ဒုတိယအကြိမ်မြောက် ASEAN-Myanmar Forum

aseanmyanmar1

Singapore Institute of International Affairs (SIIA) က ကြီးမှူးပြီး International Enterprise Singapore ၊ RVi Institute နဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တို့ရဲ့ ပံ့ပိုးမှုနဲ့ ဒုတိယအကြိမ်မြောက် ASEAN-Myanmar Forum ကို ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၈ ရက်က ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ 'မြန်မာနိုင်ငံသစ်နှင့် မိတ်ဆက်တွဲညီရှေ့ဆက်ချီ' ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲမှာ အစိုးရသစ်ရဲ့ ဦးဆောင်မှုအောက်မှာ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် စီမံကိန်းများ၊ အနာဂတ်စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု၊ မြန်မာနိုင်ငံနှင့် စီးပွားရေးလက်တွဲလုပ်ဆောင်ခြင်းကို အားပေးမြှင့်တင်မှုများ စတာတွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။

aseanmyanmar2

Mitsubishi UFJ Financial Group (MUFG) ရဲ့ အထွေထွေမန်နေဂျာဖြစ်သူ Mr. Yatoro Agari က ''တစ်ကမ္ဘာလုံးမှာ တိုးတက်ဖြစ်ပေါ်နေတဲ့ အမျိုးသားအကျိုးစီးပွားကာကွယ်မှုနဲ့ အာရှမှာ များပြားလာတဲ့ ပြိုင်ဆိုင်မှုတို့ကို နောက်ခံထားပြီး မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုခြင်းနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေကို သေချာဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ MUFG အနေနဲ့ မြန်မာနိုင်ငံရဲ့ ငွေကြေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒေသတွင်းနိုင်ငံတွေအကြား ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိုမိုတိုးတက်လာစေဖို့ လိုအပ်တဲ့အထောက်အပံ့တွေကို ဆက်လက်ပံ့ပိုးသွားချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုခရီးစဉ်ဟာ စတင်နေပြီဖြစ်ပြီး ကျွန်တော်တို့ လုပ်ပေးနိုင်တာတွေ ကူညီပေးနိုင်တာတွေ အများကြီးရှိနေပါတယ်။'' လို့ ပြောကြားခဲ့ပါတယ်။ Shwe Taung Group ရဲ့ CEO ဖြစ်သူ Mr. Aung Zaw Naing  က ''နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဟာ ငွေအရင်းအနှီးနဲ့ ကျွမ်းကျင်မှုတွေကို ပံ့ပိုးပေးနိုင်တဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍတွေက ပါဝင်နိုင်တဲ့အပြင် မြန်မာနိုင်ငံမှာ ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်မှုကိုလည်း ဖြစ်ထွန်းစေမှာဖြစ်ပါတယ်။ Shwe Taung Group အနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုတဲ့အပြင် နိုင်ငံခြားကုမ္ပဏီတွေနဲ့ တွဲဖက်ပြီး စွမ်းအင်၊ အခြေခံအဆောက်အအုံနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေလိုမျိုး အခြေခံအဆောက်အအုံတည်ဆောက်မှုနဲ့ ဆက်နွယ်နေတဲ့ကဏ္ဍတွေမှာ အတူလုပ်ဆောင်သွားဖို့ ကြီးမားတဲ့အလားအလာကို တွေ့ရှိရပါတယ်။ ဒီကဏ္ဍတွေဟာ အလုပ်အကိုင်တွေကို ဖန်တီးနိုင်တဲ့အပြင် မြန်မာနိုင်ငံရဲ့ ပြည်ပကသွင်းကုန်တွေအပေါ် မှီခိုနေမှုကို လျှော့ချပေးမှာဖြစ်ပြီး မြန်မာ့ကုန်သွယ်ရေး လိုငွေပြမှုကို လျော့နည်းစေမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်များဖန်တီးပေးခြင်းနှင့် စီးပွားရေးဖွံ့ဖြိုးမှုကို တွန်းအားပေးခြင်းသာမက နေထိုင်မှုအဆင့်အတန်းများကိုပါ တိုးတက်စေတဲ့အတွက် အခုလက်ရှိဆောင်ရွက်နေတဲ့ တန်ဖိုးနည်းအိမ်ရာစီမံကိန်းကို ရှေ့လာမယ့်နှစ်တွေအတွင်း အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားပါမယ်'' လို့ ပြောကြားခဲ့ပါတယ်။

