မြန်မာနိုင်ငံမှာ ကိုရီးယားလှိုင်းရိုက်ခတ်မှုနဲ့အတူ ကိုရီးယားစတိုင်လ်၊ ဖက်ရှင်၊ အစားအသောက်တွေလည်း ခေတ်စားလာပါတယ်။ ကိုရီးယား ဟော့ပေါ့၊ ကင်ချီစတဲ့ အစားအစာတွေနဲ့အတူ 'ရေညှိ' ဆိုတဲ့ စားသောက်ဖွယ်ဟာလည်း ခေတ်စားလို့လာပါတယ်။ ရေညှိကို ထမင်းလိပ်အနေနဲ့သော်လည်းကောင်း၊ သရေစာအဖြစ်နဲ့သော်လည်းကောင်း တွင်ကျယ်စွာ စားသုံးလာကြပါတယ်။ ဈေးကွက်ထဲမှာလည်း တံဆိပ်အမျိုးမျိုးနဲ့ ရေညှိအထုပ်တွေကို တွေ့လာရပါတယ်။ အဲဒီအထဲမှာ ကျယ်ပြန့်စွာ လူသိများပြီး အောင်မြင်နေတဲ့တံဆိပ်တစ်ခု ရှိပါတယ်။ မြန်မာပြည်က စားသုံးသူအများက 'သူဌေးလေး' လို့ အသိများနေတဲ့ Tao Kae Noi ရေညှိပဲ ဖြစ်ပါတယ်။ ရေညှိစားသုံးမှုကို ဂျပန်၊ တရုတ်နဲ့ ကိုရီးယားနိုင်ငံတို့က အစပြုခဲ့ပေမယ့် မြန်မာပြည်မှာ နာမည်ကြီးတဲ့ 'သူဌေးလေး' အမှတ်တံဆိပ်ကတော့ ထိုင်းနိုင်ငံက ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာလည်း အောင်မြင်ကျော်ကြားတဲ့ 'သူဌေးလေး' ရေညှိရဲ့ စိတ်ဝင်စားဖွယ်ဖြစ်တည်လာပုံကို CEO စာဖတ်ပရိသတ်တွေအတွက် မိတ်ဆက်တင်ပြလိုက်ပါတယ်။
သူဌေးလေး . . .
‘Tao Kae Noi’ အမှတ်တံဆိပ်ရဲ့အဓိပ္ပာယ်က ‘Young Boss’ ဖြစ်ပါတယ်။ မြန်မာလို လွယ်ကူအောင် 'သူဌေးလေး' လို့ ခေါ်ဆိုနိုင်ပါတယ်။ Tao Kae ဆိုတာ တရုတ်ကယ်ကျိုးလူမျိုးတို့ရဲ့ စကားအရ “Master” သခင်လို့လည်း အဓိပ္ပာယ်ရပါတယ်။ 'သူဌေးလေး' ရေညှိကို စတင်တီထွင်ရောင်းချသူဟာ လူငယ်လေးတစ်ဦးသာဖြစ်ပြီး သူ့ထုတ်ကုန်ပစ္စည်းကြောင့် တကယ်ပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ သန်းကြွယ်သူဌေး ဖြစ်သွားခဲ့ပါတယ်။ Tao Kae Noi ကို စတင်ထုတ်လုပ်ရောင်းချသူဟာ Aitthipat Kulapongvanich ဆိုတဲ့ ထိုင်းနိုင်ငံသား လူငယ်ကလေး ဖြစ်ပါတယ်။ သူ့ကို ၁၉၈၄ ခုနှစ်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မွေးဖွားပါတယ်။ Aitthipat ဟာ ကျောင်းစာထူးချွန်သူတစ်ဦး မဟုတ်ပါဘူး။ သူဟာ ကွန်ပျူတာဂိမ်းကစားခြင်းကို လွန်စွာစွဲလမ်းနှစ်သက်သူဖြစ်ပါတယ်။
