Jo Daniels
Managing Partner
Baker & McKenzie Limited
ကျွန်မတို့ Baker & McKenzie အနေနဲ့ မြန်မာနိုင်ငံအပေါ် အမေရိကန်စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းတာကို ကြိုဆိုပါတယ်။ ကျွန်မတို့ အမြင်မှာတော့ ဒါဟာ မြန်မာနိုင်ငံမှာ အမေရိကန်ရင်းနှီးမြှုပ်နှံမှုကို သိသိသာသာ တိုးမြှင့်ပေးမှာပါ။ အရင်တုန်းကဆိုရင် အမေရိကန်လုပ်ငန်းတွေ မြန်မာနိုင်ငံဈေးကွက်ကို ဝင်ရောက်ရာမှာ အဓိကအခက်အခဲတွေထဲက တစ်ချက်ကတော့ Specially Designated National (SDNs) ဆိုတဲ့ ပိုင်ဆိုင်မှုတွေ စီးဆင်းမှုကို ပိတ်ဆို့ထားပြီး အမေရိကန်နိုင်ငံသားတွေကို လုပ်ငန်းပူးတွဲလုပ်ဖို့ တားမြစ်ထားတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ဒါမှမဟုတ် ကုမ္ပဏီတွေနဲ့ မရည်ရွယ်ဘဲ စီးပွားရေးတွဲဖက်လုပ်ကိုင်မိတဲ့ အန္တရာယ်ဖြစ်ပါတယ်။ ဒီလိုလုပ်မိရင် အမေရိကန်နိုင်ငံမှာ ထင်ရှားတဲ့ပြစ်ဒဏ်ပေးမှုတွေရှိပြီး လုပ်ငန်းနာမည်ပျက်နိုင်တ ဲ့အန္တရာယ်လည်း ရှိပါတယ်။ မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းဆိုင်ရာ ဝန်းကျင်ရဲ့ သဘောသဘာဝက အမေရိကန်ကုမ္ပဏီတွေကို စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုတွေမှာ SDNs တွေ ပါဝင်မှုကိုစစ်ဆေးပြီး သူတို့လုပ်ငန်းမထိခိုက်အောင် စောင့်ရှောက်မှုကို ထိထိရောက်ရောက်ပြုလုပ်နိုင်ဖို့ သိပ်ခက်ခဲစေပါတယ်။ ဒီလိုအခြေအနေရဲ့ ရလဒ်ကတော့ အမေရိကန် ကုမ္ပဏီအများစုဟာ လုပ်ငန်းထိခိုက်နိုင်တဲ့ အန္တရာယ်တွေရှိတာကြောင့် မြန်မာဈေးကွက်နဲ့ဝေးဝေးနေဖို့ပဲ ရွေးချယ်ခဲ့ကြပါတယ်။
အမေရိကန်စီးပွားရေးပိတ်ဆို့မှုက အမေရိကန် ကုမ္ပဏီတွေအပေါ်မှာသာ သက်ရောက်မှုရှိတာ မဟုတ်ပါဘူး။ တခြားနိုင်ငံတွေမှာရှိတဲ့ ကုမ္ပဏီအများစုကလည်း SDNs တွေနဲ့ စီးပွားရေးလုပ်မိပြီး နာမည်ပျက်နိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တွန့်ဆုတ်ကြပါတယ်။ ကျွန်မတို့ရဲ့အတွေ့အကြုံအရ အဲဒီလို ရှောင်ရှားလို့မရဘဲ တစ်ဆင့်ခံရရှိမယ့် ဆိုးကျိုးသက်ရောက်မှုက ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆုံးဖြတ်ချက်အပေါ်မှာ အနုတ်လက္ခဏာဆောင်တဲ့ လွှမ်းမိုးမှုရှိပါတယ်။ ဒါကြောင့် အခုလို အမေရိကန်စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းလိုက်တာက တခြားနိုင်ငံတွေဆီကပါ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာစေမှာပါ။
