အလုပ်သွားအလုပ်ပြန်လမ်းကြောင်းတစ်လျောက် နိုင်ငံခြားသားများတစ်စစပိုများလာတာ သတိပြုမိပါသည်။ အလည်အပတ်လာရောက်သောခရီးသွားTourist များမဟုတ်ဘဲ လုပ်ငန်းခွင်သို့သွားသောပုံစံရှိသူများကိုဆိုလိုပါသည်။ မြန်မာလုပ် ငန်းအဖွဲ့အစည်းများတွင်လည်းလုပ်ငန်းလိုအပ်ချက်အရ နိုင်ငံခြားသားများ ခန့်အပ် ကြကြောင်း ကြားသိနေရပါသည်။အပြောင်းအလဲမြန်ဆန်မှုများကြောင့် နိုင်ငံခြားသား ဝန်ထမ်းများအတွက်ဝန်ထမ်းစည်းမျဉ်းစည်းကမ်း ကြိုတင်ပြင်ဆင်ချိန် အလုံအလောက် မရဘဲခန့်လိုက်ရသောအဖွဲ့အစည်းများရှိနိုင်သလို ခန့်ရန်လိုအပ်မှန်းသိသော်လည်း မည်သို့ရွေးချယ်ခန့်ရမှန်းမသိသော အဖွဲ့အစည်းများလည်းရှိနိုင်ပါသည်။ ထို့ကြောင့်Foreign Expatriate များ ခန့်ရန်လိုအပ်သော အခြေခံအချက်များအပါအဝင်သတိပြုစရာအချက်များကို ပညာရှင်များ၏အကြံပြုချက်နှင့် လုပ်ငန်းရှင်များ၏အတွေ့အကြုံများကို အယ်ဒီတာအဖွဲ့ကစုဆောင်းမေးမြန်းတင်ဆက်လိုက်ပါသည်။
မြန်မာကုမ္ပဏီတွေအနေနဲ့ နိုင်ငံခြားသား Expatriate တွေ ခေါ်သင့်ပါပြီလား
အခု ကုမ္ပဏီတွေတော်တော်များများမှာ Expat ခေါ်တဲ့ကိစ္စက ခေတ်စားနေတယ်။ အဲဒါကလည်းနှစ်မျိုး စဉ်းစားလို့ရတယ်။ ပထမတစ်ချက်က လိုအပ်လို့ခေါ်တယ် ဆိုတာကို သုံးသပ်ရရင် ကိုယ့်ဆီမှာ လုံလောက်တဲ့ အရည် အသွေးတွေမရှိတဲ့အတွက် အပြင်လူတွေ ခေါ်ရတာဖြစ်တယ်။ ဒါကိုတော့ မညှာမတာသုံးသပ်ဖို့ လိုပါတယ်။ Expat က အမျိုးအစားအနေနဲ့ အမျိုးမျိုးရှိကြတယ်။ တော်တော်များများ က စင်ကာပူ၊ အိန္ဒိယနဲ့ တရုတ်စတဲ့ အိမ်နီးနားချင်းနိုင်ငံတွေ က လူတွေကို ခေါ်တာများတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကိုပေးရတာက တတ်နိုင်တယ်။ တကယ်တမ်းပြောရရင် အနောက်နိုင်ငံက လူတွေသိပ်မရှိဘူး။ ရှိပြန်ရင်လည်း သူတို့အတွက် စရိတ်စကက တော်တော်ကြီးတယ်။
နောက်တစ်ခု စဉ်းစားလို့ရတာက တကယ်လို တယ်၊ မလိုဘူးဆိုတာထက် သူများခေါ်လို့ ငါလည်းခေါ် မယ်ဆိုတာမျိုးရှိနေသလား။ ဒါကမေးခွန်းထုတ်ကြည့်တာ ဖြစ်တယ်။ အခြားကုမ္ပဏီတစ်ခုက Expat ခေါ်လိုက်လို့ ရလာမယ့်အခွင့်အရေးတွေ ကိုယ်လည်းအဆုံးအရှုံးမခံဘူး ဆိုပြီး ခေါ်ရတာလည်းရှိတယ်။ ဒါပေမဲ့ Need ကြောင့် ခေါ်ရတာတော့ သေချာတယ်။ Capacity အားနည်းတော့ ရွှေ့တဲ့အခါမှာ လွယ်လွယ်ကူကူရွှေ့လို့ရအောင် ခေါ်ရတာ ဖြစ်တယ်။
ဘယ် Industry တွေမှာ စခေါ်သင့်ပါသလဲ
တကယ်တမ်းတော့ ကိုယ့်မှာ လုပ်ရည်ကိုင်ရည် ရှိတဲ့၊ အတွေ့အကြုံရှိတဲ့ Industry မှာ ခေါ်လို့သိပ်မထူး ဘူးထင်တယ်။ Banking လို့ပြောရင် ဘဏ်အတွေ့အကြုံ ရှိတဲ့လူတွေက မရှိသလောက်ရှားသွားပြီ။ ရှိတဲ့လူတွေ ကလည်း ဟိုရှေးရှေးတုန်းကလူတွေ။ ခေတ်မီဘဏ်စနစ်ကို ယဉ်ပါးတဲ့သူတွေမဟုတ်တော့ဘူး။ နောက်ပြီးIT ကဏ္ဍဖြစ်တယ်။ သမားရိုးကျ Construction လုပ်ငန်းမျိုးတွေမှာ တော့ Expat ခေါ်တာ သိပ်မတွေ့ရဘူး။ ဥပမာ- Hotel Management တို့လိုအပိုင်းတွေမှာ ခေါ်တာတော့ တွေ့ရ တယ်။ Industry အလိုက်ကတော့Capacity ရှိပြီး Local Knowledge ကို အားကိုးတဲ့ Industry တွေမှာတော့ Expat မခေါ်ဘူး။ ဒါကြောင့်Expat ခေါ်တာက Special -ized Knowledge ကိုယ့်မှာမရှိတဲ့အတွက် ခေါ်ရတာဖြစ် တယ်။ ဥပမာ- ဘဏ်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်းတွေမှာ ဖြစ်တယ်။ နောက်တစ်ခု Accountant တို့ Audit တို့လိုမျိုး ခေါ်တာကို တွေ့ရတယ်။ ဒါ့အပြင် Business Law တွေလို ဥပဒေပိုင်းဆိုင်ရာ ကျွမ်းကျင်မှုရှိတဲ့သူတွေကို ခေါ်တာတွေ့ ရတယ်။
ဘယ်လို position တွေ စခေါ်သင့်ပါသလဲ
Expatriate တွေခေါ်တာကို ဆရာအားပေးပါတယ်။ ဒါပေမဲ့ ခေါ်တဲ့အခါမှာ ဘယ် post ပေးမလဲဆိုတဲ့ ပြဿ နာရှိတယ်။ ရာထူးကြီးတာ၊ ငယ်တာထက် Management Post သွားပေးရင် ပြည်တွင်းဝန်ထမ်းတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့အခါမှာ အခက်အခဲရှိနိုင်တယ်။ ဆရာကတော့ Consultant ပုံစံမျိုးခေါ်တာကို အကြံပေးချင်တယ်။ သူတို့ အကြံပေးတာကို တိုင်ပင်ပြီးလုပ်တာမျိုးဖြစ်တယ်။ တကယ်လို့သူတို့ကို စီမံခန့်ခွဲမှုတာဝန်သွားပေးလိုက်ရင် လုပ်ရကိုင်ရနည်းနည်းခက်တာကို တွေ့ရတယ်။
မြန်မာဝန်ထမ်းတွေနဲ့ သဟဇာတဖြစ်အောင် ဘယ်လိုပြင်ဆင်သင့်ပါသလဲ
Expat ခေါ်တဲ့အခါမှာ တကယ်ထိတွေ့ရမှာက ကိုယ့်ရဲ့ဝန်ထမ်းတွေဖြစ်တယ်။ လုပ်ငန်းရှင်တွေ၊ MD တွေ နဲ့ပြောဆိုဆက်ဆံတဲ့အခါမှာ Communication ကောင်းပေမဲ့ ဝန်ထမ်းအငယ်တွေ၊ ဝန်ထမ်းအလတ်တွေနဲ့ ပြောဆိုရတာ နည်းနည်းအခက်အခဲရှိနိုင်တယ်။ အဲဒီအခါကျတော့ လိုတာထက်နည်းနည်းပိုပြီး လုပ်ကိုင်ရတာကို တွေ့ရ တယ်။ နောက်တစ်ခုက Expat တွေကို အားကိုးတကြီး ခေါ်ပေမယ့် သူတို့က စင်ကာပူ၊ ဟောင်ကောင်၊ အမေရိကန် စသည်ဖြင့် အတွေ့အကြုံတွေရှိပေ မယ့် မြန်မာနဲ့ တော်တော် အလှမ်းဝေးတဲ့ အတွက် ဒီကဝန်ထမ်းတွေနဲ့ သဟဇာတဖြစ်အောင်လုပ်တဲ့အခါမှာ အနည်းဆုံးတော့ အချိန်ကြာတာပေါ့။
Expatriate တွေခေါ်တဲ့အခါ ဘယ်နိုင်ငံသားတွေကို ခေါ်သင့်ပါသလဲ
