AAT Business Centre ရဲ့ Hands Together Campaign မှ အောင်မြင်မှုအသီးအပွင့်များ

AAT Business Centre ၊ Great Diamond ၊ Myanmar Retailer Association (Mandalay Region) တို့ ဦးဆောင်ပြီး မန္တလေးမြို့ လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ကူညီပံ့ပိုးမှုတို့နဲ့ အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေ ပေါ်ထွက်လာစေဖို့ ရည်ရွယ်ပြီးကျင်းပခဲ့တဲ့ စီးပွားရေးလုပ်ငန်းသစ် စတင်ခြင်းပြိုင်ပွဲအကြောင်းကို ပြိုင်ပွဲဝင်တွေနဲ့ပြိုင်ပွဲကို ဦးဆောင်ကျင်းပခဲ့တဲ့ ILO – SIYB Program မှ Master Trainer ဆရာမ ဒေါ်အေးအေးသန့်တို့ကို တွေ့ဆုံမေးမြန်းထားမှုကို ပြန်လည်တင်ပြပေးလိုက်ပါတယ်။

ATTHTC0

Daw Aye Aye Thant

Founder & Managing Director,AAT Business Centre

Master Trainer (ILO – Start & Improve Your Business Program)

SIYB အကြောင်းပြောပြပေးပါ . . .

SIYBဆိုတာက Start & Improve Your Business ဆိုတဲ့ Program ပါ။ ဒီ Program ဖြစ်ပေါ်လာပုံကို ရှင်းပြချင်ပါတယ်။ ဆွီဒင်နိုင်ငံ လုပ်ငန်းရှင်များအသင်းက ၁၉၆၀ ပြည့်နှစ်လောက်မှာ သူတို့လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ နိုင်ငံတကာက ပညာရှင်တွေကိုခေါ်ပြီးတော့ ညွှန်ကြားချက်တွေ တောင်းခဲ့တဲ့အတွက် အဲဒီပညာရှင်တွေက Manual တွေ ထုတ်ပေးခဲ့ပါတယ်။ ဒီ Manual တွေအတိုင်း လိုက်လုပ်တဲ့အခါ ဆွီဒင်နိုင်ငံ တိုးတက်သွားခဲ့ပါတယ်။ ဒါကို ILO က သတိပြုမိသွားတယ်။ ILO ရဲ့ Concern က လူတွေ ကောင်းမွန်တဲ့ အလုပ်အကိုင်ရရှိရေးဖြစ်တော့ ဒီလူတွေကိုချည်းသွားပြောနေလို့မရဘူး။ သူတို့ရဲ့လုပ်ငန်းရှင်ကြီးပွားမှ သူ့လူတွေကို ကောင်းမွန်စွာ နေထိုင်နိုင်အောင် လုပ်ပေးမှာဖြစ်တဲ့အတွက် ILO က မဟာဗျူဟာ ကောင်းကောင်းချခဲ့ပါတယ်။ ဝန်ထမ်းတွေကို အာရုံစိုက်တာအပြင် လုပ်ငန်းရှင်တွေကိုပါ ပံ့ပိုးမယ်ဆိုပြီး မဟာဗျူဟာချတဲ့အခါ သူ့ဗျူဟာအရ  လုပ်ငန်းရှင်တွေကို ဘာလုပ်ပေးမလဲ စဉ်းစားပါတယ်။ ဒီတော့ ခုနက Manual တွေ အကုန်ဝယ်လိုက်တယ်။ ပြီးတော့ မဖွံ့ဖြိုးမတိုးတက်သေးတဲ့ တိုင်းပြည်တွေကိုသွားပြီးတော့ Manual တွေကို ကျွန်မတို့လို Trainer တွေကို Train ပေးတယ်။ အဲဒီ Trainer တွေကတစ်ဆင့် လုပ်ငန်းရှင်တွေကို သင်ကြားပေးတာဖြစ်ပါတယ်။ ဒီ SIYB  က လုပ်ခဲ့တာ အခုနိုင်ငံပေါင်း ၁၄၀ ကျော်သွားပါပြီ။ အဲဒီနိုင်ငံတွေက SME တိုးတက်မှု Track Record တွေလည်းရှိနေပြီ။ SIYB Program ကို Run ပြီးတဲ့ နိုင်ငံတွေရဲ့ SME ကဏ္ဍတိုးတက်နှုန်းတွေကို ပြောရရင် တန်ဇေးနီးယားဆိုရင် ၇၂ ရာခိုင်နှုန်း၊ ဗီယက်နမ်ဆိုရင် ၄၆ ရာခိုင်နှုန်း စသဖြင့်ရှိပါတယ်။ တိုးတက်နှုန်းတွေက တိုင်းပြည်တစ်ခုနဲ့တစ်ခု မတူပါဘူး။

မြန်မာနိုင်ငံမှာ SIYB အစီအစဉ် စလုပ်ဖြစ်တဲ့အကြောင်းနဲ့ AAT နဲ့ လက်တွဲလုပ်ဖြစ်ခဲ့တဲ့အကြောင်း . . .

ကျွန်မတို့ နိုင်ငံကို သူတို့၂၀၁၄ ခုနှစ်မှ စရောက်ပါတယ်။အဲဒီတုန်းကတော့ အခြားသူတွေနဲ့ အလုပ်လုပ်နေခဲ့ပါတယ်။ ကျွန်မနဲ့က ၂၀၁၅ ခုနှစ်မှာမှ စတွေ့တာပါ။ သူတို့က ကျွန်မရဲ့ AAT Business Centre ကို Business Partner အနေနဲ့ ကမ်းလှမ်းခဲ့ပါတယ်။ ပြီးတော့ သူတို့က ကျွန်မတို့ကို Training  ပေးတယ်။ သူတို့ Training ကိုတက်ပြီးတော့ ပထမက လိုင်စင်ရ Trainer ။ နောက်တစ်ဆင့်က Master Trainer ပါ။ Master Trainer က လိုင်စင်ရ Trainer ဖြစ်အောင် Training ပြန်ပေးသူပါ။ သူက မြန်မာပြည်ရဲ့ SME ကဏ္ဍအတွက်လည်း တာဝန်ရှိပါတယ်။ လုပ်ငန်းရှင်အသစ်တွေ ပေါ်ထွက်လာအောင်လုပ်ဖို့လည်း တာဝန်ရှိတယ်။ ကျွန်မက  လုပ်ငန်းရှင်တွေကို Train တာအပြင် ဒီဟာနဲ့ပတ်သက်ပြီး Campaign လေး တစ်ခုလုပ်ခဲ့ပါတယ်။ (Hands Together Campaign - စီးပွားရေးလုပ်ငန်းစတင်ခြင်း ပြိုင်ပွဲ) ဒီ Campaign ကတော့ မြန်မာနိုင်ငံတင် မဟုတ်ဘူး။ အရှေ့တောင်အာရှမှာတောင် တစ်ခါမှ မလုပ်ဖူးသေးပါဘူး။ ကျွန်မက လုပ်ငန်းရှင်ဖြစ်ချင်တဲ့သူတွေကို လျှောက်လွှာခေါ်လိုက်တယ်။ ဝန်ထမ်းတွေ လာလျှောက်တယ်။ အလုပ်မရှိသေးတဲ့လူတွေ လာလျှောက်ကြပါတယ်။ လျှောက်လွှာတွေကို အဆင့်ဆင့်စိစစ်ပြီး နောက်ဆုံး ၂၄ ယောက်ကို ရွေးချယ်ပါတယ်။ ဒီလူတွေကို လုပ်ငန်းရှင်ဖြစ်ဖို့အတွက် Camp သွင်းပြီးတော့ လေ့ကျင့်သင်ကြားပေးပါတယ်။ ဒီထဲက အဆင်သင့်အဖြစ်ဆုံးနဲ့ပြင်ဆင်မှုအရှိဆုံးသုံးဦးကို လုပ်ငန်းစဖို့ ကျွန်မတို့က ငွေကြေးထောက်ပံ့ပေးပါတယ်။

ပထမဆုအနေနဲ့သိန်း ၅၀၊ ဒုတိယဆုက သိန်း ၃၀၊ တတိယဆုက သိန်း ၂၀ ပေးခဲ့ပါတယ်။ ပထမဆုကိုတော့ ဦးရဲထွဋ် - Wash King အဆင့်မြင့် ဆိုင်ကယ်၊ ကား ရေဆေးဆီလိုက်က ရရှိခဲ့ပါတယ်။ ဒုတိယဆုကိုတော့ ဦးသာထက်မိုး - Yangon Sushi House နဲ့ ဦးမျိုးနိုင်ဦး - မက်စ် ဗလာစာအုပ်တု့ိနှစ်ယောက် ပူးတွဲရသွားကြတာပါ။ တတိယဆုကိုတော့ ဒေါ်စန္ဒီမင်းမင်း- Uniform Supply နဲ့ ဦးသန်းနိုင်ထွန်း - စားတော်ကဲ ငရုတ်သီးမှုန့်တို့နှစ်ယောက်က ပူးတွဲ ရရှိခဲ့တာဖြစ်ပါတယ်။ ဒီပွဲဖြစ်မြောက်ဖို့အတွက်ကို AAT Business Centre နဲ့ Great Diamond ၊ Myanmar Retailer Association (Mandalay Region)တို့က ဦးဆောင်စီစဉ်ခဲ့ပြီး မန္တလေးမြို့က လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းရှင်တွေက ပူးပေါင်းကူညီပေးခဲ့ကြပါတယ်။

Campaign က ဘာတွေကို အဓိကထားပြီး Train ပေးပါသလဲ . . .

လုပ်ငန်းရှင်တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့  Characteristics တွေကို သေချာသင်ပေးပါတယ်။ စာသင်တာ မဟုတ်ဘဲ Action Learning ကို အသုံးပြုပါတယ်။ သူတို့ကို အလုပ်လုပ်ခိုင်းပါတယ်။ လုပ်ငန်းရှင်တစ်ယောက် တကယ်အလုပ်လုပ်ရသလိုမျိုးပဲ သူတို့ကို  နေ့မရှိ ညမရှိ ပုံစံနဲ့ လုပ်ခိုင်းတယ်။ ဈေးကွက်ထဲကို သွားခိုင်းတယ်။ အစပိုင်းတော့ သူတို့မလုပ်ချင်ကြဘူး။ လုပ်ငန်းရှင်ဖြစ်ချင်တယ်၊ အောင်မြင်ချင်တယ်ဆိုရင် ဒီလိုပဲ အလုပ်လုပ်ရမယ်ဆိုပြီး ပြောပြတယ်။ ဒီလိုလုပ်တဲ့အခါသူတို့ရဲ့ Capacity တွေ တက်လာတယ်။ အိုင်ဒီယာတွေ ကောင်းလာတယ်။ အိုင်ဒီယာကောင်းတိုင်း ဒါက Business Idea မဟုတ်ဘူး။ အမြတ်မရနိုင်ဘူးဆိုတာ သူတို့သိလာတယ်။ ကျွန်မတို့ ရည်ရွယ်ချက်က လုပ်ငန်းစဖို့ထက် တစ်သက်လုံးအောင်မြင်စေချင်တာပါ။ လုပ်ငန်းဆိုတာပိုက်ဆံရှိရင် စလို့ရတယ်။ အဓိကက အမြတ်ပဲ။ အမြတ်မရရင် ရှေ့ဆက်လုပ်ငန်းလုပ်ဖို့ အဆင်မပြေဘူး။ လုပ်ငန်းရှင်တစ်ယောက်အတွက် အမြတ်က အလွန်အရေးကြီးပါတယ်။