သူနှစ်သက်တဲ့ ဂိမ်းဟာ Everquest ဂိမ်းဖြစ်ပြီး အဲဒီဂိမ်းကို တစ်နေ့လုံး နေ့တိုင်းကစားပါတယ်။ အဲဒီလို ကစားတာကြောင့် ဂိမ်းမှာ ထူးချွန်ပြီး လူသိများလာပါတယ်။ အကောင်းဆုံး ဂိမ်းကစားသမားလို့တောင် ပြောလို့ရပါတယ်။ ဂိမ်းထဲမှာ ရဖို့ခက်တဲ့ လက်နက်တွေ၊ ကိရိယာတွေကို ရရှိပိုင်ဆိုင်ပြီး အဲဒါတွေကို သူက တခြားကစားသမားတွေကို ပြန်လည်ရောင်းချပါတယ်။
အထက်တန်းတက်နေစဉ် နှစ်နှစ်အတွင်းမှာ ဂိမ်းကနေ ပိုက်ဆံတော်တော်များများရခဲ့ပေမယ့် စာတော့ညံ့တဲ့ ကျောင်းသားထဲမှာ ပါဝင်ပါတယ်။
ဒီလိုရောင်းချရာမှာ Aitthipat ဟာ တစ်လကို ဘတ်တစ်သိန်းကနေ နှစ်သိန်း (အမေရိကန်ဒေါ်လာ ခုနစ်ထောင်ခန့်) လောက် ပုံမှန်ရနေခဲ့တာပါ။ အဲဒီ ငွေနဲ့ ကားတောင်ဝယ်စီး လိုက်ပါသေးတယ်။
အထက်တန်းကျောင်းပြီးချိန် အသက် ၁၇ နှစ် မှာ တက္ကသိုလ် စတက်ပါတယ်။ သူတက်တဲ့ တက္ကသိုလ်က University of Chamber of Commerce of Thailand ဖြစ်ပါတယ်။ (ဒီတက္ကသိုလ်ဟာ ယခု မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်အသင်းနဲ့ ပူးပေါင်းပြီး MBA သင်တန်းကို ဖွင့်လှစ်ထားပါတယ်။) တက္ကသိုလ်တက်တယ်ဆိုပေမယ့် ကျောင်းစာကို သေသေချာချာ ဂရုမစိုက်ပါဘူး။
အဲဒီအချိန်မှာ ကံကြမ္မာက ပြောင်းလဲဖို့ ဖန်လာပါတယ်။ သူ့မိဘတွေရဲ့ လုပ်ငန်းကိုင်ငန်းမှာ အရှုံးပေါ်ပြီး အကြွေးဘတ်သန်းလေးဆယ် (အမေရိကန်ဒေါ်လာ ၁.၃ သန်းခန့်) တင်ခဲ့တာပါ။ ဘယ်လိုမှ မဆပ်နိုင်တော့တာကြောင့် မိဘတွေက ဒေဝါလီခံပြီး တရုတ်ပြည်ကို အပြီးပြောင်းသွားဖို့ စီမံပါတယ်။ သူ့ကိုတော့ ထိုင်းနိုင်ငံမှာပဲ ကျန်ခဲ့စေပါတယ်။
Aitthipat ဟာ သူ့ရဲ့နေထိုင်စားသောက်ရပ်တည်ဖို့နဲ့ မိဘတွေကို ကူညီဖို့ စတင်စဉ်းစားရပါတော့တယ်။ အောင်မြင်မှုရနေတဲ့သူ့ရဲ့ ဂိမ်း ID ကို ဈေးတစ်ခုဖြတ်ပြီး ရောင်းချလိုက်ပါတယ်။