ဘယ်နိုင်ငံသားဆိုတာထက် ကိုယ့် Demand အပေါ်မူတည်ပြီး ကိုယ်က စိတ်ကြိုက်ရွေးရမှာဖြစ်တယ်။ အဲဒီလိုရွေးခေါ်တဲ့အခါမှာ ကျွမ်းကျင်မှု (Expertise) ကိုအခြေခံ ပြီးခေါ်ရတာဖြစ်တယ်။ Management ကတော့လိုမှမလိုတာ။ ကိုယ့်လူမျိုးကို ကိုယ့်ဘာသာကိုယ် စီမံရမှာဖြစ်တယ်။
Expatriate ခေါ်တဲ့အခါ သူတို့လိုအပ်ချက်တွေကို ကိုယ့်ဘက်ကအဆင်သင့်ဖြစ်အောင် ဘယ်လိုပြင်ဆင်ရမလဲ
သူတို့ကတော့ Benefits Package တစ်ခုလုံးကို စဉ်းစားတယ်။ အဲဒီလိုစဉ်းစားတဲ့အခါ လုပ်ခလစာကိုတော့ ဒီကပေးနိုင်တယ်။ Housing ကတော့ Property Price တက်လာတာကြောင့် စရိတ်ကတော်တော်ကြီးတယ်။ နောက်တစ်ခုက သူတို့ကလေးတွေရဲ့ ပညရေး၊ Health Insurance စသည်ဖြင့် အဲဒါတွေအကုန်လုံး ပေါင်းလိုက် ရင် သူတို့ရဲ့ စရိတ်ကမသေးဘူး။ ဒီမှာတော့ အဲဒီလိုပေးတာမျိုးမှ မရှိတာ။ အဲဒီတော့ ဒီကစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ Cost-Benefit ကို ချိန်ညှိရမှာဖြစ်တယ်။ သူတို့အတွက် ကုန်ကျတဲ့ Cost ရယ်၊ သူတို့ဆီကရတဲ့ Benefit ကို ချိန်ရမှာဖြစ်တယ်။
ဦးစိုးဝင်း
Managing Director
Myanmar Vigour Co Ltd
Expatriate နဲ့ မြန်မာလူငယ်တွေရဲ့အခန်းကဏ္ဍ
မြန်မာ့စီးပွားရေးလုပ်ငန်းတွေအတွက် Expatriate တွေ ခေါ်သင့်ပါပြီ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက မြန်မာနိုင်ငံဟာ ပြင်ပကမ္ဘာကြီးနဲ့ ကင်းကွာခဲ့တယ်။ ကမ္ဘာ့ လူ့အဖွဲ့အစည်းနဲ့ ကင်းကွာခဲ့တယ်။ အင်္ဂလိပ်စာသင်ခွင့်မရ တာတွေ၊ ပညာရေးအဆင့်နှိမ့်ချလိုက်တာတွေကြောင့် ယနေ့ လှုပ်ရှားနေတဲ့စီးပွားရေးလောကမှာ မြန်မာလူငယ်တွေ ဦး ဆောင်ဖို့ တော်တော်ကြိုးစားကြရလိမ့်မယ်။ ပြည်ပမှာ ပညာသင်ပြီး ပြန်လာတဲ့လူငယ်တွေနဲ့ မြန်မာနိုင်ငံမှာ လွန် ခဲ့တဲ့ ဆယ်စုနှစ်လောက်ကစပြီး အင်္ဂလိပ်ဘာသာရပ် တင်မကဘူး အခြားဘာသာရပ်တွေဖြစ်တဲ့ စီးပွားရေး၊ ဖွံ့ ဖြိုးရေးဘာသာရပ်တွေကို လေ့လာနေတဲ့သူတွေက နောက် လာမယ့်ဆယ်စုနှစ်တွေမှာ ဦးဆောင်မှုပေးလာနိုင်ပါလိမ့် မယ်။
Expatriate တွေရဲ့ Pros & Cons
Expatriate တွေ ခေါ်တဲ့အခါ ရှိလာနိုင်တဲ့ Pros & Cons ကတော့ သူတို့ဆီက အတတ်ပညာရမယ်၊ ဘာသာစကားကျွမ်းကျင်လာမယ်။ ပြင်ပနိုင်ငံခြားသား တွေနဲ့ ဆက်ဆံတဲ့အခါ အတွေ့အကြုံရမယ်။ အတွေး အခေါ်၊ အပြောအဆို ရဲတင်းလာနိုင်မယ်။ အခြားတစ် ဖက်က ပြန်ကြည့်ရင် Expatriate တွေယူလာတဲ့ အတတ် ပညာနဲ့ မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းတွေ လိုအပ်တာနဲ့ မကိုက်ညီဘဲ ဖြစ်တတ်တယ်။ အနီးစပ်ဆုံးဥပမာပေးရရင် ဘဏ်တွေပါပဲ။ ပုဂ္ဂလိကဘဏ်အတော်များများကို နိုင်ငံခြား ဘဏ်လုပ်ခွင့်ပေးလိုက်တဲ့အခါ တတ်နိုင်တဲ့ ဘဏ်ကြီး တွေက Expatriate တွေ ခေါ်တယ်လို့ ကြားရတယ်။ Expatriate တွေက မြန်မာနိုင်ငံဘဏ် လုပ်ငန်းမှာ သူတို့ နိုင်ငံမှာလုပ်နေတဲ့ အဆင့်မြင့်ဘဏ်လုပ်ငန်းတွေလို စဉ်းစား ကောင်း စဉ်းစားကြပါလိမ့် မယ်။ ဒါပေမဲ့ ယနေ့မြန်မာနိုင်ငံမှာ Security Exchange တောင် မရှိသေးတော့ ဒါတွေကို အသုံးချလို့ မရဘူး။ မြန်မာ့နိုင်ငံခြားဘဏ်လုပ်ငန်းဟာ အခြေခံကပြန်စရမယ့်သဘောရှိနေတယ်။ ဒါကြောင့် Expatriate တွေရဲ့အတတ်ပညာ(Expetise) ဟာ မြန်မာ နိုင်ငံဘဏ်လုပ်ငန်းအတွက် မြင့်နေတတ် တယ်။ အံမဝင်တတ်ဘူး။ နောက်တစ်ချက်က သူတို့ကို လစာ၊ အခွင့် အရေးတွေအများကြီးပေး ရတယ်။ ပြီးတော့ မြန်မာ့ဘဏ် ဝန်ထမ်းတွေနဲ့ Expatriate ဆက်ဆံရေးဟာ ဘာသာစကား၊ ဝေါဟာရ အသုံး အနှုန်းနဲ့ အတတ်ပညာကွာဟမှုတွေကြောင့် တစ်ယောက်နဲ့တစ်ယောက် နားလည်မှု လွဲတတ်တယ်။ အခုအချိန်ဟာ Expatriate တွေ ခေါ်ဖို့ အကောင်းဆုံး အချိန်။ အခုလိုစီးပွားရေးရုန်းထနေတဲ့ကာလမျိုးမှာ သင့် တော်တဲ့ Expatriate ကိုရရင် လုပ်ငန်းအောင်မြင်ပါမယ်။
ခေါ်သင့်တဲ့ Position
Expatriate တွေခေါ်တဲ့အခါမှာ ကိုယ့်လုပ်ငန်းနဲ့ သင့်တော်မယ့် အဆင့်လောက်သာခေါ်သင့်တယ်။ သိပ်အ ဆင့်အမြင့်ကြီးတွေ ခေါ်စရာမလိုဘူး။ အရင် State Commercial Bank လက်ထက်က မန်နေဂျာလက်ထောက်အဆင့် လေးယောက်၊ လက်ထောက်အထွေထွေမန်နေဂျာအဆင့် တစ်ယောက်လောက်ကို ငှားပြီးသုံးခဲ့ဖူးတယ်။ ဒီလိုနည်းနည်း နဲ့ ကျဲကျဲ ဆောင်ရွက်ခဲ့တဲ့အတွက် လုပ် ငန်းတွေအောင်မြင်ခဲ့တယ်။ ဒါပေမဲ့ ဘဏ်အရာရှိတွေကိုလည်း အင်္ဂလန်လို နိုင်ငံတွေမှာ အနည်း ဆုံးခြောက်လ လက်တွေ့သင်တန်း တက်စေပါတယ်။ တချို့ဆိုရင် အနည်းဆုံးနှစ်ကြိမ်၊ သုံး ကြိမ်အထိ သွားပြီး သင်ကြားခွင့်ရခဲ့ပါတယ်။ မြန်မာနိုင်ငံ ရဲ့ လက်ရှိစီးပွားရေးအခြေအနေအရ စင်ကာပူနိုင်ငံလို အဆင့်တိုင်းမှာ Expatriate တွေ ခေါ်စရာမလိုသေးဘူးလို့ ယူဆပါတယ်။ လိုရင်လိုသလောက် ပဲ ခေါ်ဖို့သင့်ပါတယ်။
Expatriate တွေ ခေါ်တော့မယ်ဆိုရင်
(က) ကိုယ့်လုပ်ငန်းဘယ်လိုနေရာမှာ သုံးမလဲ။
(ခ) ဘယ်လောက်ကြာကြာသုံးမလဲ။
(ဂ) ဘယ်အဆင့်တွေမှာ သုံးမလဲဆိုတာ ကြိုတင်ပြင်ဆင်ထား သင့်တယ်။ (ဥပမာ - မန်နေဂျာအဆင့်လား၊ Training ပေးမယ့်ဆရာအဆင့်လားဆိုတာတွေပါ။)
(ဃ) ဘယ်လိုရလဒ်မျိုးကို မျော်လင့်ထားသလဲ။ (ဥပမာ- သူတို့ဆီကနေရလာတဲ့အဖြေဟာ ကိုယ့်ရဲ့လုပ်ငန်းနဲ့ ကိုက်မလား)
