Dutch ဘီယာကုမ္ပဏီ Heineken ဟာ မြန်မာပြည်တွင်း ဘီယာကုမ္ပဏီတစ်ခုဖြစ်တဲ့ ABC (Alliance Brewery Company) နဲ့ ပူးပေါင်းကာ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ APBABC ဘီယာချက်စက်ရုံကို တည်ထောင်ပြီး မြန်မာပြည်ဘီယာ ဈေးကွက်ထဲကို ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၆၀ နဲ့ ဝင်ရောက်လာပါတယ်။ APBABC ဘီယာကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာဖြစ်တဲ့ Lester Tan နဲ့ တွေ့ဆုံခဲ့ပြီး သူ့ရဲ့လုပ်ငန်းအတွေ့အကြုံတွေ၊ Heineken အနေနဲ့ မြန်မာပြည်မှာ ပြုလုပ်သွားမယ့် ဈေးကွက်ဗျူဟာတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့တာကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
လုပ်ငန်းအတွေ့အကြုံနဲ့ ပညာအရည်အချင်း . . .
ကျွန်တော်ကျောင်းပြီးတော့ စင်ကာပူမှာ ခြောက်နှစ်လောက် အလုပ်လုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ စင်ကာပူက ဆေးဝါးကုမ္ပဏီတစ်ခုကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဆေးဝါးကုမ္ပဏီမှာ ကျွန်တော်သိပ်အကြာကြီး မလုပ်ဖြစ်ခဲ့ပါဘူး။ ဆေးဝါးကုမ္ပဏီက ထွက်ပြီးနောက်ပိုင်းမှာ ကျွန်တော် Heineken ကုမ္ပဏီမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော် Heineken ကုမ္ပဏီမှာ လုပ်ကိုင်နေတာ ၂၁ နှစ် ရှိပြီ ဖြစ်ပါတယ်။ လက်ရှိမြန်မာပြည် Heineken မှာ မလုပ်ခင် ကျွန်တော် Heineken နဲ့ Heineken ရဲ့ ဖက်စပ်ကုမ္ပဏီတွေဖြစ်တဲ့ MCS-APB LLC ၊ Asia Pacific Breweries Singapore ၊ Myanmar Brewery Limited နဲ့ Mongolian Beverages ကုမ္ပဏီတို့မှာလည်း လုပ်ကိုင်ခဲ့ပါတယ်။
Heineken မှာ ဘာကြောင့်လုပ်ဖြစ်ခဲ့တာလဲ။ ဘယ်အပိုင်းတွေကို တာဝန်ယူခဲ့လဲ။ ဘာတွေက အမှတ်တရ ဖြစ်ခဲ့လဲ . . .
ကျွန်တော် Heineken ကုမ္ပဏီမှာ အစကတည်းက လုပ်ချင်ခဲ့တာဖြစ်တာကြောင့် ဆုံးဖြတ်ချက် ကြီးကြီးမားမားချမှတ်ရတာမျိုးတော့ မရှိခဲ့ပါဘူး။ ဒီကုမ္ပဏီဟာ ကျွန်တော့်အတွက် အောင်မြင်မှုတွေကို ဆောင်ယူပေးနိုင်မယ်လို့ ယုံကြည်မှုတွေကို ပေးစွမ်းနိုင်တဲ့အတွက် ဝင်ရောက်လုပ်ကိုင်ဖြစ်ခဲ့တာဖြစ်ပါတယ်။ တကယ်လည်း ကျွန်တော့်ရဲ့ရွေးချယ်မှု မှန်ကန်တယ်ဆိုတာကို တဖြည်းဖြည်းနဲ့ ပိုပြီးသိသာလာပါတယ်။ အခုဆိုရင် ကျွန်တော်ဟာ ကုမ္ပဏီရဲ့အောင်မြင်မှု တစ်စိတ်တစ်ပိုင်းကိုလည်း ဆောင်ကြဉ်းပေးနိုင်နေပြီ ဖြစ်ပါတယ်။