တချို့ SDNs တွေဟာ တခြားအစီအစဉ်တွေအောက်မှာ စီးပွားရေးပိတ်ဆို့ခံရမှု ဆက်လက်ရှိနေဆဲ ဖြစ်တာကိုသိဖို့လိုပေမယ့် ကျွန်မတို့ရဲ့အမြင်မှာတော့ ဒါဟာ Inward Investment ဆိုတဲ့ နိုင်ငံခြားကုမ္ပဏီက ပြည်တွင်းစီးပွားရေးဆိုင်ရာ ထုတ်ကုန်တွေကိုဝယ်ယူမှု၊ ဒါမှမဟုတ် ထုတ်ကုန်တွေမှာ ရင်းနှီးမြှုပ်နှံမှုပေါ်မှာ ထည့်သွင်းစဉ်းစားနိုင်တဲ့ အပေါင်းလက္ခဏာ သက်ရောက်မှုရှိပါလိမ့်မယ်။
စီးပွားရေးပိတ်ဆို့မှုရုပ်သိမ်းတာနဲ့တွဲဖက်ပြီး နောက်ထပ်လက်ကမ်းကြိုရမယ့် ကန့်သတ်ချက် ဖယ်ရှားပေးမှုကတော့ Financial Crimes Enforcement Network ရဲ့ စီမံခန့်ခွဲမှုဆိုင်ရာကင်းလွတ်ခွင့်ဖြစ်ပြီး သူကအမေရိကန် ငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေက မြန်မာဘဏ်တွေကို ထောက်ပံ့မှုအပေါ် တားမြစ်ချက်ကို ရပ်ဆိုင်းလိုက်ပါတယ်။ ဒါက အမေရိကန်ဘဏ်တွေ အပါအဝင် အမေရိကန်ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေကို မြန်မာဘဏ်တွေနဲ့ အီလက်ထရောနစ်ငွေကြေး လွှဲပြောင်းမှုတွေ၊ လုပ်ငန်းဆိုင်ရာ ငွေပေးချေမှုတွေနဲ့ မြန်မာဘဏ်တွေဆီက စုဆောင်းငွေလက်ခံမှုတွေကို လွယ်ကူအောင် ပြုလုပ်ပေးမှာဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ အမေရိကန်စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းလိုက်တာက မြန်မာအစိုးရ၊ ပြည်တွင်းနဲ့ နိုင်ငံတကာစီးပွားရေးအသိုက်အဝန်းတို့မှာ ပူးပေါင်းဆောင်ရွက်လိုစိတ်တွေ တိုးတက်လာအောင် ထောက်ပံ့ပေးပြီး အနာဂတ်အတွက် နမိတ်ကောင်းဖြစ်ပါတယ်။
ဦးစိုးဝင်း
Managing Director
Myanmar Vigour
အမေရိကန်စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံအနာဂတ်စီးပွားရေးကို ရှုထောင့်အမျိုးမျိုးကနေ သုံးသပ်ကြပါတယ်။ ကျွန်တော့်အနေနဲ့ ဘဏ်လုပ်ငန်းရှုထောင့်ကနေ တင်ပြပါမယ်။ စီးပွားရေးပိတ်ဆို့မှုဒဏ်ကို ဘဏ်လုပ်ငန်းက အဓိကခံစားရပါတယ်။ ၁၉ နှစ်နီးပါး စီးပွားရေးပိတ်ဆို့မှုကို ခံစားခဲ့ကြရတဲ့အတွက် ကုန်သွယ်စီးပွားနဲ့ အဓိကဆက်စပ်နေတဲ့ မြန်မာ့ဘဏ်လုပ်ငန်းတွေကို လုပ်ထုံးစည်းမျဉ်းတွေက သွေဖည်ပြီး အဆင်ပြေသလို ဆောင်ရွက်ခဲ့ကြရပါတယ်။ နိုင်ငံတကာဘဏ်တွေက မြန်မာနိုင်ငံကနေ ပေးပို့တဲ့ ဘဏ်လုပ်ငန်းတွေကို လက်ခံဆောက်ရွက်မှုမရှိတာကြောင့် ဘဏ်လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ ကုန်သွယ်စီးပွားလုပ်ငန်းတွေ ကျဆင်းခဲ့ပါတယ်။ ပိတ်ဆို့မှု ရုပ်သိမ်းပြီးနောက် မြန်မာဘဏ်တွေက နိုင်ငံတကာဘဏ်တွေနဲ့ တန်းတူရည်တူဆက်ဆံနိုင်လာမှာ ဖြစ်တာကြောင့် မြန်မာ့ဘဏ်လုပ်ငန်းနဲ့ ကုန်သွယ်စီးပွားလုပ်ငန်းတွေ ရှင်သန်လာမှာဖြစ်ပါတယ်။ ဒီလို ရှင်သန်လာတာနဲ့အမျှ နည်းမှန်လမ်းမှန် ဘဏ်လုပ်ငန်းတွေ ဆောင်ရွက်ခြင်းကြောင့် မြန်မာနိုင်ငံအစိုးရအနေနဲ့ ဝင်ငွေတွေ၊ နိုင်ငံခြားငွေတွေ တိုးတက်လာမှာ ဖြစ်ပါတယ်။
နိုင်ငံတကာ ငွေပေးချေမှုစနစ် ( International Settlement System) ရဲ့ အဓိကဖြစ်တဲ့ ''ကောက်ခံမှု (Collection)'' နဲ့ ''ငွေလွှဲစာတမ်း(documentary Letter of Credit)'' စနစ်တို့ကနေ ရှောင်လွှဲလုပ်ကိုင်လာရတာကြောင့်ရယ်၊ ဘဏ်ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှုစွမ်းရည် လျော့နည်းတာကြောင့်ရယ်ကြောင့် ကုန်သွယ်စီးပွားနဲ့ ပတ်သက်တဲ့ ဘဏ်လုပ်ငန်းတွေမှာ ဘဏ်လုပ်ထုံးလုပ်နည်းတွေကနေ သွေဖည်ခဲ့ရပါတယ်။ မြန်မာ့ပို့ကုန်တွေကို နိုင်ငံတကာဘဏ်တွေနဲ့ ဆက်သွယ်ပြီး ထိထိရောက်ရောက် မဆောင်ရွက်နိုင်ခဲ့တာကြောင့် Collection နဲ့ LC System တို့ကို အသုံးမပြုနိုင်ခဲ့ဘူး။ TT Payment ၊ Credit Advice စတဲ့ စနစ်တွေနဲ့ အဆင်ပြေအောင် ဆောင်ရွက်ခဲ့ကြရပါတယ်။ စနစ်တွေရဲ့ ပျော့ကွက်ကို အခွင့်ကောင်းယူပြီး မရိုးသားတဲ့ ပြည်တွင်းပြည်ပ ကုန်သည်တွေက ပို့ကုန်တွေကို Credit Advice တောင်မတင်ပြဘဲ တင်ပို့ခဲ့ကြတာကို လေ့လာတွေ့ရှိရပါတယ်။ ဥပမာ - မြန်မာပြည်က ပဲအမျိုးမျိုးကို Credit Advice မတင်ပြဘဲ တင်ပို့ရင် ပို့ကုန်တန်ဖိုးကို မြန်မာနိုင်ငံက ပြန်ရဖို့ မလွယ်ကူတော့ပါဘူး။ မြန်မာအမည်ခံ နိုင်ငံခြားကုန်သည်တွေအတွက် ကောင်းမွန်တဲ့ ဥပဒေ ရှောင်ရှားနည်းတစ်ရပ်ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအဖို့ ကုန်ထွက်သွားပြီး ဒီအတွက် နိုင်ငံခြားငွေတန်ဖိုးလည်း ပြန်မဝင်လာတော့ပါဘူး။ ဗဟိုဘဏ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၄၊၂၅ အရ သာမန်စာရင်းပိုင်းဆိုင်ရာ လွှဲပြောင်းပေးချေမှုများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ကန့်သတ်ခြင်းမပြုလုပ်ရလို့ ဖော်ပြထားတာကြောင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနက ကွပ်ကဲဖို့ မလိုတော့သလိုမျိုး အခြေအနေဖြစ်ပေါ်ပါတယ်။
