၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်တွေအတွင်း မြန်မာနိုင်ငံရဲ့ လူမှုစီးပွားရေးကဏ္ဍမှာ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ကူညီထောက်ခံမှုတွေအများကြီးရခဲ့သလို တချို့နေရာတွေမှာ နိုင်ငံတကာရဲ့ ကြီးမားတဲ့ဖိအားတွေကို ခံခဲ့ရတာလည်း အမှန်ပါပဲ။ အစိုးရသစ်လက်ထက်မှာ စီးပွားရေးအခြေအနေတွေ၊ မူဝါဒတွေအပေါ် ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ မေးခွန်းထုတ်မှုတွေလည်း ရှိနေခဲ့ပါတယ်။ တချို့ ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်တွေနဲ့ စီးပွားရေးပညာရှင်တွေကတော့ ၂၀၁၇ ခုနှစ်အတွင်း စီးပွားရေးကျဆင်းမှု၊ တိုးတက်နှုန်း ရပ်တန့်မှုတွေ ရှိခဲ့တယ်လို့ ပြောဆိုကြတာတွေရှိတယ်။ ဒါပေမယ့် နိုင်ငံရဲ့ဘယ်လိုကဏ္ဍတွေမှာ ဘယ်လိုမျိုးအခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ရပြီး တကယ့်အချက်အလက် Figure တွေ၊ ခန့်မှန်းချက်တွေက ဘယ်လိုညွှန်ပြနေလဲဆိုတာကို ပြန်ကြည့်ဖို့လည်း လိုပါတယ်။ နောက်ပြီး ဒီလိုအတွေ့အကြုံအနေအထားတွေပေါ်မူတည်ပြီး ၂၀၁၈ နဲ့ နောက်ပိုင်း မြန်မာ့စီးပွားရေးအသိုက်အဝန်း ကောင်းမွန်စွာဖွံ့ဖြိုးလာအောင်နဲ့ နိုင်ငံတကာမှာ မြန်မာ့စီးပွားရေး ရေမြေအနေအထားအပေါ် နာမည်ကောင်းရ ယုံကြည်မှုတိုးပွားလာအောင် Public ၊ Private Sector တွေအနေနဲ့ ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေ လုပ်သင့်သလဲဆိုတာကို ပညာရှင်၊ လုပ်ငန်းရှင်တွေနဲ့ သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်သူတွေရဲ့ အကြံပြုချက်တွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။
၂၀၁၇ ခုနှစ် မြန်မာ့စီးပွားရေးအပေါ် ခြုံငုံသုံးသပ်ချက်
-------------
၂၀၁၇ ခုနှစ် မြန်မာနိုင်ငံစီးပွားရေးအကြောင်းမပြောခင် ၂၀၁၇ ခုနှစ် ကမ္ဘာ့စီးပွားရေးအခြေအနေကို WorId Bank နဲ့ IMF တို့က သုံးသပ်ထားတဲ့ သုံးသပ်ချက်တွေကို အရင်ပြောပါမယ်။ IMF ရဲ့ သုံးသပ်ချက်အရ ၂၀၁၆ ခုနှစ်မှာ တစ်ကမ္ဘာလုံးရဲ့ စီးပွားရေးတိုးတက်မှုက ၃.၁ ရာခိုင်နှုန်းရှိပြီး ၂၀၁၇ ခုနှစ်မှာ ၃.၆ ရာခိုင်နှုန်း ဖြစ်လာတယ်။ အဲဒီလိုဖြစ်တဲ့အတွက်ကြောင့် ဝ.၅ ရာခိုင်နှုန်းလောက် တစ်ကမ္ဘာလုံးစီးပွားရေးတက်ပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက်ကတော့ နည်းနည်းနိမ့်တယ်။ ၂၀၁၆ ခုနှစ်မှာ တစ်ကမ္ဘာလုံးရဲ့ စီးပွားတိုးတက်မှုနှုန်းက ၂.၄ ပဲရှိတယ်။ ၂၀၁၇ ခုနှစ်မှာ ၂.၇ ရှိတယ်။ အဲဒီအတွက် တစ်ကမ္ဘာလုံးရဲ့ စီးပွားရေးက ဝ.၃ ရာခိုင်နှုန်း တက်တယ်။