 လုပ်ငန်းတစ်ခု စမယ်ဆို ဘာကအရေးကြီးဆုံးလဲဆိုတော့။ သူတို့က ငွေလို့ ထင်ကြတယ်။ သင်တန်းမှာ လက်တွေ့လေ့လာရင်းနဲ့မှ လုပ်ငန်းတစ်ခုဟာ Market မရှိရင် စလို့မရတာကို တဖြည်းဖြည်း နားလည်လာတယ်။ Market မရှိဘဲ လုပ်ငန်းတစ်ခုစရင် ရင်းနှီးထားတဲ့ငွေတွေ အကုန်ရှုံးသွားမှာပါ။ ဒီတော့ သူတို့က အရင် ဆုံး Market ရှာရပါတယ်။ လက်တွေ့ရှာခိုင်းတာပါ။ ဒီတော့ သူတို့ Market ရလာတယ်။ Marketing Persentation လုပ်ခိုင်းတယ်။ ဆယ်မှတ်ပေးတယ်။ Campaign တစ်ခုလုံးအတွက် အမှတ်တစ်ရာပေးထားပါတယ်။ ဒါကိုအဆုံးအဖြတ်ပေးဖို့အတွက် ဒိုင်လူကြီးကော်မတီ ဖွဲ့ထားပါတယ်။ သူတို့ Market ကို သိသွားကြပြီ။ ဒီလိုလုပ်ရင် ဒီလို အမြတ်ရတယ်ဆိုတာ သိသွားကြပြီဆိုတော့မှ Operations ပိုင်းကို သင်တယ်။ စာရွက်ထဲမှာ Operations တစ်ခုလုံးကို မြင်အောင်ပြတယ်။ Operation နဲ့ပတ်သက်တဲ့ အရာအားလုံးကို နားလည်အောင် သေချာပြပါတယ်။ Operation ပြီးသွားတဲ့အခါ သူတို့လုပ်မယ့် Operation တစ်ခုလုံးအတွက် ဘာ Input တွေလိုမလဲ။ ဘာ Material တွေလိုမယ်။ လူဘယ်နှစ်ယောက် လိုမယ်ဆိုတာပါ တစ်ခါတည်း တွက်ပေးရတယ်။ နောက်တစ်ဆင့်အနေနဲ့ ဘာတွေဝယ်မလဲ။ ဘာတွေ ငှားမလဲ။ ဘာတွေက ဘယ်လောက်သုံးမလဲ။ ဝယ်စာရင်း၊ ငှားမယ့်စာရင်းတွေရဲ့ Cost တွေပါ တစ်ခါတည်း တွက်ခိုင်းတယ်။ Costing ၊ Financial Planning ပါလုပ်ခိုင်းပါတယ်။ သူတို့ မရောင်းရသေးတဲ့ ပစ္စည်းအတွက် သူတို့ Cost တွက်ပြီးသွားပြီ။ ဘယ်လောက်ရောင်းရမယ်။ ဘယ်လောက်ဝယ်ရမယ် သူတို့မသိသေးဘူးဆိုရင် ဈေးကွက်မှာ တစ်ခါတည်းသွားမေးခိုင်းတယ်။ ဒီတော့ တစ်ခါတည်းသိသွားပြီ။ Cost တွက်ပြီးတဲ့အခါ Captial ဘယ်လောက်လိုသလဲ၊ ငွေဘယ်လောက်နဲ့စတင်မယ်၊ ဘယ်လောက်ဝယ်မယ်၊ ဘယ်လောက်ရောင်းမယ်၊ တစ်လ ငွေဘယ်လောက်မြတ်မယ်၊ ၁၂ လ စာ Plan ဆွဲခိုင်းပါတယ်။ ဒီမှာ အမြတ်မရသေးဘူးဆိုရင် ထပ်လုပ်ရတယ်။ စာရွက်ပေါ်မှာပဲ ရှိသေးတဲ့အတွက် တကယ်လက်တွေ့မရှုံးသေးဘူး။ မကြိုက်မချင်း ဆွဲခိုင်းတယ်။ နောက်ဆုံး စိတ်ကြိုက် Financial Planning ရပြီဆိုမှ ရပ်တယ်။ အမှတ် ၈၀ ပေးတယ်။ အမှတ် ၈၀ ရဲ့ တစ်ဝက်တိတိမှာ လုပ်ငန်းစဖို့ ဘယ်သူအဆင်သင့်ဖြစ်လဲဆိုပြီး ကြည့်တယ်။ အဆင်သင့်ဖြစ်ရင် အမှတ် ၄၀ ပေး ပါတယ်။ မြတ်နိုင်ခြေကို အမှတ် ၄၀ ပေးပါတယ်။ စိတ်သဘောထားက ဆယ်မှတ်ပေးတယ်။ ဒါကို ဒိုင်လူကြီးတွေနဲ့ပြတဲ့အခါ အမှတ်တွေ ထွက်လာပါတယ်။ ကိုယ့်လက်ရှိလုပ်ငန်းကို ထပ်ချဲ့တယ်ဆိုရင်တော့ သူတို့ကို သိပ်အမှတ်မပေးပါဘူး။ လုပ်ငန်းသစ်တစ်ခုကို စတင်တဲ့သူကိုတော့ ပိုအမှတ်ပေးပါတယ်။ အစပိုင်းမှာတော့ သိပ်မတက်ကြွကြပေမဲ့ Financial Plan ဆွဲတဲ့အခါ သူတို့မျက်လုံးတွေ အရောင်တောက်လာတယ်။ သူတို့ကိုယ်တိုင် ဆွဲထားတယ်။ ကျွန်မတို့ တစ်ခုမှဆွဲမပေးဘူး။ ဒီလိုလုပ်တဲ့အခါ Campaign ပြီးအောင် မစောင့်တော့ဘူး။ သူတို့ ကိုယ်တိုင်လုပ်ငန်းကို စတင်ကြပါတယ်။

ဒီလို Campaign လုပ်တဲ့အခါကျတော့ အောင်မြင်မှုကို ဘယ်လိုတိုင်းတာလဲ . . .

၂၄ ယောက်ထဲမှ ၂၃ ယောက်ကိုသင်တန်းပေးပါတယ်။ အဲဒီထဲမှာမှ တစ်ယောက်က Drop Out ဖြစ်သွားတယ်။ ၂၂ယောက် လုပ်ငန်းအသစ်စနိုင်တယ်။ အောင်မြင်မှုက ဒါပါပဲ။ သူတို့က လုပ်ငန်းရှင် ၂၂ ယောက်ဖြစ်သွားပြီ။ လုပ်ငန်းရှင် ၂၂ ယောက်တိုးလာတဲ့အတွက် သူတို့ကနေပြန်ပြီး အလုပ်အကိုင်တွေပေးနိုင်ပါပြီ။ သူတို့က တဖြည်းဖြည်းနဲ့ကြီးထွားလာတော့မှာပါ။ ဒါကြောင့် ကျွန်မတို့လုပ်ခဲ့တဲ့ Campaign က ရာခိုင်နှုန်းပြည့်နီးပါး အောင်မြင်ပါတယ်။ ဒါက တစ်ထောင့်တစ်နေရာကနေ မြန်မာ့စီးပွားရေးကဏ္ဍမှာ လုပ်ငန်းတိုးလာတယ်။ လုပ်ငန်းတိုးလာရင် GDP တိုးလာတယ်။ အောင်မြင်မှုဆိုတာ ဒါပါပဲ။

သင်တန်းသားတစ်ယောက်ဆို အစက သူဟာ သူ့ရဲ့အစ်ကိုလုပ်ငန်းမှာ အကူ။ အခု သူကိုယ်တိုင် ဆိုင်ဖွင့်ပြီ။ သူလုပ်ငန်းမှာ သူအောင်မြင်နေပြီ။ ကျွန်မတို့ အောင်မြင်မှုကို ဒါနဲ့ပဲ တိုင်းတာပါတယ်။ သူ့Plan ကို Suppliers တွေက လုပ်ငန်းတစ်ခုလုံး Plan ပြင်ဆင်ထားတာကိုကြည့်ပြီး ကောင်းကောင်းလုပ်ထားတယ်ဆိုပြီး ပံ့ပိုးကြတယ်။ သူက အဲဒီမှာအောင်မြင်တော့ ကျွန်မတို့ကို Plan  တင်ပြတာ တစ်လကို သိန်း ၃၀ မြတ်တာပေါ့။ သူရင်းထားတာက သိန်းနှစ်ရာ အခုသူ့ဆွေမျိုးက သိန်းခြောက်ရာ ပေးဝယ်တယ်။ သူက မရောင်းချင်ဘူး။ သိန်းတစ်ထောင်အထိပေးတဲ့အခါ ကျွန်မက ရောင်းလိုက်တော့လို့ ပြောတယ်။ သိန်းတစ်ထောင်ရဖို့ဆိုတာ တကယ်လွယ်မှမလွယ်တာ။ လူတစ်ယောက်ဟာ လပိုင်းအတွင်းမှာပဲ ဘဝပြောင်းသွားတယ်။ ဒါကြောင့် ကျွန်မ သင်တန်းသားတွေနဲ့ပတ်သက်ပြီး ယုံကြည်မှုရှိတယ်။ ကျွန်မနဲ့သင်တန်းသားတွေနဲ့တကယ်ထိတွေ့ရတဲ့ ရက်က ၁၄ ရက် ပဲရှိပါတယ်။ ၁၄ ရက်နဲ့လူတစ်ယောက်ကို ဘဝပြောင်းအောင် ကျွန်မတို့လုပ်နိင်ခဲ့ပါတယ်။


ATTHTC1

ဦးကျော်မြင့်မြတ်

Thousand Stars Travel & Tour

www.thousandstarsgroup.com

ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့လုပ်ငန်းနဲ့ရရှိလာတဲ့ အကျိုးကျေးဇူး . . .

ကျွန်တော်ကလုပ်လက်စ Idea ကိုပဲ ဝင်ပြိုင်ခဲ့တာဖြစ်ပါ တယ်။ ဒီလုပ်ငန်းကို လည်ပတ်နိုင်ဖို့ အချိန်ဘယ်လောက်ကြာမယ်၊ ငွေကြေးဘယ်လောက်ကုန်ကျမယ်၊ ဘယ်အချိန်မှာ အရင်းကျေမယ်ဆိုတာတွေကို တွက်ဖို့လိုတယ်ဆိုတာ ကျွန်တော်သိတယ်။ ဒါပေမဲ့ ဘယ်ကနေစပြီး တွက်ရမလဲဆိုတာ ကျွန်တော်မသိဘူး။ အားလုံးက ပြန့်ကျဲနေတယ်။ ဒါတွေကို အစကနေ စုစည်းပြီးတော့ ပြန်လေ့လာဖို့ဆိုတာ မလွယ်ပါဘူး။ ကိုယ်ပိုင်လုပ်ငန်း တစ်ခုတည်ထောင်ဖို့ စဉ်းစားနေတဲ့သူတွေအတွက် စီးပွားရေးလုပ်ငန်းသစ် စတင်ခြင်းပြိုင်ပွဲလုပ်ပေးတယ်၊ ပြီးတော့ သင်တန်းလည်း တစ်ခါတည်းပေးမယ်ဆိုတာ သိတော့ ကျွန်တော့်အတွက် အဆင်ပြေသွားတယ်။ ကျွန်တော်ဒီလုပ်ငန်းကို စလုပ်ဖို့အတွက် ခြောက်လလောက်ကြာနေပေမဲ့ မလုပ်ဖြစ်သေးဘူး။ ဒီသင်တန်းမှာ ဝင်ပြိုင်ဖြစ်သွားတဲ့အခါ လုပ်ငန်းကိုလုပ်ဖို့ ပိုပြီးတိကျသေချာသွားတယ်။ စနစ်တကျ လုပ်ဖြစ်သွားတယ်။ ဒီလုပ်ငန်းအတွက် Website အပြင် ကျွန်တော်က Application နဲ့ သွားမှာပါ။ ရန်ကုန်မှာလည်း ရုံးခွဲရှိပြီး စင်ကာပူအခြေစိုက် Ever Crystal One-Stop IT Solution နဲ့ ပူးပေါင်းပြီးတော့ လုပ်ဖို့ရည်ရွယ်ထားပါတယ်။


ATTHTC2

ဒေါ်ခင်ပိုပိုသိန်း

ဓား ဂျို စုတ် တိုင်းရင်းဆေးဝါးလုပ်ငန်း

ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့လုပ်ငန်း . . .

ကျွန်မက ဓား ဂျို စုတ် အမှတ်တံဆိပ် နှလုံးအားတိုးဆေးနဲ့ လိမ်းဆေးတွေနဲ့ ဒီပြိုင်ပွဲကို ဝင်ပြိုင်ခဲ့ပါတယ်။ ဒီဆေးတွေက ကျွန်မအဖေဖွင့်ထားတဲ့ တိုင်းရင်းဆေးခန်းမှာတော့ အရင်ကတည်းက သမားကိုင်ကုသဆေးအနေနဲ့ လူနာတွေကိုတော့ တိုက်ရိုက်ပေးပါတယ်။ ဒီသင်တန်းတက်ရင်းနဲ့ လုပ်ငန်းအတွက် လိုအပ်တာတွေဖြစ်တဲ့ ဆေးအမှုန့်ကြိတ်စက်လိုမျိုးကအစ ရှိဖို့ လိုအပ်တာတွေသိပြီး လိုက်လုပ်ဖြစ်သွားသလို မှတ်ပုံတင်ပြီး ဖြန့်ချိဖို့အတွက် လုပ်ဖြစ်သွားတာပါ။

ပြိုင်ပွဲကြောင့် ရလာတဲ့ အကျိုးကျေးဇူးတွေက . . .