မှတ်မှတ်ရရအနေနဲ့ကတော့ Heineken မှာ ကျွန်တော် အလုပ်စဝင်တုန်းက ကုမ္ပဏီမှာ အင်တာနက်မရှိဘူး။ ဒါကြောင့် ကုမ္ပဏီတွင်းမှာရှိတဲ့ အချက် အလက်တွေကိုပဲ အားထားခဲ့ရပါတယ်။
ကုမ္ပဏီမှာ စဝင်ဝင်ချင်းတုန်းက ဈေးကွက်ရှာဖွေရေး (Marketing) အပိုင်းမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး Business Development ၊ Regional Marketing တို့မှာလည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ကျွန်တော့်အနေနဲ့ Heineken ဘီယာကို မြန်မာပြည်ဈေးကွက်မှာ မိတ်မဆက်ခင် မွန်ဂိုလီးယားဈေးကွက်မှာ မိတ်ဆက်ပေးခဲ့ပါတယ်။ မွန်ဂိုလီးယားက မြန်မာပြည်နဲ့ ဈေးကွက်ချင်းမတူဘူးဆိုပေမဲ့ ဈေးကွက်တိုင်းကတော့ စိန်ခေါ်မှုတွေနဲ့ ပြည့်နေပါတယ်။ မွန်ဂိုလီးယားဟာ မြန်မာပြည်ထက်စာရင် လူဦးရေနည်းသလို ဈေးကွက်ကလည်း သေးပါတယ်။ Heineken ဟာ Tiger ဘီယာကို မွန်ဂိုလီးယားပြည်တွင်းမှာ ချက်လုပ်တဲ့ ဘီယာအနေနဲ့လည်း မိတ်ဆက်ခဲ့ပါတယ်။
Heineken ရဲ့ ဈေးကွက်ဗျူဟာတွေက . . .
ကျွန်တော့်အနေနဲ့ Heineken ဘီယာကို မြန်မာပြည်ဈေးကွက်မှာ ထိုးဖောက်ရာမှာ မွန်ဂိုလီးယားဈေးကွက်မှာ ထိုးဖောက်ခဲ့တဲ့ နည်းဗျူဟာတွေကိုပဲ အသုံးပြုထားပါတယ်။ ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ ဈေးကွက်အနေအထားချင်းက မတူပါဘူး။ နောက်ပြီး Heineken ဟာ ဒေသတစ်ခုရဲ့ ဈေးကွက်ကို ထိုးဖောက်တဲ့အခါမှာ Heineken ဘီယာအပြင် ဒေသခံတွေရဲ့ Taste နဲ့ ကိုက်ညီတဲ့ ဘီယာအမျိုးအစားသစ်တစ်ခုကို မိတ်ဆက်လေ့ရှိပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ ကျွန်တော်တို့ရဲ့ နိုင်ငံတကာမှာ အောင်မြင်နေတဲ့ ကုန်အမှတ်တံဆိပ်ဖြစ်တဲ့ Heineken ဘီယာကို မိတ်ဆက်ခဲ့သလို မြန်မာလူမျိုးတွေရဲ့ Taste နဲ့ကိုက်ညီတဲ့ Regal Seven ဘီယာကိုလည်း မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ဆီမှာ ကုန်ပစ္စည်းအမှတ်တံဆိပ် နှစ်မျိုးရှိပြီး နှစ်မျိုးလုံးကို ထုပ်ပိုးမှုပုံစံအမျိုးမျိုးနဲ့ ဈေးကွက်မှာ ဖြန့်ချိနေပါတယ်။ ဘီယာကို ထုတ်လုပ်တဲ့အခါမှာ Heineken ရဲ့ စံချိန်စံညွှန်းအတိုင်းကို ထုတ်လုပ်နိုင်ဖို့အတွက် လစဉ်လတိုင်း ဟော်လန်နိုင်ငံ၊ အမ်စတာဒမ်မြို့ကို နမူနာသုံးခုပို့ပြီး စမ်းသပ်မှုတွေကို ပြုလုပ်ပါတယ်။ ဒီစမ်းသပ်မှုတွေအောင်မြင်မှ ဈေးကွက်ထဲမှာ ဖြန့်ချိနေတာဖြစ်ပါတယ်။
မြန်မာပြည်ဈေးကွက်မှာရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေက . . .
