သင့်အနေနဲ့ အရာရာတိုင်းအတွက်အမြဲစိတ်ပူနေတတ်တယ်၊ အနားမရဘူးလို့ခံစားနေရတယ်၊ တစ်ခုခုအပေါ် အာရုံစိုက်ဖို့အမြဲလိုခက်ခဲနေတတ်တယ်ဆိုရင် သေချာပါတယ် သင့်မှာစိုးရိမ်ကြောင့်ကြမှုတွေရှိနေပါပြီ။ ဒါကလည်း အခုခေတ်ကာလကြီးမှာ လူအနည်းနဲ့အများမဆိုခံစားနေရတ်တဲ့ စိတ်ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ ဒီစိုးရိမ်ကြောင့်ကြနေတတ်မှုကို ဆေးဝါး၊ တိုင်ပင်ခံများနှင့်ဆွေးနွေးအကူအညီယူခြင်း၊ သင့်ကိုယ်သင်ဂရုစိုက်အလေးထားမှုအလေ့အကျင့်လုပ်ခြင်း စသဖြင့်တို့ကနေ ပြန်လည်ကောင်းမွန်လာအောင်လုပ်ယူနိုင်ပါတယ်။ ပထမဆုံးတော့ သင့်ရဲ့စိုးရိမ်ကြောင့်ကြမှုတွေက ဘာကြောင့်ဖြစ်တယ်ဆိုတာ သင့်ဘာသာအရင်သိအောင်လုပ်ရပါမယ်။ အောက်မှာ ဖော်ပြပေးထားတဲ့ ၁၀ ချက်ကတော့ စိုးရိမ်ကြောင့်ကြမှုဝေဒနာတွေခံစားနေရတဲ့အခါမှာ သင်ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းလို့ရနိုင်မယ့် လက်တွေ့အသုံးကျအကြံပေးချက်လေးတွေဖြစ်ပါတယ်။
ခဏအရာရာကိုရပ်ထားလိုက်ပါ - စိုးရိမ်ပူပန်မှုကြောင့်ကြမှုတွေက သင့်ကိုအမြဲ ဘေးအန္တရာယ်တွေဆီကနေ ပြေးနေရသလိုခံစားစေပါတယ်။ တကယ်လို့သင်သာ အရာရာဆီကနေ ခဏရပ် အသက်ပြင်းပြင်းရှူကာ နားနေလိုက်ရင် အမြဲတမ်းလိုဒုက္ခဗျာပါဒများနေတာချည်းပဲလည်းမဟုတ်ဘဲ ကမ္ဘာကြီးက ချောမွေ့စွာလည်ပတ်နေပါတယ်ဆိုတာကို သတိထားမိစေပါလိမ့်မယ်။
အာဟာရပြည့်ဝအောင်နေပါ - စိုးရိမ်ပူပန်မှုတွေသိပ်များတဲ့အခါ အစာစားချင်စိတ်ကိုပျက်စေပါတယ်။ ဒါမှမဟုတ်လည်း သရေစာတွေအလွန်အကြွံစားမိစေပါတယ်။ ဒါဆို လူရောစိတ်ပါပိုအခြေအနေဆိုးပါရော။ ဒါကြောင့် တတ်နိုင်သမျှ သဘာဝအစားအစာကိုစားပါ (ပြန်လည်ပြုပြင်ထားခြင်းမရှိတဲ့အစားအစာများကိုဆိုလိုပါတယ်) ၊ အရွက်အသီးတွေ၊ အသားဓာတ်ကြွယ်ဝတဲ့စားသောက်ဖွယ်တွေနဲ့ သရေစာဆိုလည်း အားအင်ပြည့်စေတဲ့ သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးတဲ့ အရာတွေကိုစားပေးပါ။
ဆိုရှယ်မီဒီယာကနေခဏနားပါ - လူအများစုအတွက် လူမှုကွန်ရက်တွေက သင့်ကို လူအများနဲ့ အဆက်အသွယ်မပြတ်ထိတွေ့နေစေတယ်၊ ဒါပေမဲ့ ဒါကပဲစိုးရိမ်ကြောင့်ကြပူပန်စေမှုတွေရဲ့အစဖြစ်တယ်ဆိုတာကိုလည်း အားလုံးလက်ခံထားကြပါတယ်။ တကယ်လို့မဖြစ်မနေ အွန်လိုင်းတက်ဖို့လိုတယ်ဆိုရင်တောင်မှ အလုပ်အတွက်လိုအပ်တာပဲ၊ ဒါမှမဟုတ် လူမှုကွန်ရက်ပတ်ဝန်းကျင်ကောင်းလေးကိုသာ ရွေးချယ်တတ်ပါစေ။ ကိုယ့်အတွက်စိုးရိမ်ပူပန်မှုတွေတိုးစေမယ့် site ၊ group ၊ page နဲ့ sources တွေကို ရှောင်ပါ။
ကဖင်းနဲ့အရက်ကို အကန့်အသတ်ရှိပါ - စိတ်ကြွစေတဲ့အရာတွေက စိုးရိမ်ပူပန်စိတ်တွေကိုလည်းတိုးစေတတ်တယ်၊ အများကြီးသုံးစွဲမိရင် panic attack တောင်ရစေနိုင်ပါတယ်။ ဒါကြောင့် ကဖင်းနဲ့အရက်အမျိုးမျိုးအစား ဆိုဒါရေ၊ ကဖင်းဓာတ်ထုတ်ထားတဲ့ကော်ဖီ၊ ဒါမှမဟုတ် ဆေးဖက်ဝင်လက်ဖက်ရည် စတာတွေကိုပြောင်းသောက်ကြည့်ပါ။ ဒီနေရာမှာလည်း တခြား စိတ်ဖိစီးမှုလျော့ကျစေတဲ့အရာမှန်သမျှကိုလည်း အကန့်အသတ်လေးနဲ့သာ သောက်ပါ၊ သုံးစွဲရပါမယ်။ တန်ဆေးလွန်ဘေးပါ။
လုံလုံလောက်လောက်အိပ်စက်ပါ - စိုးရိမ်ကြောင့်ကြစိတ်တွေများနေရင် အိပ်ပျော်ဖို့ခက်ခဲပါတယ်။ အိပ်ရေးပျက်ရင်လည်း စိုးရိမ်ကြောင့်ကြမှုကြောင့်ဖြစ်တဲ့လက္ခဏာတွေက ပိုစိုးလာပါတယ်။ ဒါကြောင့် ဒီလိုကြက်ဥတစ်လှည့်ကြက်မတစ်လှည့်ဖြစ်နေတဲ့သံသရာကိုဖြတ်ပစ်ရပါမယ်။ ကဖင်းရှောင်တာ၊ ကိုယ့်အတွက်စိတ်သက်သောင့်သက်သာဖြစ်စေမယ့်သံစဉ်တွေနားထောင်တာ၊ စာအုပ်ဖတ်တာ၊ အိပ်ခါနီး ဖုန်း/တက်ဘလက်/ကွန်ပျူတာတွေမသုံးတာ၊ တရားထိုင်တာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ မီးရောင်နဲ့ သင့်အိပ်ပျော်နိုင်မှုအတွက်တွန်းအားဖြစ်စေမယ့် အိပ်ရာပတ်ဝန်းကျင်ကောင်းအောင်ချိန်ညှိတာ … စသဖြင့် အမျိုးမျိုးလုပ်ပါ။ တကယ်လို့ မရရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးစားသင့်ရင်စားရပါမယ်။
လေ့ကျင့်ခန်းလုပ်ပါ - ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းနေ့တိုင်းတစ်မျိုးမဟုတ်တစ်မျိုးလုပ်ပါ။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေလှုပ်ရှားနေတာက စွမ်းအင်တွေလောင်ကျွမ်းစေပြီး ဦးနှောက်ထဲ ချမ်းမြေ့သက်သာစေတဲ့ဓာတ်ကိုထွက်စေပါတယ်။ ဘယ်လောက်ပဲသေးငယ်တဲ့လေ့ကျင့်ခန်းဖြစ်စေ စွဲစွဲမြဲမြဲပုံမှန်လုပ်ကြည့်ပါ။