အရင်တုန်းက မိရိုးဖလာလုပ်နေရာကနေ ဒီသင်တန်းပြီးတော့ စီးပွားရေးတစ်ခုအနေနဲ့ သေချာလုပ်ဖြစ်သွားပါတယ်။ ဒီပြိုင်ပွဲမှာ ဒီထုတ်ကုန်တစ်ခုအတွက် လုပ်ဖြစ်ခဲ့တဲ့ Business Plan ကို နမူနာယူပြီး ကျွန်မရဲ့တခြားသော လုပ်ငန်းတွေကိုလည်း စနစ်တကျလုပ်ဖြစ်သွားတယ်ဆိုတာမျိုး အကျိုးကျေးဇူးတွေလည်းရပါတယ်။ လိမ်းဆေးကတော့ ဈေးကွက်ထဲရောက်နေပါပြီ။ နှလုံးအားတိုးဆေးကတော့ မှတ်ပုံတင်ရပြီး၊ Packaging ဒီဇိုင်းတွေပြီးတာနဲ့ဈေးကွက်ထဲပို့လို့ရပါပြီ။ ဆေးဆိုင်ကတော့ ရန်ကုန်၊ မန္တလေးနဲ့ပြင်ဦးလွင်တို့မှာ ရှိပါတယ်။ မှတ်ပုံတင်ပြီးမှထုတ်တဲ့ လိမ်းဆေးကတော့ မြစ်ကြီးနား၊ မုံရွာ၊ မူဆယ်မြို့တွေကနေ မှာတာတွေရှိပါပြီ။


ATTHTC3

ဒေါက်တာခင်ဖုန်းမြင့်

Dr Snow Product Trading Co Ltd

ဝင်ပြိုင်ခဲ့တဲ့လုပ်ငန်း . . .

ကျွန်မက Dr Snow လို့ခေါ်တဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ဆေးကို တင်သွင်းဖြန့်ချိတဲ့လုပ်ငန်းနဲ့ပြိုင်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဆေးကို ထိုင်းနိုင်ငံကနေ မြန်မာပြည်ကို တင်သွင်းတာ ဖြစ်ပါတယ်။ Dr Snow ဆိုတဲ့ အမှတ်တံဆိပ်အောက်မှာ Gluta ဆိုတဲ့ အသားဖြူသောက်ဆေး၊ Collagen ဆိုတဲ့ အသားအရေတင်းရင်းပြီး အသားကြည်စေတဲ့ သောက်ဆေးနဲ့ ပိန်ဆေးတို့ ပါဝင်ပါတယ်။ တကယ်တော့ ဒီ Product တွေက ဆေးလိုမဟုတ်ဘဲ ဖျော်ရည်လို ဖျော်သောက်လို့ ရတဲ့ ပေါင်ဒါလို အမှုန့်အမျိုးအစားဖြစ်ပါတယ်။

ပြိုင်ပွဲကြောင့် ရလာတဲ့ အကျိုးကျေးဇူးတွေက . . .

ကျွန်မက ဆရာဝန်တစ်ယောက်ဆိုတော့ စီးပွားရေး အတွေ့အကြုံက နည်းပါတယ်။ ပြိုင်ပွဲကိုဝင်ဖြစ်ခဲ့တာလည်း စီးပွားရေးအတွေ့အကြုံလိုချင်တဲ့အတွက် သူတို့က စီးပွားရေးနဲ့ပတ်သက်ပြီး နည်းပညာပိုင်း အတွေ့အကြုံတွေကို ပြောမယ်ဆိုတော့ စိတ်ဝင်စားတာနဲ့ ဝင်ပြိုင်ဖြစ်ခဲ့တာပါ။ ဒီပြိုင်ပွဲကိုမဝင်ခင် ကျွန်မ ထင်ထားတာက ကျွန်မလုပ်မယ့်လုပ်ငန်းကိုချပြပြီး ဒီအဆင့်ပြီး ဒီအဆင့်လုပ်ရမယ်ဆိုတာကို လက်ညှိးထိုးပြီး ထောက်ပြရမယ်လို့ပဲ ထင်ခဲ့တာပါ။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ကိုယ့်ဟာကိုယ် ကြိုးစားလုပ်ရပါတယ်။

အရင်က ငွေအရင်းအနှီးရှိရင် ကုန်ပစ္စည်းတွေ ဝယ်ပြီး ထိုက်သင့်တဲ့အမြတ်နဲ့ ပြန်ရောင်းနိုင်ပြီလို့ပဲ ထင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီသင်တန်းကို တက်လိုက်တော့မှ Target Customer ကို ဘယ်လိုရှာရမယ်၊ Financing ကို ဘယ်လိုလုပ်ရမယ်၊ Marketing ကို ဘယ်လိုလုပ်ရမယ် ဆိုတာတွေကို သိလာပါတယ်။ ဒါအပြင် ဆရာကောင်းနဲ့လည်း တွေ့ရသလို မိတ်ဆွေကောင်းတွေလည်း ရရှိတဲ့ အကျိုးကျေးဇူးတွေကို ရရှိလာပါတယ်။ ဒီသင်တန်းကနေ ကိုယ့်လုပ်ငန်းကို လူတွေစိတ်ဝင်စားလာအောင် ဘယ်လိုကြော်ငြာရမယ်၊ Market Segmentation ကို ဘယ်လိုဆွဲရမယ်၊ Customer တွေရဲ့လိုအပ်ချက်တွေကို သိအောင် ဘယ်လိုလုပ်ရမယ် ဆိုတာတွေကို သိလာတဲ့အတွက် Customer တွေရဲ့ ယုံကြည်မှုကိုလည်း ပိုမိုရရှိလာပါတယ်။

အဓိကရလိုက်တာက လုပ်ငန်းတစ်ခုလုပ်တဲ့အခါမှာ ရေရှည်ရပ်တည်နိုင်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာတွေ သိလာတဲ့အပြင် ကိုယ်လုပ်မယ့်လုပ်ငန်းက ကိုယ့်ရဲ့အရည်အချင်းနဲ့ကော ကိုက်ညီမှုရှိရဲ့လားဆိုတာကိုလည်း စဉ်းစားတတ်လာပါတယ်။ ဒါအပြင် ဝန်ထမ်းတွေ ဘယ်လိုခေါ်ရမယ်ဆိုတာတွေကိုလည်း သိလာပါတယ်။ ခြုံပြီးပြောရရင် ဝန်ထမ်းရေးရာပိုင်း၊ Marketing ပိုင်း၊ Finance ပိုင်းတွေကို သိလာပြီး တကယ့်လုပ်ငန်းခွင်မှာ လက်တွေ့အသုံးချလာနိုင်တဲ့ အကျိုးကျေးဇူးတွေ ရရှိလာပါတယ်။


ATTHTC4

ဦးခိုင်ထွန်း

နန်းမြင့်ခြံစည်းရိုးသံစကာလုပ်ငန်း

ဝင်ပြိုင်ခဲ့တဲ့လုပ်ငန်း . . .

ကျွန်တော့်လုပ်ငန်းက ခြံစည်းရိုးသံစကာခတ်တာကို ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းဖြစ်ပါတယ်။ အရင်ကတော့ သူငယ်ချင်းတစ်ယောက်နဲ့အတူတူတွဲလုပ်ခဲ့ပြီး နောက်ပိုင်းမှာ သူနဲ့လမ်းခွဲဖြစ်ခဲ့ပါတယ်။ ကျွန်တော်တစ်ယောက်တည်း ကိုယ်ပိုင်လုပ်ငန်းဆိုပြီး စလုပ်တဲ့အချိန်၊ လုပ်ငန်းစလုပ်ဖို့ ကိရိယာတွေ၊ စက်တွေဝယ်ပြီး စုနေတဲ့အချိန်မှာ AAT ကနေဖွင့်တဲ့ သင်တန်းကနေတစ်ဆင့် ပြိုင်ပွဲမှာဝင် ပြိုင်ဖြစ်ခဲ့တာဖြစ်ပါတယ်။

ပြိုင်ပွဲကြောင့် ရလာတဲ့ အကျိုးကျေးဇူးတွေက . . .

ကျွန်တော်အရင်ကတည်းက လုပ်ငန်းနဲ့ပတ်သက်ပြီး အထိုက်အလျောက် လေ့လာခဲ့တာတွေရှိပါတယ်။ ဒီပြိုင်ပွဲပြီးသွားတဲ့အခါ အရင်က ကျွန်တော်မလုပ်ဖြစ်တဲ့ တချို့အပိုင်းတွေကို ဒီပြိုင်ပွဲအတွင်းမှာ Action Plan တစ်ခုအနေနဲ့လက်တွေ့လုပ်ခိုင်းခဲ့လို့ လုပ်ဖြစ်သွားခဲ့တာကိုတွေ့ရပါတယ်။ နည်းစနစ်ကျကျ လုပ်ရမယ့်အချက်တွေကို ပိုမြင်လာတယ်။ စိတ်ကူးယဉ်နေလို့ မဖြစ်ဘူး။ ကိုယ်လုပ်ချင်တာ လုပ်နေလို့ မရဘူး။ ကျွန်တော်တို့ နည်းပညာတွေကို သင်ယူခဲ့တယ်၊ ဒါပေမဲ့ လက်တွေ့မသုံးကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိမှာ ဘဝကိုရပ်တည်ဖို့ လတ်တလောပြဿနာကိုပဲ အရင်ဖြေရှင်းနေရတယ်။ ကျွန်တော်ဆိုရင်လည်း တစ်မိသားစုလုံးကို ဦးဆောင်နေရတဲ့အတွက် လတ်တလော ဖြစ်နေတဲ့ ပြဿနာကိုပဲ အရင်ဖြေရှင်းနေရတယ်။ နည်းစနစ်ကျကျသွားဖို့ အာရုံမရောက်နိုင်ဘူး။ ဒါပေမဲ့ အဲဒီ အာရုံရောက်လာအောင် AAT သင်တန်းက ပေးလိုက်ပါတယ်။ ကိုယ်ဘာအတွေ့အကြုံရှိလဲ၊ ဘာအားနည်းချက်တွေရှိလဲ၊ ဒီလုပ်ငန်းကိုနည်းစနစ်ကျကျ စလုပ်မယ်ဆိုရင် ဘာတွေလုပ်သင့်လဲဆိုတာတွေကို စာတွေ့ လက်တွေ့လုပ်ခဲ့တယ်။ ကျွန်တော် မလုပ်ဖြစ်တဲ့အချက်တွေကို စနစ်ပိုကျအောင် ဆရာမက ထောက်ပြပါတယ်။ ဆရာမရဲ့ တွန်းအားပေးမှုတွေကြောင့် ကျွန်တော်ပိုလုပ်ဖြစ်သွားတယ်။ အခုဆိုရင် ကျွန်တော့်လုပ်ငန်းက စလုပ်တဲ့အချိန်မှာပဲ တော်တော်လေးကောင်းတဲ့အခြေအနေ ဖြစ်နေပါပြီ။


ATTHTC5

ခိုင်သိမ့်သိမ့်ဇင်

KZ Logistics

Delivery Service for Online Shopping

ဝင်ပြိုင်ခဲ့တဲ့လုပ်ငန်း . . .

ကျွန်မက သူငယ်ချင်းတစ်ယောက် Online Shop ကနေ ဈေးရောင်းတာကို Deliver လုပ်ပေးနေရင်း ဒီအိုင်ဒီယာကိုရသွားတာပါ။ အဲဒီမှာ စွန့်ဦးလုပ်ငန်းရှင်များကို ပံ့ပိုးပေးရေးအစီအစဉ်ဆိုပြီး ဒီသင်တန်းနဲ့ ပြိုင်ပွဲအကြောင်းကို Facebook မှာ ကြော်ငြာတွေ့တာနဲ့ကျွန်မနဲ့ အဆင်ပြေတယ်၊ ကိုက်ညီတယ်ဆိုပြီးတော့ ဝင်ပြိုင်ဖြစ်ခဲ့တာပါ။ ကျွန်မအခုရောင်းပေးနေတာ အင်္ကျီဆိုင်၊ အစားအသောက် စတာတွေပါပါတယ်။ အင်္ကျီကို အဓိကပို့ပေးဖြစ်ပါတယ်။

ပြိုင်ပွဲကြောင့်ရလာတဲ့အကျိုးကျေးဇူးတွေက . . .

