှုနဲ့အခွင့်အလမ်းတွေရှိနေသလဲ၊ အမျိုးသမီးခေါင်းဆောင်တွေ ထူးချွန်တိုးတက်လာစေဖို့ ဘယ်လို ပတ်ဝန်းကျင်မျိုး ဖန်တီးပေးသင့်သလဲ စတာတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာပါ။ ဆွေးနွေးပွဲ အမေးအဖြေကဏ္ဍမှာ ဒေါ်သက်သက်ခိုင်က အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူကြိုးပမ်းသင့်ပြီး၊ အစိုးရကလည်း တန်းတူအခွင့်အရေးပေးသင့်ကြောင်း၊ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့တန်းတူ စွမ်းဆောင်နိုင်ကြောင်းနဲ့ ဒီဆွေးနွေးပွဲကြောင့် အမျိုးသမီးတွေအတွက် အခွင့်အလမ်းနဲ့ အခွင့်အရေးရရှိလာနိုင်ဖို့မျှော်လင့်ကြောင်း စသဖြင့် ပါဝင်ဆွေးနွေးခဲ့ပါတယ်။ ASEAN Digital Landscape ဆိုတဲ့ ဆွေးနွေးပွဲမှာတော့ AEC အကောင်အထည်ပေါ်လာဖို့အတွက် Digital နည်းပညာဖွံ့ဖြိုးတိုးတက်ဖို့ကလည်း တကယ်ကို အရေးပါကြောင်း၊ လူတိုင်း Online သုံးလာရင် အကျိုးကျေးဇူးတွေအများကြီးရလာမှာဖြစ်ကြောင်း၊ Online ကို လွဲမှားစွာအသုံးပြုမှုမှကာကွယ်ဖို့ ဥပဒေတွေလည်း ပြဌာန်းလုပ်ဆောင်နေကြောင်း၊ Mobile အသုံးပြုမှုတိုးတက်လာတာက စီးပွားရေးအကျိုးအမြတ်ကောင်းတွေရစေတယ်ဆိုတာကို Alibaba က သက်သေပြနေကြောင်း စသဖြင့် ဆွေးနွေးခဲ့ကြပါတယ်။ Mock Pack Lum - CTO, Starhub ၊ Rita Nguyen - Tech Entrepreneur and Co-Founder, MySQUAR ၊ ဦးထွန်းသူရသက် - CEO, Myanmar Information Technology ၊ Tycen Bundgaard - Associate Partner, McKinsey & Company တို့က ပါဝင်ဆွေးနွေးထားတာဖြစ်ပြီး Moderator အဖြစ် Rico Hizon - News Anchor and Reporter, BBC World News ကပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ အဓိကအနေနဲ့ ဒေသတွင်း digital နယ်ပယ်ကို ပြန်လည်ပုံဖော်လျက်ရှိတဲ့ လူမှုရေး၊ စီးပွားရေးနဲ့ နည်းပညာဆိုင်ရာ အင်အားစုတွေက ဘာတွေဖြစ်မလဲဆိုတာနဲ့ ဒီလိုအဆင့်တိုးတက်လာမှုတွေကို အာဆီယံစီးပွားရေးလုပ်ငန်းတွေက ဘယ်လိုကောင်းကောင်းအသုံးချနိုင်မလဲဆိုတာကို ဆွေးနွေးခဲ့ကြတာပါ။