(င) ကိုယ့်ဝန်ထမ်းတွေ Expatriate တွေဆီက အတတ်ပညာ ရယူနိုင်ဖို့ အဆင်သင့်ဖြစ်နေဖို့လည်း လိုတယ်။
အဆင်သင့်ဖြစ်အောင် ပြင်ဆင်ရမှာတွေ
မြန်မာလူငယ်တွေက လုံ့လ၊ ဝီရိယလိုနေသေးတယ်။ ကိုယ့်ကိုယ်ကိုယ် ပြုပြင်ရမယ်။ ဒီနေ့ နိုင်ငံတကာမှာ အင်္ဂလိပ်စာကို ကြားခံပစ္စည်းသုံးနေတဲ့အခါ ကိုယ်က အင်္ဂလိပ်စာကို လေ့ကိုလေ့လာ ရမယ်။ လေ့လာပြီးရင်လည်း ကိုယ်လေ့လာထားတာနဲ့အမျ နိုင်ငံခြားကလာမယ့် Expatriate အင်္ဂလိပ်လို ပြောမယ်ဆိုရင် ကိုယ်က လက်ခံ နိုင်တဲ့ အခြေအနေမျိုးဖြစ်ရမယ်။ ကိုယ်က ဘာမှနားမလည်ဘဲ ဝတ်ကျေတန်းကျေလုပ်နေမယ်ဆိုရင်တော့ ငှားရကျိုး မနပ် ဘူး။ အရေးကြီးတာက ကိုယ့်ဘက်က ဝန်ထမ်းတွေပဲ။ Expatriate တွေ ရောက်လာလို့ သူတို့ဆီကကောင်းတဲ့ အသိပညာ၊ အတတ်ပညာတွေကို ယူတတ်ဖို့ လိုတယ်။ ဝန်ထမ်းတွေရဲ့ စိတ်ထဲမှာ Expatriate တွေကို ပိုက်ဆံပေးပြီး ငှားလာတာ သူတို့လုပ်လိမ့်မယ်လို့ ယူဆရင်မှားမှာပေါ့။ သူတို့ကို တတ်နိုင်သမျ အချိန်တိုတိုပဲ ခိုင်းရမယ်။ လိုချင် တဲ့ Result ရရင်၊ ဒါမှမဟုတ် ကိုယ့်ဝန်ထမ်းတွေ အစား ထိုးနေရာယူနိုင်ပြီဆိုရင် မလိုတော့ဘူး။ အထူးသဖြင့် ပြည် ပလုပ်ငန်းဆက်သွယ်ဆောင်ရွက်ရေး၊ လုပ်ငန်းတွင်းမှာစနစ် တကျရှိမှု Development စာရေးစာဖတ်အဓိပ္ပာယ်ဖော်နိုင် မှု၊ လုပ်ငန်းအမယ်သစ်တွေ တိုးချဲ့လိုမှု စတာတွေမှာ အသုံးဝင်ပါလိမ့်မယ်။ စီးပွားရေးမှာ သမားရိုးကျနည်းနဲ့သွား လို့ မရတော့ဘူး။ အဲဒီအခါမှာ ထိုးဖောက်ပြီး လုပ်ငန်းသစ် တွေရှာရတော့မယ်။
ခေါ်သင့်တဲ့ Expatriate
Expatriate တွေ ငှားပြီဆိုရင် ဈေးပိုပေးရတာ ချင်းအတူတူ ဥရောပ အထူးသဖြင့် ဗြိတိန်နိုင်ငံတို့က ပညာရှင်တွေကို ငှားသင့်တယ်။ သူတို့က စနစ်ကျတယ်။ ကမ္ဘာမှာ အမေရိကန်၊ ဥရောပတို့က ဦးဆောင်နေပေမဲ့ ပိုပြီးဦးဆောင်တာက အင်္ဂလန်၊ ဂျာမန်၊ ပြင်သစ်၊ ဆွစ်ဇာ လန်တို့လို နိုင်ငံတွေက စီးပွားရေးမှာ ပိုခိုင်မာပါတယ်။ ဒုတိယကတော့ စင်ကာပူနိုင်ငံကပညာရှင်တွေ ငှားသင့်ပါ တယ်။ Expatriate ခေါ်မယ်ဆိုရင် လုပ်ငန်းကိုပဲ Focus လုပ်နိုင်မယ့် အသက် ၄၀ ကျော် ၅၀ ဝန်းကျင် အမျိုး သားတွေကိုသာ ငှားသင့်ပါတယ်။
ဦးကျော်တင်
SGS Myanmar
Managing Director
Expatriate တွေခေါ်ဖို့ အချိန်တန်ပြီလား
တချို့ Industry တွေမှာ Technically ကျွမ်းကျင်မှု အဲဒီလောက်မရှိသေးဘူးဆိုရင် Expatriate တွေခေါ်သုံးမှ အဆင်ပြေမှာပါ။ ဥပမာအားဖြင့် Banking Industry ဆိုရင်လည်း International Banking Practice တွေ မရှိဘူး၊ Updated Software တွေကို ကျွန်တော်တို့က မသုံးနိုင်သေးတာမျိုးတွေရှိပါတယ်။ ဒီလိုမျိုးကBanking Sector မှာတင် ရှိနေတာမဟုတ်ပါဘူး။ နိုင်ငံတကာမှာ အသုံးပြုနေတဲ့နည်းပညာပစ္စည်းတွေကို ကိုယ့် Industry အတွက်လိုအပ်လို့ ဝယ်သုံးရမယ်ဆိုရင်လည်း ကျွန်တော် တို့က ဝယ်နိုင်လင့်ကစား ကျွမ်းကျွမ်းကျင်ကျင် မသုံး နိုင်သေးတာမျိုးလိုနေရာတွေမှာကျတော့ နိုင်ငံခြားသား တွေကို လက်ခံပြီး သုံးရမှာဖြစ်ပါတယ်။
စီမံခန့်ခွဲရေးမှာဆိုရင်လည်း သူ့ Industry နဲ့ သူ ကျွမ်းကျင်တဲ့စီမံခန့်ခွဲမှုပညာရှင်တွေ ရှိပါတယ်။ ကျွန် တော်တို့ မလုပ်ဖူးသေးတဲ့လုပ်ငန်းတွေအတွက်ဆိုရင်တော့ Expatriate တွေနဲ့ ယာယီအားဖြင့်တွဲလုပ်၊ နောင်တစ်ချိန် မှာ ကိုယ့်ဆီကလူတွေက ကျွမ်းကျင်လာရင်တော့ သူတို့ ဆီက လက်လွှဲယူတာမျိုး လုပ်သွားကြရမှာပါပဲ။
SGS Myanmar မှာတော့ လက်ရှိ Expatriate မထားထားပါဘူး။ ပညာရှင်လိုအပ်တဲ့အခါမှာ ဒီမှာ မရှိတာပဲဖြစ်ဖြစ်၊ အင်အားဖြည့်ဖို့ လိုတာပဲဖြစ်ဖြစ် ခေါ် သုံးပါတယ်။ SGS အနေနဲ့ နိုင်ငံပေါင်း ၁၄၄ နိုင်ငံမှာ ကုမ္ပဏီခွဲတွေရှိပြီး ဝန်ထမ်းပေါင်း ၃၄ç၀၀၀ ကျော်လောက်ရှိ ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ပညာရှင်အင်အားဖြည့်ဖို့ လိုနေပြီဆိုရင် အဲဒီဝန်ထမ်းတွေထဲကနေ ခေါ်ပြီး မြန်မာ နိုင်ငံမှာအလုပ်လုပ်ပါတယ်။ SGS Myanmar ရဲ့ အဓိက အလုပ်တွေအကုန်လုံးက မြန်မာဝန်ထမ်းတွေနဲ့ပဲလုပ်တာ ဆိုတော့ မြန်မာနိုင်ငံမှာ အမြဲတမ်းခန့်ထားတဲ့ နိုင်ငံခြားသားဝန်ထမ်းဆိုတာတော့မရှိပါဘူး။ လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က ထားခဲ့ပေမဲ့ အဲဒီအချိန်တုန်းက နိုင်ငံခြား သားတစ်ယောက်အနေနဲ့ တစ်နေရာနဲ့တစ်နေရာသွားရေး လာရေးကအစ အဆင်မပြေခွင့်တောင်းရတာမျိုးရှိပြီး ကျွန် တော်တို့လုပ်ငန်းသဘာဝကလည်း ချက်ချင်း ရောက်ရမှာ မျိုးဖြစ်နေတော့ အဲဒါမျိုးမှာ သူတို့ကို သုံးရတာ ခက်ခဲခဲ့ ပါတယ်။
Expatriate တွေခေါ်တဲ့အခါ သတိပြုသင့်တာတွေ
မြန်မာလုပ်ငန်းရှင်တွေအနေနဲ့ International Practice တွေကို နားလည်အောင်လုပ်ထားဖို့ လိုပါတယ်။ လုပ်ငန်းအုပ်ချုပ်သူလူကြီးတွေဟာ Management Pract-ice တွေ၊ ပညာရပ်တွေကို လေ့လာထားသင့်တယ်လို့ထင် ပါတယ်။ ဒါမှသာလျင် ကိုယ့်လူကိုလည်း ထိန်းနိုင်မယ်၊ နိုင်ငံတကာက အုပ်ချုပ်တာနဲ့လည်း ယှဉ်နိုင်ပါမယ်။ ပညာရပ်နဲ့ပတ်သက်လို့လည်း Marketing ပဲဖြစ်ဖြစ်၊ Sales ပဲဖြစ်ဖြစ် ဒီ Practice တွေမှာ နိုင်ငံတကာက ဘယ်လိုကျင့်သုံးနေသလဲ သိထားဖို့လိုပါတယ်။
