Artificial Intelligence Assistant များနှင့် သူတို့အကြောင်း

July2017IT

နည်းပညာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ လူသားတို့ရဲ့ နိစ္စဓူဝလုပ်ငန်းဆောင်တာတွေ အဆင်ပြေချောမွေ့စေဖို့ရာမှာ IT ရဲ့ အခန်းကဏ္ဍကလည်း လွန်စွာအရေးပါလာပါတယ်။ အခုဆိုရင် Artificial Intelligence Assistant တွေက Personal Assistant တွေနေရာမှာ အစားထိုးဝင်ရောက် မလာနိုင်သေးပေမယ့် သူတို့ရဲ့အသိဉာဏ်တွေကတော့ တဖြည်းဖြည်း တိုးတက်လို့လာနေပါတယ်။ သင်မေးလိုက်တဲ့ မေးခွန်းတွေ၊ ရှာခိုင်းတဲ့ သတင်းအချက်အလက်တွေ၊ အမိန့်ပေးလိုက်တဲ့ လုပ်ဆောင်ချက်တွေကို AI Assistant တွေက ကူညီဆောင်ရွက်ပေးပါလိမ့်မယ်။

AI Assistant တွေဟာ Online Source တွေကနေ ရာသီဥတုအခြေအနေတွေ၊ ယာဉ်ကြောပိတ်ဆို့မှုတွေ၊ နေ့စဉ်သတင်းတွေ၊ Stock ဈေးနှုန်းတွေ၊ လက်လီအရောင်းဈေးနှုန်းတွေစတဲ့ သတင်းအချက်အလက်တွေကို ရယူသိရှိနိုင်ပါတယ်။ AI Assistant တွေဟာ သတင်း အချက်အလက်တွေကို စုစည်းပြုစုပေးတာအပြင် Email ၊ Calender ၊ Event ဖိုင်တွေနဲ့ To Do List တွေကိုလည်း စီမံခန့်ခွဲခြင်း ပြုလုပ်နိုင်ပါတယ်။ ဒါတွေအပြင် Alarm နဲ့ Reminder တွေ သတ်မှတ်တာ၊ Meeting ၊ ဒါမှမဟုတ် ဧည့်သည်တစ်ယောက်ယောက်နဲ့ တွေ့ဆုံဖို့ စားသောက်ဆိုင်မှာ ကြိုတင်နေရာယူတာ၊ တစ်စုံတစ်ယောက်ဆီ Message ပေးပို့တာ၊ ဖုန်းခေါ်တာ၊ ကိုယ်နားထောင်ချင်တဲ့သီချင်း ဖွင့်ခိုင်းတာ၊ ဓာတ်ပုံရိုက်ဖို့ Camera ဖွင့်တာ၊ ကိုယ်ရောက်နေတဲ့နေရာ အနီးတစ်ဝိုက်မှာရှိတဲ့ စားသောက်ဆိုင်၊ ကော်ဖီဆိုင်နဲ့ ဟိုတယ်တွေကို ရှာနိုင်တာ၊ Facebook နဲ့ Twitter မှာ Post တင်နိုင်တာ၊ အတိုင်းအတာယူနစ်တွေ ပြောင်းလဲတာ၊ ဖုန်းထဲမှာရှိတဲ့ Application တွေကိုဖွင့်တာ၊ Smart Home Device တွေကို AI Assistant တွေကနေ တစ်ဆင့် အမိန့်ပေး အသုံးပြုတာစတာတွေ ပြုလုပ်နိုင်ပါတယ်။ Atificial Intelligence Assistant တွေ အများကြီးရှိတဲ့အထဲကမှ ထိပ်တန်းရောက်နေတဲ့ AI Assistant တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