အဲဒီကရတဲ့ ပိုက်ဆံနဲ့ဝင်ငွေရမယ့် လုပ်ငန်းအမျိုးမျိုးကို စဉ်းစားပါတယ်။ ကျောင်းဝန်းထဲမှာ ကော်ဖီဆိုင်ဖွင့်ဖို့ ကြိုးစားတယ်။ မအောင်မြင်ဘူး။ ရထားတဲ့ပိုက်ဆံနဲ့ DVD ပြစက်တွေ ဝယ်ပြီးရောင်းတယ်။ ပြစက်တွေက ဈေးပေါတဲ့အတုတွေ ဖြစ်တာကြောင့် ကြာကြာမခံဘူး။ အဲဒါနဲ့ငွေတွေ ဆုံးရှုံးရပြန်ပါတယ်။ ၂၀၀၃ ခုနှစ်မှာ သူဘန်ကောက်တောင်ပိုင်းမှာ ကျင်းပတဲ့ နိုင်ငံတကာဈေးပွဲတော်တစ်ခုကို ရောက်သွားပါတယ်။
Aitthipat ဟာ သစ်ကြားသီးလှော် သိပ်ကြိုက်ပါတယ်။ အဲဒီပွဲမှာ တရုတ်နိုင်ငံက သစ်ကြားသီးလှော်စက် အပါအဝင် လိုတဲ့ပစ္စည်းတွေရောင်းချပြီး Franchise ပေးတဲ့ လုပ်ငန်းတစ်ခုကို တွေ့ပါတယ်။ ပစ္စည်းကိရိယာအကုန် ဝယ်ဖို့မတတ်နိုင်တာကြောင့် Aitthipat ဟာ သစ်ကြားသီး လှော်စက်တစ်ခုကို ဈေးပေါပေါနဲ့ ရအောင်ဆစ်ပြီး ဝယ်ခဲ့ပါတယ်။ (ပွဲအပြီးမှာ ပြထားတဲ့စက်ကို ပြန်သယ်မသွားချင်တာကြောင့် လျှော့ဈေးနဲ့ ရလိုက်တာပါ။) အဲဒီလှော်တဲ့စက်နဲ့ စူပါမားကတ်ကိုသွားပြီး သစ်ကြားသီးလှော် ရောင်းပါတယ်။ တစ်ခါမှ မရောင်းဖူးပေမယ့် အစပိုင်းမှာ နည်းနည်းရောင်းရတယ်။ ဒါကြောင့် သူ Big C စူပါမားကတ်ကြီးမှာ နေရာတစ်ခု ယူလိုက်တယ်။ လူတစ်ယောက်လည်း ငှားလိုက်ပါတယ်။ ဒါပေမဲ့ ထင်သလောက် မရောင်းရဘူး။ တချို့နေ့တွေဆို လုံးဝမရောင်းရတာတောင် ရှိတယ်။ အရသာမကောင်းဘူးလို့ ဝယ်သူတွေက ပြဿနာရှာတယ်။ သူက သစ်ကြားသီးရောင်းတဲ့ ဈေးတွေ၊ တရုတ်တန်းတွေကို သွားတယ်။ သူများတွေ ဘယ်လိုလှော်သလဲ၊ ဘယ်လိုရောင်းသလဲ တိတ်တိတ်ကလေး လေ့လာတယ်၊ လှော်ပုံလှော်နည်း၊ ထည့်ရတဲ့ ပစ္စည်းအမျိုးအမည်၊ လုပ်ပုံကိုင်ပုံတွေကို လေ့လာမှတ်သားတယ်။ သူ့သစ်ကြားသီးလှော်ကို ပိုပြီးကောင်းလာအောင်လုပ်တယ်။ လေး-ငါးပတ်လောက် ကြာတဲ့အခါမှာတော့ သူတအားရောင်းရပြီ။ အကုန်လုံးရောင်းရတဲ့နေ့မှာ ဘတ်ငါးထောင် (အမေရိကန် ဒေါ်လာ ၁၇၀) လောက် မြတ်တယ်။ နေရာနှစ်ဆယ်ခွဲပြီး ရောင်းရင်း တစ်နေ့ကို ဘတ်တစ်သိန်း ဝင်မယ်၊ ဆိုင်ခွဲများများရှိလာအောင် သူ့ဆိုင်ကို Franchise ပေးမယ်လို့ စပြီး စဉ်းစားပါတယ်။
တစ်နှစ်ခွဲအကြာမှာ သူနေရာ သုံးဆယ်လောက်မှာ Franchise ပေးပြီးနေပြီ။ အဲဒီလုပ်ငန်းကနေ တစ်လကို ဘတ်တစ်သန်းလောက် ဝင်နေပြီ။ အသက်က ၁၈ နှစ်ပဲ ရှိသေးတယ်။ အဲဒီအချိန်မှာပဲ ကျောင်းကထွက်ပြီး အလုပ်ထဲ ခြေစုံပစ်ဝင်လိုက်ပါတော့တယ်။
