မြန်မာနိုင်ငံရဲ့အတိတ်၊ ပစ္စုပ္ပန်နဲ့အနာဂတ် အကြောင်းအရာတွေကို ဆွေးနွေးပြီး စိတ်ခွန်အားတွေကို ပေးစွမ်းမယ့် ပွဲလို့ ဆိုထားတဲ့ TEDxYangon ကို ဒုတိယအကြိမ်အဖြစ် ပြန်လည်ကျင်းပမယ့်အကြောင်း သတင်းစာရှင်းလင်းပွဲကို TEDxYangon က ကြီးမှူးပြီး ၂၀၀၇ ခုနှစ်၊ မတ်လ ၂၄ ရက်က ရန်ကုန်မြို့၊ Rose Garden Hotel မှာ ကျင်းပခဲ့ပါ တယ်။ ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံမှာ TEDx အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးနောက် ပွဲစီစဉ်သူတွေဟာ အရင်နှစ်ကတက်ရောက်ခဲ့တဲ့ လူဦးရေ သုံးရာကျော်ရဲ့ နှစ်ဆဖြစ်တဲ့ ခန့်မှန်းခြေ လူခြောက်ရာကျော် တက်ရောက်မယ့် ဒုတိယအကြိမ် TEDxYangon ပွဲကို ထပ်မံကျင်းပဖို့ စီစဉ်နေကြတယ်လို့သိရပါတယ်။
'လူမျိုးပေါင်းစုံ၊ အတွေးအမြင်ပေါင်းစုံနှင့် အတွေ့အကြုံပေါင်းစုံတို့ဖြင့် ဖွဲ့စည်းထားခြင်း' လို့ အဓိပ္ပာယ်ရတဲ့ ဆောင်ပုဒ်နဲ့အတူ ၂၀၁၇ ခုနှစ် အခမ်းအနားကို ၂၀၁၇ ခုနှစ်၊ မေလ ၂၁ ရက်မှာ ရန်ကုန်မြို့ Rose Garden Hotel ၊ မှာ ကျင်းပမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်အကြောင်းအရာတွေကို ထုတ်ဖော် ဆွေးနွေးပြီး အတွေးအမြင်တွေကို စိတ်အားထက်ထက် သန်သန်နဲ့ ပွင့်ပွင့်လင်းလင်း မျှဝေနိုင်ဖို့ရည်ရွယ်ထားတယ်လို့ သိရပြီး ၂၀၁၆ ခုနှစ်မှာ ကျင်းပခဲ့တဲ့ TEDx InyaLake အခမ်းအနားရဲ့ အောင်မြင်မှုအရ အခုနှစ် အခမ်းအနားဖြစ်တဲ့ TEDx ပွဲအမည်မှာ “Yangon”ကို တရားဝင်ထည့်သွင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
TEDx Yangon ပွဲစီစဉ်ဦးဆောင်သူ ဒေါ်သီရိသန့်မွန်က ''တိုင်းပြည်ကို ပိုပြီးတိုးတက်လာအောင် ကူညီပေးဖို့အတွက် မြန်မာလူမှုအသိုင်းအဝိုင်းကြားထဲမှာ စိတ်ဓာတ်ခွန်အားတွေကို အားပေးလှုံ့ဆော်နိုင်မယ့် အတွေးအမြင်တွေ ဖလှယ်နိုင်ဖို့ဖြစ်ပြီး မနှစ်ကပွဲလုပ်တုန်းက စိတ်အားထက်သန်မှုအရှိန်တွေလည်း ထပ်ပြီးခိုင်မာအောင်လုပ်ဖို့ဒီနှစ်ပွဲကို စီစဉ်ရတာဆိုတော့ ကျွန်မတို့အနေနဲ့လည်း စိတ်လှုပ်ရှားမိပါတယ်။ ဒီနှစ်မှာ ဟောပြောသူအနေနဲ့လျောက်ထားတာ တစ်ရာကျော်ရှိနေလို့ကျွန်မတို့အဖွဲက