Expatriate တွေကို ဘယ်လိုစည်းကမ်းတွေ ကြိုတင်သတ် မှတ် ထားနိုင်မလဲ
ဒီလိုစည်းကမ်းတွေကို နိုင်ငံတော်ကလည်း သတ်မှတ်ပေးရပါမယ်။ တခြားနိုင်ငံတွေမှာဆိုရင်လည်း စည်းကမ်းတွေ သတ်မှတ်ထားတာမျိုး ရှိပါတယ်။ ဥပမာ- သူ့နိုင်ငံမှာကုမ္ပဏီလာထောင်ရင် သူ့နိုင်ငံထဲမှာ နိုင်ငံခြား သား ဘယ်နှယောက်ခန့်ခွင့်ရှိတယ်။ သူ့နိုင်ငံသား ဘယ် နှယောက်ကိုတော့ ဘယ်အဆင့်မှာ ခန့်ရမယ်ဆိုတာမျိုးလုပ် ထားတာတွေလည်း ရှိပါတယ်။ အဲဒီအပိုင်းက တစ်ပိုင်း ဖြစ်သလို၊ ကိုယ့်နိုင်ငံသားတွေ အလုပ်အကိုင်အခွင့်အလမ်း ရရှိခွင့်ကို ကာကွယ်စောင့်ရှောက်တာမျိုးလည်း လိုအပ်မှာ ပါ။ နောက်တစ်ခုကတော့ လုပ်ငန်းခွင်မှာ Ethical Value တွေကို နိုင်ငံတော်အနေနဲ့ ချမှတ်ပြီး ကျင့်သုံးစေတာမျိုး လည်းလိုအပ်ပါတယ်။ ကိုယ့်လူမျိုးရဲ့စရိုက်တွေနဲ့ မအပ် စပ်တာတွေ မဖြစ်စေဖို့၊ ပဋိပက္ခတွေ မဖြစ်စေဖို့ ကြိုတင် စည်းကမ်းသတ်မှတ်ထားဖို့တော့ လိုအပ်ပါတယ်။
အခု ကျွန်တော်တို့စာရင်းကိုင်လောကမှာဆိုရင်လည်း လုပ်ငန်းတွေရဲ့လိုအပ်ချက်တွေကို မဖြည့်ဆည်းပေး နိုင်တာမျိုးတွေ တွေ့လာရပါတယ်။ လိုအပ်ချက်ဆိုတာက လည်း စာရင်းပညာရှင်ဦးရေနည်းနေတာပေါ့နော်။ နောက် တစ်ခုက ပညာရှင်နည်းနေရုံတင်မကဘူး ကိုယ့်လူတွေရဲ့ ပညာရပ်ဆိုင်ရာအရည်အချင်းကလည်း နိုင်ငံတကာမှာလို အတွေ့အကြုံမရှိတာမျိုးလည်းရှိပါတယ်။ ဥပမာအားဖြင့် Public ကုမ္ပဏီကြီးတွေ၊ Stock Market ကြီးတွေနဲ့ တစ် ခါမှ လက်တွေ့မတွေ့ဖူးဘဲ စာတွေ့ပဲရှိတာကြောင့် နိုင်ငံ တကာက လူတွေနဲ့ယှဉ်လို့ မရနိုင်သေးပါဘူး။
ကိုယ့်မှာ ဒီ Practice တွေကို မလုပ်ဖူးရင်တောင် မှ ဗဟုသုတရှိနေရင် ကြုံလာတဲ့အခါမှာ နားလည်သဘော ပေါက်အောင် ပြင်ဆင်ထားသင့်ပါတယ်။ ကျွန်တော်တို့ စာရင်းကိုင်လောကမှာဆိုရင်လည်း ဂျပန်နိုင်ငံရဲ့ အကူ အညီနဲ့ MICPA အဖွဲ့ဝင်တစ်ယောက်ဟာ တိုကျို Stock Market အကြောင်းကို သွားပြီး လေ့လာမယ်။ ပြီးရင် ဒီမှာလည်း အဲဒါနဲ့ ပတ်သက်ပြီးတော့ Training ပြန်ပေး တာမျိုးလည်း လုပ်ပါမယ်။ ကျွန်တော်တို့ ရုံးမှာဆိုရင်လည်း ပြီးခဲ့တဲ့ နှစ်လက မြန်မာအင်ဂျင်နီယာ ငါးယောက်ကို အလုပ်သင်အနေနဲ့ သုံးလ သြစတြေးလျကိုလွှတ်ပြီး Trainingပေးခဲ့ပါတယ်။ တခြားတခြားသောဘက်တွေမှာ လည်း ဒီလိုပြင်ဆင်နေတာမျိုးတွေရှိပေမဲ့ ချက်ချင်းတော့ လိုအပ်တဲ့ လူအင်အားက ပြည့်လာမှာ မဟုတ်တာကြောင့် Expatriate တွေဝင်လာဦးမှာပါပဲ။ အဲဒီအခါမှာ မြန်မာ ဝန်ထမ်းတွေက အခွင့်အရေးရအောင်ယူနိုင်ဖို့ ဘာသာရပ် ဆိုင်ရာ၊ စာပေဗဟုသုတကအစ ကိုယ့်ကိုယ်ကိုယ် ပိုပြီး တော့ ပြောင်မြောက်အောင် လုပ်နေဖို့ လိုပါတယ်။
စာရင်းပညာရှင်တွေတင်မဟုတ်ဘဲ မြန်မာဝန် ထမ်းတွေအားလုံးအနေနဲ့ နိုင်ငံတကာကလို လက်တွေ့ အတွေ့အကြုံမရနိုင်ပေမဲ့ စာတွေ့ကိုပဲဖြစ်ဖြစ်၊ ဟောပြော ပွဲတွေပဲဖြစ်ဖြစ် တက်ပြီးတော့ ဒါတွေကိုပြင်ဆင်ထားဖို့လို ပါတယ်။ နောက်တစ်ခုက အင်္ဂလိပ်စာပါ။ အင်္ဂလိပ်စာက မြန်မာနိုင်ငံမှာ တော်တော်လေး အားနည်းနေပါသေးတယ်။ နိုင်ငံခြားသားတွေနဲ့ အလုပ်လုပ်တဲ့အခါမှာ ဒါက လိုကို လိုအပ်မှာပါ။ ဒါကြောင့် လုပ်ငန်းရှင်တွေအနေနဲ့လည်း Team Building နဲ့ Training တွေကို ရေရှည် Investment အနေနဲ့မြင်ပြီးတော့ ကိုယ့်ဝန်ထမ်းတွေကိုလုပ်ပေး သင့်တယ်လို့ ပြောချင်ပါတယ်။
ဦးမင်းစိန်
Advocate of the Supreme Court
Expatriate တွေကို ခေါ်ယူတဲ့အခါ သူတို့လိုအပ်ချက်တွေကို မြန်မာလုပ်ငန်းရှင်တွေဘက်က Facility ၊ Security၊ Insurance စသဖြင့် အဆင်သင့်ဖြစ်အောင် ဘယ်လိုပြင်ဆင်ထားသင့်လဲ
Expatriate တွေဟာ သူတို့နိုင်ငံမှာ နိုင်ငံတကာ အတွေ့အကြုံရှိလို့ခေါ်ရတာဖြစ်ပါတယ်။ သူတို့ကို ရာထူးအလိုက် အိမ်ခန်း၊ စီးဖို့မော်တော်ယာဉ် စသဖြင့် ပေးဖို့လိုပါတယ်။ အချို့လုပ်ငန်းရှင်တွေ က ပေးထားကြပါတယ်။ Security ဆိုတဲ့ကိစ္စက ကျယ်ဝန်း ပါတယ်။ သူတို့ရဲ့ကိုယ်ရေးကိုယ်တာ လုံခြုံရေးကတော့၊ ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ နိုင်ငံခြားသားတွေကို ရန်မရှာတတ်ကြပါဘူး။ ချွင်းချက်ရှိပေမဲ့ လူနည်းစုပါ။ ဒါပေမဲ့ သူတို့ရဲ့ အိမ်ရာကတော့ လုံခြုံမှုရှိတဲ့နေရာ၊ အခန်းစသည်တို့မှာ ငှားပေးထားဖို့ လိုပါတယ်။ မလိုအပ်ဘဲ သူခိုးဖောက်ရင်စိတ် ညစ်ရတတ်တယ်။
Insurance က လိုအပ်ရင် လုပ်ငန်းရှင်က ထားပေးတတ်ကြပါတယ်။ ဟိုတယ်တစ်ခုမှာ မြန်မာလူမျိုးအမှုထမ်းတွေ အတွက် နိုင်ငံခြားအသက်အာမခံကုမ္ပဏီတစ်ခုမှာ အာမခံထားပေးတယ်။ အကြောင်းတစ်ခုနဲ့ ကွယ်လွန်တဲ့အခါ အသက် အာမခံငွေကို မိသားစုက ရပါတယ်။ ကျွန်တော်တို့နိုင်ငံပိုင်၊ နိုင်ငံသားပိုင်အာမခံကုမ္ပဏီတွေ ဖွံ့ဖြိုးလာရင် ပိုကောင်းပါတယ်။ အာမခံဆိုတာ အသက်တစ်ခုတည်း မဟုတ်ပါဘူး။ သူတစ်ပါးထိခိုက်မှုအာမခံ၊ ပစ္စည်းပျောက်ဆုံးမှု၊ ခိုးယူခံရမှုကအစ၊ နာမကျန်းမှုအထိပါထားပေးရင် ကိုယ့်မှာလည်း တာဝန်ပေါ့နိုင်ပါတယ်။
ဘယ်လို Industry တွေက စခေါ်သင့်ပါသလဲ