ကျွန်တော်ပြောခဲ့သလိုပါပဲ။ ဈေးကွက်တိုင်းကတော့ စိန်ခေါ်မှုတွေနဲ့ ပြည့်နေတာပါပဲ။ ဈေးကွက်တစ်ခုကို စတင်ဝင်ရောက်တော့မယ်ဆိုရင် ကိုယ်ဝင်ရောက်တဲ့ဈေးကွက်မှာ Marketing ဘယ်လိုလုပ်ရမယ်၊ Distribution ဘယ်လိုလုပ်ရမယ်၊ လမ်းပန်းဆက်သွယ်ရေးကကော အဆင်ပြေရဲ့လားအစရှိတဲ့ ကိုယ်ရင်ဆိုင်ရမယ့်အခက်အခဲတွေကို ကြိုတင်သိရှိထားဖို့လိုပါတယ်။ ဒါကြောင့် Heineken ဟာ မြန်မာပြည်ဈေးကွက်ကို ကျွမ်းကျင်တဲ့ Alliance Brewery Company (ABC) နဲ့ ပူးပေါင်းဆောင်ရွက်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာပြည်မှာ ဘီယာထုတ်တဲ့အခါမှာ ကုန်ကြမ်းကို ဘယ်က ရယူထားပါသလဲ . . .
Heineken အနေနဲ့ ကုန်ကြမ်းရယူတဲ့နေရာမှာ ဘယ်နိုင်ငံကကုန်စည်ဖြစ်မှ ရမယ်လို့တော့ သတ်မှတ်ထားတာ မရှိပါဘူး။ ဘယ်ဒေသကထွက်တဲ့ ကုန်စည်ပဲဖြစ်ဖြစ် ကျွန်တော်တို့ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းနဲ့ ကိုက်ညီတယ်ဆိုရင် အသုံးပြုသွားမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာပြည်တွင်းက Supplier တွေနဲ့ ကျွန်တော်တို့လိုချင်တဲ့ စံချိန်စံညွှန်းနဲ့ကိုက်ညီတဲ့ ကုန်ကြမ်းကိုရရှိနိုင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ကုန်ကြမ်းတော်တော်များများကို ပြည်တွင်းကနေပဲ မှာယူသုံးစွဲထားပါတယ်။ ဥပမာအနေနဲ့ ကျွန်တော်တို့ရဲ့ မြန်မာပြည်တွင်းမှာထုတ်တဲ့ ဘီယာဖြစ်တဲ့ Regal Seven ရဲ့ အဓိကကုန်ကြမ်းဟာဆိုရင် ဆန်ဖြစ်တာကြောင့် မြန်မာပြည်တွင်းက ဆန်ထုတ်လုပ်သူတွေဖြစ်တဲ့ လယ်သမားတွေနဲ့တွေ့ဆုံပြီး ကျွန်တော်တို့လိုချင်တဲ့ စံချိန်စံညွှန်းရှိတဲ့ဆန်ကို စိုက်ပျိုးပေးနိုင်ဖို့ နည်းပညာမျှဝေတာတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။
ကျွန်တော်တို့အနေနဲ့ မြန်မာပြည်မှာ စီးပွားရေး လာရောက်စတင်ကတည်းက မြန်မာပြည်တွင်းဖြစ် ကုန်ကြမ်းတွေကို တတ်နိုင်သလောက် အများဆုံးအသုံးပြုဖို့ ဆုံးဖြတ်ထားပြီးလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Brand အောင်မြင်လာလေလေ ပြည်တွင်းက ကုန်ပစ္စည်းတွေကို ပိုမိုသုံးစွဲလာနိုင်လေလေ ဖြစ်ပါတယ်။ မြန်မာပြည်မှာ Heineken