ဟောပြောသူ ၁၆ ဦးလောက်ပဲ ကျန်တဲ့အထိ လျော့ချနိုင်ဖို့ဒီလတွေအတွင်း ဂရုတစိုက်ရွေးချယ်ခဲ့ပါတယ်။ ကျွန်မတို့ရဲ့ ဟောပြောသူတွေက အကြောင်းအရာ၊ အတွေ့အကြုံ အမျိုးမျိုးကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်တဲ့သူတွေဆိုတော့ သူတို့ရဲ့စိတ်ကူးတွေကိုနားထောင်ဖို့ကျွန်မတို့လည်း အင်မတန်စိတ်လှုပ်ရှားနေမိပါတယ်။ ကျွန်မတို့အနေနဲ့ အပြုသဘောဆောင်တဲ့ အတွေးအမြင်တွေကို အချင်းချင်းဖလှယ်နိုင်တဲ့နေရာတစ်ခု ဖန်တီးပေးနိုင်ဖို့နဲ့TED ရဲ့ ဟောပြောချက်တွေ၊ Online မှာရှိတဲ့ တခြား သတင်းအချက်အလက်န ဲ့ပညာရေးဆိုင်ရာအရင်းအမြစ်တွေကနေ ရရှိလာမယ့် စိတ်ကူးတွေ၊ တီထွင်ဆန်းသစ်မှုတွေကို မြန်မာ့လူမှုအဖွဲ့အစည်းကြားမှာ ချပြနိုင်ဖို့အတွက် လည်း ကို မြန်မာနိုင်ငံထဲ သယ်ဆောင်ချင်ခဲ့တာပါ'' လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
TEDxYangon ကို တက်ရောက်လိုသူတွေအနေနဲ့ ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်ကစပြီး www.shop.com.mm မှာ လက်မှတ်ဝယ်ယူနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ လူတစ်ဦးလက်မှတ်တစ်စောင် ကို မြန်မာကျပ်ငွေ ၁၃၅,၀၀၀ ကျပ် သတ်မှတ်ထားပြီး အဲဒီလက်မှတ်ဟာ ဟောပြောမှုအားလုံး၊ နေ့လယ်စာ၊ ခေတ္တနားချိန်ကော်ဖီမုန့် အပါအဝင် ညနေပိုင်း စားသောက်ဖွယ်ရာတွေ အားလုံးအတွက် ပါဝင်ပြီးဖြစ်တယ်လို့ သိရပါတယ်။ TEDxYangon အခမ်းအနားကို နံနက် ၈ နာရီမှ ည ၈ နာရီအထိ ကျင်းပသွားမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။ Website မှ ဝယ်ယူသူတွေအနေနဲ့ နာမည်အပြည့်အစုံ ၊ emailလိပ်စာ၊ မိုဘိုင်းဖုန်းနံပါတ်၊ လက်မှတ်ပေးပို့ပေးရန် လိပ်စာတို့ကို အပြည့်အစုံဖြည့်သွင်းပေးရမှာဖြစ်ပြီး Shop.com.mm က လက်မှတ်များပို့ဆောင်ပေးသွားမှာဖြစ်ကာ လက်မှတ်လာရောက်ပေးချိန်တွင် တစ်ပါတည်း ငွေပေးချေရမှာဖြစ်ပါတယ်။
သတင်းစာရှင်းလင်းပွဲအပြီးမှာ TEDx Yangon ပွဲစီစဉ်ဦးဆောင်သူ ဒေါ်သီရိသန့်မွန်နဲ့တွေ့ဆုံမေးမြန်း ခွင့်ရခဲ့ပြီး မေလအတွင်း ပြုလုပ်သွားမယ့် ပွဲအကြောင်းအနည်းငယ်ကို သိရှိလေ့လာခွင့်ရခဲ့ပါတယ်။