သူက သူ့လုပ်ငန်းကို သစ်ကြားသီးလှော် တစ်ခုတည်းနဲ့ မတင်းတိမ်နိုင်ဘူး။ ဒါကြောင့် သရေစာ ဖြစ်နိုင်တဲ့ဟာတွေကို ဆိုင်မှာတင်ရောင်းတယ်။ မက်မန်းသီးခြောက်၊ ရေညှိကြွပ်ကြွပ်ကြော်လို ဟာမျိုးတွေပေါ့။ မကြာခင် သူ့ဆိုင်မှာ ပိုရောင်းရတာ ရေညှိကြွပ်ကြွပ်ကြော်ဆိုတာကို သူသတိထားမိသွားတယ်။ အမြဲတမ်း အရင်ဆုံးကုန်တယ်။ တကယ်တော့ သူက ရေညှိအကြောင်း ဘာမှသိပ်သိတာမဟုတ်ပါဘူး။ တရုတ်တန်း လက်ကားဆိုင်က ဝယ်လာပြီး လက်လီပြန်ရောင်းတာမို့ပါ။ ဒါနဲ့စမ်းသပ်တဲ့အနေနဲ့ ရေညှိကို အများကြီးဝယ်ပြီး သူ့သူငယ်ချင်းတွေကို စားခိုင်းကြည့်တော့လည်း ကြိုက်ကြတာတွေ့ရတယ်။ အဲဒီမှာ သူသတိထားမိတာက ဘန်ကောက်တစ်မြို့လုံးမှာ ဘယ်သူကမှ ရေညှိကို လက်လီမရောင်းသေးတာပဲ။ ရေညှိဝယ်ချင်ရင် အထုပ်ကြီးကြီးနဲ့ လက်ကားဆိုင်မှာပဲ ဝယ်လို့ရတာကို သတိပြုမိတယ်။
ရေညှိကို တစ်ခါစား အထုပ်သေးသေးလေးတွေ ထုပ်ပြီးရောင်းဖို့ သူဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် ရေညှိနဲ့ပတ်သက်ပြီး သူ စပြီးလေ့လာတယ်။ တစ်နေ့မှာ သူ စနေ၊ တနင်္ဂနွေမှာ ဖွင့်တဲ့ ဈေးတစ်ခုကို ရောက်သွားတယ်။ အမျိုးသမီး ကင်းထောက်လူငယ်အဖွဲ့နှစ်ဖွဲ့က အလှူခံနေကြတယ်။
တစ်ဖွဲ့က ဈေးအိမ်သာရှေ့မှာရှိပြီး အခြားတစ်ဖွဲ့က မလှမ်းမကမ်းမှာ အလှူခံကြတယ်။ ဈေးအိမ်သာရှေ့က အဖွဲ့က အလှူငွေပိုရတာကို သူသတိထားမိတယ်။ လူတွေဟာ ဈေးအိမ်သာရောက်ရင် အိမ်သာခပေးဖို့ ပိုက်ဆံထုတ်ရတယ်။ အိမ်သာဝင်ခပေးဖို့ စိတ်ထဲမှာ ပြင်ဆင်ပြီးသား၊ အိတ်ထဲမှာရှိတဲ့ ပိုက်ဆံနည်းနည်းကို လှူလိုက်ဖို့ ဝန်မလေးတော့ဘူး။ ဒါကြောင့် ပိုက်ဆံထုတ်ဖို့ ပေးဖို့လွယ်သွားတာ သတိပြုမိတယ်။
ပိုက်ဆံရဖို့ 'နေရာ' ဟာ အဓိကပဲလို့ သူကောက်ချက်ချလိုက်တယ်။
လူတွေဟာ တစ်ခုခုကိုဝယ်ဖို့ အဆင့်သင့်ဖြစ်နေတဲ့ နေရာမျိုးမှာ သူပစ္စည်းကိုထားရင် ရောင်းရဖို့ ပိုလွယ်တယ်ဆိုတာ သူသိသွားတယ်။