aseanmyanmar3

Yoma Strategic Holdings Limited ရဲ့ CEO ဖြစ်သူ Mr. Melvyn Pun က ''ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေနဲ့ ငွေကြေးကဏ္ဍတွင် ထိန်းချုပ်မှုတွေကို လျော့ပေါ့ပေးခြင်း၊ စိုက်ပျိုးရေးတွင် ခေတ်မီလာခြင်းနှင့် နည်းပညာများတိုးတက်လာခြင်းတို့ကြောင့် စီးပွားရေးကဏ္ဍမှာ အလွန်ကြီးမားတဲ့ အခွင့်အလမ်းတွေ ရှိလာပါတယ်။ မြန်မာအစိုးရကလည်း အရာမရောက်တဲ့ စည်းကမ်းနည်းတွေကို လျှော့ချခြင်း၊ စည်းမျဉ်းများကို ပိုမိုကောင်းမွန်စေခြင်းတို့လို အနာဂတ်အတွက် အတိတ်ကောင်း နိမိတ်ကောင်းများကိုပေးမယ့် အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေကို ဆောင်ရွက်နေတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်''လို့ ပြောကြားခဲ့ပါတယ်။ PWC Myanmar ရဲ့ Managing Director ဖြစ်သူ Mr. Ong Chao Choon က ''မြန်မာ့စီးပွားရေးမှာ တံခါးဖွင့်လုပ်ဆောင်လာခြင်းကို ရေရှည်အမြင်နဲ့ ကြည့်ရမှာဖြစ်ပါတယ်။ တရုတ်နဲ့ ဗီယက်နမ်တို့ နှစ်နိုင်ငံစလုံးဟာ ဆယ်စုနှစ်နှစ်စုခန့် အချိန်ယူခဲ့ရပြီး အတက်အကျတစ်ချို့နဲ့လည်း ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ငါးနှစ်အတွင်းမှာသာရှိသေးပြီး ၂၀၁၂ ခုနှစ်ကစလို့ မြန်မာနိုင်ငံရဲ့ လျင်မြန်တဲ့ပြောင်းလဲမှုနဲ့ ဖွံ့ဖြိုးတိုးတက်လာမှုတို့ကို အနီးကပ်မျက်မြင်တွေ့ပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေခံမူဝါဒတွေဟာ ခိုင်မာဆဲဖြစ်ပြီး သူ့ရဲ့ရေရှည်အလားအလာများကို ယုံကြည်ပါတယ်။ အခုအချိန်ဟာ ရေရှည်တည်တံ့ခိုင်မြဲမယ့် ဖွံ့ဖြိုးမှုအတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေခံအုတ်မြစ်ကို တည်ဆောက်ဖို့ လျင်မြန်စွာလှုပ်ရှားဆောင်ရွက်ရမယ့် အချိန်ဖြစ်ပါတယ်။ Soft Infrastructure (စီးပွားရေး၊ ကျန်းမာရေး၊ ငွေရေးကြေးရေး၊ ယဉ်ကျေးမှုကဏ္ဍဆိုင်ရာအခြေခံ အဆောက်အအုံရော Hard Infrastructure (လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံ) ပါ ဖွံ့ဖြိုးလာခြင်း၊ ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများ အရှိန်အဟုန်မြင့်လာခြင်း၊ စီးပွားရေးလုပ်ငန်းကို လွယ်ကူချောမွေ့စေအောင် ကြိုးနီစနစ်ကို လျော့ချခြင်း၊ နိုင်ငံတော်စီမံကိန်းများကို ငွေကြေးပံ့ပိုးဖို့ အခွန်ဘဏ္ဍာကောက်ခံမှု တိုးတက်လာစေခြင်းနဲ့ အများပြည်သူများအတွက် တန်ဖိုးနည်းအိမ်ရာများဆောက်လုပ်ခြင်း စတာတွေဟာ ဦးစားပေးလုပ်ဆောင်ရမယ့် ကိစ္စတွေမှာ ပါဝင်သင့်ပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။

aseanmyanmar4


aseanmyanmar5

Associate Professor Mr. Simon Tay

Chairman

Singapore Institute of International Affairs

လက်ရှိအစိုးရလက်ထက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့နေရတုန်း ဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ သုံးသပ်ပေးပါ . . .