လုပ်ငန်းကြီးတွေမှာ အုပ်ချုပ်မှုနဲ့စီမံခန့်ခွဲရေးဆိုင်ရာကျွမ်းကျင်သူ ဘဏ်လုပ်ငန်းတွေမှာ နိုင်ငံတကာဘဏ်လုပ်ငန်း ကျွမ်းကျင်သူတွေကို စခေါ်သင့်ပါတယ်။ ဆောက်လုပ်ရေးမှာလည်း အုပ်ချုပ်မှုနဲ့စီမံခန့်ခွဲရေးဆိုင်ရာကျွမ်းကျင်သူ၊ နိုင်ငံ တကာ ဘဏ်လုပ်ငန်းကျွမ်းကျင်သူတွေဟာ၊ ချက်ချင်းသင်ယူလို့ရတဲ့ကိစ္စတွေ မဟုတ်ပါဘူး။ Exposure လို့ခေါ်တဲ့ နိုင်ငံတ ကာတွေ့ထိမှုဆိုတာ လက်တွေ့လုပ်ခဲ့ရမှ သိတာတွေဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အောင်မြင်နေတဲ့လုပ်ငန်းရှင်တွေဆိုရင် အဲဒီကျွမ်းကျင်တဲ့နိုင်ငံခြားသားတွေကို သုံးနေကြ တာ မြင်တွေ့ရပါတယ်။ မြန်မာတွေကိုပြစ်ပယ်ဖို့ပြောတာ မဟုတ်ပါ။ မြန်မာတွေဟာ အလွန်တော်ကြပါတယ်။ အထက်ကပြောတဲ့ Exposure ရအောင် လေ့ကျင့်ပေးဖို့ပဲ လိုပါတယ်။
လက်ရှိမြန်မာဝန်ထမ်းတွေနဲ့ Expatriate တွေ အကြား Politics မဖြစ်အောင်၊ သဟဇာတဖြစ်အောင် ဘယ်လို ထိန်းသင့် ပါသလဲ
ကျွန်တော်တို့လူမျိုးတွေဟာ နိုင်ငံခြားသားပညာရှင်တွေအပေါ် မနာလိုဝန်တိုတာနည်းပါတယ်။ သူတို့က မြန်မာတွေ ကို ပညာသင်ပေးဖို့တော့ မူလကတည်းက ပြောထားရမယ်။ သူတို့ကလည်း မြန်မာလူမျိုးကို သူတို့ရဲ့ တပည့်တွေလို့ မမြင်ဖို့ လည်း လိုတယ်။ ဒီလိုမြင်တတ်ပြောတတ်တဲ့နိုင်ငံခြားသားဆိုရင် နဂိုကတည်းက ရှောင်သင့်ပါ တယ်။ ဒါကြောင့် အစပထမမှာ မသိမသာလေ့လာသူ Observer ကို တွဲထားသင့်ပါတယ်။
Expatriate တွေအတွက် ဘယ်လိုစည်းကမ်းတွေကို ကြိုတင် သတ်မှတ်ပေးထားသင့်သလဲ
အဓိကစည်းကမ်းကတော့ မြန်မာ့ယဉ်ကျေးမှု၊ ဓလေ့ကို လေးစားလိုက်နာဖို့ပါပဲ။ နိုင်ငံတိုင်းက မိမိယဉ်ကျေးမှုရှိကြပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံလာရင် ဒီနိုင်ငံရဲ့ယဉ်ကျေးမှုကို လိုက်နာရမယ်။ ကျွန်တော်တို့ သူတို့နိုင်ငံသွားတဲ့အခါ၊ သူတို့စရိုက်ကို လိုက်နာရတယ်။ ဒါကို စည်းကမ်းချက်တစ်ရပ်အဖြစ် သတ်မှတ်ပေးရမယ်။ လူကြီးသူမ၊ မိမိထက်အသက်ကြီးသူနဲ့ ဆက်ဆံ တဲ့အခါ ဘယ်လိုနေထိုင်ပြောဆိုရမယ်ဆိုတာကိုလည်း သင်ပေးထားပြီး လိုက်နာဖို့ စည်းကမ်းအဖြစ် သတ်မှတ်ပေးသင့်ပါ တယ်။
ဥပမာ-သူတို့နိုင်ငံမှာ အမည်ကို ဒီတိုင်းခေါ်ကြပေမဲ့ မြန်မာမှာ ကို-တန်ရင်ကို၊ ဦး-တန်ရင်ဦး၊ ဒေါ်-တန်ရင် ဒေါ်- စသဖြင့် ခေါ်ပြောတာကိုလည်း သင်ထားရမယ်။ ဒါကို မသိလို့ မိဘအရွယ်ကို အရှေ့က ဘာမှမထည့်ဘဲခေါ်တော့ တစ်မျိုးဖြစ်တာကိုလည်း မြင်ဖူးပါတယ်။ အလားတူပဲ လုပ်ငန်းစည်းကမ်းကိုလည်း မြန်မာတွေနည်းတူ လိုက်နာ ဖို့လိုကြောင်းလည်း အသိပေးထားရမယ်။ ကြိုးစားတဲ့မြန်မာလူမျိုးက နိုင်ငံခြားသားကို ပါစားပေးတယ်လို့ ယူဆရင်၊ ကိုယ့်အချင်းချင်း အမြင်အလွဲနိုင်ပါတယ်။
ဦးခင်အောင်ထွန်း @ Nyi Nyi
Executive Director
The Hotel @ Tharabar Gate,
Kappa Int'l Ltd
Ngapali Bay Resort & Spa
White Rice Restaurant
နိုင်ငံခြားသား Expatriate ခန့်ထားတဲ့ရာထူးနေရာများ
ပုဂံမြို့ဟောင်းမှာရှိတဲ့ The Hotel @Tharabar Gate ၊ ငပလီမှာရှိတဲ့ Ngapali Bay Villa and Spa နဲ့ ရန်ကုန်မြို့ ကန်တော်ကြီးအတွင်း တရုတ်အစားအစာတွေ
ကို အဓိက ထားရောင်းတဲ့ White Rice Restaurant တို့အတွက် Expatriate တွေခေါ်ထားတာ ကိုးနှစ်လောက်ရှိပါပြီ။ The
Hotel @Tharabar Gate အတွက် မကြာခင်က General Manager နဲ့ Operation Manager တို့ကို ခေါ်ထားပါ တယ်။Ngapali Bay Villa and Spa အတွက်ကတော့ General Manager အပြင် Chef နဲ့ Spa အတွက်လည်း ခေါ်ထားပါတယ်။ လာမယ့် Season မှာလည်း General Manager နဲ့ Restaurant Manager၊ Spa အတွက် ခေါ် ဖြစ်ဖို့များပါတယ်။ Restaurant မှာတော့ လောလောဆယ် ကွမ်ကျိုးက တရုတ်စားဖိုမှူးတစ်ယောက်ကို ခေါ်ထားပါ တယ်။
ခန့်ရခြင်းအကြောင်းများ
ကျွန်တော်တို့အနေနဲ့ ဝန်ထမ်းခေါ်ရာမှာ ပြည်တွင်းပြည်ပမခွဲခြားပါဘူး။ Hotel လုပ်ငန်းစလုပ်တဲ့ ၂၀၀၂-၂၀၀၃ ခုနှစ်လောက်မှာတော့ မြန်မာပြည်တွင်း General Manager ၊ ဒါမှမဟုတ် Operation Manager လုပ်နိုင်တဲ့သူ နည်းခဲ့လို့ ခန့်ခဲ့ရတာပါ။ အဲဒီလိုပါပဲ Restaurant စလုပ် တဲ့ ၂၀၀၅-၂၀၀၆ ခုနှစ်မှာလည်း တရုတ်အစားအစာကျွမ်းကျင်တဲ့ Chef တွေကို ပြည်တွင်း မှာ ရှာဖွေရတာခက်တဲ့အတွက် ဖြစ်ပါတယ်။
ကျွန်တော်တို့ဝန်ထမ်းလိုတဲ့အချိန်မှာ ကြော်ငြာတယ်။ Linkedin ထဲထည့်တယ်၊ Facebook မှာ ကြော်ငြာတယ်။ အဲဒီအချိန်မှာလျောက်တဲ့ CV တွေထဲက ရွေးချယ်တာဖြစ်ပါတယ်။ လျောက်လွှာရှင်တွေရဲ့ တစ်ဦးချင်း အရည်အချင်းတွေက အရေးကြီးသလို အလုပ်တွေက Te
am နဲ့လုပ်ရတာဖြစ်လို့ အများနဲ့အဆင်ပြေအောင်ဆက်ဆံ တတ်ပြီး Team နဲ့အလုပ်လုပ်တတ်သူဖြစ်ဖို့လည်းလိုပါ တယ်။ ကိုယ့်အတွေ့အကြုံတွေ၊ ကိုယ်သိထားတာတွေကို Share လုပ်မှ အဆင်ပြေမှာပါ။
ကျွန်တော်တို့လုပ်ငန်းတွေထဲမှာ Department Head တွေ၊ Deputy Assistant Manager Level တွေဟာ မြန်မာလူမျိုးတွေ ဖြစ်ပါတယ်။ ခန့်အပ်တဲ့ နိုင်ငံခြားသား General Manager ၊ Operation Manager ၊Chef တွေနဲ့ မြန်မာလူမျိုးဝန်ထမ်းတွေ အပြန်အလှန် လိုက်နာလေးစား ဆောင်ရွက်အောင်၊ အလုပ်ရဲ့ ရည်ရွယ် ချက်တွေပြည့်မီမှု ရရှိအောင်၊ ဘာသာစကားကအစ စီ