နောက်ထပ်ဥပမာတစ်ခုကတော့ ပြည်တွင်း ပြည်ပ ငွေလွှဲရာမှာ စီးပွားရေးပိတ်ဆို့မှုကြောင့် ဘဏ်တွေကတစ်ဆင့် မဆောင်ရွက်နိုင်ဘဲ ဆူလွယ်နပ်လွယ် အန္တာရာယ်များလှတဲ့ ဟွန်ဒီစနစ်ကို အသုံးပြုခဲ့ကြရပါတယ်။ ပြည်ပမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေက တရားဝင်လုပ်ကိုင်ခြင်း မရှိတာကြောင့် ဘဏ်တွေကိုသွားပြီး ငွေလွှဲပို့နိုင်ခြင်းမရှိတာကိုအကြောင်းပြပြီး ဘဏ်တွေအနေနဲ့ ဒီလိုဟွန်ဒီစနစ်ကို ယှဉ်ပြိုင်နိုင်ခြင်းမရှိဘဲ နှစ်ရှည်လများ လက်ပိုက်ကြည့်နေရပါတယ်။ ရှေ့မှာပြောခဲ့တဲ့ Credit Advice ကိစ္စနဲ့ ဟွန်ဒီကိစ္စတွေဟာ ဖြစ်ပေါ်ခဲ့တဲ့ ဘဏ်လုပ်ထုံး နည်းလမ်းတွေကနေသွေဖည်ပြီး လုပ်ကိုင်ခဲ့ရတဲ့ နည်းလမ်းတွေထဲက ဥပမာနှစ်ခုသာဖြစ်ပါတယ်။
စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းပြီးနောက် မြန်မာ့ဘဏ်လုပ်ငန်း မှန်ကန်စွာ တိုးတက်ဖွံ့ဖြိုးစေဖို့ဆိုရင်
၁။ မြန်မာနိုင်ငံဘဏ်လုပ်ငန်းကို ပုံမှန်ဘဏ်လုပ်ငန်း Formal Banking စနစ်နဲ့ ပြန်လည်ဆောင်ရွက်သင့်ပါတယ်။ International Chamber of Commerce ကနေ ထုတ်ပြန်ထားတဲ့ နိုင်ငံတကာငွေပေးချေမှုစနစ် (International Settlement System) အရ Uniform Rules of Collection နဲ့ Uniform Customers and Practice for Documentary Credit (UCP 600) အရသာ ထုတ်ကုန် သွင်းကုန်လုပ်ငန်းတွေကို လုပ်ကိုင်သင့်ပါတယ်။
၂။ နယ်စပ်ကုန်သွယ်ရေး (Border Trade) တွေကိုလည်း ကြပ်ကြပ်မတ်မတ် ကွပ်ကဲထိန်းသိမ်းပြီး ဘဏ်တွေကတစ်ဆင့် ငွေပေးချေခြင်းစနစ် (Settlement though banking System) နဲ့သာ ဆောင်ရွက်သင့်ပါတယ်။
၃။ ပြည်တွင်းဘဏ်တွေအနေနဲ့ ပြည်ပဘဏ်တွေနဲ့ ဆက်သွယ်ပြီး ''အဆက်အသွယ်ဘဏ်စနစ်'' (Correspondent Banking Arrangement) တွေ ရှာဖွေထူထောင်ပြီး ပြည်ပဘဏ်လုပ်ငန်းတိုးတက်အောင် ဆောင်ရွက်သင့်ပါတယ်။ ပြည်ပဘဏ်တွေနဲ့ မြန်မာနိုင်ငံသား ဘဏ်တွေ ဖက်စပ်ဘဏ်လုပ်ငန်း (Joint Venture Banking) ကိုဆောင်ရွက်နိုင်ရင် ပိုမိုလွယ်ကူထိရောက်မှာ ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဖွံ့ဖြိုးမှုမိတ်ဖက်တွေ့ဆုံပွဲမှာ ပြည်သူတွေရဲ့ အရည်အချင်းတန်ဖိုးမြှင့်တင်ရေးဟာ အဓိကဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံဘဏ်များအသင်းကနေ ကြီးမှူးပြီး ပြည်တွင်း ပြည်ပဘဏ်ပညာရှင်တွေ၊ အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းဘဏ်အသီးသီးက ဝန်ထမ်းတွေကို သင်တန်းအမျိုးမျိုးကို အကြိမ်များစွာ ပို့ချခဲ့ပေမဲ့ ကောင်းမွန်တဲ့ရလဒ်တစ်ခုကို မရရှိခဲ့ပါဘူး။ စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းပြီးတဲ့နောက်မှာ မြန်မာနိုင်ငံရဲ့ဘဏ္ဍာရေး၊ ငွေရေးကြေးရေးနဲ့ ဘဏ်လုပ်ငန်းတွေဟာ အရှိန်အဟုန်နဲ့တိုးတက်ပြောင်းလဲလာပြီး နိုင်ငံတကာဘဏ်တွေနဲ့အသေအချာယှဉ်ပြိုင်ဆောင်ရွက်ရမှာဖြစ်တာကြောင့် ဘဏ်လုပ်ငန်းတွေနဲ့သက်ဆိုင်တဲ့ လူ့အရင်းအမြစ်တွေ (Human Resources) ရဲ့အရည်အသွေးတန်ဖိုးမြှင့်တင်ရေး (Capacity Building) ဟာ အလွန်လိုအပ်နေပါတယ်။
ဦးသူရကိုကို
Managing Director
YGA Capital Ltd
ကျွန်တော်ကတော့ စီးပွားရေးပိတ်ဆို့မှုကြီးတစ်ခုလုံး Lifted လုပ်တာကတော့ အတော်ကို Significant ဖြစ်တယ်လို့ မြင်ပါတယ်။ အဲဒီစီးပွားရေးပိတ်ဆို့မှုကြီးတစ်ခုလုံးဖြုတ်လိုက်တာ ခြွင်းချက်လေးတွေလည်း ရှိပေမယ့် ကျွန်တော်တို့အတွက်ရော၊ စီးပွားရေးအတွက်ရော၊ နိုင်ငံရေးအတွက်ရော ကောင်းတယ်လို့ ယူဆလို့ ရပါတယ်။ ကျွန်တော့်အနေနဲ့ဒီလောက်ကြီး မမျှော်လင့်ခဲ့ပါဘူး။ တစ်ပိုင်းလောက်ပဲဖြစ်ဖြစ် Trading ဘက်လောက်ပဲ လွှတ်ပေးမယ်လို့ မြင်ခဲ့တာဖြစ်ပါတယ်။
ဒီစီးပွားရေးပိတ်ဆို့မှုကြီးဖြုတ်လိုက်တဲ့အတွက် ဖြစ်လာမယ့် Effect က သုံးခုရှိနိုင်တယ်လို့ ကျွန်တော် မြင်ပါတယ်။ အရင်ဆုံးဖြစ်လာမယ့် Effect ကတော့ Pshychological Effect ပါ။ နိုင်ငံခြားက လုပ်ငန်းရှင်တွေ၊ နိုင်ငံခြားအစိုးရတွေ၊ အဖွဲ့အစည်းတွေက မြန်မာပြည်ကို ဝင်လာဖို့ စိတ်ဝင်စားပေမဲ့ ဒီစီးပွားရေးပိတ်ဆို့မှုဆိုတဲ့ မြန်မာပြည်အပေါ်အုပ်နေတဲ့ Cloud ကြီးမရှိတော့တဲ့အတွက် သူတို့ ပိုပြီးဝင်လာမယ်၊ ပိုစိတ်ဝင်စားလာမယ်လို့ မြင်ပါတယ်။ အခု ကျွန်တော်တို့ဆီတင် မကပါဘူး ။ တော်တော်များများဆီကို Request တွေလည်း ဝင်လာနေပါပြီ။ ဒီတော့ နိုင်ငံခြားက လုပ်ငန်းရှင်တွေက စိတ်ပိုင်းဆိုင်ရာအရ မြန်မာပြည်နဲ့ ခပ်ရဲရဲစီးပွားရေး၊ ကုန်သွယ်ရေးလုပ်ခွင့်ရသွားပြီလို့ မြင်သွားပါပြီ။