Apple Siri

Apple ရဲ့ Siri ကိုတော့ iDevice တွေဖြစ်တဲ့ iPhone ၊ iPad မှာသာမက၊ Mac ၊ Apple Watch နဲ့ Apple TV တွေမှာပါ အလွယ်တကူ အသုံးပြုလို့ရပါတယ်။ အိမ်မှာ HomeKit နဲ့ ချိတ်ဆက်ထားတဲ့ပစ္စည်းတွေကို အသုံးပြုလိုတဲ့အခါမှာလည်း Siri က သင့်ရဲ့အသံကို Remote Control အဖြစ် ပြောင်းလဲပေးပါလိမ့်မယ်။ ဥပမာ - Turn on the upstairs lights လို့ iPhone ရဲ့ Siri ကနေ အမိန့်ပေးလိုက်ရင် အပေါ်ထပ်မီးကို ဖွင့်ပေးပါလိမ့်မယ်။

Google Assistant

၂၀၁၇ ခုနှစ်၊ မေလမှာ ပြုလုပ်ခဲ့တဲ့ Google I/O မှာ Google Assistant အတွက် Feature တချို့ထပ်ပေါင်းထည့်လာတာတွေ့ရပါတယ်။ Google Assistand ကို Google Home နဲ့ တွဲဖက်အသုံးပြုနိုင်ပြီး Google Home မှာ ချိန်းဆိုချက်တွေအတွက် စီစဉ်ရေးဆွဲတာအပြင် အဲဒီချိန်းဆိုမှုတွေကို သတိပေးဖို့ Reminder တွေလည်း ဖန်တီးနိုင်ပါတယ်။ အခုဆိုရင် Google Home နဲ့ ချိတ်ဆက်ထားတဲ့ Smart Home Partner တွေက  August Locks ၊ TP-Links ၊ Logitect နဲ့ LG အပါအဝင် ကုမ္ပဏီပေါင်း ခုနစ်ဆယ်ကျော် ရှိနေပြီ ဖြစ်ပါတယ်။ Google Assistant ကို အသံနဲ့ရော စာရိုက်ပြီးတော့ရော အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး အရင်ကမေးခဲ့ဖူးတာတွေကို ပြန်ကြည့်နိုင်ဖို့ History Feature ကိုလည်း ထပ်မံထည့်သွင်းပေးဖို့ ရှိတယ်လို့ သိရပါတယ်။ Google I/O 2017 မှာ မိတ်ဆက်ပေးသွားတဲ့ Google Lens ကလည်း Google Assistant အတွက် အထောက်အကူဖြစ်လာပါလိမ့်မယ်။ Google Lens ကို သုံးပြီး ပန်းပွင့်လေးကို ဓာတ်ပုံရိုက်လိုက်တဲ့အခါ အဲဒီပန်းနဲ့ ပတ်သက်တဲ့အကြောင်းတွေ ဖော်ပြပေးပါလိမ့်မယ်။ သင်နှစ်သက်တဲ့ Band ရဲ့ ကြော်ငြာဆိုင်းဘုတ်တွေ့တဲ့အခါ Google Assistant ထဲက မှန်ဘီလူးပုံလေးကို နှိပ်ပြီး Scan လုပ်လိုက်ရုံနဲ့တင် အဲဒီပွဲနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ လက်မှတ်ဈေးနှုန်းတွေအကြောင်းကို ပြန်လည်ဖော်ပြပေးပါလိမ့်မယ်။ အခုဆိုရင် Google Assistant ကို Android ဖုန်းတွေမှာ သာမက iPhone တွေမှာပါ အသုံးပြုလို့ရနိုင်ပြီ ဖြစ်ပါတယ်။

Amazon Alexa

တခြား AI Assistant တွေလိုပဲ အသံနဲ့ အမိန့်ပေးခိုင်းစေတာ သိချင်တဲ့မေးခွန်းတွေ မေးတာတွေ ပြုလုပ်နိုင်ပါတယ်။ Amazon Audio Gear (Echo ၊ Echo ၊ Tap) နဲ့ Fire TV Box တွေအပြင် တခြား Smart Home Device တွေနဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ Amazon Prime က ပစ္စည်းတွေကိုလည်း အသံနဲ့ အမိန့်ပေးဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ အခုဆိုရင် Alexa ကို Non-Amazon Device တွေမှာပါ အသုံးပြုလာနိုင်ပြီ ဖြစ်ပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ Artificial Assistancial Intelligence နယ်ပယ်မှာ Amazon ရဲ့ Alex ဟာ Apple နဲ့ Google တို့အတွက် သတိထားစရာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း Amazon မှာ ကိုယ်ပိုင် Smartphone Platform မရှိသေးတာက သူ့အတွက် အားနည်းချက်တစ်ခုလို ဖြစ်နေပါတယ်။