ဖွင့်ပွဲကို ကျင်းပတုန်းကဆိုရင်လည်း ကုမ္ပဏီက စင်ကာပူတို့၊ ထိုင်းတို့က အောင်မြင်နေတဲ့ ဂီတအနုပညာရှင်တွေကို ငှားချင်ခဲ့ပေမဲ့ ကျွန်တော်က မြန်မာပြည်မှာလည်း တကယ်တော်တဲ့ အနုပညာရှင်တွေရှိတာကြောင့် မြန်မာ့ဂီတအနုပညာရှင်တွေကိုပဲ ငှားရမ်းခဲ့ပါတယ်။ ကျွန်တော်တို့က မြန်မာပြည်မှာ စီးပွားရေးလာလုပ်နေကြတဲ့အတွက် မြန်မာပြည်အတွက် ပြန်ပြီးအကျိုးပြုရမယ်၊ မြန်မာပြည်တွင်း ကုန်ပစ္စည်းတွေသုံးတာ၊ ဂီတအနုပညာရှင်တွေကို ငှားရမ်းတာကလည်း မြန်မာပြည်ကို အကျိုးပြန်ပြုနေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ Heineken အနေနဲ့ စံချိန်စံညွှန်းတွေ သတ်မှတ်ထားတယ်လို့ဆိုရာမှာလည်း ဘယ်သူမှ လိုက်မမီနိုင်တဲ့ တအားအရည်အသွေးကောင်းတဲ့ စံချိန်စံညွှန်းတွေကို သတ်မှတ်ထားတာမဟုတ်ဘူး။ Product အရည်အသွေးကို ထိန်းဖို့အတွက် စံသတ်မှတ်ချက်တွေရှိတယ်ဆိုပေမယ့် ပြည်တွင်းက Supplier တွေအနေနဲ့ ဒီစံသတ်မှတ်ချက်တွေကို မီနိုင်ဖို့ဘယ်လိုလုပ်ရမယ်ဆိုတာတွေကို အမြဲတွဲခေါ်ပြီး ညှိနှိုင်းဆောင်ရွက်နေပါတယ်။
Heineken အနေနဲ့ နိုင်ငံတကာဈေးကွက်ကို ဘယ်အတိုင်းအတာအထိ ချဲ့ထွင်ပြီးပြီလဲ။ မြန်မာပြည်တွင်း ဘီယာဖြစ်တဲ့ Regal Seven ကိုရော Tiger Beer လိုမျိုး ပြည်ပဈေးကွက်တွေမှာ ဖြန့်ချိသွားဖို့ ရှိ၊ မရှိ သိချင်ပါတယ် . . .
ခုလောလောဆယ်မှာတော့ Heineken နဲ့ Regal Seven ကို မြန်မာပြည်ဈေးကွက်မှာ ဖြန့်ချိသွားဖို့ လိုင်စင်ရထားပါတယ်။ Heineken ကတော့ နိုင်ငံတကာဈေးကွက်မှာ အောင်မြင်ပြီးသား Brand တစ်ခု ဖြစ်တာနဲ့အညီ နိုင်ငံတိုင်းနီးပါးမှာ ရရှိနိုင်ပါတယ်။ လက်ရှိမှာ ကုမ္ပဏီကို နိုင်ငံပေါင်း ၇၀ ကျော်မှာ ဖွင့်လှစ်ထားပြီး ဘီယာစက်ရုံပေါင်း ၁၆၅ ခုနဲ့ ဘီယာထုတ်လုပ်နေပါတယ်။ ကျွန်တော်တို့ Heineken ဟာ ဥရောပမှာ အကြီးဆုံးဘီယာထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပြီး ကုန်သွယ်မှုပမာဏအရကြည့်မယ်ဆိုရင်တော့ ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး ဘီယာထုတ်လုပ်တဲ့ကုမ္ပဏီ ဖြစ်ပါတယ်။ ဒါပေမဲ့ မကြာခင်မှာ ကမ္ဘာပေါ်မှာ ပထမနဲ့ဒုတိယအကြီးဆုံး ဘီယာထုတ်လုပ်တဲ့ကုမ္ပဏီနှစ်ခုဟာ ပူးပေါင်းတော့မှာဖြစ်တဲ့အတွက် Heineken ကုမ္ပဏီဟာ ဘီယာထုတ်လုပ်ရာမှာ နံပါတ်နှစ်နေရာကို ရောက်ရှိလာနိုင်ပါတယ်။ ဈေးကွက်ချဲ့ထွင်မှုမှာဆိုရင်တော့ လက်ရှိမှာ အာရှတိုက်ရဲ့ နိုင်ငံပေါင်း ၂၆ နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်းနှစ်ရာလောက်မှာ Heineken ဘီယာကို ရရှိနိုင်မှာဖြစ်ပါတယ်။
Regal Seven Brand ကိုတော့ မြန်မာပြည်ဈေးကွက်မှာ အောင်မြင်အောင်ပဲ အရင်ဆုံးထိုးဖောက်သွားမယ်။ မြန်မာပြည်ဈေးကွက်မှာ အောင်မြင်တော့မှပဲ တခြားနိုင်ငံဈေးကွက်တွေကို ထိုးဖောက်သင့်၊ မသင့်ကို စဉ်းစားသွားမှာဖြစ်ပါတယ်။ မြန်မာပြည်မှာလည်း ကျွန်တော်တို့က Customer တွေရဲ့ အကြိုက်ပေါ်မူတည်ပြီး နောက်ထပ် Brand အသစ်တွေ ထပ်ပြီး ထုတ်လုပ်သွားဖို့လည်း အစီအစဉ်ရှိပါတယ်။
ဈေးကွက်မှာ ဘယ်နှစ်နှစ်အကြာမှာ အောင်မြင်အောင်လုပ်မယ်လို့ သတ်မှတ်ထားတာများရှိပါသလား . . .
စီးပွားရေးလုပ်ငန်းရှင်တိုင်းကတော့ သူတို့ရဲ့ကုန်စည်တွေကို ဈေးကွက်တစ်ခုလုံးကို ဖြန့်ကြက်သွားနိုင်ချင် ကြပါတယ်။ ကျွန်တော်တို့ကလည်း မြန်မာပြည်ဈေးကွက်တစ်ခုလုံးကို ဖြန့်သွားနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ လက်ရှိမှာ ကျွန်တော်တို့က Distribution ကို အဓိကထားပြီး မြန်မာပြည်တောင်ပိုင်း (အောက်မြန်မာပြည်) မှာ ရုံးခွဲသုံးခုနဲ့ မြန်မာပြည်မြောက်ပိုင်း (မြန်မာပြည်အလယ်ပိုင်းနဲ့ အထက်ပိုင်းမှာ) ရုံးခွဲလေးခု စုစုပေါင်း ရုံးခွဲခုနစ်ခုကို ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ မြို့ကြီးတွေမှာပဲ ရုံးခွဲတွေကို ဖွင့်လှစ်ထားတာဖြစ်ပြီး တဖြည်းဖြည်းနဲ့ နယ်ဈေးကွက်တွေကိုပါ ဖြန့်ချိသွားနိုင်လာအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မြန်မာဘီယာဈေးကွက်တစ်ခုလုံးကို ဖြန့်ချိသွားနိုင်ဖို့ဆိုရင်တော့ ကျွန်တော်တို့တစ်ယောက်တည်း ဆောင်ရွက်သွားလို့မရပါဘူး။ ဒီအတွက် မြန်မာတစ်ပြည်လုံးကို ဖြန့်ချိပေးမယ့် Distributor တွေ ရှိဖို့ လိုပါတယ်။ အဲဒါကြောင့်လည်း Heineken ဘီယာဖွင့်ပွဲမှာတုန်းက ကျွန်တော်တို့ရဲ့ Wholesale သမားတွေနဲ့အတူ ဆင်နွှဲခဲ့တာဖြစ်ပါတယ်။ ဒီ Wholesale သမားတွေကို မြန်မာပြည်မှာ Heineken ဘီယာ မိတ်မဆက်ခင် လွန်ခဲ့တဲ့တစ်နှစ်လောက်ကတည်းက ရွေးချယ်ခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အောင်မြင်မှုဟာ ဒီ Wholesale သမားတွေအပေါ် အများကြီးမူတည်နေပါတယ်။ သူတို့တွေဟာလည်း Heineken ပေါ် ယုံကြည်မှုရှိကြတဲ့အတွက် ကျွန်တော့်အနေနဲ့ကတော့ Heineken ဟာ မြန်မာပြည်မှာ အောင်မြင်မှုရလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော့်ရဲ့ ဈေးကွက်ဗျူဟာတွေအရတော့ Heineken ဘီယာကို မြန်မာပြည်ဈေးကွက်တစ်ခုလုံးကို ထိုးဖောက်နိုင်ဖို့ Wholesale သမားတွေပေါ် အများကြီး မူတည်နေပါတယ်။
မြန်မာပြည်မှာ ဘီယာချက်စက်ရုံတွေ တိုးချဲ့သွားဖို့ အစီအစဉ်ရှိ၊မရှိ . . .
အခုလောလောဆယ်ထိတော့ မှော်ဘီမှာပဲ ဘီယာချက် စက်ရုံတည်ထောင်ဖို့အတွက် လိုင်စင် (ခွင့်ပြုချက်) ရထားသေးတာကြောင့် မြန်မာနိုင်ငံရဲ့ တခြားမြို့ကြီးတွေမှာ စက်ရုံတွေဆက်ပြီး ဖွင့်သွားလို့မရသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က လက်ရှိရောင်းရတဲ့ ပမာဏထက် ပိုပိုပြီးရောင်းရအောင် ဆောင်ရွက်သွားမှာဖြစ်သလို စက်ရုံကနေလည်း လက်ရှိ ဘီယာထုတ်လုပ်နေတဲ့ပမာဏထက် နောက်ထပ်သုံးဆလောက်ထိပိုပြီး ထုတ်လုပ်သွားနိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဘီယာထုတ်လုပ်မှုပမာဏကို တိုးမြှင့်နိုင်ဖို့နဲ့ ဈေးကွက်ပိုင်ဆိုင်မှု ပိုများလာဖို့ပဲ ဖြစ်ပါတယ်။ တကယ်လို့ ဈေးကွက်ပိုင်ဆိုင်မှု ပိုများလာလို့ ကျွန်တော်တို့ ထုတ်လုပ်နိုင်တဲ့ပမာဏကို ကျော်သွားရင်တောင် နောက်ထပ်ဘီယာချက်စက်တစ်လုံးကိုပဲ တပ်ဆင်သွားမှာပါ။
Heineken ဘီယာဟာ ဘာကြောင့်ကောင်းတယ်လို့ ပြောနိုင်တာလဲ . . .
နိုင်ငံတကာမှာ ဘီယာအမျိုးပေါင်း ရာချီပြီးရှိသလိုပဲ လူတစ်ယောက်မှာလည်း အကြိုက်တစ်မျိုးစီ ရှိကြပါတယ်။ အများစုကတော့ Heineken ဘီယာကို ကြိုက်နှစ်သက်ကြပါတယ်။
Heineken ဘီယာအနေနဲ့ မြန်မာ့ဘီယာဈေးကွက်ကို ဘယ်လောက်အတိုင်းအတာထိ ထိုးဖောက်သွားနိုင်ဖို့ မျှော်မှန်းထားပါသလဲ . . .
မြန်မာပြည်မှာ အအောင်မြင်ဆုံး ဘီယာအမှတ်တံဆိပ်တစ်ခု ဖြစ်ချင်ပါတယ်။
ကိုဒီ