လာမယ့် တနင်္လာမှာ ခရီးသွား ၃၀,၀၀၀ ကျော် စတင်လက်ခံတော့မယ့် ထိုင်းနိုင်ငံ ဘန်ကောက်က သုဝဏ္ဏဘူမိလေဆိပ်

● ထိုင်းနိုင်ငံကာ လာမယ့် တနင်္လာနေ့မှာ စတင်ပြီး နိုင်ငံတကာကမ္ဘာလှည့်ခရီးသည်တွေကို လက်ခံတော့မှာဖြစ်ပါတယ်။

● ဘန်ကောက်က သုဝဏ္ဏဘူမိလေဆိပ်မှာ စတင်ခရီးသွားတွေလက်ခံမဲ့နေ့မှာ နိုင်ငံတကာခရီး ၇,၀၀၀ ပါဝင်မယ်လို့ ဆိုပါတယ်။

● ထိုင်းနိုင်ငံအတွင်းမှာ နိုင်ငံတကာခရီးသွားတွေ ပြန်လည်လက်ခံပေးဖို့လုပ်နေတာဖြစ်သလို ကျောင်းတစ်သောင်းကျော်လောက်ကိုလည်း ပြန်လည်ဖွင့်လှစ်ဖို့ပြင်ဆင်နေတာပါ။

ထိုင်းလေဆိပ်များအဖွဲ့အစည်းက (Airports of Thailand – AoT) သူတို့ရဲ့ နိုင်ငံတကာလေဆိပ် ၆ ခုအနေနဲ့ ခရီးသွားတွေကိုလက်ခံပေးဖို့အဆင်သင့်အနေအထားရှိနေပြီဖြစ်ကြောင်း ဒီနေ့ထုတ်ပြန်ကြေငြာပါတယ်။ လာမယ့် တနင်္လာနေ့မှာ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ်မှာ ခရီးသွား ၃၀,၀၀၀ ကိုလက်ခံဖို့မျှော်လင့်ထားတယ်လို့ဆိုပါတယ်။ တနင်္လာနေ့ဟာ ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံတကာကမ္ဘာလှည့်ခရီးသွားတွေကို ပြန်လည်စတင်လက်ခံတဲ့နေ့ဖြစ်ပါတယ်။

AoT အနေနဲ့ သုဝဏ္ဏဘူမိ၊ ဒွန်မောင်း၊ ဖူးခက်၊ ချင်းမိုင်၊ မဲဖာလောင်န်-ချင်းရိုင်နဲ့ ဟတ်ယိုင်နိုင်ငံတကာလေဆိပ်တွေကို စီမံခန့်ခွဲပါတယ်။

AoT ရဲ့ ဥက္ကဌဖြစ်သူ Nitinai Sirismatthakarn က ဒီလေဆိပ် ၆ ခုလုံးမှာ New Normal အနေအထားနဲ့ လိုက်လျောညီစေဖို့ နည်းပညာသစ်ပစ္စည်းကိရိယာတွေတပ်ဆင်နေရာချထားပြီးသားဖြစ်တယ်လို့ပြောပါတယ်။ ပြီးတော့ လေဆိပ်အားလုံးက ဝန်ထမ်းအားလုံးဟာလည်း ကိုရိုနာဗိုင်းရပ်ကနေကာကွယ်နိုင်ဖို့ ခံနိုင်ရည်တိုးစေဖို့ ကာကွယ်ဆေး တတိယတစ်လုံးစီလည်း ထိုးပြီးဖြစ်ကြောင်း Mr Nitinai ကဆိုပါတယ်။

