အထက်တန်းကျောင်းသားဘဝအထိ ကျောင်းသားကာလတစ်လျှောက်လုံး ကျေးဇူးရှင်ဆရာနှင့် ဆရာမများကို တစ်ခါတစ်ရံ ငြိုငြင်ခဲ့ဖူးပါသည်။ သို့သော် ကျောင်းကြီးကို ချစ်ခင်သံယောဇဉ် ရှိပါသည်။
တက္ကသိုလ်ကျောင်းသားဘဝတွင် ကျေးဇူးရှင်ဆရာနှင့် ဆရာမများကို အခါအားလျော်စွာ ငြိုငြင်ခဲ့ဖူးပါသည်။ သို့သော် အမိတက္ကသိုလ်ကို ချစ်ခင်သံယောဇဉ်ရှိပါသည်။
အလုပ်ခွင်ရောက်သည့် အရွယ်တွင် မိမိ၏အထက်လူကြီးများ၊ မန်နေဂျာများ၊ ခေါင်းဆောင်များကို အခါအခွင့်သင့်တိုင်း ငြိုငြင်ခဲ့ကြပါသည်။ သို့သော် မိမိ၏လုပ်ငန်းတာဝန်နှင့် ရုံးကို ချစ်ခင်သံယောဇဉ်ရှိပါသည်။
ထိုင်းနိုင်ငံတွင် ဒီမိုကရေစီအစိုးရဖြစ်စေ စစ်အုပ်ချုပ်ရေးကာလဖြစ်စေ ညဘက် ပလက်ဖောင်းဈေးသည်များအနေဖြင့် ဆိုင်ပိတ်သည်နှင့် မိမိပတ်ဝန်းကျင်နှင့် မိမိနေရာကို သပ်သပ်ရပ်ရပ် ဆေးကြောကြသည်ကို လေးစားစွာသတိပြုမိပါသည်။ မည်သည့်အစိုးရဖြစ်စေကာမူ မိမိနိုင်ငံကို ချစ်သည့်လက္ခဏာ ဖြစ်ပါသည်။
နိုင်ငံတိုင်းတွင် ပုံစံမျိုးစုံနှင့် အစိုးရများရှိတတ်ကြရာ နိုင်ငံသားများအနေဖြင့် အစိုးရနှင့် နိုင်ငံခွဲခြားတတ်ရန် လိုအပ်ပါသည်။ ချစ်တတ်ရန် လိုအပ်ပါသည်။ ကမ္ဘာ့သမိုင်းကို လေ့လာကြည့်လျှင် မည်သည့်အစိုးရမျှ ရာသက်ပန်ထိန်းချုပ်ရန် အခွင့်အရေးမရှိဘဲ အချိန်နှင့်အမျှပြောင်းလဲတတ်ရာ နိုင်ငံသားတိုင်းအနေဖြင့် အစိုးရကို ချစ်သည်ထက် မိမိနိုင်ငံကိုချစ်မှ နိုင်ငံတိုးတက်ဖွံ့ဖြိုးမည်ဖြစ်ပါကြောင်း။
မောင်သာ