လူတွေဟာ အဲဒီနေရာကို ရောက်သွားမယ်။ သူ့ပစ္စည်းကို ဝယ်မယ်။ ချက်ချင်းစားမယ်။ အဲဒီနေရာကို သူစဉ်းစားလိုက်တော့ ၇-၁၁ စတိုးဆိုင်လေးတွေကို သူတွေ့သွားတယ်။
၂၀၀၄ ခုနှစ်က ဘန်ကောက်မှာ 7-11 စတိုးဆိုင်ပေါင်းသုံးထောင် ရှိနေပြီ။ သူ 7-11 စတိုးဆိုင်ရဲ့ တာဝန်ခံနဲ့သွားတွေ့ပြီး သူ့ရဲ့ရေညှိထုပ်လေးတွေကို နမူနာ ပေးစားစေတယ်။ တာဝန်ခံက စားကြည့်ပြီး ထုပ်ပိုးပုံနည်းနည်းလေးပြင်ပေးဖို့ပြောကာ သူ့ဆိုင်မှာတင်ရောင်းပေးဖို့ အကြမ်းအားဖြင့် လက်ခံလိုက်ပါတယ်။
7-11 တာဝန်ခံက သူ့ကို လုပ်နည်းလုပ်ဟန်ကို ပြောပြတယ်။ သူတို့က Aitthipat ရဲ့ စက်ရုံကို ရက်သုံးဆယ်အတွင်းလာမယ်။ ထုတ်လုပ်မှုနည်းစဉ်၊ အရည်အသွေးထိန်းချုပ်ပုံနဲ့ လုံခြုံရေးအစီအမံတွေကို လေ့လာမယ်။ ပြန်သွားပြီး သီတင်းပတ် နည်းနည်းကြာရင် သူ့ဆိုင်မှာ ပေးရောင်းမယ် မရောင်းဘူး အကြောင်းပြန်မယ်လို့ ဆိုပါတယ်။
အဲဒီအချိန်မှာ Aitthipat မှာ ဘာစက်ရုံမှ မရှိပါဘူး။ ဘာလုပ်သားမှလည်းမရှိဘူး။ ရေညှိတွေကို တရုတ်တန်းလက်ကားဆိုင်က ယူပြီး ရောင်းနေတာ။ ဒါကြောင့် နောက်တစ်နေ့မှာ ဘဏ်ကိုသွားပြီး ဘတ်ဆယ်သန်း ချေးတယ်။ အဲဒီအချိန်မှာ သူ့ရဲ့သစ်ကြားသီးလှော်ဆိုင်သုံးဆယ်ကို Franchise ပေးတာ တစ်လကို ဘတ်တစ်သန်း ဝင်ငွေရှိနေပါပြီ။ ဒါပေမဲ့ ဘဏ်က သူ့ကို ငွေချေးဖို့ ငြင်းပါတယ်။ အကြောင်းပြချက်က ပညာရေးမပြီးဆုံးသေးဘဲ အသက်ကလည်း ၁၉ နှစ်ပဲ ရှိသေးတာမို့ ငွေချေးဖို့ ဘောင်မဝင်လို့ပါတဲ့။
Aitthipat လည်း သူ့ရဲ့သစ်ကြားသီးလှော်တဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေ၊ ရပိုင်ခွင့်တွေ အားလုံးကို အခြားသူတစ်ယောက်ကို ချရောင်းလိုက်ပါတယ်။ တစ်လကို ဘတ်တစ်သန်းဝင်နေတဲ့ လုပ်ငန်းကို ရောင်းလိုက်ရတာပါ။