အာဆီယံကိုပြန်ကြည့်လိုက်လို့ရှိရင် အာဆီယံက ၂၀၁၆ ခုနှစ်မှာ တိုးတက်မှုနှုန်း ၄.၆ ရှိတယ်။ ၂၀၁၇ ခုနှစ်မှာ ၄.၈ ဆိုတဲ့အတွက်ကြောင့် ဝ.၂ ရာခိုင်နှုန်းလောက် အာဆီယံက တက်တယ်။
ခြုံကြည့်လိုက်ရင် တစ်ကမ္ဘာလုံးစီးပွားရေးက ၂၀၁၆ ခုနှစ်နဲ့စာရင် နည်းနည်းတက်တယ်။ အာဆီယံရဲ့ စီးပွားရေးလည်း ၂၀၁၆ ခုနှစ်နဲ့စာရင် နည်းနည်းတက်တယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ပတ်သက်ပြီးတော့ IMF Indicator တွေ ပြန်ကြည့်လိုက်ရင် ၂၀၁၆ ခုနှစ်မှာ မြန်မာ့ရဲ့စီးပွားရေး GDP Growth က ဒီ ၅.၉ ရာခိုင်နှုန်းပဲ ရှိတယ်။ ၂၀၁၇ ခုနှစ်မှာ သူက ၆.၇ လောက် ဖြစ်တယ်လို့ မှန်းတယ်။ IMF ရဲ့ ခန့်မှန်းချက်အရဆိုရင်တော့ မြန်မာ့စီးပွားရေးက တက်တယ်၊ WorId Bank ခန့်မှန်းချက်ကတော့ ၂၀၁၆ ခုနှစ်မှာ ၅.၉၊ ဒါပေမဲ့ ၂၀၁၇ ခုနှစ်မှာ ၆.၄ လောက်မှန်းတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ စီမံကိန်းရေးဆွဲရေးဝန်ကြီးဌာနရဲ့ ခန့်မှန်းချက်ကတော့ ၂၀၁၆ ခုနှစ်ကတော့ ၅.၉ ပဲ။ ၂၀၁၇ ခုနှစ်မှာ သူက ၆.၇ လောက် မှန်းတယ်။
ကမ္ဘာ့ဘဏ်၊ IMF နဲ့ စီမံကိန်းရေးဆွဲရေးဦးစီးဌာနရဲ့ ခန့်မှန်းချက်နဲ့ တွက်ချက်မှုအရဆိုရင် မြန်မာ့စီးပွားရေးက ၂၀၁၆၊ ၂၀၁၇ ခုနှစ်မှာ နည်းနည်းလေး အကောင်းဘက်ကို ရောက်ပါတယ်။ ဒါကတွေ့ရှိတဲ့ Indicator တွေက ပြတဲ့အခြေအနေတွေပါ။
FDI မှာလည်း ၂၀၁၆ ခုနှစ်တုန်းက ၃.၆ ဘီလီယံလောက်ဝင်တယ်လို့ ကျွန်တော်တို့ အတည်ပြုလိုက်တယ်။ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလကုန်အထိမှာ ကျွန်တော်တို့ အတည်ပြုလိုက်နိုင်တာက ၄.၈ ဘီလီယံဆိုတော့ မနှစ်ကနဲ့ ယှဉ်လိုက်ရင် ဒီနှစ်အတည်ပြုပေးနိုင်တဲ့ FDI ပမာဏ အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံလောက် ပိုများနေတယ်။
မြန်မာနိုင်ငံနိုင်ငံသားတွေရဲ့ နိုင်ငံအတွင်း လုပ်ငန်းအတွက် ခွင့်ပြုချက်ရပြီးသား ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်ကြည့်လို့ရှိရင် မနှစ်ကနိုဝင်ဘာလကုန်ထိ မြန်မာကျပ်ငွေ ၃၃၁ ဘီလီယံပဲရှိတယ်။ ဒီနှစ်နိုဝင်ဘာလကုန်ကတော့ မြန်မာကျပ်ငွေ ၁.၄၇ ထရီလီယံရှိတာကို တွေ့ရတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလေးဆလောက် မနှစ်ကနဲ့စာရင် ပိုတက်လာတာကိုတွေ့ရပါတယ်။ ဒါတွေက ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ အခြေအနေတွေပါ။
