Apple အနေနဲ့ ကာလအတော်ကြာ သဘောတူညီချက်ရဖို့ကြိုးစားခဲ့ရတဲ့ တရုတ်ပြည်မှာ China Mobile ကနေတဆင့် iPhone ရောင်းချဖို့သဘောတူညီမှုရခဲ့တာဟာ ကြီးထွားတိုးတက်နေပြီးအရေးပါတဲ့ တရုတ်ပြည်ဈေးကွက်မှာ Apple ကုမ္ပဏီရဲ့ အမြတ်အစွန်းနဲ့ ဖောက်သည်တွေရဲ့ စွဲစွဲမြဲမြဲသုံးစွဲမှုကို မြှင့်တင်ပေးနိုင်ပါလိမ့်မယ်။ ကမ္ဘာ့အကြီးဆုံး မိုးဘိုင်းဖုန်းဝန်ဆောင်မှုလုပ်ငန်း China Mobile ရဲ့ ဝန်ဆောင်မှုကို အသုံးပြုသူ သန်း ၇၅၀ ရှိပြီး အဲဒီသုံးစွဲသူတွေထဲက အများစုဟာ Apple နဲ့ China Mobile တို့ နှစ်အတော်အကြာသဘောတူညီမှုရဖို့ ညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပြီး နှစ်ရှည်အရောင်းသဘောတူညီချက်မရခင်အထိ iPhone အသုံးပြုခွင့်ကင်းကွာ ခဲ့တာဖြစ်တယ်။ China Mobile နဲ့ အခုလိုသဘောတူညီမှုရခဲ့တာဟာ အရည်အသွေးမြင့်မားတဲ့ စမတ်ဖုန်းတွေကိုပဲ ထုတ်လုပ်တဲ့ Apple အနေနဲ့ ဈေးအရမ်းသက်သာတဲ့ iPhone တွေထုတ်လုပ်ဖို့ ဖြစ်လာမလားဆိုတဲ့အပေါ်မှာတော့ စိစစ်လေ့လာသူတွေက သံသယရှိနေပါတယ်။ ဒါကြောင့် Google ရဲ့ Android Software သုံးတဲ့ စမတ်ဖုန်းတွေဟာ တရုတ်ပြည်မှာ ရောင်းအားအကောင်းဆုံး စမတ်ဖုန်းတွေအဖြစ် ဆက်လက်ရပ်တည် နေမှာဖြစ်တယ်။ ကြီးမားတဲ့ဆက်သွယ်ရေးကွန်ယက်၊ ဈေးကွက်လွှမ်းမိုးမှုစွမ်းအားနဲ့ ကြီးမားလှတဲ့ ဖောက်သည်ထုကို ပိုင်ဆိုင်ထားတဲ့ China Mobile နဲ့ သဘောတူညီမှုရထားပေမဲ့ iPhone ဟာ ကမ္ဘာ့လူဦးရေအထူထပ်ဆုံး ဈေးကွက်ဖြစ်တဲ့ တရုတ်ပြည်မှာ အခက်အခဲတွေသိသိသာကြုံတွေ့နေရတုန်းပါပဲ။ iPhone ဟာ China Telecom နဲ့ China Unicom တို့ကနေတဆင့် တရုတ်ပြည်ဈေးကွက်မှာ ရောက်ရှိပြီးသားဖြစ်ပါတယ်။ iPhone ဟာ တရုတ်လူချမ်းသာဖောက်သည်တွေကြားမှာတော့ နာမည်ကြီးပေမဲ့ ဈေးသက်သာတဲ့ Samsung နဲ့ ပြည်တွင်း စမတ်ဖုန်းတွေနဲ့ယှဉ်ရင် ဈေးကွက်ဝေစုဆုံးရှုံးနေပါတယ်။ ကမ္ဘာတစ်ဝန်းမှာ စုစုပေါင်းရောင်းချရတဲ့ စမတ်ဖုန်းရောင်းအားရဲ့ ၈၀ ရာခိုင်နှုန်းဟာ Android စမတ်ဖုန်းတွေဖြစ်ပြီး iPhone ရောင်းအားကတော့ ၁၃ ရာခိုင်နှုန်းပဲရှိတယ်လို့ သုတေသနကုမ္ပဏီ International Data Corp က ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်ခွဲကျော်ကာလအတွင်းမှာ တရုတ်ပြည်မှာ iPhone အလုံးရေ သန်း ၅၀ လောက်ရောင်းချပြီးပြီဖြစ်တယ်။ Apple ရဲ့ CEO Tim Cook ကတော့ ကြီးကြီးမားမားကိစ္စတွေဖြစ်လာဖို့ မျှော်မှန်းထားပါတယ်။ တရုတ်ပြည်ဟာ အမေရိကန်ကိုကျော်ပြီး iPhone ရဲ့ အကြီးဆုံးဈေးကွက်ဖြစ်လာဖို့ မျှော်မှန်းထားတယ်လို့ ၂၀၁၃ ခုနှစ် အစောပိုင်းတုန်းက Xinhua သတင်းဌာနကို Tim Cook က ပြောခဲ့ပါတယ်။
Ref : AP