ဒီပြိုင်ပွဲက ကျွန်မအတွက် အတွေ့အကြုံတွေ အများကြီးရပါတယ်။ ဒီကိုလာပြိုင်ကြတဲ့ ပြိုင်ပွဲဝင် ၂၂ ယောက်လုံးက ကျွန်မထက်အတွေ့အကြုံများတဲ့သူတွေချည်းပါပဲ။ သူတို့ဆီကနေ ပညာတွေအများကြီး သင်ယူရပါတယ်။ ဆုရသွားတဲ့ ဗလာစာအုပ်လုပ်ငန်းဆိုရင် ငွေကြေးစီမံပုံတွေကို သင်ယူလို့ရပါတယ်။ တစ်ယောက်ဆီကတစ်မျိုး သင်လို့ရပါတယ်။ ဒီသင်တန်းကိုစတက်တော့ သင်တန်းက စာကျက်ပြီးပြန်ဖြေပြီးရင် Certificate ရမယ်ဆိုတာမျိုးလို့ ထင်ခဲ့တယ်။ ဒီမှာ တကယ်သင်တော့ ဒီလိုမဟုတ်ဘူး။ ဆရာမက Action ကို အဓိကထားသင်ပေးခဲ့ပါတယ်။ ကိုယ့်ရဲ့ Plan အတွက် တိကျတဲ့ အစီအစဉ်တစ်ခုကို ပေးရတယ်။ ခန့်မှန်းခြေမရပါဘူး။


ATTHTC6

ဦးချမ်းမြေ့သူ

ရွှေသီး မိုဘိုင်းလ် Sales & Service

ဝင်ပြိုင်ခဲ့တဲ့လုပ်ငန်း . . .

ပထမဆုံး ကျွန်တော်ဝင်ပြိုင်တာက အိမ်ဆောက်ပစ္စည်းဆိုင် ဖွင့်မယ်ဆိုပြီး ဝင်ပြိုင်ခဲ့တာပါ။ ပြိုင်ရင်းနဲ့ဒါက တကယ်အလုပ်ဖြစ်မယ့် Idea လားဆိုပြီး ကျွန်တော့်ရဲ့ Idea ကို ကျွန်တော်ပြန်ဆန်းစစ်တယ်။ ဒီသင်တန်းကို တက်ခွင့်ရပြီဖြစ်တဲ့အတွက် တကယ်အလုပ်ဖြစ်မယ့် လုပ်ငန်းတစ်ခုကိုရွေးရမယ်ဆိုတော့ အိမ်ဆောက်ပစ္စည်း ဆိုင်တွေကို Survey လိုက်ဆင်းတယ်။ အဲဒီမှာ ဒီလုပ်ငန်းကိုလုပ်ဖို့ ကိုယ့်အတွက် အချိန်နည်းနည်းလိုသေးတယ်၊ မဖြစ်နိုင်သေးဘူးဆိုတာ သိသွားပါတယ်။ သင်တန်းမှာ ဆရာမ ပြောပြတဲ့ ဥပမာကလည်း မိုဘိုင်းလ်ဆိုင်တစ်ဆိုင်ဖြစ်နေတာကြောင့် ကျွန်တော် အဲဒီ Frame တွေကို အတော်သဘောကျသွားတယ်။ ကျွန်တော်ကလည်း မိုဘိုင်းလ်နဲ့ ပတ်သက်ပြီး အခံလည်းရှိတယ်ဆိုတော့ Business Idea အတွက် မိုဘိုင်းလ်လုပ်ငန်းကို ရွေးချယ်ဖြစ်ခဲ့ပါတယ်။

ပြိုင်ပွဲကြောင့် ရလာတဲ့အကျိုးကျေးဇူးတွေက . . .

ဒီသင်တန်းဆုပေးပွဲမတိုင်ခင်မှာဘဲ ကျွန်တော့်ရဲ့ဆိုင်ကို စဖွင့်နိုင်ခဲ့ပါတယ်။ အဲဒီလိုဖွင့်နိုင်ခဲ့တာလည်း ကျွန်တော်က Survey ဆင်းရင်းနဲ့ ဆိုင်ကို အတော်လေးဖွင့်ချင်လာတယ်။ ဆရာမရဲ့တွန်းအားပေးမှုကလည်း ကောင်းသလို ကျွန်တော့်ဘက်ကလည်း လေ့လာရင်းနဲ့ ပြည့်စုံလုနီးပါးဖြစ်နေပြီ၊ ဆရာမရဲ့ Frame တွေနဲ့ ကိုက်ညီပြီဆိုတဲ့ အချိန်မှာ နောက်ဆုံးဆုပေးပွဲမတိုင်ခင် နှစ်ရက်အလိုမှာ ဆိုင်ကို ဖွင့်ဖြစ်ခဲ့ပါတယ်။ ဒီသင်တန်းတက်ခဲ့ရလို့ ကျွန်တော်လုပ်ငန်းတစ်ခုကို ချက်ချင်းအကောင်အထည်ဖော် လုပ်နိုင်ခဲ့ပါတယ်။


ATTHTC7

ဒေါ်စန္ဒီမင်းမင်း

Elegant Uniform Supply

ဝင်ပြိုင်ခဲ့တဲ့လုပ်ငန်း . . .

ကျွန်မ ကိုယ်ပိုင်လုပ်ငန်းတစ်ခုလုပ်ချင်လို့ ကျွန်မသူငယ်ချင်းတစ်ယောက်နဲ့တိုင်ပင်ပြီး လုပ်ငန်းတစ်ခု စလုပ်မယ်ဆိုတဲ့အချိန်မှာ ဒီပြိုင်ပွဲကလည်းရှိနေတော့ ဝင်ပြိုင်လိုက်တာပါ။ ကျွန်မက Uniform Supply လုပ်တာပါ။ ကုမ္ပဏီတွေ၊ ကျောင်းတွေ၊ Restaurant နဲ့ ဟိုတယ်တွေက အမျိုးသား၊ အမျိုးသမီး ဝန်ထမ်းတွေအတွက် Uniform တွေ Supply လုပ်ပေးတာပါ။ လုပ်ငန်းစလုပ်ရင်း တစ်ဆက်တည်းမှာပဲ ဒီပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်တာပါ။

ကျွန်မ ကိုယ်ပိုင် Tailor ခေါ်ပြီး လုပ်ပါတယ်။ ဒီဇိုင်းရော၊ ချုပ်တာရော၊ ပိတ်စရော အကုန်တစ်ဆက်တည်း လုပ်ပေးတာပါ။ Factory နဲ့ချိတ်ထားတာရှိပါတယ်။ တကယ်လို့ Customer တွေဆီမှာ ဒီဇိုင်းရှိပြီးသားဆိုရင်လည်း သူတို့ဒီဇိုင်းတွေကို Product ထုတ်ပေးပါတယ်။ Tailor ပိုင်းမှာဆိုရင်တော့ Head Tailor ရှိမယ်။ သူကတော့ Cutting ပိုင်းတွေလုပ်ပေးတယ်။ နောက်ပြီး ချုပ်ပေးတဲ့သူတွေနဲ့ဆိုရင် ဝန်ထမ်းငါးယောက်လောက်ရှိပါတယ်။ Customer ဆီကိုသွားပြီး သူတို့ကတ်တလောက်နဲ့ ရွေးပေးတဲ့ Uniform ပုံစံတွေကို Product ထုတ်ပေးမယ့်ပုံစံနဲ့ သွားနေပါတယ်။ ၂၀၁၇ ခုနှစ်၊ ဇွန်လလောက်မှာတော့ Showroom ဖွင့်ဖြစ်မယ်။

ရရှိခဲ့တဲ့ဆု . . .

တတိယဆုကို ဦးသန်းနိုင်ထွန်းနဲ့အတူ ပူးတွဲရရှိခဲ့ပါတယ်။ ကျွန်မ ဒီလုပ်ငန်းကို စလုပ်မယ်လို့ လုပ်တဲ့အချိန်မှာပဲ ဝင်ပြိုင်ခဲ့လို့ အကုန်လုံးက စမ်းတဝါးဝါးဖြစ်နေတဲ့အချိန်ဖြစ်တယ်။ ဆရာမက အတန်းထဲမှာ အတော်လေးကို Train ပေးပါတယ်။ ဆရာမက ဈေးကွက်ထဲကို ဒီနေ့ ဘယ်သွားခဲ့၊ ဘာလုပ်ခဲ့လို့ ပြောလို့ မဖြစ်မနေ လုပ်ရတော့တဲ့အချိန်မှာ ကိုယ်ကိုယ်တိုင် ဈေးကွက်ထဲကို သွားတဲ့အတွေ့အကြုံတွေနဲ့ပဲ လုပ်ငန်းကိုပြန်ပြီး ပြင်ဆင်ခဲ့ရပါတယ်။

ပြိုင်ပွဲကြောင့် ရလာတဲ့ အကျိုးကျေးဇူးတွေက . . .

ကျွန်မတို့ သမားရိုးကျသိထားတာက လုပ်ငန်းတစ်ခု စလုပ်မယ်ဆိုရင် ကိုယ်ဘာလုပ်မယ် မသိခင်တောင်မှ ဆိုင်ခန်းတွေ အရင်ရှာမယ်၊ ဝန်ထမ်းတွေ အရင်ခန့်မယ်ဆိုတာ လုပ်တော့မယ်။ ဒီပုံစံအတိုင်းဆို ကျွန်မတို့ လုပ်ငန်းစတာနဲ့ ရောင်းရမယ်၊ မရောင်းရဘူး မသေချာခင် ကုန်ကျစရိတ်တွေ အရင်လာပါပြီ။ အခုဒီသင်တန်းမှာ သိလိုက်ရတဲ့နည်းစနစ်က ဈေးကွက်အရင်ရှာရမယ်၊ ဆိုင်ခန်းရှိပြီး ရပ်တည်လို့ မရဘူး၊ ဈေးကွက်ရှိမှ ရပ်တည်လို့ ရမယ်၊ ပြီးတော့ ဈေးကွက်ရှာပုံရှာနည်း ဖြစ်ပါတယ်။ ဈေးကွက်ထဲမှာမှ ကိုယ့်အတွက် ဈေးကွက်ရှိတဲ့နေရာ ဘယ်နေရာလဲဆိုတာတွေကို အရင်ဆုံးသိအောင်လုပ်ရမယ်။ ဒီနည်းစနစ်ကို သိခွင့်ရလိုက်လို့ တကယ်ကို ကျေးဇူးတင်ပါတယ်။ ကျွန်မသာ ဒီနည်းစနစ်တွေကို မသိခဲ့ရင် တလွဲတွေ စလုပ်မိတော့ပါမယ်။ ဒါကြောင့် နည်းစနစ်ပိုင်းကတော့ ကျွန်မကိုရာနှုန်းပြည့် အထောက်အကူ ဖြစ်ပါတယ်။ လုံးဝလမ်းမှားသွားမယ့်နေရာကနေ လမ်းမှန်ပေါ် ရောက်သွားစေခဲ့ပါတယ်။

Networking ပိုင်းမှာဆိုလည်း ကျွန်မလုပ်ငန်း စလုပ်မယ်ဆိုတဲ့အချိန်မှာ ကျွန်မလုပ်ငန်းက ဝန်ထမ်းရှိတဲ့ လုပ်ငန်းရှင်တွေနဲ့ပတ်သက်ရမယ့် လုပ်ငန်းမျိုးဖြစ်တယ်။ ဒီပြိုင်ပွဲကလည်း လုပ်ငန်းရှင်တွေအားလုံးက Support ပြန်လုပ်ပေးတဲ့ပွဲ ဖြစ်နေတယ်။ အကဲဖြတ်ဒိုင်တွေကိုယ်တိုင်ကလည်း လုပ်ငန်းရှင်တွေ၊ ပွဲလာကြည့်တဲ့ ပရိသတ်တွေကလည်း လုပ်ငန်းရှင်တွေဖြစ်တယ်။ ဒါကြောင့် ဒီပြိုင်ပွဲကိုဝင်ပြိုင်လိုက်တော့ ကျွန်မရဲ့ Networking က တော်တော်ကို အားကောင်းသွားပါတယ်။ အတော်များများကလည်း ကျွန်မကို Support လုပ်ပေး ပြီး Uniform အပ်တဲ့ Customer ပြန်ဖြစ်သွားတယ်။

နောက်ဆုံး Financial ပိုင်းကလည်း ဆုရတဲ့အတွက် အထောက်အပံ့ဖြစ်ခဲ့ပါတယ်။ ပြောရမယ်ဆိုရင် အဘက်ဘက်က ပံ့ပိုးမှုတွေရသွားတော့ နောက်ဆုံး Financial အတွက်လည်း အထောက်အပံ့ ဖြစ်သွားပါတယ်။


ATTHTC8

ဒေါ်ဇင်မာခင်

Paper Box and Printing

ဝင်ပြိုင်ခဲ့တဲ့ လုပ်ငန်းနဲ့ ပြိုင်ပွဲကရရှိခဲ့တဲ့ အကျိုးကျေးဇူးတွေ . . .