လေဆိပ်ထဲက ဗိုင်းရပ်စစ်ဆေးရေးဂိတ်တွေမှာ ရောဂါပိုးရှိသူကိုတွေ့ခဲ့ရင်ဘယ်လိုကိုင်တွယ်မလဲဆိုတာနဲ့ပတ်သက်တဲ့ လုပ်ငန်းအစအဆုံးအဖွဲ့အစည်းတွေအားလုံး (airport quarantine office ၊ Immigration ၊ Customs စသဖြင့်) ကလည်း လက်တွေ့လေ့ကျင့်ထားပြီးဖြစ်တယ်လို့လည်းပြောပါတယ်။  Mr Nitinai က သူ့မှာရှိတဲ့ လေယာဉ်ဆိုင်ရောက်ထွက်ခွာအချက်အလက်စာရင်းတွေအရ တနင်္လာနေ့မှာ သုဝဏ္ဏဘူမိလေဆိပ်မှာ ခရီးသည်တင်လေယာဉ် အစင်း ၄၄၀ ဝန်းကျင် (ပြည်တွင်းခရီးသည်တင် အစင်း ၂၃၀ ၊ နိုင်ငံတကာခရီးသည်တင် အစင်း ၁၁၀ နှင့် ကုန်တင်လေယာဉ် အဆင်း ၁၀၀ ) လောက်ထိကို ကိုင်တွယ်ရမှာဖြစ်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ဒီအရေအတွက်တွေဟာ သုဝဏ္ဏဘူမိလေဆိပ်ရဲ့ ဝန်ဆောင်နိုင်စွမ်း ၃၀ ရာခိုင်နှုန်းသာရှိကြောင်း သူကပြောပါတယ်။ ခရီးသွား ၃၀,၀၀၀ ဆိုတဲ့အထဲမှာ နိုင်ငံတကာခရီးသွားက ၇,၀၀၀ လောက်ပါဝင်မှာဖြစ်ပြီး ကျန်အရေအတွက်ကတော့ ပြည်တွင်းခရီးသွားတွေပါ။

AoT အနေနဲ့ ဒီလေဆိပ်ထဲမှာ ခရီးသည်ကိုယ်တိုင်ကိုယ့်ဘာသာအသုံးပြုနိုင်တဲ့ (common-use self-service (CUSS) ) check-in ကောင်တာ ၁၉၆ ခု၊ ခရီးဆောင်အိတ်အပ်တဲ့နေရာ (common-use bag drops (CUBD) ၄၂ ခု အဆင်သင့်ပြင်ထားပြီးဖြစ်တယ်လို့လည်း Mr Nitinai က ပြောပါတယ်။ ဒီကိုယ့်ဘာသာကိုယ် check-in လုပ်တဲ့ကောင်တာတွေမှာ လေယာဉ်ထွက်ခွာချိန်မရောက်ခင် ၆ နာရီမှ ၁၂နာရီ အတွင်းကြိုတင်ကာ သက်ဆိုင်ရာလေကြောင်းလိုင်းရဲ့ Application ကိုအသုံးပြုပြီး check-in ကိုယ်တိုင်လုပ်နိုင်မှာဖြစ်ကြောင်း၊ အဲဒီ check-in ကောင်တာမှာပဲ လေယာဉ်အတွင်းထိုင်ခုံတွေရဲ့အခင်းအကျင်းကိုပြသထားမှာဖြစ်ပြီး ကိုယ်တိုင်ကိုယ်ထိုင်ချင်တဲ့ခုံနေရာတွေကို ကြိုတင် ရွေးချယ်နိုင်မှာလည်းဖြစ်ကြောင်းသိရပါတယ်။ ပြီးရင် CUBD ကောင်တာတွေမှာ ကိုယ့်ရဲ့ခရီးဆောင်အိတ်တွေကိုအပ်နိုင်ပြီဖြစ်ပါတယ်။

AoT အနေနဲ့ သုဝဏ္ဏဘူမိလေဆိပ်ရဲ့ ပင်မလေဆိပ်အဆောက်အအုံက ခရီးသွားတွေကိုလည်း အသစ်ဖွင့်ထားတဲ့ SAT-1 အဆောက်အအုံကို ပြောင်းရွှေ့လက်ခံဖို့စီစဉ်ထားတယ်လို့သိရပါတယ်။ အသစ်ဖွင့်တဲ့ SAT-1 အဆောက်အအုံဟာဆိုရင် လေဆိပ်ရဲ့ ပုံမှန်လက်ခံကိုင်တွယ်နေကြ တစ်နှစ်ကို သန်း ၃၀ ဆိုတဲ့  ခရီးသွားအရေအတွက်ထက်ကို ပိုမိုလက်ခံကာ ဝန်ဆောင်နိုင်ဖို့ အထောက်အကူလည်းဖြစ်စေမယ်လို့သိရပါတယ်။

Ref : BKK Post