AEC အကောင်အထည်ဖော်ဆောင်မှုနှင့် ပတ်သက်ပြီး Lee Kuan Yew ပြည်သူ့ရေးရာမူဝါဒတက္ကသိုလ်မှ Assitant Professor Wong Marn Heong နှင့် ခဏတာတွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါသည်။
AEC နဲ့ပတ်သက်ပြီး လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေတဲ့အခြေအနေကို သုံးသပ်ပေးပါ။ အာဆီယံအနေနဲ့ AEC အကောင်အထည်ဖော်ဖို့ နဲ့ပတ်သက်ပြီး ဆောင်ရွက်နေတဲ့အခါမှာ AEC Score- card Mechanism (AEC အကောင်အထည်ဖော် ဆောင်ရွက် တဲ့နေရာမှာ အာဆီယံနိုင်ငံတွေကြားကွာဟချက်တွေနဲ့ စိန်ခေါ်မှုတွေကို တိုင်းတာရေးနဲ့ ၂၀၁၅ ခုနှစ်မှာ AECအ မှန်တကယ်အကောင်အထည်ပေါ်လာဖို့နဲ့ပတ်သက်တဲ့ ခြေရာခံ စောင့်ကြည့်တိုင်းတာရေးယန္တရား)နဲ့ တိုင်းတာလုပ်ဆောင် နေတာဖြစ်ပါတယ်။ နှစ်နှစ်မှာတစ်ခါ AEC Blueprint မှာ ပါတဲ့ မူဝါဒအမျိုးမျိုးနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို လေ့လာစစ်တမ်းကောက်တာမျိုးကို လုပ်ပါတယ်။ ဘယ်နေရာ မှာ အပြီးသတ်ဆောင်ရွက်ပြီးပြီလဲ၊ ဘယ်နေရာမှာ တစ်ဝက် တစ်ပျက်ပဲပြီးသေးလဲ၊ မဆောင်ရွက်သေးတာ ဘာတွေရှိသေးလဲ ဆိုတာတွေကို ဆန်းစစ်လေ့လာတာဖြစ်ပါတယ်။AEC Scorecard Phase One ကို ၂၀၀၈ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်၊ Phase Two ကို ၂၀၁၀ ပြည့်နှစ်နဲ့ ၂၀၁၁ ခုနှစ်တို့မှာ အသီးသီးအကောင်အထည်ဖော်ခဲ့ပြီး အခုအချိန်အထိ အာဆီ ယံအနေနဲ့ AEC Blueprint မှာပါတဲ့ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ သတ်မှတ်လျာထားချက်တွေရဲ့ ၈၀ ရာခိုင် နှုန်းလောက်ကို အကောင်အထည်ဖော်ပြီးပြီလို့ သိရပါတယ်။ ၈၀ ရာခိုင်နှုန်း ဆိုတဲ့ ပမာဏက အခြေအနေမကောင်းဘူးလို့ မဆိုနိုင်ပါဘူး။ ဒါပေမဲ့ ဒီလိုတိုင်းတာဆောင်ရွက်ချက်တွေကYes၊ No ဖြေတာ မျိုးလောက်ပဲရှိပြီး တကယ့်တကယ် အကောင် အထည်ဖော်ဆောင်ရွက်ပြီးတဲ့ အတိုင်းအတာကဘာလဲ၊ အကောင်အထည်ဖော်ဆောင်ရွက်နေမှုရဲ့အရည်အသွေးက ဘာလဲ (Quality of The Implementation) ဆိုတာမျိုးကို လူတချို့ကမေးခွန်းရှိ နေပြီး ဒါကAEC Scorecard ကနေ ထွက်ပေါ်လာတာမရှိသေးသလို ကျွန်မတို့အနေနဲ့ အဲဒီအပိုင်း ကို ပိုပြီးလေ့လာစောင့်ကြည့်ရမှာ ဖြစ်တယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအားလုံးအနေနဲ့ AEC အတွက် ဘယ်လောက်အထိ အဆင်သင့်ဖြစ်နေပြီလို့ ထင်ပါသလဲ။ အာဆီယံနိုင်ငံအားလုံးက AEC