ကျွန်မက Gift တွေကို Package ထုပ်တဲ့ စက္ကူကို ဒီဇိုင်းဆန်းဆန်းလေးတွေ ထုတ်လုပ်တဲ့လုပ်ငန်းနဲ့ ဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။ အိုင်ဒီယာပဲရှိခဲ့ပြီး ကျွန်မမှာ ဘာအခြေခံမှမရှိခဲ့ဘဲ ဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ဒီသင်တန်းကို တက်နေရင်း ပြိုင်ပွဲမပြိုင်ရသေးခင်မှာတင် လုပ်ငန်းတစ်ခုလုပ်ချင်ရင် ကိုယ်ကိုယ်တိုင် သိမှရမယ်၊ ကိုယ်တိုင်လုပ်မှရမယ်ဆိုတာမျိုး သိလာခဲ့ရပါတယ်။ အဲဒီအခါမှ ကိုယ့်လိုအပ်ချက်တွေကို သိလာရပါတယ်။ တကယ်လုပ်ရင် တကယ်ဖြစ်ပါလားဆိုတာကို သိလာရပါတယ်။ အခုလို ၂၂ ယောက်ရဲ့ အသိုက်အဝန်းလေးလည်း ဖြစ်သွားလို့ အသိမိတ်ဆွေတွေလည်းပေါလာတယ်၊ အမြင်လည်းကျယ်သွားပြီး အခွင့်အလမ်းတွေလည်း ပိုများလာပါတယ်။ တစ်လတစ်ခါလည်း ကျွန်မတို့ ၂၂ ယောက်ကို ဆရာမကြီးက Meeting လေးတွေလုပ်ပေးပါတယ်။ ကျွန်မတို့ကို ဆုပေးတဲ့အချိန်မှာလည်း ဆရာမကြီးက မှာပါတယ်။ ပြိုင်ပွဲပြီးသွားပေမယ့် ကိုယ့်အတွက်တကယ့်ပြိုင်ပွဲက အခုမှစတာဆိုတဲ့အကြောင်းလည်း မှာထားခဲ့တာ ရှိပါတယ်။ ကျွန်မက ရင်းနှီးမြှုပ်နှံမှုမရှိသေးတဲ့အခါကျတော့ ကျွန်မပြိုင်ပွဲမှာ ဝင်ပြိုင်ရင်းနဲ့ အကဲဖြတ်ဒိုင်က (ကျော်ကြား Offset ) သူ့လုပ်ငန်းနဲ့Join လုပ်ဖို့ ကမ်းလှမ်းထားတာရှိတော့ သူ့ဆီမှာ သွားပြီး လေ့လာဖြစ်ပါမယ်။ သူက ဆရာမနဲ့ စကားပြောထားတော့ ကျွန်မလိုအပ်နေတဲ့အပိုင်းတွေကို သိပါတယ်။ အဲဒါကြောင့် ကျွန်မကို သူ့ရဲ့လုပ်ငန်းမှာ လာလေ့လာပါဆိုပြီးတော့ ခေါ်ထားတာ ဖြစ်ပါတယ်။ ဆရာမကိုတော့ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လပိုင်းလောက်မှာ လုပ်ငန်းစဖြစ်မယ်ဆိုပြီး Date ပေးထားတာလည်းရှိတော့ မဖြစ်မနေ လုပ်သွားမှာဖြစ်ပါတယ်။


ATTHTC9

ဒေါ်တင်တင်ညို

ခေတ်မီအောင် အလင်းရောင်စတိုး

ဝင်ပြိုင်ခဲ့တဲ့လုပ်ငန်း . . .

ကျွန်မရဲ့ ခေတ်မီအောင် အလင်းရောင်ဆိုင်က အရင်က လျှပ်စစ်နဲ့ ဆက်စပ်ပစ္စည်းတွေပဲ ရောင်းတဲ့ဆိုင်ပါ။ ဒီပြိုင်ပွဲဝင်တော့ ဒိုင်နမိုမော်တာအရောင်းလုပ်ငန်းကိုပါ ပူးတွဲလုပ်ခဲ့ပြီး ဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ကျွန်မရဲ့ အမျိုးသားက ဒိုင်နမိုမော်တာဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းလုပ်တာကြောင့် ဒီလုပ်ငန်းနဲ့လုပ်ဖို့ ရွေးချယ်ဖြစ်ခဲ့တာဖြစ်ပါတယ်။

ပြိုင်ပွဲကြောင့် ရလာတဲ့ အကျိုးကျေးဇူးတွေက . . .

လုပ်ငန်းကို ဒီထက်ပိုပြီး ဘယ်လိုအောင်မြင်အောင်လုပ်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး သင်ယူခဲ့ရပါတယ်။ ပိုပြီး ယုံကြည်မှုလည်း ရှိလာပါတယ်။ ပြိုင်ဘက်တွေကြားမှာ ရပ်တည်နိုင်အောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရလာသလို၊ သူများမပေးတဲ့ ဝန်ဆောင်မှုတွေ၊ သူများဆိုင်မဖွင့်သေးတဲ့အချိန် မနက်စောစောဖွင့်တာ၊ နောက်ကျမှ ပိတ်တာအပြင်၊ သူများဆိုင်တွေ ပိတ်တဲ့နေ့တွေမှာပါ ဆိုင်ဖွင့်ထားပြီး Customer တွေရဲ့ လိုအပ်ချက်တွေကို အတတ်နိုင်ဆုံး အဘက်ဘက်ကနေ ဘယ်လိုဖြည့်ဆည်းပေးရမယ်ဆိုတာတွေကအစ သိလာပါတယ်။

သင်တန်းတက်တော့ ကုန်ဈေးနှုန်းတွက်တာတွေ၊ ရောင်းမယ့်နေရာ၊ အထွေထွေကုန်ကျစရိတ် စတာတွေလည်း တွက်တတ်လာတယ်။ ကျွန်မက အလုပ်ကြိုးစားတယ်၊ လုပ်ငန်းအတွေ့အကြုံရှိတယ်ဆိုပေမယ့်  ဒီသင်တန်းတက်တာကြောင့် ကျွန်မရဲ့လိုအပ်ချက်တွေ ဆယ်ခုမှာ သုံးခုလောက်က ဖြည့်ပြီးသားဖြစ်သွားပါတယ်။ ကျွန်မက အလုပ်လုပ်ချင်လို့ပဲ ဆိုင်ဖွင့်ခဲ့တာဆိုတော့ Customer လိုအပ်ချက်ကို ဘယ်လိုဖြည့်ဆည်းပေးရမယ်ဆိုတာကို မသိဘူး။ လုပ်ငန်းမှာ အမြဲတမ်းဖောက်သည်ဆိုတာလည်း မရှိခဲ့ပါဘူး။ နောက်ပြီး ကိုယ့်လုပ်ငန်းက တကယ်ကောမြတ်ရဲ့လားဆိုတာကိုလည်း မသိပါဘူး။ သင်တန်းတက်ပြီး၊ ပြိုင်ပွဲပြီးတဲ့နောက်မှာတော့ ကိုယ့်ဆီမှာ တကယ်ဝယ်မယ့်လူရှိရဲ့လား၊ တကယ်ကော မြတ်ရဲ့လားဆိုတာတွေကို သိလာတဲ့အပြင် လုပ်ငန်းရဲ့ ဝင်ငွေ၊ ထွက်ငွေကိုလည်း နိုင်နိုင်နင်းနင်း ကွပ်ကဲလာနိုင်ပါတယ်။


ATTHTC10

ဒေါ်နီလာသန့်နိုင်

ဇနသုခတိုင်းရင်းဆေးခန်း

ဝင်ပြိုင်ခဲ့တဲ့လုပ်ငန်း . . .

ကျွန်မက တိုင်းရင်းဆေးခန်းနဲ့ ဝင်ပြိုင်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဆေးခန်းတောင်မှ သူများနဲ့မတူဘဲ Department အသေးလေးတွေ ပါဝင်တဲ့ ဆေးခန်းအနေနဲ့ ဝင်ပြိုင်ဖြစ်ခဲ့ပါတယ်။

ပြိုင်ပွဲကြောင့် ရလာတဲ့ အကျိုးကျေးဇူးတွေက . . .

ပြိုင်ပွဲဝင်ပြိုင်တာကနေ ရလာတဲ့အကျိုးကျေးဇူးတွေက အများကြီးပါပဲ။ အရင်က ကျွန်မအနေနဲ့ ဆေးခန်းဖွင့်ချင်နေခဲ့ပေမဲ့ မဖွင့်ရဲခဲ့ဘူး။ ကိုယ်က ဆေးကုတတ်တယ်ဆိုပေမဲ့ စီးပွားရေးအနေနဲ့ ပြောင်းပြီးလုပ်ဖို့ကတော့ ရှုံးမှာကြောက်ပြီး မလုပ်ရဲဘူး ဖြစ်နေပါတယ်။ ဒီပြိုင်ပွဲလည်း ဝင်ပြိုင်ရော တကယ်မြတ်ချင်ရင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့နည်းလမ်းတွေ၊ Customer Loyalty ရအောင် ဘယ်လိုလုပ်ရမယ်၊ Target Customer တွေဆီ ရောက်အောင် ဘယ်လိုကြော်ငြာရမယ်ဆိုတာကအစ သိလာတယ်။ ကိုယ့်စိတ်ကူးထဲမှာရှိနေပြီး မလုပ်ဖြစ်သေးတဲ့ ဒီလုပ်ငန်းကိုလည်း ယုံယုံကြည်ကြည်နဲ့ လက်တွေ့အကောင်အထည်ဖော်ဖြစ်လာပါတယ်။


ATTHTC11

ဒေါ်ပန်းခြူးခြူး

Super Star ကြော်ငြာနဲ့ လက်ကမ်းစာစောင်လုပ်ငန်း

ဝင်ပြိုင်ခဲ့တဲ့လုပ်ငန်း . . .

ကြော်ငြာနဲ့လက်ကမ်းစာစောင်ဝေတဲ့လုပ်ငန်းနဲ့ ဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ကျွန်မ Metro World Promotion စာစောင်ထုတ်တော့ ဈေးကွက်မှာဖြန့်တဲ့အခါမှာ အချိန်သုံးရက်လောက်တည်းနဲ့တစ်မြို့လုံးအနှံ့ရောက်ဖို့ အခက်အခဲရှိတယ်ဆိုတာကို သိခဲ့ရပါတယ်။ ကျွန်မသာ အဲဒီအခက်အခဲကို ဖြေရှင်းနိုင်ခဲ့မယ်ဆိုရင် လုပ်ငန်းတော်တော်များများအတွက်လည်း အကျိုးရှိမယ်ဆိုပြီးတော့ အိုင်ဒီယာရခဲ့တာဖြစ်ပါတယ်။

ပြိုင်ပွဲကြောင့် ရလာတဲ့အကျိုးကျေးဇူးတွေက . . .

ပထမတစ်ချက်ကတော့ သင်တန်းမှာ Presentation လုပ်တဲ့အခါမှာ ဆရာမ ဒေါ်အေးအေးသန့်ရဲ့ ဖိတ်ကြားချက်အရလာတဲ့ မန္တလေးက နာမည်ကြီး ကြော်ငြာလုပ်ငန်းရှင်နဲ့တွေ့ခွင့်ရခဲ့ပါတယ်။ ဒုတိယတစ်ချက်ကတော့ ဒီသင်တန်းမှာတက်တဲ့ လုပ်ငန်းရှင်တွေကလည်း လိပ်စာကတ်၊ Pamphlet နဲ့တော့ မကင်းကြပါဘူး။ အဲဒီတော့ အပြင်မှာလုပ်မယ့်အစား ကိုယ့်လူကိုအားပေးတယ်ဆိုတာမျိုးနဲ့ ကျွန်မကို အလုပ်အပ်ကြပါတယ်။ ကျွန်မကလည်း သူတို့ကို ဈေးနှုန်းပိုင်းကအစ လျှော့ပေးပြီး အရည်အသွေးကောင်းကောင်းနဲ့ လုပ်ပေးပါတယ်။  ဒါကြောင့် ကိုယ့်အတွက် စီးပွားရေးအရလည်း Network ကျယ်သွားပါတယ်။


ATTHTC12

ဦးမင်းထက်

Modern T-Shirt Production & (ODYS Brand)

ဝင်ပြိုင်ခဲ့တဲ့လုပ်ငန်း . . .

