[caption id="attachment_7493" align="alignnone" width="242"]
Mr Michael Issenberg[/caption] ကမ္ဘာ့အကြီးဆုံး Hotel Management အဖွဲ့အစည်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ Accor အနေနဲ့ မြန်မာနိုင်ငံဈေးကွက်ကို ဝင်ရောက်လာတာနဲ့ ပတ်သက်ပြီး Accor ရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ Chairman ဖြစ်သူ Mr Michael Issenberg နဲ့ ခဏတာ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ဟိုတယ်နဲ့ခရီးသွားလာရေးလုပ်ငန်း အနာဂတ်အလားအလာအပေါ် သုံးသပ်ပေးပါ။ ဒီနေရာမှာ ရှုထောင့်နှစ်ခုကို ပြောချင်ပါတယ်။မြန်မာနိုင်ငံမှာ ကြွယ်ဝတဲ့ယဉ်ကျေးမှု၊ သဘာဝအလှတရားတွေနဲ့ ကျော်ကြားတဲ့အထင်ကရနေရာတွေ အများကြီး ရှိနေတာရယ်၊ ကမ္ဘာတစ်ဝန်းကလူတွေက ထူးထူးခြားခြားကို စိတ်ဝင်စားပြီး လာရောက်လည်ပတ်ချင်နေကြတဲ့ အချက်နှစ်ချက်ကို ပေါင်းလိုက်ရင် အနာဂတ်ကတော့ အလွန်ကိုတောက်ပနေပါတယ်။ ဒါပေမဲ့ အဲဒီအနာဂတ် တကယ်ဖြစ်ပေါ်လာဖို့ လုပ်စရာတွေကလည်း အများကြီးရှိနေပါသေးတယ်။
အခြားနိုင်ငံတကာ ဟိုတယ်လုပ်ငန်းတွေလည်း ဝင်လာနေတဲ့အတွက် ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်ဖို့ ဘယ်လိုစီမံလုပ်ဆောင်သွားဖို့ ရှိပါသလဲ။ အဓိကကတော့ ကျွန်တော်တို့ Training က ခိုင်မာအောင်တည်ဆောက်ပြီးသားဖြစ်တဲ့အတွက် မြန်မာနိုင်ငံကို လာရောက်တဲ့သဘောဖြစ်ပါတယ်။ နောက်ထပ်အရေးကြီး တာက ဖြစ်နိုင်သမျ အကောင်းဆုံးဝန်ထမ်းတွေကို ငှားရမ်းပြီး လေ့ကျင့်သင်ကြားပေးဖို့ဖြစ်ပါတယ်။ နိုင်ငံတကာကုမ္ပဏီတွေဝင်လာရင် အဓိကအကျိုးအမြတ်တွေထဲက တစ်ခုကတော့ Training ပဲဖြစ်တယ်။ ကျွန်တော်တို့ရဲ့ အဓိက ဦးစားပေးရည်ရွယ်ချက်ကလည်း Training ပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးမယ့် အစီအစဉ်ကို သိချင်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ဟိုတယ်သုံးခု တည်ဆောက်သွားမှာဖြစ်ပြီး ဝန်ထမ်းကိုးရာလောက်ခန့်မှာဖြစ်သလို လေ့ကျင့်သင်ကြားပေးတာတွေ ပြုလုပ်သွားမှာပါ။
Accor ရဲ့ စံသတ်မှတ်ချက်တွေအတိုင်း မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ကိုင်တဲ့အခါမှာ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရမယ်လို့ ထင်ပါသလဲ။ အစောပိုင်းတွေမှာတော့ ဘဏ်လုပ်ငန်းနဲ့ ပတ်သက်တဲ့ကိစ္စတွေဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဘဏ်စနစ်တွေ စတင်ပြုပြင်ပြောင်းလဲနေတာ ကို တွေ့ရပြီး မြန်မြန်ဆန်ဆန်ပြောင်းလဲလာမယ်လို့လည်း ထင်ပါတယ်။ နောက်တစ်ချက်ကတော့ ဘာသာစကားပြဿနာဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ မြန် မာနိုင်ငံက တံခါးဖွင့်ဝါဒကို ပိုပြီးကျင့်သုံးလာနေတဲ့အခါမှာ နိုင်ငံခြားဧည့်သည်တွေ အများကြီး ဝင်ရောက်လာတဲ့အတွက် အင်္ဂလိပ်စာတတ် ကျွမ်းမှုစွမ်းရည်ကလည်း ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့ကလည်း နိုင်ငံတကာက ဧည့်သည်တွေရဲ့ မျှော်မှန်းချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် Accor ရဲ့ စံနှုန်းသတ်မှတ်ချက်တွေနဲ့အညီ လေ့ကျင့်သင်ကြားပေးသွားမှာပါ။
CSR အစီအစဉ်ကိုသိချင်ပါတယ်။ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေက အခုမှစမှာဖြစ်တဲ့ အတွက် အခု CSR နဲ့ပတ်သက်တဲ့ အစီအစဉ်တွေမရှိသေးပေမဲ့ အနာဂတ်မှာ လုပ်ဆောင်သွားဖို့တော့ရှိပါတယ်။ ခုဏ ကပြောခဲ့သလိုပဲ ဝန်းထမ်းတွေကို ဟိုတယ်ရဲ့ နေ့စဉ် လုပ်ငန်းဆောင်ရွက်လည်ပတ်မှုစွမ်းရည်တွေနဲ့ပတ်သက်ပြီး လေ့ကျင့်သင်ကြားဖို့ အဓိကအာရုံစိုက်သွားမှာဖြစ် သလို ကျွန်တော်တို့ရဲ့ CSR အစီအစဉ်မှာ ဝန်ထမ်းတွေ ပါဝင်လာဖို့ ဖြည်းဖြည်းချင်း ဆောင်ရွက်သွားမှာပါ။
ပြည်တွင်းလုပ်ငန်းတွေနဲ့ လက်တွဲလုပ်ကိုင်ဖို့အတွက် ဘယ်လိုအချက်တွေကို ကြည့်ပြီး ရွေးချယ်ပါသလဲ။ ပထမအချက်ကတော့ ဘဏ္ဍာရေးအခြေအနေဖြစ်ပြီး နောက်တစ်ချက်ကတော့ သူတို့လုပ်ငန်းဆောင်ရွက်တာတွေဟာ ကျွန်တော်တို့ Brand နဲ့ ကိုက်ညီမှုရှိဖို့ အတွက် ကျွန်တော်တို့ရဲ့Brand ကို ဘယ်လောက်ထိ နားလည်သိရှိထားသလဲဆိုတာကို ကြည့်ပါတယ်။ နောက်ပြီး ဟိုတယ်လုပ်ငန်းမှာ ကျွန်တော်တို့ရဲ့ စီမံခန့်ခွဲမှု နည်းလမ်းအတိုင်း ဆောင်ရွက်ဖို့ ဖြစ်နိုင်ခြေတွေကို ကြည့်ပါတယ်။ အဲဒီအချက်တွေအားလုံးကို သဘောတူညီချက်မရခင်မှာ ကျွန်တော်တို့ ဆွေးနွေးမှုတွေ လုပ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဟိုတယ်လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ဘယ်အချက်တွေကအရေးကြီးတယ်ဆိုတာကို နိုင်ငံတကာ ဟိုတယ်စီမံခန့်ခွဲမှုကုမ္ပဏီကြီးတစ်ခုရဲ့ ရှုထောင့်ကနေ သုံးသပ်ပေးစေချင်ပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးစတဲ့ အချက်အတွေအပြင် အလုပ်သမားဥပဒေကလည်း အရေးကြီးပါတယ်။ နောက်ပြီး စည်းမျဉ်းဥပဒေထိန်းသိမ်းရေးကလည်း အခြေတကျ ရှိဖို့လိုပါတယ်။ ဒါက အလုပ်သမားရေးရာတင်မကဘဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိစ္စနဲ့ ဆောက်လုပ်ရေးစည်းမျဉ်းဥပဒေတွေ (Building Codes) စတာတွေမှာ မှန်ကန်တဲ့ ဥပဒေတွေ အခြေတကျနဲ့ ခိုင်မာဖို့ လိုပါတယ်။