နိုင်ငံတကာအဆင့်မီ ကော်ပိုရေးရှင်းကြီးအဆင့်ရှိတဲ့ အမေရိကန်နဲ့ ဂျပန်ကုမ္ပဏီနှစ်ခုတို့ဟာ နိုင်ငံကိုယ်စားပြု လှေပြိုင်ပွဲတစ်ခုကိုလုပ်ဖို့ ပြင်ဆင်ကြသတဲ့။ အကောင်းဆုံးရလဒ်ရနိုင်ဖို့အတွက် ကုမ္ပဏီကြီးနှစ်ခုစလုံးဟာ ငွေကုန်ကြေးကျခံ စနစ်တကျအချိန်ယူ ပြင်ဆင်လေ့ကျင့်ကြ ပြီးမှ ပြိုင်ကြတာပေါ့။ ပြိုင်ပွဲမှာ ဂျပန်ကုမ္ပဏီကြီးက တစ်မိုင်လောက်အသာနဲ့ ပန်းဝင်သွားသတဲ့။ ဒီတော့ အမေရိကန်ကုမ္ပဏီကြီးက သူတို့ရှုံးရခြင်းအကြောင်းကို စိစစ်လေ့လာပြီး အဖြေရှာတာပေါ့။
အတိုင်ပင်ခံကုမ္ပဏီတောင် ငှားရမ်းဆောင်ရွက်ပြီး ကြိုးစားပမ်းစား စိစစ်လေ့လာတော့မှ သိလာရတဲ့ အဖြေကတော့ 'ဂျပန်လှေမှာ လှေလှော်သူ ရှစ်ယောက်နဲ့ လှေပဲ့ကိုင်သူတစ်ယောက်ရှိပြီး အမေရိကန်လှေမှာက လှေလှော်သူက တစ်ယောက်တည်း၊ ပဲ့ကိုင်သူက ရှစ်ယောက်ရှိနေတယ်' ဆိုတဲ့အချက်ပါပဲ။ အတိုင်ပင်ခံကုမ္ပဏီကြီးက နောက်ထပ်တစ်နှစ်လောက်အချိန်ယူပြီး ဒေါ်လာသန်းချီအကုန်ခံလို့ စိစစ်လေ့လာမှုတွေ ထပ်လုပ်ပြီးမှ အဖြေတိတိကျကျ ထုတ်ပေးလိုက်တာကတော့ 'အမေရိကန်လှေမှာ ပဲ့ကိုင်သူများနေပြီး လှေလှော်သူ လုံလုံလောက်လောက် ရှိမနေခဲ့ဘူး' ဆိုတဲ့ စိစစ်တွေ့ရှိချက်ဖြစ်ပါတယ်။ ဒီတွေ့ရှိချက်အရ အမေရိကန်ကုမ္ပဏီကြီးရဲ့ စီမံခန့်ခွဲမှုတာဝန်ရှိသူတွေက လှေရဲ့ဖွဲ့စည်းပုံကို စနစ်တကျ ပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ်။ အဲဒါကတော့ 'လှေပဲ့ကိုင်ဦးစီးမန်နေဂျာလေးဦး၊ လှေရဲ့အစိတ်အပိုင်းအလိုက် ပဲ့ကိုင်မှုကွပ်ကဲရေး မန်နေဂျာလေးဦး၊ လှေလှော်သူကို အနီးကပ်ပဲ့ကိုင်ညွှန်ကြားမယ့် မန်နေဂျာတစ်ဦး၊ လှေလှော်သူကို လှော်နိုင်အား စိစစ်အကဲဖြတ်ရေးအဖွဲ့တစ်ခုနဲ့ လှေလှော်သူကို ဆွဲဆောင်စည်းရုံးဖို့ အစီအစဉ်တစ်ခု' ကိုပါ ထည့်သွင်းဖွဲ့စည်းလိုက်ပါသတဲ့။
အဲဒီနှစ်မှာ ထပ်ပြိုင်ကြတဲ့အခါမှာတော့ ဂျပန်လှေက နှစ်မိုင်အသာနဲ့ ပန်းဝင်သွားသတဲ့။ ဒီတော့ အမေရိကန်လှေစီမံကြီးကြပ်ရေးအဖွဲ့က လှေလှော်သူကို အကောင်အထည်ဖော်ဆောင်နိုင်မှု အားနည်းတယ်ဆိုပြီး ရာထူးချထားလိုက်ကာ စီမံခန့်ခွဲသူတွေကိုတော့ ပြဿနာရဲ့ အရင်းအမြစ်ကို အမှန်အတိုင်း အဖြေရှာနိုင်တဲ့အတွက် ဘောနပ်စ်ဆုကြေးတွေ ပေးသနားလိုက်ပါသတဲ့။
ဥပဒေသ။ ။ (၁) ပဲ့ကိုင်ညွှန်ကြားသူကများပြီး အကောင်အထည်ဖော်ဆောင်ရွက်သူ မလုံလောက်သော အဖွဲ့အစည်းမျိုးတွင် ရည်မှန်းချက်ပေါက်မြောက်အောင် ဆောင်ရွက်နိုင်မည်မဟုတ်ပါ။
(၂) ပြဿနာ၏အဖြေကို အမှန်အတိုင်းရှာဖွေတွေ့ရှိသော်လည်း ဖြေရှင်းပုံနည်းလမ်း မှားယွင်းနေသရွေ့ ပြေလည်မှုမရရှိနိုင်ပါ။
အပြုံးဖြင့်စီမံ၊ အပြုံးဖြင့် နာခံနိုင်ကြပါစေ။
ရီနေနိုင်