TED Talk နဲ့TEDx အကြောင်းကို မြန်မာလူမျိုးတွေ နှံ့နှံ့စပ်စပ်သိအောင်ရှင်းပြပေးပါ။ နောက်ပြီးတော့ TEDx ကို မြန်မာနိုင်ငံမှာ ကျင်းပတဲ့အခါ ဘယ်လိုမျိုးအကျိုးကျေးဇူးတွေ ရနိုင်ပါသလဲ။
TED ဆိုတာ Technology ၊ Entertainment ၊ Design ကို ကိုယ်စားပြုပြီး စတင်ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဥပမာ- Technology Conference ဆို Technology အကြောင်းပဲပြောတယ်။ Entertainment အကြောင်းဆို နဲ့ဆိုင်တဲ့ Conference တွေမှာပဲကြားသိခွင့်ရမယ်။ ဒီတော့ အကြောင်းအရာမျိုးစုံကို မျှဝေပေးတဲ့ သဘောမျိုးဖြစ်လာခဲ့ပါတယ်။ ကဏ္ဍပေါင်းစုံ၊ ရှုထောင့်မျိုးစုံက အတွေ့အကြုံ၊ အတွေးအမြင်ပေါင်းများစွာကို သိရှိခွင့်ရနိုင်ပါတယ်။ ကမ္ဘာ့ပညာရှင်ကြီး တွေဖြစ်တဲ့ Bill Gates တို့တွေဟာ ဒီ TED Talk ကို နှစ်စဉ်တက်ရောက်အားပေးကြပါတယ်။ အစပိုင်းမှာ TED Talk တွေကို Conference တက်တဲ့လူတွေပဲ နားထောင်ခွင့် ရရှိခဲ့တယ်။ နောက်ပိုင်းမှာ TED Talk Videos တွေကို ကမ္ဘာတစ်ဝန်းက လူတွေသိရှိခွင့်ရအောင် You Tube မှာ လွှင့်ပေးခဲ့ပါတယ်။ ဒီအစီအစဉ်က TED Talk Show ပွဲ တက်ရောက်ဖို့ မအားလပ်သူတွေ၊ ငွေကြေးမတတ်နိုင်သူတွေအတွက် အစီအစဉ်ကောင်းတစ်ရပ်ဖြစ်လာပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်တာကာလမှာ TEDx ဆိုပြီး ပေါ်လာပါတယ်။ x ဆိုတာ Independently Organized လို့အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့် ကျွန်မတို့လုပ်ခဲ့တဲ့ TEDxInyalake ပွဲဟာ TED က လုပ်တာမဟုတ်ပါဘူး။ TED ကနေလိုင်စင်ပေးပြီး ခွင့်ပြုထားတဲ့ပွဲ ဖြစ်ပါတယ်။ သူတို့ရဲ့ TED Platform ကို သုံးတဲ့အတွက်ကြောင့် Guidelines တွေ အများကြီးသတ်မှတ်ထားပါတယ်။ အတွေ့ အကြုံရင့်ကျက်တဲ့သူတွေဆီကနေ အတွေးအခေါ်တွေကို သိရှိခွင့်ရရင် တိုင်းပြည်တစ်ပြည်လုံးအတွက် အကျိုးကျေးဇူးရနိုင်မယ်ဆိုတဲ့ ခံယူချက်န ဲ့ ပွဲ လုပ်နေတာပဲ ဖြစ်ပါတယ်။ TED ရဲ့ ညွှန်ကြားချက်အရ ကျွန်မတို့TEDx ပွဲကရလာတဲ့ Video တွေ အကုန်လုံးကို TED You Tube မှာ တင်ရပါတယ်။