လုပ်ငန်းတစ်ခုစလုပ်ဖို့ လုပ်ငန်းတွေကို လိုက်လေ့လာနေတဲ့အချိန်မှာ ဒီသင်တန်းတက်ဖြစ်ခဲ့တာဖြစ်ပါတယ်။ အစကတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင်မသိဘဲနဲ့ ဒီသင်တန်းမှာဝင်ပါဖြစ်ခဲ့တယ်။ ပြိုင်ပွဲမှာ ပါသွားတော့ အိမ်ကလူတွေနဲ့လည်း တိုင်ပင်တယ်။ အိမ်မှာ အထည်ချုပ်စက်ရုံလုပ်နေတဲ့ သူတစ်ယောက်ရှိတယ်။ အဲဒီမှာ ကျွန်တော်တီရှပ်ထုတ်မယ်ဆိုပြီး တီရှပ်လုပ်ငန်းနဲ့ဝင်ပြိုင်ဖြစ်ခဲ့ပြီး သင်တန်းပြီးသွားတော့ ဒီလုပ်ငန်းကို တကယ်စလုပ်ဖြစ်သွားပါတယ်။

ပြိုင်ပွဲကြောင့် ရလာတဲ့ အကျိုးကျေးဇူးတွေက . . .

သင်တန်းမှာ ကျွန်တော်တို့သိပြီးသားတွေကို တကယ်လုပ်ကြည့်ရတယ်။ ဒါကတကယ်ထူးခြားပါတယ်။ ကိုယ်တိုင်ကလည်း ဒီလုပ်ငန်းစလုပ်မယ်ဆိုပြီး Commit လုပ်ပြီးသွားပြီဆိုတော့ ကျွန်တော်တို့မှာ နောက်ပြန်လှည့်စရာမရှိတော့ဘူး။ ဒီသင်တန်းက အဲဒီတွန်းအားက အကြီးဆုံးပေးတာပါ။ အကျိုးရလဒ်က အခုဒီထဲမှာရှိတဲ့ ၂၃ ယောက်လောက်က အနည်းဆုံးမရှိဘူးဆိုရင်တောင် အယောက် ၂၀ လောက်က ကျွန်တော့်ရဲ့ Customer တွေပဲ။ တချို့ကျတော့ ကျွန်တော့်ကို ပြန်ပြီးရောင်းပေးမယ်။ နောက်ပြီး သူတို့ကနေတစ်ဆင့် ပြန်ပြီးဖြန့်တယ်၊ Network  က အတော်ကြီးပါတယ်။ လောလောဆယ်မှာ တစ်လကို အင်္ကျီသုံးထောင်နဲ့ ငါးထောင်ကြား ရောင်းနေရပါပြီ။ ဒါက ကျွန်တော့်အတွက် ပုံမှန်ဖြစ်သွားပါပြီ။ ဆုပေးတဲ့ ပွဲမှာလည်း အထည်အလိပ်နဲ့ ပတ်သက်တဲ့သူတွေတက်ကြတယ်။ ကျွန်တော်လိုချင်တဲ့ ပိတ်သားတွေ သူတို့နဲ့ ချိတ်ဆက်ပြီး ဝယ်လိုက်တယ်။ ကျွန်တော့်အတွက် ကုန်ကြမ်းရှာရတာကအစ အဆင်ပြေသွားတယ်။

ကျွန်တော့်ရဲ့ ကိုယ်ပိုင်အင်္ကျီထုတ်တာကတော့ ဒီဆောင်းတွင်းမှာပဲ ကိုယ်ပိုင်ဒီဇိုင်း၊ ကိုယ်ပိုင်နာမည်နဲ့ ထွက်လာတော့မှာပါ။ ODYS ဆိုတဲ့ Brand နဲ့ ထွက်လာမှာပါ။ ODYS နာမည်က သူငယ်ချင်းတွေနဲ့ ဝိုင်းစဉ်းစားကြရင်းနဲ့ တချို့က တီရှပ်ဆိုတာ Second Skin ပဲလို့ ပြောကြတယ်။ အဲလောက်နဲ့လည်းမပြီးဘူး၊ ဒီဇိုင်းကလည်း ပါသေးတယ်ဆိုတော့ Our Design Your Skin ဆိုပြီး ODYS လို့ နာမည်ရွေးဖြစ်သွားတာပါ။ ဆိုင်ခန်းအနေနဲ့တော့ မဖွင့်တော့ပါဘူး။ ကျွန်တော်က ဖြန့်ဖြူးသူအနေနဲ့ပဲ လုပ်သွားမယ်။ တကယ်လို့ ရောင်းဖြစ်တယ်ဆိုရင်တောင် Limited Edition အချို့ကိုပဲ အွန်လိုင်းက နေရောင်းပေးသွားမယ်။ ကျွန်တော့် Brand က အကောင်းစားကြီးထွက်လာမှာ မဟုတ်ဘူး။ အားလုံးဖြန့်ကြက်ပြီး မြို့ရော၊ နယ်ပါ ကြိုက်တဲ့ပုံစံမျိုး ဖြစ်အောင်လုပ်ထားတယ်။ တခြား Brand အင်္ကျီတွေကို တစ်သောင်းကျော် သုံးသောင်းကျော် ရောင်းနေတဲ့အချိန်မှာ ကျွန်တော်ကတော့ ၇၅၀၀ ကျပ်လောက်နဲ့ပဲရောင်းမယ်။ ကျွန်တော်က နယ်ဘက်က ဈေးကွက်ကိုလည်း အာရုံစိုက်ထားပါတယ်။ တံဆိပ်ရိုက်လုပ်ငန်းကလည်း လည်ပတ်နေပါပြီ။


ATTHTC13

ဦးမျိုးနိုင်ဦး

မက်စ် ဗလာစာအုပ်

ဝင်ပြိုင်ခဲ့တဲ့လုပ်ငန်း . . .

ကျွန်တော်ဝန်ထမ်းပဲ တောက်လျှောက် လုပ်လာခဲ့တယ်။ ဝန်ထမ်းဘဝကနေ နောက်ဆုံး General Manager ရာထူးရလာတဲ့အထိ လုပ်ငန်းတစ်ခုမှာပဲနေလာပြီး နောက်ဆုံးကိုယ်ပိုင်လုပ်ငန်းတစ်ခုကို ထူထောင်လိုက်ပါတယ်။ လေးလမြောက်လောက်မှာပဲ ဒီပြိုင်ပွဲအစီအစဉ်လေးကို တွေ့လို့ ကိုယ့်ကိုယ်ကိုယ် လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာနိုင်မလားဆိုတာကိုဝင်ပြီး Test လုပ်ကြည့်တာပါ။ ကျွန်တော် Max နာမည်နဲ့ ဗလာစာအုပ်ထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းလုပ်နေပါတယ်။ လုပ်ငန်းအနေနဲ့ကတော့ အားလုံးလည်ပတ်နေပါပြီ။ ကျွန်တော့်စက်ရုံက မန္တလေးမြို့၊ ကျွဲဆည်ကန်မှာ ဖြစ်ပါတယ်။

ရရှိခဲ့တဲ့ဆု . . .

ဒီပြိုင်ပွဲမှာ ဒုတိယဆုကို ဦးသာထက်မိုးနဲ့ ပူးတွဲရရှိခဲ့ပါတယ်။

ပြိုင်ပွဲကရရှိခဲ့တဲ့ အကျိုးကျေးဇူးတွေ . . .

ကျွန်တော်ရခဲ့တဲ့ Business Idea ကို စလုပ်ဖို့အတွက် ဒီလုပ်ငန်းရဲ့ စက်တစ်လုံးအရင်းအနှီးကလည်း အနည်းဆုံး သိန်းရာဂဏန်းလောက်ရှိပါတယ်။ နောက်ပြီး စက်တစ်လုံးတည်းနဲ့ ကျွန်တော့်လုပ်ငန်းကို မလည်ပတ်နိုင်ဘူး။ အနည်းဆုံး စက်နှစ်လုံးလောက်နဲ့မှ ဖြေရှင်းနိုင်မယ်။ အဲဒီအတွက် ကျွန်တော်အများကြီး စီစဉ်ရပါတယ်။ သင်တန်းနောက်ဆုံး Presentation မတိုင်ခင်မှာ သတင်းလာယူတဲ့ MRTV 4 Media ကနေ လွှင့်ပေးတော့ ကျွန်တော်နဲ့ ဆွေမျိုးတော်တဲ့သူတစ်ယောက်နဲ့ တွေ့သွားပြီး ဒီလုပ်ငန်းအကြောင်း ပြောပြဖြစ်ခဲ့တယ်။ သူက စက်ရုံထောင်ဖို့အတွက် နေရာပေးပါတယ်။ ကျွန်တော့်လုပ်ငန်းအတွက် စက်ကလည်း နေရာတိုင်းမှာ ထားလို့မရဘူး။ လိုအပ်ချက်တွေ၊ အကန့်အသတ်တွေရှိတယ်။ Transformer ရှိမှအဆင်ပြေတယ်။ သူပေးတဲ့နေရာက ဒါတွေနဲ့ အဆင်ပြေသလို စက်အရင်းအနှီးအတွက်လည်း ကျွန်တော်အများကြီး ထည့်စရာမလိုဘူး။ ကျွန်တော်က Manage ပဲလုပ်ပေးမယ်။ ရလာတဲ့ အမြတ်ပေါ်မှာ ဝေစုတစ်ခုအနေနဲ့ခွဲဝေပေးမယ်ဆိုပြီး ဒီစက်ရုံအတွက် ချက်ချင်းမတည်ပေးခဲ့ပါတယ်။

အရင်က လုပ်ငန်းတစ်ခုကိုလုပ်လိုက်လို့ ရှုံးသွားရင် ကိုယ့်လက်ထဲမှာရှိတာလေး ဆုံးသွားမှာကြောက်ခဲ့တယ်။ ဒီသင်တန်းကိုရောက်လာတဲ့အခါမှာ ဆရာမကြီးကလည်း အစကနေအဆုံးအထိ မဖြစ်ဖြစ်အောင် တွန်းအားတွေပေးတယ်။ ကျွန်တော်တို့ဘက်ကလည်း ဆုံးရှုံးမှာကြောက်လို့ ကြိုးစားပြီးလုပ်ကြတယ်။ အဲဒီမှာ ကိုယ်ကတကယ်လုပ်ရင် တကယ်ဖြစ်လာမယ်ဆိုတာ တွေ့လာရတယ်။ အဲဒီပေါ်မှာ ဆောင်ရန်ရှောင်ရန်တွေကိုတော့ ဆရာမကြီးရဲ့ Technique တွေနဲ့ ထိန်းသွားပါတယ်။ ကျွန်တော်တို့အားလုံးက မကြောက်တော့ဘဲ လုပ်ရဲသွားတယ်။ ဒီအလုပ်တစ်ခုဖြစ်လာဖို့အတွက် ဖြစ်လာရမယ့်အကြောင်းအရင်းတွေ၊ Research Data တွေ အားလုံးပြင်ဆင်ပြီး သေချာမှ လုပ်ငန်းကိုလုပ်တာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသွားတယ်။ နောက်ပြီး ကျွန်တော် 2nd Winner ဆုကို ရသွားတဲ့အခါ ကျွန်တော်နဲ့ သင်တန်းတစ်ခုမှာ ဆုံခဲ့ဖူးတဲ့ မိတ်ဆွေတစ်ယောက်က ကျွန်တော့်လုပ်ငန်းကို လာလေ့လာပါတယ်။

လေ့လာပြီးတဲ့နောက် သူက အခုဆိုရင် ကျွန်တော့်လုပ်ငန်းမှာ ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ပါဝင်နေပါတယ်။ ဒါတွေက ဒီပြိုင်ပွဲကို ဝင်ပြိုင်ခဲ့လို့ ရလာတဲ့အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်။ ကိုယ်တစ်ယောက်တည်းနဲ့ ကိုယ်ယုံကြည်ရာကို လုပ်နေမယ်ဆိုရင် ဒီလောက်အချိန်အတွင်းမှာ လုပ်ငန်းဖြစ်လာမှာ မဟုတ်သလို လူတွေကလည်း အခုလိုစိတ်ဝင်စားလာမှာ မဟုတ်ပါဘူး။


ATTHTC14

ဦးမျိုးမင်းထွန်း

စွဲသဘာဝခရမ်းချဉ်သီးအချဉ်ရည်

ဝင်ပြိုင်ခဲ့တဲ့လုပ်ငန်း . . .

ကျွန်တော်က သဘာဝခရမ်းချဉ်သီးနဲ့ အချဉ်ရည် ထုတ်လုပ်ဖြန့်ချိတဲ့အပိုင်းနဲ့ ဝင်ပြိုင်ခဲ့ပါတယ်။ ကျွန်တော်က ခရမ်းချဉ်သီးဆော့စ်ကို အစပ်နဲ့အချိုနှစ်မျိုးထုတ်လုပ်တာ ဖြစ်ပါတယ်။ တခြားလုပ်ချင်တဲ့ အမျိုးအစားတွေ အများကြီးရှိပေမယ့် လောလောဆယ်မှာတော့ ဒီနှစ်မျိုးကိုပဲ စပြီးလုပ်နေပါတယ်။ ဆော့စ်ကို စက်နဲ့ ထုတ်လုပ်တာဖြစ်ပြီး ဘူးတွေကအစ ပြင်ဆင်နေပါပြီ။ ဈေးကွက်ကိုတော့ မတင်ပို့ရသေးပါဘူး။

ပြိုင်ပွဲကရရှိခဲ့တဲ့ အကျိုးကျေးဇူးတွေ . . .