စဉ်လေ့ကျင့်ပြီး Teamwork ရအောင်တတ်နိုင်သရွေ့ အချိန်ယူပြင်ဆင်ဆောင်ရွက်ခဲ့ပါတယ်။
ကျွန်တော့်အနေနဲ့ကတော့ တစ်ချိန်မှာ မြန်မာလူမျိုးတွေက လုပ်နည်းလုပ်ဟန်နဲ့ပညာတွေရ လိုက်ပြီး Expatriate တွေနေရာမှာ ဝင်ယူလာတာမျိုးမျော်လင့်တယ်။ အတွေ့အကြုံ၊ အရည်အချင်းတွေတူနေရင် ကိုယ့်လူမျိုးတွေ ကိုပဲ ဦးစားပေးဖို့ ရည်ရွယ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့အားနည်းချက်က ပညာထပ်သင်တာ၊ အတွေ့အကြုံတွေယူတာ အားနည်းတယ်။ ဘာသာစကား ဆိုရင်လည်း မိခင်ဘာသာစကားထက် တစ်မျိုးလောက် ထပ်တက်ရင် တခြားဘာသာစကား ထပ်သင်တာမျိုး မရှိ တော့ဘူး။ General Manager လိုရာထူးအတွက် Language သုံးခုလောက်ရရင်၊ Public Relations ကျွမ်းကျင်ရင်၊ General Knowledge အများကြီးရှိရင် ပိုကောင်းပါတယ်။
ကြိုတင်ညှိနှိုင်းခြင်းနှင့် စည်းကမ်းသတ်မှတ်ချက်များ
ကျွန်တော်ကတော့ GM ပဲဖြစ်ဖြစ် ခန့်ဖို့ Short List ထဲပါပြီဆိုရင် မြန်မာပြည်ရဲ့အခြေအနေတွေ၊ သူဘာကြောင့် ဒီနိုင်ငံမှာလုပ်ချင်တာလဲဆိုတာတွေကို မေးပါတယ်။ ပြီးတော့ တချို့ Condition တွေကို ကြိုပြောပြထားပါတယ်။ မိသားစုရှိ မယ့်သူတွေအတွက် သူတာဝန်ထမ်းဆောင်ရမယ့် နေရာမှာ ဥပမာ-ပုဂံတို့၊ ငပလီတို့မှာ ကျောင်းကောင်းကောင်း မရှိတာမျိုး၊ ဆေးရုံကောင်းကောင်းမရှိနိုင်တာမျိုး၊ ပုဂံလို ရှေးဟောင်းနေရာမျိုးမှာNightlight Entertainment မရှိနိုင်တာ မျိုးတွေကို ကြိုပြောပြထားပါတယ်။ သူတို့
အလုပ်ဝင်မယ့်နေရာက မြန်မာဝန်ထမ်းတွေအကြောင်း ဥပမာ-တချို့ဝန်ထမ်း ၂၀ ရာခိုင်နှုန်းက ရန်ကုန်၊ မန္တလေးကဖြစ်ပြီး ကျန်ဝန်ထမ်းတွေကတော့ နယ်တွေဘက်က ဖြစ်တယ်ဆိုတာမျိုးတွေ သူတို့ကို ကြိုပြောပြထားပါတယ်။ အတတ်နိုင်ဆုံးကတော့ Expatriate ရွေးချယ်တဲ့အခါ အာရှမှာ နေဖူးပြီး အလုပ်လုပ်ဖူးတဲ့သူတွေကို ဦးစားပေးရွေးပါတယ်။ Expatriate တွေကို အလုပ်ခန့်လိုက်ပြီးနောက်မှာလည်း လက်ရှိမြန်မာဝန်ထမ်းတွေနဲ့ ပုံမှန်ဆွေးနွေး တာတွေ လုပ်ခြင်းအားဖြင့် နားလည်မှုကွဲလွဲတာမျိုး နည်းနိုင်သမျ နည်းအောင် လုပ်ပါတယ်။ လုပ်နေရင်းကာလတစ်ခု ကြာတော့မှ တချို့ Expatriate တွေက Cha
racter ပိုင်းဆိုင်ရာ အဆင်မပြေတာတွေရှိလာရင်လည်း အရေးယူရတာတွေ၊ Warning ပေးရတာတွေ၊ ညှိနှိုင်းရတာတွေ၊ နောက်ဆုံးအဆင့်အနေနဲ့ ထုတ်ပစ်တာ၊ Stay Permit ကိုပါ ပြန်သိမ်းတာမျိုး လုပ်ရတာတွေ ရှိပါတယ်။
Expatriate ခန့်ဖို့ အချိန်အများကြီးယူပြီး ရွေးပါတယ်။ အရည်အချင်းလိုအပ်ချက်နဲ့ စည်းကမ်းတွေ သတ် မှတ်တယ်။ မြန်မာပြည်မှာ အလုပ်လုပ်တဲ့အခါ ဆောင်ရန်၊ ရှောင်ရန်တွေကို ကြိုတင်ပြောပြပြီးမှ အင်တာဗျူးခေါ်တယ်၊ သူ့ Background ကို စုံစမ်းတယ်။ အများကြီးစိစစ်ပြီး ရွေးလိုက်ပြီးရင်တော့ သူ့ကို လုပ်ငန်းရဲ့ Policy နဲ့ ကျွန်တော်တို့လိုချင်တဲ့ Budget ကို ထုတ်ပြတယ်။ ကျန်တာတော့ အသေးစိတ်မစွက်ဖက်ပါဘူး။ တစ်နှစ်ကုန်သွားချိန်မှာ ခန့်ထားတဲ့ Expatriate ဟာ ကိုယ့်ဝန်ထမ်းတွေနဲ့၊Customer တွေနဲ့၊ Supplier တွေနဲ့၊ သက်ဆိုင်ရာဒေသခံအဖွဲ့အစည်းတွေနဲ့ အဆင်ပြေတယ်၊ မှန်းထားတဲ့ Budget ကိုလည်းပြည့်မီတယ်ဆိုရင်ဆက်လက်တွဲအလုပ်လုပ်ပါ တယ်။ ဒီလိုမှမဟုတ်ရင်တော့ ပြောင်းပြီးခန့်ပါ တယ်။
ပြည်တွင်းကဝန်ထမ်းတွေကို လက်တွဲခေါ်ရာမှာ . . .
Management အနေနဲ့ ဝန်ထမ်းတွေ လိုအပ်တဲ့ ကျွမ်းကျင်မှုပိုင်းဆိုင်ရာတွေကို သင်တန်းပေးတာအပြင် နိုင်ငံခြား သား GM တွေက အတွေ့အကြုံတွေ၊ တတ်မြောက်ထားတာတွေကို ပြန်လည်သင်ကြားပေးမှ အဆင်ပြေမှာပါ။ ပုံမှန်Meeting နဲ့ Discussion ပြုလုပ်တာ၊ စွမ်းဆောင်ရည်တွေကို စိစစ်အကဲဖြတ်တာ အပါအဝင် ပုံမှန် Training တွေကို လိုအပ်သလို ပေးပါတယ်။
တွဲလုပ်ရင်း ကိုယ်တိုင် သင်ယူခွင့်ရသည်များ
ရှိပါတယ်။ အဓိကကတော့ နိုင်ငံခြားသားတွေက အားမနာတတ်တာ၊ Customer တွေနဲ့ Deal လုပ်ပုံလုပ်နည်းတွေ၊ Planning ပိုင်းတွေအတွက် ပြင်ဆင်ပုံတွေကို သူတို့ဆီကနေ သင်ယူခွင့်ရပါတယ်။ အခုလည်း တိုင်းရင်းသား၊ နိုင်ငံခြားသား ဟိုတယ်လုပ်ငန်းရှင်တွေ၊ အထွေထွေမန် နေဂျာတွေနဲ့ စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေးပြီး လေ့လာနေဆဲပါပဲ။
မြန်မာဝန်ထမ်းတွေနဲ့ ဖြစ်လေ့ရှိတဲ့ပြဿနာများ
ကျွန်တော်တို့လူမျိုးတွေက တချို့ကိစ္စတွေမှာ နားမလည်ဘဲ ခေါင်းညိတ်တတ်တာပါပဲ။ နိုင်ငံခြားသားကလည်း သူပြောတာကို Yes လို့ပြောရင်၊ ခေါင်းညိတ်ရင် နားလည်တယ်လို့ပဲ သူထင်တယ်။ ပြီးတော့မှ လုပ်တာတွေက လွဲတဲ့အခါ သူပြောတဲ့အတိုင်း ဘာကြောင့်မလုပ်သလဲဆိုတာ ရှိလာပါတယ်။
ဒါကြောင့် ဝန်ထမ်းတွေကို Qualification တက်အောင် Training ပေးတယ်။ အင်္ဂလိပ် စာကိုလည်း မြှင့်တင်ပေး တယ်။ သူတို့ကိုယ်တိုင်က လေ့လာဖို့ လိုတယ်။ ကျွန်တော်တို့ကတော့ လှေကားထောင်ပေးလိုက်တာပါပဲ။ အဲဒီလှေကားကို ဘယ်နှထစ်တက်မယ်ဆိုတာက သူတို့ရွေးချယ်မှုပါပဲ။
Tourism Industry မှာ မြန်မာလူမျိုးဦးဆောင်သူတွေများ လာဖို့ . . .