ရည်မှန်းချက်ကို ထောက်ပံ့ပေးနေကြတယ်လို့ မြင်ပါတယ်။ အာဆီယံခေါင်း ဆောင်တွေအားလုံးကလည်း ဒီရည်မှန်းချက်အတွက် သဘော တူပြီး သန္နိဋ္ဌာန်ချ အလုပ်လုပ်နေကြတာဖြစ်တယ်။ အာဆီယံ ထဲကိုဝင်လာတာနောက်ကျတဲ့နိုင်ငံတွေ (Newer Members) အတွက်တော့ AEC ထူထောင်ရေးမှာ ပါဝင်နိုင်ဖို့အတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ထပ်တိုးအချိန် တချို့တော့ ရှိပါတယ်။ ဘယ်နိုင်ငံကတော့ အဆင်သင့်ဖြစ်တယ်၊ မဖြစ် ဘူးဆိုတာမျိုးတော့ ကျွန်မအနေနဲ့ မသုံးသပ်ချင်ပါဘူး။ ဘာ ကြောင့်လည်းဆိုတော့ အာဆီယံခေါင်းဆောင်တွေအနေနဲ့ AEC အကောင်အထည်ဖော်ရေးရည်မှန်းချက်ကို အမြင့်ဆုံး အနေအထားနဲ့ လုပ်ဆောင်လာခဲ့တာဖြစ်တဲ့အတွက် နောက် ပြန်လှည့်တာမျိုးတော့ လုပ်မှာမဟုတ်ပါဘူး။ စင်ကာပူနိုင်ငံအပါအဝင် မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့လို နိုင်ငံတွေရဲ့ အနေထားကိုလည်း သုံးသပ်ပေးစေချင်ပါတယ်။ စင်ကာပူအနေနဲ့ကတော့ AEC အတွက်လိုအပ်ချက်တွေကို ပြည့်မီဖို့က ပြဿနာမရှိပါဘူး။ မြန်မာနဲ့ ကမ္ဘောဒီးယားတို့နဲ့ပတ်သက်ပြီး အမြင်အမျိုးမျိုးရှိကြပေမဲ့ သူတို့က ပြုပြင်ပြောင်းလဲရေးတွေလုပ်ဆောင်နေတာဖြစ်ပြီး စနစ်အသစ်တွေကို ဖန်တီးနေတာဖြစ်တဲ့အတွက် AEC အတွက် အကောင်းဆုံးလုပ်ထုံးလုပ်နည်းတွေကို လက်ခံဆောင်ရွက်ဖို့က သူတို့အတွက် ပိုပြီးလွယ်ကူနိုင်ဖွယ်ရှိပါတယ်။ ဒါကို ဥပမာအနေနဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ တွေ့မြင်နိုင်ပါတယ်။ AEC အကောင်အထည်ဖော်ရေး နဲ့ပတ်သက်ပြီး ကမ္ဘောဒီးယားနိုင်ငံက ကောင်းကောင်းလုပ်ဆောင်နိုင်တာကို ထင်ထင်ရှားရှားတွေ့ရမှာဖြစ်တယ်။ AEC ထူထောင်ရေးမှာ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ (SMEs) ရဲ့ အခန်းကဏ္ဍကိုလည်း သုံးသပ်ပေးစေချင်ပါတယ်။ AEC မှာက မဏ္ဍိုင်လေးရပ် (Four Pillars) ရှိပြီး အဲဒီအထဲကတစ်ခုက အာဆီယံဒေသတွင်းမှာ သာတူညီမျှရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ပေါ်ပေါက်လာဖို့ဖြစ်ပါတယ်။ အဲဒီမဏ္ဍိုင်ထဲမှာSME တွေရဲ့ဖွံ့ဖြိုးတိုးတက်မှုကလည်း အရေးပါပါတယ်။ အာဆီယံနိုင်ငံတွေအားလုံးမှာ စီးပွားရေးလုပ်ငန်းအားလုံးရဲ့ ၉၆ ရာခိုင်နှုန်းကနေ ၉၇ ရာ ခိုင်နှုန်းလောက်ထိက SME တွေဖြစ်တဲ့အတွက် AEC ဖြစ်စဉ်ထဲမှာ ဒီကိစ္စက အင်မတန် အရေးကြီးပါတယ်။SME လို့ပြောရင်တော့ အမျိုးအစားက အများကြီးရှိပါတယ်။ တီထွင်ဆန်းသစ်မှုနဲ့ လှုပ်ရှားသက်ဝင်မှု (Dyanmic) ရှိပြီး ကြီးထွားတိုးတက်နေတဲ့ SME တွေ ရှိသလို အကျိုးရှိထိရောက်မှု (Efficiency) ရှုထောင့်က ကြည့်ရင်တော့ တကယ်ဖြစ်ပျက်နေတဲ့အနေအထားနဲ့ ကိုက်ညီဖို့ရယ်၊ အပြောင်းအလဲတွေပြုလုပ်ဖို့အတွက်ရယ် ပြန်လည်ချိန်ညှိမှုတွေပြုလုပ်ရမယ့် SME တွေလည်း ရှိနေပါတယ်။ ပြိုင်ပွဲတစ်ခုမှာတော့ အနိုင်ရတဲ့သူနဲ့ ရှုံးတဲ့သူဆိုတာ ရှိစမြဲပါပဲ။ ဒါပေမဲ့ ရှုံးတဲ့သူက ဘာမှမလုပ်ဘဲ လက်မြှောက်ပြီး ထိုင်နေဖို့ မဟုတ်ပါဘူး။ ဖွဲ့စည်းတည်ဆောက်မှုကို ပြန်လည်ပြုပြင်ပြီး အနာဂတ်အတွက်တစ်ခုခုဆောင်ရွက်ဖို့က အရေးကြီးပါတယ်။ AEC Blueprint အရ ASEAN Single Window(ASW) အကောင်အထည်ဖော်ဖို့ရှိတယ်ဆိုတော့ အဲဒါနဲ့ ပတ်သက်ပြီး ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ။ ASEAN Single Window က စီးပွားရေးလုပ်ငန်းတွေအတွက် ကုန်ကျစရိတ်ကို ဖြတ်တောက်လျော့ချပေးမယ့် အလွန်အသုံးဝင်တဲ့ဆောင်ရွက် ချက်တစ်ခုဖြစ်တယ်။ ASWရဲ့ရည်ရွယ်ချက်က အာဆီယံနိုင်ငံတွေအားလုံးက ကုန်သည်တွေအနေနဲ့ သူတို့ရဲ့ ကုန်သွယ်ရေးနဲ့ပတ်သက်တဲ့ သတင်း အချက် အလက်တွေကို တစ်ခုတည်းသောအီလက်ထရွန်နစ်ဝင်ပေါက် (One Electronic Entry) ကနေ တင်ပို့နိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်။ ဒါကလုပ်ငန်းအရောင်းအဝယ် ကိစ္စတွေနဲ့ပတ်သက်ပြီး အချိန်နဲ့ကုန်ကျစရိတ်တွေ (Transaction Costs and Time) ကို သေချာပေါက်လျော့ချပေးမှာဖြစ်တယ်။ တချို့နိုင်ငံတွေက ASW အတွက် အဆင်သင့်ဖြစ်နေပြီး တချို့နိုင်ငံတွေကတော့ အကောင်အထည်ဖော်ဆောင်ရွက်နေဆဲဖြစ်သလို မြန်မာနိုင်ငံကလည်း ပြင်ဆင်ဆောင်ရွက်နေဆဲလို့ မြင်ပါတယ်။ ဒါကြောင့် ASEAN Single Window မှာ ပူးပေါင်းပါဝင်နိုင်ဖို့အတွက် နိုင်ငံတစ်ခုချင်းစီအနေနဲ့ကလည်း သက်ဆိုင်ရာ National Single Window (NSW) တွေကို အကောင်အထည်ဖော်ဖို့လိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း NSW ကို အကောင်အထည်ဖော်ဖို့အတွက် နည်းပညာပိုင်းဆိုင်ရာအကူအညီအထောက်အပံ့တွေ ရထား တယ်လို့ ယုံကြည်ပါတယ်။ အာဆီယံနိုင်ငံတွေအားလုံးရဲ့ National Single Window တွေ အပြည့်အ၀ အကောင်အထည်ဖော်ပြီးတာနဲ့ ASEAN Single Window အဖြစ် ပေါင်းစည်းနိုင်မှာဖြစ်ပြီး ဒေသတွင်းကုန်သွယ်ရေး ချောချောမွေ့မွေ့ ဖြစ်လာဖို့ အများကြီးအကျိုးဖြစ်ထွန်းစေမှာပါ။အယ်ဒီတာအဖွဲ့