အသက်၀၀ရှူပါ - ၀၀နဲ့ရင်ခေါင်းတစ်ခုလုံးသုံးပြီးအသက်ရှူတဲ့နည်းက အကြည်ဓာတ်ကလေးရှိစေပါတယ်။ ဝင်သက်နဲ့ထွက်သက်ကို အချိန်တူနိုင်သမျှတူအောင်လုပ်ပါ။ နေ့စဉ် စိတ်နှစ်အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းကြောင့် စိုးရိမ်ကြောင့်ကြစိတ်နဲ့ စိတ်ဓာတ်ကျခြင်းလက္ခဏာရပ်တွေကို သိသာစွာပဲလျှော့ချပေးနိုင်ပါတယ်။
ရယ်မောပါ - သင့်အနေနဲ့ စိုးရိမ်ကြောင့်ကြမှုများနဲ့ ဘဝမှာပိတ်မိနေတယ်၊ ရယ်မောစရာရှာမတွေ့ဘူး တာမှန်ပါတယ်။ ဒါပေမဲ့ အဲဒီအခြေအနေအပေါ်ပဲ ရယ်ပွဲဖွဲ့ကြည့်ပါ။ စိတ်လွတ်လပ်လွတ်ရယ်မောပြီးနောက် ခဏလေးပဲဖြစ်ဖြစ် ပေါ့ပါးသွားမှုကိုရအောင်ယူတတ်ကြည့်ပါ။
ဆွပေးမယ့်အရာတွေကိုရှောင်ပါ - ဘယ်လိုအခြေအနေမျိုးမှာ၊ ဘယ်လိုလူတွေနဲ့တွေ့ဆုံတဲ့အခါမျိုးမှာ ကိုယ့်ရဲ့စိုးရိမ်ပူပန်စိတ်တွေတိုးပြီး ထိတ်ထိတ်ပျာပျာ အယောင်ယောင်အမှားမှားတွေဖြစ်စေသလဲဆိုတာ သင့်ကိုယ်သင်သိအောင်အရင်လုပ်ပါ။ သင့်ရဲ့စိုးရိမ်ပူူပန်စိတ်တွေကို သင်မထိန်းချုပ်နိုင်သေးခင်၊ မလျှော့ချနိုင်သေးခင် အဲဒီလိုအခြေအနေ၊ လူတွေနဲ့ ထိပ်တိုက်တွေ့တာမျိုးကိုရှောင်ပါ။
တခြားသူတွေနဲ့ဆက်သွယ်မှုလုပ်ပါ - ထီးတည်းတည်းဖြစ်နေတာက စိုးရိမ်ကြောင့်ကြမှုကို တွန်းအားပေးဆွနိုင်တဲ့အရာဖြစ်သလို အဲဒါရဲ့လက္ခဏာတစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေသူငယ်ချင်းမိသားစုနဲ့ စကားပြောပါ။ ဒီလိုပြောလို့ စိတ်ထဲထိခိုက်တယ်ဆိုဦးတော့ ပြောပါ။ လူတွေနဲ့နီးနီးကပ်ကပ်နေထိုင်ဆက်ဆံပါ။ စကားများများမပြောချင်ဘူးဆိုရင်တောင်မှာ အိမ်မှာ၊ ကိုယ့်အနီးအနားမှာ တစ်ယောက်ယောက်ရှိနေတယ်ဆိုတဲ့အသိရအောင် နေထိုင်ပါ။ ဒါက စိုးရိမ်ကြောင့်ကြစိတ်ကို ပြေလျော့စေပါတယ်။
App တွေလည်းရှိပါတယ် - လူငယ်လူကြီးမကျန် အလွှာတိုင်း၊ လူတန်းစားတိုင်းက လူများစွာက စိုးရိမ်ကြောင့်ကြမှုတွေ၊ စိတ်ဖိစီးမှုတွေခံစားနေကြရတာပါ။ ဒီအတွက် သင့်အနေနဲ့ ကိုယ်တိုင်က စိုးရိမ်ကြောင့်ကြမှုတွေ၊ စိတ်သောကတွေရောက်နေတာလား၊ စိတ်ဖိစီးနေတာလား၊ စိတ်ဓာတ်ကျနေတာလား စသဖြင့် ကိုယ့်လက္ခဏာရပ်တွေကိုသိပြီး လိုအပ်တဲ့အကူအညီနဲ့ ဖြေလျော့အောင်လုပ်နည်းတွေကိုသိနိုင်ဖို့ App တွေကလည်း ကူညီပေးနိုင်ပါတယ်။ Happify ၊iSleep Easy ၊SuperBetter ၊ Youper AI နဲ့ အခြားသော App များစွာရှိပါတယ်။ Free ရော၊ Paid ပါ ရှိပါတယ်။
Ref : thehealthy.com, Internet