အဓိကကတော့ နည်းစနစ်ကောင်းတွေ ရရှိခဲ့ပါတယ်။ အရင်က လုပ်ငန်းလုပ်ချင်နေခဲ့ပေမဲ့ ဘာလုပ်ရမှန်းမသိဘူး။ ဒီသင်တန်းတက်လိုက်တော့မှ System ကျကျနဲ့ လုပ်နိုင်လာပြီး လုပ်ငန်းတစ်ခု ဘယ်လိုစမလဲဆိုတာတွေကအစ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ရမှာတွေကို သိလာတယ်။ နောက်အဆက်အသွယ်တွေလည်း ပိုကျယ်ပြန့်လာတယ်။ Mindset ကိုလည်း သင်တန်းက ကောင်းကောင်းပြင်ပေးလိုက်ပါတယ်။ လူမှုဆက်ဆံရေးပိုင်း ပိုတိုးတက်လာသလို ကိုယ့်ကိုယ်ကိုယ် ပိုပြီးတော့လည်း ယုံကြည်မှုပိုရလာပါတယ်။ လုပ်ငန်းအတွက် ဝန်ထမ်းတစ်ယောက်ကို မခန့်ခင်မှာ သူလုပ်ရမယ့်အလုပ်၊ သူ့အတွက်လစာကို ကြိုတင်သတ်မှတ်ထားရမယ်ဆိုတာကိုတော့ တော်တော်လေးမှတ်သားမိပြီး အသုံးလည်းဝင်တာကို တွေ့ရပါတယ်။ ကျွန်တော် အစပိုင်းတုန်းကတော့ ဝန်ထမ်းခန့်တဲ့အခါ ဒီအတိုင်းခန့်လိုက်ပြီး ကိုယ့်ဆီရောက်မှသာ ဟိုဟာလုပ်၊ ဒီဟာလုပ်ဆိုပြီး သတ်မှတ်ပေးလိုက်တာပါ။ ဆရာမကကျတော့ မခန့်ခင်ကတည်း က သူဘာအလုပ်တွေလုပ်ရမယ်၊ လစာစတာတွေကို သတ်မှတ်ထားခိုင်းတော့ အဲဒီအတိုင်းလုပ်တဲ့အခါ အင်တာဗျူးစခေါ်ကတည်းက အဆင်ပြေသွားပါတယ်။


ATTHTC15

ဦးရဲထွဋ်

Wash King အဆင့်မြင့်ဆိုင်ကယ်၊ ကားရေဆေးဆီလိုက်

ဝင်ပြိုင်ခဲ့တဲ့လုပ်ငန်း . . .

Wash King ကား၊ ဆိုင်ကယ်ရေဆေးဆီလိုက်လုပ်ငန်းနဲ့ ဝင်ပြိုင်ဖြစ်ခဲ့တာပါ။ ဒီလုပ်ငန်းကို မစခင် ကျွန်တော် လေ့လာကြည့်တော့ ပတ်ဝန်းကျင်မှာ ရေဆေးဆီလိုက်လုပ်ငန်းတွေက အနည်းဆုံးလေးနှစ်သက်တမ်းလောက် ရှိနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်လုပ်ငန်းမှာ တခြားရေဆေး၊ ဆီလိုက်လုပ်ငန်းတွေနဲ့မတူဘဲ ဆန်းသစ်နေအောင် ဆိုင်ကယ်ကိုရေဆေးတဲ့အခါမှာ အောက်ခြေကိုပါ သေသေချာချာဆေးနိုင်ဖို့ Hydraulic Press ကို သုံးထားပါတယ်။ ဒီလိုစက်မျိုးနဲ့ လုပ်ငန်းဆောင်ရွက်တာ မန္တလေးမှာ မရှိသေးပါဘူး။ ဒီစက်နဲ့သာ လုပ်မယ်ဆိုရင် ကိုယ့်လုပ်ငန်းက ပိုပြီးဆွဲဆောင်မှုရှိမယ်ဆိုပြီး စက်ကို ကိုယ်တိုင်တီထွင်ခဲ့တာ ဖြစ်ပါတယ်။ ဒီစက်တီထွင်ဖို့ကိုတော့ You Tube ကြည့်ရင်းကနေ အိုင်ဒီယာရခဲ့တာပါ။

ရရှိခဲ့တဲ့ဆု . . .

ဒီပြိုင်ပွဲကနေ ကျွန်တော် ပထမဆု ရရှိခဲ့ပါတယ်။

ပြိုင်ပွဲကရရှိခဲ့တဲ့ အကျိုးကျေးဇူးတွေ . . .

အရင်က လုပ်ငန်းကို ဘယ်ကစလုပ်လို့ လုပ်ရမှန်းလည်း မသိဘူး။ အရင်းအနှီးကလည်း တောင့်တောင့်တင်းတင်း မရှိဘူး။ ကိုယ့်ပတ်ဝန်းကျင်က လူတွေကလည်း သူ့အလုပ်နဲ့သူရှုပ်နေတော့ အားမပေးတာနဲ့ မလုပ်ဖြစ်ခဲ့ပါဘူး။ ဒီပြိုင်ပွဲကို ဝင်ပြိုင်တော့ ကိုယ်လုပ်ချင်နေတဲ့ ဒီလုပ်ငန်းကို လက်တွေ့အကောင်အထည်ဖော်ဖြစ်သွားတာ ဖြစ်ပါတယ်။

နောက်ပြီး လုပ်ငန်းမစတင်မီ ကိုယ့်ပတ်ဝန်းကျင်က ကိုယ်နဲ့လုပ်ငန်းတူတဲ့ ဆိုင်တွေရဲ့ အားနည်းချက်တွေ၊ သူတို့မလုပ်ပေးတာတွေကို လေ့လာဖြစ်ခဲ့ပြီး ကိုယ့်ဆီလာတဲ့ Customer တွေရဲ့ စိတ်ကျေနပ်မှုကိုရအောင် ဘယ်လိုဆောင်ရွက်ပေးရမယ်၊ Customer အသစ်တွေရအောင် ဘယ်လိုဆွဲဆောင်ရမယ်၊ လုပ်ငန်းကို ဘယ်လိုစတင်ရမယ်ဆိုတာတွေကို သိလာပါတယ်။ ဒီပြိုင်ပွဲကို ဝင်ပြိုင်တုန်းက အနည်းဆုံးတော့ ကိုယ့်လုပ်ငန်းကိုစဖြစ်သွားမယ်ဆိုပြီး ဝင်ပြိုင်ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ တကယ်တမ်းဒီသင်တန်းကို ရောက်တဲ့အခါမှာတော့ ကိုယ်မှန်းထားတာထက်သာလွန်ပြီး လုပ်ငန်းကို အမှန်တကယ် လုပ်ချင်စိတ်ပေါ်လာပြီး လုပ်ဖြစ်ခဲ့ပါတယ်။


ATTHTC16

ဒေါ်ဝင်းဝင်းငြိမ်း

သစ်သီးမြို့တော် စားသောက်ကုန်လုပ်ငန်း

ဝင်ပြိုင်ခဲ့တဲ့လုပ်ငန်း . . .

အခုနောက်ပိုင်းမှာ လူတွေက ကျန်းမာရေးကိုလည်း လိုက်စားလာတာကြောင့် ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ကုန်ပစ္စည်းတွေကို ထုတ်လုပ်ဖြန့်ချိသွားဖို့ ရည်ရွယ်ချက်နဲ့ သစ်သီးမြို့တော် စားသောက်ကုန်လုပ်ငန်းနဲ့ အိမ်တွင်းမှုလုပ်ငန်းလိုင်စင်လျှောက်ထားပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

ပြိုင်ပွဲကရရှိတဲ့အကျိုးကျေးဇူးတွေက . . .

ပြိုင်ပွဲကနေရလာတဲ့ အကျိုးကျေးဇူးတွေကတော့ အများကြီးပါပဲ။ ဝန်ထမ်းတွေကို ဘယ်လိုစီမံခန့်ခွဲရမယ်ဆိုတာကအစ Customer တွေ ဘာတွေကြိုက်တတ်တယ်ဆိုတာကို Survey ကောက်ရတဲ့အတွက် သူတို့အကြိုက်ကို သိပြီး ဘာပစ္စည်းထုတ်ရင်တော့ ရောင်းကောင်းမယ် ဆိုတာတွေကိုလည်း သိလာတယ်၊ ဆုံးရှုံးမှုလည်း နည်းလာတယ်။ ဒါအပြင် Customer တွေရဲ့ လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးတတ်လာပါတယ်။ စာရင်းအင်းပိုင်းနဲ့ ပတ်သက်ရင်လည်း သေသေချာချာ စည်းစနစ်တကျနဲ့ ကွပ်ကဲလာနိုင်တယ်။ ဝန်ထမ်းခန့်အပ်တဲ့အခါမှာလည်း ကိုယ့်လုပ်ငန်းရဲ့ ဘယ်နေရာမှာ ဝန်ထမ်း ဘယ်နှယောက် လိုအပ်နေတယ်၊ ဘယ်နှယောက်ခန့်ရမယ်၊ ဝန်ထမ်းတွေရဲ့ အလုပ်ချိန်တွေကို ဘယ်လိုသတ်မှတ်ပေးရမယ်စတဲ့ နည်းပညာတွေကိုလည်း သိလာရပါတယ်။ ဒီပြိုင်ပွဲကနေရလာတဲ့ နည်းပညာဗဟုသုတတွေဟာ တကယ်လုပ်ငန်းလုပ်တဲ့အခါမှာ အများကြီး အသုံးဝင်ပြီး အကျိုးရှိပါတယ်။


ATTHTC17

ဦးသာထက်မိုး

Yangon Sushi House

ဝင်ပြိုင်ခဲ့တဲ့လုပ်ငန်းနဲ့ ရရှိခဲ့တဲ့ဆု . . .

ကျန်းမာရေးချင်းနဲ့ ဆူရှီ Vinegar ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ဒုတိယဆု ရခဲ့ပါတယ်။

ပြိုင်ပွဲကရရှိခဲ့တဲ့ အကျိုးကျေးဇူးတွေ . . .

ကျွန်တော်က ဒုတိယဆုရလိုက်တဲ့အတွက် ပိုပြီးတော့ အလုပ်လုပ်ရမယ်ဆိုတာ နားလည်လာပါတယ်။ ဒုတိယဆုတော့ရပြီး တကယ်ကမ်း ဘာမှဖြစ်မလာဘူးဆိုရင် ရှက်စရာကောင်းပါတယ်။ ဆုကို ရွေးချယ်ပေးလိုက်တဲ့သူတွေအတွက်လည်း မတန်ဘဲနဲ့ ရွေးချယ်ပေးလိုက်သလို ဖြစ်သွားမှာစိုးရိမ်တယ်။ ဒါကြောင့် ဒီဆုနဲ့တန်တဲ့ အရည်အချင်း ကျွန်တော့်မှာရှိတာပြရမယ်ဆိုတဲ့စိတ်နဲ့ တွန်းအားတွေဖြစ်စေပါတယ်။ ငွေကြေးပိုင်းဆိုရင်တော့ ဆုရတဲ့အတွက် ဆုကြေးရပါတယ်။

ဒီသင်တန်းမှာ ငွေကြေးစီးဆင်းမှုတွေ ကျွန်တော်တို့ တွက်ရပါတယ်။ အစကတော့ လုပ်ငန်းအတွက် လိုအပ်တဲ့ ခန့်မှန်းခြေပဲသိပါတယ်။ ဒီလိုတွက်လိုက်တဲ့အခါကျတော့  အမှန်တကယ် ငွေဘယ်လောက်လိုအပ်တယ်ဆိုတာ သိလာပါတယ်။ ပြီးတော့ Business Plan ကို ကောင်းကောင်းဆွဲထားတဲ့အတွက် ကိုယ့်ရဲ့ Cash Flow ကို ကိုယ်ယုံကြည်မှုရှိပါတယ်။ လုပ်ငန်းစရမယ့် အချိန်ကိုလည်း ကျွန်တော်တို့ကိုယ်တိုင် သတ်မှတ်ရပါတယ်။ ကျွန်တော်က ကိုယ့်ထုတ်ကုန်ကို ဈေးကွက်ထဲမှာ အကောင်းဆုံးဖြစ်ချင်ပါတယ်။ ကျွန်တော့်ချင်းကို အရင်က လက်နဲ့ချက်တယ်။ များများထုတ်မယ်ဆိုရင် သပ်သပ်ရပ်ရပ်ဖြစ်ဖို့ဆိုရင် စက်ကပိုပြီးအဆင်ပြေတယ်။ စက်က လိုအပ်လာတယ်။ ပြိုင်ပွဲမှာဝင်ပြိုင်ခဲ့တဲ့ ထုတ်ကုန်တွေက ကျွန်တော်ဖွင့်ထားတဲ့ စားသောက်ဆိုင်မှာ အရင်ကတည်းက ရောင်းနေတဲ့အစားအသောက်တွေဖြစ်ပြီး စားသုံးသူတွေရဲ့ ထောက်ခံမှုတွေလည်း ရပြီးသားဖြစ်ပါတယ်။ ကျွန်တော့်လုပ်ငန်းအတွက် စက်တွေအဆင်သင့်ဖြစ်တာနဲ့ ဈေးကွက်ထဲပို့ဖို့ လုပ်ငန်းစတင်နိုင်ပါပြီ။


ATTHTC18

ဦးသန့်စင်

ဖူလုံ (FULONG) မော်တော်ဆိုင်ကယ်ရောင်းဝယ်ရေး

ဝင်ပြိုင်ခဲ့တဲ့လုပ်ငန်း . . .