မြန်မာအစိုးရဟာ ကဏ္ဍပေါင်းစုံမှာ စိန်ခေါ်မှုအများအပြားကို ရင်ဆိုင်နေရပြီး အားလုံးကို တစ်ပြိုင်နက်တည်း ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ စိတ်ရှည်သည်းခံမှုနဲ့ ဇွဲလုံ့လဝီရိယထားပြီး လက်ရှိမြန်မာနိုင်ငံတွေ့ကြုံနေရတဲ့ စိန်ခေါ်မှုတွေအပေါ် ယထာဘူတကျကျ ရှုမြင်သုံးသပ်ချက်နဲ့ အဆင်သင့်ရှိနေရပါမယ်။

အခုလက်ရှိ Government မှာ Handover Issue ရှိနေတယ်။ နောက်ခြောက်လကနေ တစ်နှစ်အတွင်း Handover Issue တွေ ပြီးသွားတဲ့အခါကျရင်တော့ Process တွေကို စနစ်တကျအကောင်အထည်ဖော်တဲ့ဘက် ရောက်သွားမယ်လို့တော့ မျှော်လင့်ပါတယ်။ အခုလောလောဆယ်မှာက Transition Period ဖြစ်နေတဲ့အတွက် Investment ပိုင်းမှာ အဲဒီလောက်ကြီးတိုးတက်မလာသေးဘူးလို့ သုံးသပ်ပါတယ်။ လုပ်နေတဲ့လုပ်ငန်းတွေအားလုံးက ပိုပြီးတော့ ထိထိရောက်ရောက် ဖြစ်သင့်တယ်။ အဲဒါဆိုရင်တော့ ပိုပြီးအဆင်ပြေသွားပါလိမ့်မယ်။ လက်ရှိ Government မှာ Handover Process လုပ်နေရတဲ့အတွက် လောလောဆယ်တော့ စိန်ခေါ်မှုတွေ တွေ့နေရဆဲပါပဲ။

မြန်မာအစိုးရအနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ ဘယ်အရာတွေကို ဂရုပြုဖို့ လိုအပ်ပါသလဲ . . .

မြန်မာအစိုးရအနေနဲ့ ပိုပြီးတော့အသေးစိတ်ကျသင့်တယ်။ ပိုပြီးတော့ စနစ်တကျသွားသင့်တယ်။ လုပ်တော့ လုပ်နေပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ နည်းနည်းလိုနေပါသေးတယ်။ ဆုံးဖြတ်ချက်ချမယ်။ အကောင်အထည်ဖော် ဆောင်ရွက်မယ်။ အဲဒါမျိုးလုပ်ဖို့ လိုအပ်ပါတယ်။ အခုက လမ်းကြောင်းပေါ်တော့ ရောက်နေပါပြီ။ ပိုပြီးအသေးစိတ်ဆောင်ရွက်ဖို့နဲ့ အင်အားစိုက်ထုတ်ဖို့ အစိုးရကို တိုက်တွန်းချင်ပါတယ်။ ဒါအပြင် ဘယ်အပိုင်းကို မြန်မာလူမျိုးတွေကို ရင်းနှီးမြှုပ်နှံဖို့ပေးမယ်၊ ဘယ်အပိုင်းကိုတော့ နိုင်ငံခြားသားတွေကို ရင်းနှီးမြှုပ်နှံဖို့ပေးမယ်ဆိုတာမျိုးကို တိတိကျကျ လုပ်ဆောင်သင့်ပါတယ်။