Microsoft Cortana

Microsoft ရဲ့ Cortana က အသံနဲ့ရော စာရိုက်ပြီးတော့ရော အသုံးပြုလို့ရနိုင်တဲ့ Virtual Assistant ဖြစ်ပါတယ်။ Microsoft Cortana ကို Windows 10 ၊ Windows 10 Mobile ၊ Windows Phone 8.1 ၊ Microsoft Band ၊ Xbox One ၊ Windows Mixed Reality ၊ iOS နဲ့ Android တို့မှာ အသုံးပြုလို့ ရနိုင်ပါတယ်။ Cortana ဟာ Siri နဲ့ Google တို့ရဲ့ နောက်မှာသာ နှစ်တွေအကြာကြီး ရှိနေခဲ့ပေမယ့် သူတို့ထက်ပိုပြီး ရည်မှန်းချက်ကြီးတဲ့ Chatbot တစ်ခု ဖြစ်လာပါတယ်။ Microsoft က သူ့ရဲ့ Cortana ကို တခြား AI Assistant တွေထက် သာလွန်စေချင်တဲ့အတွက် ခရီးသွားဖို့အစီအစဉ်တွေ၊ အစည်းအဝေးတွေ၊ To-Do List တွေနဲ့ တခြားအရာတွေကို စီမံပေးတာအပြင် Office Suit တို့လို Microsoft ရဲ့ Product တွေနဲ့ ပေါင်းစပ်ပြီး အတွင်းကျကျ အသုံးပြုနိုင်အောင် Microsoft က ဖန်တီးလိုပါတယ်။

Facebook M

Facebook M ကိုတော့ Messenger ထဲမှာ Feature တစ်ခုအနေနဲ့ ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ US က Messenger အသုံးပြုသူတွေပဲ ဒီ Feature ကို အသုံးပြုနိုင်ဦးမှာဖြစ်ပြီး မကြာခင်မှာ တခြားနိုင်ငံက Messenger အသုံးပြုသူတွေပါ အသုံးပြုနိုင်အောင် စီစဉ်ပေးသွားမယ်လို့ ဆိုပါတယ်။ Facebook M မှာတော့ တခြား AI Assistant တွေလို အသံနဲ့ အသုံးပြုလို့မရပါဘူး။ Messenger မှာ တစ်ယောက်ယောက်နဲ့ အပြန်အလှန် စာရိုက်ပြောနေတဲ့အခါမှာ သင့်ကို သင့်လျော်တဲ့အကြံပေးမှုတွေ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ Thank You လို့ စာရိုက်လိုက်တဲ့အခါ Thank You ဆိုတဲ့ Sticker လေးတွေ ပြပေးတာ၊ တစ်ယောက်ယောက်နဲ့ ငွေပေးချေစရာ ကိစ္စဆွေးနွေးပြောဆိုနေတဲ့အခါမှာ ပိုက်ဆံတောင်းမှာလား၊ ပိုက်ဆံပေးရမှာလားဆိုပြီး ရွေးချယ်ခိုင်းတာ၊ ကိုယ့်ရဲ့လက်ရှိတည်နေရာကို တစ်စုံတစ်ယောက်ဆီ ပို့ချင်တာ၊ ချိန်းဆိုမှုတွေ စီစဉ်တာ၊ Taxi ငှားရမ်းတာ စတာတွေအတွက် အကြံပြုကူညီပေးပါလိမ့်မယ်။