ဒုတိယ Effect ကတော့ Trading မှာဖြစ်ပါတယ်။ Trading မှာကျတော့လည်း အရေးကြီးတယ်လို့ မြင်ပါတယ်။ ပုံမှန် Trade မှာ ဒေါ်လာနဲ့ Pricing - ဈေးနှုန်းသတ်မှတ်ခွင့်၊ ဒီဒေါ်လာနဲ့ ကျပ်ငွေလွှဲတာတို့၊ ဒေါ်လာနဲ့ Transaction တွေ Based လုပ်တာတို့တွေလည်း ဖြစ်လာနိုင်ပါတယ်။ အခု ကျွန်တော်တို့က မြန်မာငွေကနေ စင်ကာပူဒေါ်လာ အဲဒီကနေမှ အမေရိကန်ဒေါ်လာ ပြောင်းသုံးတာ၊ နောက်တစ်ခု မြန်မာငွေကနေ ဒေါ်လာ၊ ပြီးတော့မှ ယူရိုစသဖြင့် အဆင့်ဆင့်ပြောင်းနေရတာတွေ ကြားပါတယ်။ အဲဒီပုံမှန်ကုန်သွယ်စနစ်ကို ပိုလွယ်လာမယ်လို့ ကျွန်တော် မြင်ပါတယ်။ အဲဒါကြောင့်လည်း ဘဏ်တွေ Trade Flow တွေလည်း ပိုလွယ်လာမယ်လို့ ကျွန်တော် မြင်ပါတယ်။ နိုင်ငံတော်အစိုးရအတွက်ရော၊ ပြည်တွင်းလုပ်ငန်းရှင်တွေအတွက်ရော Cost of Transaction , Cost of Trade က လျော့သွားမယ်လို့ ကျွန်တော် မြင်ပါတယ်။ ဒါပေမဲ့ ဒါက Individual Banking ၊ Individual Trade Organization တွေနဲ့လည်း ဆိုင်ပါတယ်။ အမေရိကန် Banking System ပေါ်မှာလည်း မူတည်သေးတယ်။ အာရှ Banking System တွေ ပေါ်မှာလည်း မူတည်ပါသေးတယ်။ အမေရိကန်စီးပွားရေး ပိတ်ဆို့မှုပြုတ်ပေမဲ့ Standard Chartered တို့ HSBC တို့ရဲ့ Internal Standard နဲ့ Policy တွေကို စစ်ဆေးရပါဦးမယ်။ စီးပွားရေးပိတ်ဆို့မှုကြီး ပြုတ်သွားပေမယ့်လည်း HSBC လို ဘဏ်ကလည်း ချက်ချင်းခွင့်ပြုချင်မှလည်း ခွင့်ပြုမှာပါ။ သူကလည်း Customer တွေကို ချက်ချင်း Account ဖွင့်ပေးဖို့တို့ ၊ Trade Finance လုပ်ပေးဖို့တို့ဆိုတာကလည်း ချက်ချင်း ဖြစ်ချင်မှဖြစ်လာမှာပါ။ သူတို့ရဲ့ Internal Policy ကိုလည်း လိုက်ရဦးမှာပါ။ သူတို့က သူတို့အတွက် မြန်မာပြည်ကိုဖွင့်လိုက်တဲ့ အခွင့်အရေးက ဘာလဲ။ နောက် Internal Scrutiny နဲ့ Internal စနစ်နဲ့ Internal Policy နဲ့ကိုက်ညီမှ သူတို့အဆင်သင့်ဖွင့်လို့ရပြီဆိုတာနဲ့ ဖွင့်လာမှာပါပဲ။ ဒါပေမဲ့ အခွင့်အရေးကတော့ ရှိသွားပါပြီ။