Hotel & Tourism Industry ဟာ မြန်မာနိုင်ငံမှာ အခုမှ အစပဲရှိသေးတဲ့အဆင့်လို့ သတ်မှတ်ရင် မမှားပါဘူး။ ပွင့်လာမယ့် ဒီ Industry အတွက် ကျွန်တော်တို့နိုင်ငံမှာ Industry ကောင်းကောင်းရှိဖို့ လိုတယ်။ ကျွန်တော်တို့ဆီက လူတွေ ပိုပြီး ကြိုးစားဖို့လိုပါတယ်။ အဆင့်မြင့်သင်တန်း တွေတက်ရမယ်၊ ပြည်တွင်းသာမကနိုင်ငံတကာ အတွေ့ အကြုံ တွေယူရမယ်၊ ဘာသာစကားဆိုရင်လည်း နှစ်မျိုးမက သိထား၊ တတ်ထားရမယ်၊ General Knowledge လည်း အများကြီးလိုတယ်။
ကိုယ့်ရဲ့ Career ကို ပိုင်နိုင်ဖို့ အရေးကြီးပါတယ်။ ဒါဆိုရင် တက်လာမယ့် Tourism Industry မှာ မြန်မာ လူမျိုး GM လူလတ်ပိုင်းတွေ အများကြီးရှိလာမှာပါ။
ဒေါ်လင်းလင်းတင်ထွန်း
Managing Director
Mango Marketing Services Co Ltd
ကျွန်မတို့ဆီမှာ ဖိလစ်ပိုင်လူမျိုး Creative Director တစ်ယောက်ကို ခန့်ထားတာ သုံးနှစ်လောက်ရှိ ပါပြီ။ မြန်မာနိုင်ငံ မှာလည်း Creativity တော်တဲ့သူတွေရှိပါတယ်။ ဒါပေမဲ့လည်း သူတို့ဟာ ကိုယ်ပိုင် Freelence လုပ်ချင်ကြတာ များပြီး ကုမ္ပဏီတစ်ခုခုမှာ ဝန်ထမ်းအနေနဲ့၊ Professional အနေနဲ့အလုပ်လုပ်ဖို့ Employable မဖြစ်ဘူးလို့ ဆိုရပါမယ်။ အခုနောက်ပိုင်းမှာ Creative Thinking ၊ Creative Communication ဆိုရာမှာ Art Creation တစ်ခုတည်းမဟုတ်ဘဲ Commercial Way ၊ အထူးသဖြင့်Brand နဲ့ပတ်သက်တဲ့ Commercial Creation တွေ ရှိဖို့ လိုအပ်လာ တယ်။ မြန်မာနိုင်ငံမှာကလည်း ဒါမျိုးတွေနဲ့ ပတ်သက်ပြီးသင်တဲ့ကျောင်းတွေ မရှိ ဘူး။ နိုင်ငံခြားမှာရှိနေတဲ့မြန်မာလူမျိုးတွေ အနေနဲ့ ဒီလိုဘွဲ့ မျိုးရထားရင်လည်း နိုင်ငံခြားမှာပဲနေချင်ကြတာမျိုးဆို တော့ ဒီလို Position မျိုးအတွက်ဆို ရင်တော့ နိုင်ငံခြားသားထဲကပဲ ခေါ်ရပါတယ်။
Creative Director လိုရာထူးအတွက် ခေါ်ထားရသလို Client Servicing လိုအပိုင်းမျိုးတွေအတွက် ခေါ်ထားရတဲ့ Expatriate တွေလည်း ရှိပါတယ်။ အဓိကကတော့ နိုင်ငံခြားကပြန်လာမယ့် မြန်မာလူမျိုးတွေ ရနိုင်ရင်တော့ အကောင်းဆုံး ပါ။ နိုင်ငံခြားမှာ သင်ယူလေ့လာခဲ့ တဲ့ Exposure ရှိတယ်။ ပြီးတော့ ကိုယ့်နိုင်ငံရဲ့မိခင်ဘာသာစကား ကို ကောင်းကောင်းပြောနိုင်၊ နားလည်နိုင်တယ်ဆိုတော့ Team နဲ့ အလုပ်တွဲလုပ်ရတာ လည်း အဆင်ပြေဆုံးဖြစ်မှာပေါ့။ ဒီလိုလူမျိုးတွေကို နိုင်ငံခြားသားကိုပေးတဲ့ Pay Scale အတိုင်းပေးပြီး ခန့်လို့ရတယ်။ သူတို့ကLanguage ပိုသာတဲ့အတွက် ဝန်ထမ်းအားလုံးနဲ့တွဲပြီး လုပ်ရတာရော၊ Consumer Insight အတွက်လည်း ပိုလွယ်ကူတယ်။
တစ်ခါတလေ အခုနောက်ပိုင်း နိုင်ငံခြားကုမ္ပဏီ ကြီးတွေက မြန်မာနိုင်ငံမှာလာပြီးရုံးဖွင့်ကြတဲ့အခါ သူတို့ ရဲ့Marketing အလုပ်လုပ်တဲ့သူ၊ Brand အလုပ်လုပ်တဲ့သူတွေက နိုင်ငံခြားသားတွေ ဖြစ်လာတယ်။ ပြီးတော့ လိုချင်တဲ့ Service Level ကလည်း ပိုပြီး မြင့်လာတယ်။ ဒါ ကြောင့် ၁။ အင်္ဂလိပ်လိုကောင်းကောင်းဆက်သွယ်ပြောဆိုနိုင်တဲ့သူကို ရှာရတယ်။ ၂။ကိုယ့်နိုင်ငံအပြင်ဘက်မှာ ဘာတွေလုပ်နေတယ်၊ ဘာတွေဖြစ်နေတယ်ဆိုတာကို မြင်တတ်တဲ့ Exposure ရှိတဲ့သူကို ရှာရတယ်။ အဲဒီအတွက် Client Servicing ဖြစ်တဲ့ Account Handling လုပ်ရတဲ့ အပိုင်းမှာလည်း နိုင်ငံခြားသားဝန်ထမ်းကို ခန့်ထားရတာမျိုး ရှိလာပါတယ်။
မြန်မာဝန်ထမ်းတွေနဲ့ သဟဇာတဖြစ်ဖို့
ဒီအတွက်ဆိုရင်တော့ နှစ်ပိုင်းရှိပါတယ်။ နိုင်ငံခြားသားဖြစ်တဲ့အတွက် မြန်မာလိုပြောတတ်တဲ့နိုင်ငံခြား သား၊ မြန်မာလိုနားလည်တဲ့နိုင်ငံခြားသားဆိုတာ ရှားပါတယ်။ ဒါကြောင့် Language ပြဿနာရှိပါတယ်။ နောက် တစ်ခုကတော့ Culture ပြဿနာပါ။ ဒါပေမဲ့ ကျွန်မတို့ ကံကောင်းတယ်လို့ ပြောရပါမယ်။ ခန့်ထားတဲ့ Creative Director က လူငယ်လည်းဖြစ်ပြီး ဒီမှာရှိပြီးသား Team နဲ့လည်း ကောင်းကောင်းမွန်မွန် ပြောဆိုလုပ်ကိုင်နိုင်ပါတယ်။ ဒီကဝန်ထမ်းတွေက Open Minded ဖြစ်တယ်၊ အသစ်ကို သင်ယူချင်စိတ်ရှိတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။
အတူ တူလက်တွဲလုပ်ရင်း သူ့ဆီကနေ သင်ယူရတာတွေလည်း ရှိတယ်ဆိုတော့ သဟဇာတ ဖြစ်ပါတယ်။ နောက်တစ်ခုက သူက ဖိလစ်ပိုင်ကဆိုတော့ မြန်မာနဲ့ယဉ်ကျေးမှုနဲ့ ဓလေ့သိပ်မကွာတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။
ပြည်တွင်းကဝန်ထမ်းတွေကို လက်တွဲခေါ်ရာမှာ . . .
မြန်မာပြည်ကလူနဲ့ နိုင်ငံခြားသားနဲ့ ယှဉ်ကြည့်ရင် နိုင်ငံခြားသားကတော့ သူတို့ရတဲ့လစာကြောင့်ပဲဖြစ်ဖြစ်၊ လုပ်နိုင်တဲ့စွမ်းရည်ကြောင့်ပဲဖြစ်ဖြစ်၊ မန်နေဂျာအဆင့်ကနေ ဝင်တာမျိုး ဖြစ်နိုင်ပါတယ်။ အဲဒီအခါမှာ ကျွန်မတို့ဆီမှာ ရေရှည် လုပ်လာပြီး မန်နေဂျာ Level ကို မရောက်နိုင်သေးတဲ့ဝန်ထမ်းတွေရှိတော့ သူတို့အတွက် စဉ်းစားပေးရပါတယ်။ ရုံးကနေ သင်တန်းကြေးစိုက်ထုတ်ပြီး သူတို့ကို အင်္ဂလိပ်စာသင်တန်း တက်ခိုင်းပါတယ်။ ကောင်းကောင်းသင်ယူစေချင်လို့ စာမေးပွဲ မအောင်ရင်၊ သင်တန်းပြီးဆုံးအောင်မတက်ရင် သင်တန်းကြေးပြန်ပေးလျော်ရမယ်ဆိုတာမျိုးတွေလည်း လုပ်ရပါတယ်။ သူတို့မှာ ပြည်တွင်းမှာ လုပ်ခဲ့တဲ့အတွေ့အကြုံနဲ့ Local Insights ကောင်းကောင်းရှိထားတဲ့အခါ ဒါကို 'အား' တစ်ခုအနေနဲ့ လုပ်ပြီး Communicate ကာင်းကောင်းလုပ်နိုင်မယ်ဆိုရင် အဆင်ပြေတယ်။ သူတို့ကတော့ သင်ယူဖို့ လိုတာပေါ့။ သင်ယူ မယ်ဆိုရင် တတ်နိုင်တယ်၊ မန်နေဂျာလိုရာထူးဟာ နိုင်ငံခြားသားတွေအတွက်ပဲ မဟုတ်ဘူးဆိုတာကို သူတို့အမြဲ သတိရနေအောင် အမြဲပြောပေးနေရပါတယ်။ အင်္ဂလိပ်စာအပြင် Marketing နဲ့ ပတ်သက်တာတွေ၊ Brand နဲ့ ပတ်သက်တာတွေကိုလည်း ရုံးတွင်းမှာ ပြန်သင်ပေးပါတယ်။ နောက်ပြီး ကျွန်မတို့ Mango Marketing အနေနဲ့ JWT နဲ့ချိတ်ထားတော့ သူတို့ဘက်ကလာတဲ့ Creative ပိုင်းပဲ ဖြစ်ဖြစ်၊ Client Servicing ပိုင်းပဲဖြစ်ဖြစ်၊ Strategic Planning ပိုင်းကိုပဲ ဖြစ်ဖြစ် Training လာပေးတဲ့အခါ ပြည်တွင်းက ဝန်ထမ်းတွေအနေနဲ့ တက်ဖို့၊ သင်ယူဖို့ အခွင့်အရေး ရပါတယ်။