မနှစ်ကကျင်းပခဲ့တဲ့ TEDxInyalake ပွဲမှာ နိုင်ငံခြားသားတွေ အများဆုံးတက်ရောက်တာကို တွေ့ရပါတယ်။ ဒီတော့ မြန်မာလူမျိုးတွေ ဒီ TED Talk Shows တွေနဲ့ ရင်းနှီးကျွမ်းဝင်လာအောင် ဘယ်လိုမျိုးလုပ်ဆောင်သွားဖို့ရှိပါသလဲ။
မနှစ်ကမှစလုပ်တာဆိုတော့ Result က ဘယ်လိုဖြစ်မယ်မှန်း မသိခဲ့ဘူးပေါ့။ Facebook Page မှာ အင်္ဂလိပ်၊ မြန်မာဘာသာစကားနှစ်မျိုးနဲ့ကြေညာခဲ့ပါတယ်။ တကယ်တမ်း လက်မှတ်ရောင်းတော့ Foreginer တွေနဲ့နိုင်ငံခြား မှာနေခဲ့ဖူးတဲ့ မြန်မာလူမျိုးတွေပဲ အများဆုံးဝယ်ယူတာ တွေ့ရပါတယ်။ မနှစ်ကလည်း ခုလိုပဲ သတင်းစာရှင်းလင်း ပွဲလုပ်တော့ English Language Paper တွေထုတ်တဲ့ Media တွေပဲ အများဆုံးလာကြပါတယ်။ ဒီနှစ်အတွက် သတင်းစာရှင်းလင်းပွဲမှာတော့ မြန်မာဘာသာစကား News Outlet တွေကို အဓိကထားဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ Marketing ပိုင်းမှာလည်း မြန်မာဘာသာစကားကို အလေးပေးပြီး လုပ်သွားဖို့ရှိပါတယ်။ နောက်ပြီး TED Talk တွေကို Translate လုပ်ဖို့ Translation Drive လုပ်နေတုန်းပဲဖြစ်ပါတယ်။ ဒါကြောင့် အိမ်မှာပဲနေပြီး ဘာသာပြန်ချင်တဲ့ လုပ်အားပေးဘာသာပြန်တွေရှိရင်လည်း ကျွန်မတို့ဆီ ဆက်သွယ်နိုင်ပါတယ်။ TEDxYangon ပွဲမတက်ဖြစ်တဲ့ သူတွေအတွက် ကျွန်မတို့က Facebook Page မှာ Live Stream လုပ်ပေးသွားပါမယ်။ ဖြစ်နိုင်ရင် Broadcasting လွှင့်ပေးချင်ပါတယ်။ ဒါပေမဲ့ TED က Nonprofit Organization ဆိုတော့ Broadcast ရောင်းပြီး ရန်ပုံငွေ ရှာပါတယ်။ ဒီတော့သူတို့က Broadcast ပိုင်းကို ထိန်းချုပ်ထားတယ်။ Live လွှင့်တဲ့အပိုင်းမှာလည်း ၂၄ နာရီ နောက်ပိုင်းဆို လွှင့်ခွင့်မရှိတော့ပါဘူး။
Speakers အယောက်တစ်ရာကျော် လျောက်ထားတာကို ဘယ်လိုမျိုး စိစစ်ရွေးချယ်ခဲ့ပါသလဲ။
Idea က စိတ်ဝင်စားစရာကောင်းလား၊ အဲဒီ idea တွေ နားထောင်လိုက်ရင် အကျိုးအမြတ်တွေ ရလာမလား၊ အ ချိန်တိုလေးအတွင်းမှာ လူတွေရဲ့စိတ်ထဲ နက်နက်ရှိုင်းရှိုင်း ဝင်သွားအောင် ဟောပြောနိုင်မယ့်သူလား အစရှိတဲ့ အချက်တွေနဲ့ ချိန်ဆပြီး ရွေးချယ်ခဲ့ပါတယ်။ ကဏ္ဍမျိုးစုံက အကြောင်းအရာတွေကို သိရှိခွင့်ရနိုင်အောင် စိစစ်ရွေးချယ်ထားပါတယ်။