တတိယအချက်အနေနဲ့ကတော့ အချိန်ယူရဦးမယ်လို့ မြင်ပါတယ်။ ချက်ချင်းကြီး ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်လာမယ်လို့တော့ မမြင်သေးပါဘူး။ စီးပွားရေးပိတ်ဆို့မှုစာရင်းထဲမှာ ပါခဲ့တဲ့လုပ်ငန်းရှင်တွေနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းစဉ်တွေ၊ လုပ်ငန်းတွေကို လေ့လာစစ်ဆေး၊ လုပ်ငန်းရှင်တွေနဲ့လည်း ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆက်သွယ်ပြီးတော့မှ လေ့လာအကဲခတ်ကြည့်ရဦးမယ်လို့ ကျွန်တော်မြင်ပါတယ်။ ကျွန်တော့်အမြင်ကတော့ စီးပွားရေးပိတ်ဆို့မှုကြီး ဖြုတ်လိုက်တာနဲ့ အောက်ခြေကုမ္ပဏီက ကောင်းလာနိုင်တာလည်း မဟုတ်ဘူး။ ဒါကြောင့် အောက်ခြေ Project တွေ၊ လုပ်ငန်းတွေကိုလည်း သီးသန့်စစ်ဆေးကြမှာပါပဲ။ ဒီစီးပွားရေး ပိတ်ဆို့မှုထဲပါနေတဲ့ အဖွဲ့အစည်းတွေထဲမှာ အင်မတန်မှကောင်းတဲ့ လုပ်ငန်းတွေလည်း ရှိပါတယ်။ ဒါပေမဲ့ တချို့ကလည်း အကောင်အထည် မဖော်ရသေးတာတွေရှိတယ်ဆိုတော့ အမျိုးမျိုးပါပဲ။ ပြီးတော့ ပုံမှန် Patnership ကလည်း ရွေးရဦးမှာပါ။ Patnership Risk တွေရော၊ ကိုယ်နဲ့ကိုက်ညီပေမဲ့ တခြားတစ်ဦးနဲ့ ကိုက်ညီချင်မှ ကိုက်ညီမှာပါ။ Strategy Alignment တွေ ဒါတွေကတော့ ဘယ်လုပ်ငန်းပဲဖြစ်ဖြစ် ဘယ် Patnership ပဲဖြစ်ဖြစ် အကဲခတ်ရဦးမှာဖြစ်ပါတယ်။ အဲဒါကို ကြိုတင်အချင်းချင်း အကဲခတ်ထားပြီးပြီလား၊ ကြိုတင်အချင်းချင်း စစ်ဆေးထားပြီးပြီလား၊ ကြိုတင်အချင်းချင်းစစ်ဆေးထားပြီးပြီလား အဲဒီလိုလေ့လာခဲ့ပြီးပြီ။ အဆင်ပြေတယ်။ စီးပွားရေးပိတ်ဆို့မှုကြောင့်မို့လို့ မလုပ်ရသေးတာဆိုရင်တော့ ဒီရင်းနှီးမြှုပ်နှံမှုတွေ မြန်မြန်ဆန်ဆန် ပေါ်လာနိုင်ပါတယ်။ အခုမှစပြီး အချင်းချင်း မိတ်ဆက်ရင်းနှီးပြီးတော့မှ အကဲခတ်ကြဦးမယ်ဆိုရင် အချိန်ယူရပါဦးမယ်။ စီးပွားရေးပိတ်ဆို့မှုကြီး ဖြုတ်လိုက်တာနဲ့ ချက်ချင်းကြီး Transaction တွေဖြစ်၊ ရင်းနှီးမြှုပ်နှံမှုတွေဟာ စီးပွားရေး ပိတ်ဆို့မှုထဲ ပါဝင်ခဲ့တဲ့လုပ်ငန်းတွေမှာ ချက်ချင်းဖြစ်လာမယ်လို့တော့ ကျွန်တော်မမြင်ပါဘူး။ ဒါပေမဲ့ စဆက်သွယ်ပြီး အကဲခတ်ကြလိမ့်မယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒါကတော့ စီးပွားရေးပိတ်ဆို့မှု ရှိရှိ၊ မရှိရှိ လုပ်ရိုးလုပ်စဉ်အရ ဒီ Partner နဲ့ Fit ဖြစ်လား၊ ဒီလုပ်ငန်းနဲ့ကိုက်ညီလား၊ ဒီဈေးကွက်က အဆင်ပြေလား၊ ဒီ Strategy က မှန်ကန်လား၊ ဒီ Management အဆင်ပြေလား၊ ဖြည့်ဆည်းပေးဖို့ လိုသေးလားဆိုတာတွေကတော့ ဆက်ပြီး လေ့လာစစ်ဆေးရပါဦးမယ်။ ဒါကြောင့် တတိယအပိုင်းကတော့ နည်းနည်းကြာလိမ့်ဦးမယ်လို့ ကျွန်တော်ထင်ပါတယ်။
အယ်ဒီတာအဖွဲ့