မြန်မာဝန်ထမ်းတွေအတွက် Training တွေတက် ဖို့အခွင့်အရေးရပေမဲ့ မျော်လင့်ထားသလောက် ဖြစ်လာ သလားဆိုတာကတော့လူပေါ်မူတည်ပါတယ်။ အတွေ့အကြုံ အများကြီးရှိပေမဲ့ Thinking နဲ့ Conceptualization မတတ်ရင်လည်း သူများလောက်မတက်လာဘူး။ တကယ် လိုက်လုပ်နိုင်တဲ့သူတွေလည်း ရှိပါတယ်။
စည်းကမ်းနှင့် ခံစားခွင့်များ
ရုံးတက်ရုံးဆင်းချိန်တို့၊ ခွင့်ခံစားခွင့်တို့လို အ ခြေခံစည်းကမ်းတွေကတော့ အတူတူပါပဲ။ ဒါပေမဲ့ နိုင်ငံခြားသားတွေ အနေနဲ့ကတော့ သူတို့နိုင်ငံပြန်ချင်တာမျိုးလည်းရှိတဲ့အတွက် Holiday နည်းနည်းပိုရတာလောက်ပဲရှိပါ တယ်။ နိုင်ငံခြား သားတစ်ယောက်ကို အလုပ်ခန့်ပြီ ဆိုရင် ပထမဆုံး ကိုယ့်ကုမ္ပဏီအကြောင်း၊ ကုမ္ပဏီရဲ့ Values တွေအကြောင်း၊ ကိုယ့်နိုင်ငံအကြောင်း စသဖြင့် ရှင်းပြတယ်။ အဲဒီလိုပြောပြလိုက်တယ်ဆိုရင်ပဲ သူတို့ နားလည်သွားတာ များပါတယ်။
နိုင်ငံခြားသားတွေကို အလုပ်ခန့်တဲ့အခါ Contract ချုပ်ရပါတယ်။ အဲဒီ Contract မှာ ဘယ်လိုဟာမျိုးတွေ လုပ်ခဲ့ရင်တော့ အလုပ်ကနေ အလိုလိုရပ်စဲတယ်ဆိုတဲ့အချက်တွေ ထည့်ထားပါတယ်။ ဥပမာ- ပျက်ကွက်ပြီး ပြန် မလာတော့တာ၊ ဒါမှမဟုတ် ဒီနိုင်ငံထဲမှာ ပြစ်မှုတစ်ခုခုကျူးလွန်တာ၊ ဒါမှမဟုတ် သူ့တာဝန်တွေ ပျက်ကွက်တာ၊ ဒါမှမဟုတ် ကိုယ့်ဆီမှာလုပ်ရင်း အပြင်မှာလည်း ဒီလိုအလားတူ အလုပ်တွေ လက်ခံလုပ်တာမျိုး စတာတွေ ဖြစ်ပါတယ်။
တွဲလုပ်ရင်း ကိုယ်တိုင် သင်ယူခွင့်ရသည်များ
သူတို့နဲ့အတူတွဲလုပ်ရင်း သင်ယူလိုက်ရတာတွေလည်း ရှိပါတယ်။ ကျွန်မတို့က ကံကောင်းစွာနဲ့ ၁၉၉၆ ခုနှစ်ဝန်းကျင်မှာ Multi International Company တွေနဲ့ အလုပ်လုပ်ဖြစ်ခဲ့လို့ အတွေ့အကြုံကောင်းတွေရခဲ့တာပါ။ ဒီဘက်နှစ်တွေမှာ ဆက်ပြီး Learn လုပ်ခဲ့ပေမဲ့ သူတို့လို Systematic ဖြစ်ဖြစ် သင်ခဲ့ရတာမျိုးတော့ မရှိခဲ့ဘူး။ ဘာနဲ့ သွားတူသလဲဆိုရင် အင်မတန်အောင်မြင်တဲ့ကုမ္ပဏီ က CEO တစ်ယောက်MBA သွားတက်တာနဲ့တူပါတယ်။ မသိဘူးလားဆိုတော့ သိတယ်။ MBA တက်လိုက်တဲ့အခါ သီအိုရီတွေက ပြောတာတွေဟာ ကိုယ်လုပ်တာနဲ့ ကိုက်မကိုက် စစ်ကြည့်လို့ရတဲ့ အခွင့်အရေးရတယ်။ အခုလည်း ဒီလိုပါပဲ။ ကိုယ့်အတွက် Learning ကောင်းကောင်းရတယ်။
မြန်မာဝန်ထမ်းတွေ အစားထိုးနေရာယူနိုင်မလား
ဥပမာ-ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ကိုကြည့်ရင် Certain Level မှာတော့ နိုင်ငံခြားသားက ရှိနေတုန်းပါပဲ။ ဒါပေမဲ့ ကြည့်လိုက်ရင် ကုမ္ပဏီရဲ့ ရာခိုင်နှုန်းတော်တော်များများဟာ ပြည်တွင်းက ဝန်ထမ်းတွေနဲ့ အစားထိုးလာ တာ တွေ့ရတယ်။ ပြည်တွင်းကဝန်ထမ်းတွေတဖြည်းဖြည်းနဲ့ တက်လာရင် နိုင်ငံခြားသားကို ထားစရာမလိုတာမျိုး ဖြစ်ပါ မယ်။ ကိုယ့်ဆီမှာ Education ကောင်းကောင်း၊ Exposure ကောင်းကောင်းနဲ့ ဝန်ထမ်းတွေရှိလာပြီး တဖြည်းဖြည်း နေရာယူနိုင်ဖို့ မျော်လင့်ပါတယ်။ ကျွန်မတို့က Consumer Product တွေ လုပ်တာဆိုတော့ လူတွေနဲ့ထိတွေ့ဆက်ဆံရတဲ့နေရာတွေပိုများလာလေ ပိုပြီးတော့ မြန်မာလိုပြောတတ်ဖို့၊ နားလည်ဖို့ လိုအပ်လေပါပဲ။ မဟုတ်ရင် နိုင်ငံခြားသား မန်နေဂျာက Report ကိုပဲ ဖတ်လို့ရမယ်။ လူတွေကြားထဲသွားပြီး မေးလို့ရမယ်။ ဒီမှာက မေးတာကို ပြန်ဖြေနိုင်တဲ့ အင်္ဂလိပ်စကားတတ်တဲ့သူဆိုတာ အရေအတွက် နည်းပါသေးတယ်။
ဒါကြောင့် နိုင်ငံခြားသားတွေနဲ့လက်တွဲ လုပ်ရာမှာ လုပ်နည်းလုပ်ဟန်တွေကို စနစ်တကျသင်ယူဖို့ အခွင့်အရေးရ ပေမဲ့ အားနည်းချက်လည်းရှိပါတယ်။ ပြည်တွင်းကလူတွေက ဒီနေရာတွေယူလာနိုင်ရင်တော့ အကောင်းဆုံးပါ။ ဒါပေမဲ့ Certain Level တစ်ခုမှာတော့ နိုင်ငံခြားသားတွေ ရှိနေဦး မှာပါပဲ။
Politics မဖြစ်အောင် ထိန်းညှိရာမှာ . . .
မြန်မာနိုင်ငံကိုလာတဲ့ နိုင်ငံခြားသားအများစုက တော့ မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှု၊ ဘာသာတရား စတာ တွေကို သိထားပြီးနားလည်ကြတာများပါတယ်။ ဒါပေမဲ့ အလုပ်လုပ်ရာမှာ လုပ်ပုံကိုင်ပုံလေးတော့ နည်းနည်းကွာ တာ ရှိပါတယ်။ ကျွန်မတို့ဆီမှာက များသောအားဖြင့် အထက်လူကြီးကို လေးစားရတယ်။ ရိုသေတယ်။ မေးခွန်း ပြန်မမေးရဲဘူး။ မဝံ့မရဲစိတ်ရှိတယ်။ နိုင်ငံခြားသားတွေကတော့ Information ရှာတာဟာ မေးခွန်းတွေမေးပြီး ရှာတာများ ပါတယ်။ တစ်ခုခုဆိုရင် တစ်ယောက်ယောက်က နည်းလမ်း ပြောပေမဲ့ သူတို့က 'တခြားနည်းလမ်းလုပ်ရင် မရဘူးလား' 'ဒီလို လုပ်လိုက်ရင်ရော' 'ဘာကြောင့်လဲ' စသဖြင့် မေးခွန်းတွေ ထုတ်ကြတယ်။ ဒီလိုဖြစ်တာဟာ သူတို့ရဲ့ ပညာရေးစနစ်ကြောင့်လည်း ပါပါတယ်။ ဒါကြောင့် ဒီလိုနေရာမျိုး လေးတွေမှာ ပြဿနာမဖြစ်အောင် ထိန်းပါတယ်။
ကျွန်မတို့ဆီမှာ နိုင်ငံခြားသားဝန်ထမ်းတွေကပဲ အမြင့်ဆုံး Position တွေ ယူထားတာ မဟုတ်ပါဘူး။ မြန် မာဝန်ထမ်းလက်အောက်မှာလုပ်ရတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေလည်း ရှိပါတယ်။ ဒါကြောင့် အထက်အောက် ဆက်ဆံရာမှာ ကိုယ့်Boss ကို ဘယ်လိုဆက်ဆံရမယ်၊ Boss ကလည်း ဘယ်လိုပုံစံမျိုးနဲ့ ကိုယ့်အောက်ကလူကို ဆက်ဆံရမယ်ဆိုတာ ကျွန်မတို့လို နေရာကနေစောင့်ကြည့် ပြီး အဆင်ပြေအောင် ပြောပြပေးပါတယ်။ Rules အနေနဲ့ ထားတာမျိုး မဟုတ်ဘဲ တစ်ယောက်ချင်းစီကိုပဲ Target လုပ်ပြီး Coach လုပ်ပေးတယ်၊ Advice လုပ်ပေးပါ တယ်။ နိုင်ငံခြားသားက အင်္ဂလိပ်လိုကောင်းကောင်းရေးနိုင်မယ်၊ မြန်မာဝန်ထမ်းကတော့ အတွေ့အကြုံအများကြီးရှိပေမဲ့ သူ့ လောက်မရေးနိုင်ဘူး၊ မပြောနိုင်ဘူးဆိုတာ ရှိမယ်။ ဒါပေမဲ့ ဒါဟာ တစ်ယောက်ရဲ့အားသာချက်၊ အားနည်းချက်ဖြစ်ပြီး တန်ဖိုးမထားနိုင်စရာ အကြောင်းမဟုတ်ဘူးလို့ မြင်ပါတယ်။
အယ်ဒီတာအဖွဲ့