သူ့ အတွက် 7-11 မှာ တင်ရောင်းခွင့်ရဖို့ဟာ ဘာနဲ့မှမလဲနိုင်တဲ့ အခွင့်အရေးပါ။ ရလာတဲ့ပိုက်ဆံနဲ့ သူ့မိဘတွေရဲ့ လေလံမပစ်ရသေးတဲ့ အိမ်ကို စက်ရုံအဖြစ် ပြောင်းလဲလိုက်တယ်။ အိမ်နားမှာရှိတဲ့ လူငါးယောက် ခြောက်ယောက်လောက်ကို အလုပ်သမားခန့်တယ်။ 7-11 သူ့စက်ရုံကို လာကြည့်တဲ့အချိန်မှာ စက်ရုံက အတော်အသင့် လည်ပတ်နေပါပြီ၊ ရက်တော်တော်ကြာတဲ့အခါ 7-11 က ဖုန်းခေါ်လာပါတယ်။ သူ့ ရေညှိတွေကို တင်ရောင်းဖို့ လက်ခံလိုက်ပြီဆိုတာပါပဲ။ ဒါပေမဲ့ ကတိပြုချက်တော့ ပေးရပါတယ်။ ၄၅ ရက်အတွင်း 7-11 ဆိုင်ပေါင်း သုံးထောင်ကျော်မှာ တင်ရောင်းဖို့ 'သူဌေးလေး' ရေညှိအထုပ်ပေါင်း ၇၂,၀၀၀ ထုတ်ပေးရမယ်ဆိုတဲ့ ကတိပြုချက်ပါ။
သုံးလအတွင်းမှာ 7-11 ဆိုင်တိုင်းမှာ 'သူဌေးလေး' ရေညှိကို ရနိုင်ပါပြီ။ နှစ်နှစ်အတွင်းမှာ စင်ကာပူနဲ့ ဟောင်ကောင်ကို စတင် တင်ပို့ပါတော့တယ်။
သုံးနှစ်ကြာတဲ့အခါ သူ့ရဲ့ပိုင်ဆိုင်မှု တန်ဖိုးဟာ ဘတ်သန်းတစ်ရာ (အမေရိကန်ဒေါ်လာ ၃.၃ သန်း) ဖြစ်လာပါတယ်။ ၂၀၁၆ ခုနှစ် Forbes မဂ္ဂဇင်းရဲ့ ခန့်မှန်းချက်အရ သူဟာ ဒေါ်လာသန်းပေါင်း ၃၉၀ ချမ်းသာပါတယ်။
Aitthipat ဟာလည်း စီးပွားရေး သူရဲကောင်းတစ်ယောက် ဖြစ်လာတယ်။ သူ့ရဲ့ဘဝကို The Billionaire (သန်းကြွယ်သူဌေး) အမည်နဲ့ ရုပ်ရှင်ရိုက်ပြီး ထိုင်းနိုင်ငံမှာ ပြသရတဲ့အထိ ကျော်ကြားလူသိများသွားပါတယ်။
Aitthipat က ကောင်းတဲ့အကြံရတဲ့အခါ ထိုင်မနေဘဲ ချက်ချင်းအကောင်အထည်ဖော်ဖို့ သင်ကြားပေးခဲ့ပါတယ်။ တချို့က ပြောကြတယ်။ သူ့ရဲ့ကြီးပွားတိုးတက်ခြင်း အရင်းခံဟာ 'နေရာ' (Location) က အဓိကပါ။ တစ်ကယ်လို့ 7-11 မှာသာ တင်ရောင်းခွင့်မရခဲ့ရင် ဒီလိုနာမည်ကြီးလာမှာ မဟုတ်ဘူးလို့ ဆိုကြပါတယ်။ ဒါပေမဲ့ ရောင်းခွင့်ရရင်တောင်မှ အရသာ၊ ထုပ်ပိုးပုံ၊ အရည်အသွေးတွေ မကောင်းခဲ့ရင် ဒီလောက်ကျော်ကြားချင်မှ ကျော်ကြားမှာမို့ Aitthipat ရဲ့ အရည်အချင်းကို လျှော့တွက်လို့တော့ မရပါဘူး။ သူ့လို ရေညှိတွေ အပြိုင်ထုတ်လုပ်ကြပေမယ့် 'သူဌေးလေး' လိုတော့ အောင်မြင်မှုမရကြပါဘူး။ မြန်မာပြည်ရဲ့ City Express လို လွယ်မြန်ကုန်စုံဆိုင်ကို ရောက်ခဲ့ရင် 'သူဌေးလေး' ရေညှိထုပ်ကလေးတွေကို တွေ့ရလိမ့်မယ်။ အထုပ်ပေါ်က လိုဂိုအရုပ်ကလေးက 'သူဌေးလေး' ရဲ့ အကြောင်းကို အသံတိတ် ပြောပြနေပါလိမ့်မယ်။
ရိုးဆက်