ကျွန်တော် မော်တော်ဆိုင်ကယ် ရောင်းဝယ်ရေးလုပ်ငန်းနဲ့ ပြိုင်ပွဲဝင်ခဲ့ပါတယ်။ မော်တော်ဆိုင်ကယ် ရောင်းဝယ်ရေးဆိုင်တစ်ခုအနေနဲ့ပဲ ဖွင့်ထားပါတယ်။ နောက်ပိုင်းမှာ ကုမ္ပဏီတစ်ခုအနေနဲ့ တည်ထောင်သွားမှာပါ။ လော လောဆယ်မှာတော့ ကုမ္ပဏီလျောက်ဖို့ စီစဉ်နေပါတယ်။

ဆိုင်မှာ တရုတ်ဆိုင်ကယ်တွေကိုပဲ အဓိကတင်သွင်းပါတယ်။ နောက်ပြီး ဈေးကွက်ထဲမှာ နာမည်ရနေတဲ့ ယိုးဒယားနဲ့ အိန္ဒိယဘက်က ဆိုင်ကယ်တွေကိုလည်း တွဲဖက်ပြီး တင်သွင်းတာတွေ စပြီးလုပ်နေပါတယ်။ ပြီးတော့ စက်အင်ဂျင်အာမခံရှိတာတွေကိုပဲ ရောင်းပါတယ်။ ကျွန်တော်က အာမခံဆိုင်ကယ်များ စုဝေးရာဆိုပြီး Target ထားပါတယ်။ ယိုးဒယား၊ အိန္ဒိယ၊ သြစတြေးလျ၊ ဗီယက်နမ်နိုင်ငံတွေက ဆိုင်ကယ်တွေ တင်သွင်းဖို့လည်း ရှိပါတယ်။ နောက်ပိုင်းမှာ ဆိုင်ကယ်အပိုပစ္စည်းနဲ့ ပြုပြင်ထိန်းသိမ်းရေးတွေ လုပ်သွားဖို့လည်း အစီအစဉ်ရှိပါတယ်။ ဆိုင်ကယ်အပိုပစ္စည်းတွေကိုလည်း ကိုယ်တိုင်ဆိုင်ဖွင့်ပြီး ရောင်းချပေးသွားမှာပါ။

ပြိုင်ပွဲကရရှိခဲ့တဲ့ အကျိုးကျေးဇူးတွေ . . .

ကျွန်တော်အဓိကရလိုက်တာက ဘာမဆို လက်တွေ့လုပ်မှအောင်မြင်မယ်ဆိုတဲ့ အတွေ့အကြုံတစ်ခုပါ။ အခုသင်တန်းမှာ နည်းပညာကိုလည်း တိတိကျကျ သင်ကြားပေးသလို လက်တွေ့လုပ်တဲ့အပိုင်းတွေမှာလည်း အကုန်ဇယားချပေးတယ်။ လက်တွေ့လုပ်ပါ၊ ဘယ်လိုအစီအစဉ်ချပါ၊ ဘယ်လိုဖုန်းဆက်ပါ၊ ဘယ်လိုလုပ်ခဲ့ပါဆိုတာတွေ အကောင်အထည်လည်းဖော်ခိုင်းတယ်။ ဇယားလည်း ချပေးတယ်။ ကိုယ်ဘယ်လို လုပ်ရမယ်ဆိုတာ နည်းလမ်းလည်းပေးလို့ လက်တွေ့လုပ်တဲ့အခါမှာလည်း အားရှိတယ်။

ဒီသင်တန်းပြီးသွားတဲ့အခါ ကိုယ်တတ်ထားတဲ့ပညာကို လက်တွေ့နဲ့ပေါင်းစပ်မှသာ တကယ့်ပညာ အစစ်အမှန်ဖြစ်တယ်ဆိုတာ သိလိုက်ရတယ်။ လက်တွေ့လုပ်ဆောင်မှုမရှိဘဲ အောင်မြင်မှုတစ်ခုကို မရနိုင်ဘူးဆိုတာ သိလိုက်ရတယ်။


ATTHTC19

ကိုသန်းနိုင်ထွန်း

စားတော်ကဲ ငရုတ်သီးမှုန့်ထုတ်လုပ်ငန်း

ဝင်ပြိုင်ခဲ့တဲ့လုပ်ငန်း . . .

ကျွန်တော် ငရုတ်သီးမှုန့်က အရင်ကတော့ ကျွန်တော့်ဆိုင်မှာတင်ရောင်းဖို့ထုတ်ထားတာပါ။ တံဆိပ်တွေ ထုပ်ပိုးမှုတွေမလုပ်ဘဲ ဆိုင်မှာပဲရောင်းတာ တစ်နှစ်လောက်ရှိပါပြီ။ ကျွန်တော်တို့က ဆိုင်မှာတင်ရောင်းကတည်းက ငရုတ်သီးမှုန့်ကို ဆိုးဆေးနဲ့အရောအနှောတွေ မပါဘူးဆိုတဲ့ ရပ်တည်ချက်နဲ့ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ မလုပ်ခင်လည်း ဈေးကွက်ထဲမှာ လေ့လာမှုတွေ အရင်လုပ်ခဲ့ပါတယ်။ လက်ရှိမှာတော့ တစ်ခါသုံး အထုပ်တွေနဲ့ ဈေးကွက်ထဲ စဝင်ပါတယ်။ အောင်မြေသာဇံရယ်၊ ပုသိမ်ကြီးမြို့နယ်တွေထဲမှာတော့ ရောက်နေပါပြီ။ နောက်ပိုင်းကိုတော့ စားသောက်ဆိုင်တွေကို ပစ်မှတ်ထားပြီး ဈေးကွက်ချဲ့သွားဖို့ ရှိပါတယ်။ နိုင်ငံခြားသားတွေ အလာများတဲ့ဆိုင်တွေကို အဓိကထားပါတယ်။ Super Market တွေမှာ တင်သွားနိုင်ဖို့နဲ့ တခြားနယ်တွေကိုဖြန့်နိုင်ဖို့လည်း လုပ်နေပါတယ်။ ဒီပြိုင်ပွဲ ဝင်ပြိုင်ပြီးမှ တံဆိပ်တွေ၊ ထုပ်ပိုးမှုတွေနဲ့လုပ်ဖြစ်တာ ဖြစ်ပါတယ်။

ပြိုင်ပွဲကရရှိခဲ့တဲ့ အကျိုးကျေးဇူးတွေ . . .

 ပြိုင်ပွဲမှာ အဆင့်သုံးဆင့် ပြိုင်ရပါတယ်။ မပြိုင်ခင်မှာ ဆရာမ ဒေါ်အေးအေးသန့်က ပြိုင်ရမယ့်အကြောင်းအရာနဲ့ ပတ်သက်လို့ သိသင့်တာတွေကို သင်တန်းပေးပါတယ်။ လူတစ်ယောက် လုပ်ငန်းတစ်ခုလုပ်ဖို့ လိုအပ်ချက်တိုင်းကို နည်းပညာပိုင်း၊ စနစ်ပိုင်းကအစ သင်တန်းပေးရင်း ယှဉ်ပြိုင်စေတဲ့ အစီအစဉ်ဖြစ်ပါတယ်။ ပြိုင်ပွဲတစ်ယောက် ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးတဲ့ လုပ်ငန်းတွေကလည်း ယှဉ်ပြိုင်သူတိုင်းအတွက် လိုအပ်ချက်တွေကို အနည်းနဲ့အများ လိုက်ပြီးဖြည့်ဆည်းပေးကြပါတယ်။

ငွေရေးကြေးရေးအရထက် လုပ်ငန်းအတွက် သိသင့်သိထိုက်တဲ့အပိုင်းတွေဖြစ်ပါတယ်။  ဒီပြိုင်ပွဲဝင်ပြိုင်ပြီးတော့ ကိုယ်တစ်ယောက်တည်းလုပ်နေရင် မသိနိုင်တဲ့စိတ်ကူးတွေနဲ့ လုပ်ငန်းအတွက် အချိတ်အဆက်တွေလည်း ရလာခဲ့ပါတယ်။


ATTHTC20

ဦးအောင်ကျော်ဦး

Maxi Ruby Trading

ဝင်ပြိုင်ခဲ့တဲ့လုပ်ငန်း . . .

သဘာဝရေညှိမျက်နှာပေါင်းတင်ဆေး Facial Care Product ဖြစ်တဲ့ Herbal Facial Mask နဲ့ ဝင်ပြိုင်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ပြိုင်ပွဲကရရှိခဲ့တဲ့ အကျိုးကျေးဇူးတွေ . . .

ပြိုင်ပွဲကို ဝင်ခဲ့တဲ့အတွက် လုပ်ငန်းတစ်ခုလုပ်တော့မယ်ဆိုရင် အရင်ဆုံး Survey လုပ်ဖို့၊ လုပ်ငန်းက အောင်မြင်ဖို့ ဖြစ်နိုင်မဖြစ်နိုင်ဆိုတာတွေကအစ သေချာတွက်ချက်ပြီး အစီအစဉ်ဆွဲရမယ်ဆိုတာတွေကို သိသွားတာကြောင့် လုပ်ငန်းတစ်ခုလုပ်တော့မယ်ဆိုရင် သင်တန်းက ပေးလိုက်တဲ့ နည်းပညာတွေအတိုင်း သေချာလိုက်လုပ်သွားမယ်ဆိုရင် ရှုံးမလား၊ မြတ်မလားဆိုတာကို ၈၀ ရာခိုင်နှုန်းလောက်က ကြိုတင်သိလာစေပါတယ်။


ATTHTC21

ဦးထက်သူအောင်

သမာဓိအင်ပါယာ ဆိတ်မွေးမြူရေးခြံ

ဝင်ပြိုင်ခဲ့တဲ့လုပ်ငန်း . . .

ကျွန်တော် ဆိတ်မွေးမြူရေးလုပ်ငန်းနဲ့ဝင်ပြိုင်ခဲ့ပါတယ်။ လက်ရှိမှာ ဆိတ်မွေးမြူရေးခြံ သုံးခြံနဲ့ လုပ်ငန်းလုပ်ကိုင်နေပါတယ်။

ပြိုင်ပွဲကရရှိခဲ့တဲ့ အကျိုးကျေးဇူးတွေ . . .

ကျွန်တော်က ဆိတ်မွေးမြူရေးလုပ်ငန်းကို အရင်ကတည်းက စိတ်ဝင်စားတဲ့အတွက် လေ့လာနေခဲ့တာ တစ်နှစ်ကျော်လောက်ရှိပါပြီ။ ဒါပေမဲ့ တကယ်တမ်း လုပ်ငန်းစဖြစ်တာကတော့ ဒီသင်တန်းကိုရောက်မှ စဖြစ်ခဲ့တာဖြစ်ပါတယ်။ လုပ်ငန်းလုပ်ကိုင်တဲ့အခါမှာလည်း ဝန်ထမ်းတွေကို ဘယ်လိုထိန်းချုပ်ရမလဲ၊ ဈေးကွက် ဘယ်လိုရှာမလဲ၊ အလေအလွင့်မရှိအောင် ဘယ်လိုဂရုစိုက်မလဲစတာတွေကို စနစ်တကျနဲ့လုပ်ကိုင်လာနိုင် တယ်စတဲ့ အကျိုးကျေးဇူးတွေ ရရှိလာပါတယ်။

အယ်ဒီတာအဖွဲ့