ကုန်သွယ်မှုနဲ့ပတ်သက်တဲ့ အခြေအနေမှာလည်း ဒီနှစ်က ပို့ကုန်ရော သွင်းကုန်ရောတက်ပါတယ်။ ဒီနှစ် နိုဝင်ဘာလအထိဆိုရင် အမေရိကန်ဒေါ်လာ ဘီလီယံနှစ်ဆယ်ဖြစ်တယ်။ ဘီလီယံနှစ်ဆယ်လောက်မှာ ပို့ကုန်ပမာဏက အကြမ်းအားဖြင့် ကိုးဘီလီယံလောက်ရှိတယ်။ သွင်းကုန်က ၁၁ ဘီလီယံလောက် ရှိတယ်ဆိုတော့ မနှစ်ကနဲ့ ယှဉ်လိုက်ရင် ပို့ကုန်ရော၊ သွင်းကုန်ရောနှစ်ခုပေါင်းလိုက်ရင် လေးဘီလီယံလောက် တက်ပါတယ်။
၂၀၁၇ ခုနှစ်နဲ့ပတ်သက်တဲ့ Economic Indicator တွေရယ်၊ ဝင်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေရယ်၊ ကုန်သွယ်မှုရယ် ကြည့်လိုက်ရင် ၂၀၁၇ ခုနှစ်က ၂၀၁၆ ခုနှစ်ထက် အကောင်းဘက်ကို ဦးတည်တဲ့နှစ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ ဒီ ၂၀၁၇ ခုနှစ်မှာ ဘာဖြစ်လဲဆိုတော့ ကုန်သွယ်မှုနဲ့ပတ်သက်လာရင် ပဲနဲ့ပတ်သက်ပြီး ဝင်ငွေ သန်း ၂၈၀ လောက် မနှစ်ကနဲ့ယှဉ်ရင် လျော့တယ်။ ဒါပေမဲ့ ဒါကိုပြန်ပြီးတော့ ထိန်းညှိသွားတာ ဆန်ပါ။ ဒီနှစ်ဆန်က မနှစ်ကထက်ပိုပြီးတော့ ပို့နိုင်တယ်။ သန်း ၁၉၀ လောက်ရှိပါတယ်။ အဲဒီတော့ ကုန်သွယ်မှုမှာ ပဲနဲ့ဆန်က အလျှော့အတင်းလေး ပြန်ဖြစ်သွားတယ်။
အထက်မှာပြောခဲ့တာတွေကတော့ ၂၀၁၇ ခုနှစ်ရဲ့ အကြမ်းအားဖြင့်တွေ့တဲ့ အခြေအနေတွေပါ။ ဒါပေမဲ့ ၂၀၁၇ ခုနှစ်မှာ အကောင်းချည်းပဲလားလို့ မေးရင်လည်း အကောင်းချည်းပဲဖြစ်ခဲ့တာ မဟုတ်ဘူး။ ဥပမာ- ပဲကိစ္စ ဖြစ်တာက ကုန်သည်တွေ၊ လယ်သမားတွေထိပါတယ်။ ၂၀၁၇ ခုနှစ်ထဲမှာ Retail လုပ်ငန်းတွေကျတယ်။ ဘာကြောင့်သိသာလဲဆိုရင် အားလုံးက Promotion တွေနဲ့ အပြိုင်အဆိုင်လုပ်ရတယ်။ သူတို့ရောင်းအားတွေ ကျနေတာကိုတက်အောင် Promotion အပြိုင်အဆိုင်လုပ်ရတယ်။ ဒါကတော့ ကိန်းဂဏန်းနဲ့ပြလို့မရတဲ့ Indicator ဖြစ်သလို ဈေးကွက်မှာဖြစ်တဲ့ ဈေးကွက်ရဲ့ Reflection လည်း ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းနဲ့ပတ်သက်တဲ့ Industry လည်း ၂၀၁၆ ခုနှစ်နဲ့ယှဉ်ရင် ၂၀၁၇ ခုနှစ်က ကျတယ်။ အလားတူပဲကျန်တဲ့ Tourism နဲ့ဆက်စပ်တဲ့ လုပ်ငန်းတွေမှာလည်း ဒီနှစ်က မနှစ်ကလောက်မကောင်းဘူး။
စီးပွားရေးအရအရေးကြီးတဲ့ Sector ဖြစ်တဲ့ Real Estate ကဏ္ဍမှာလည်း ဈေးကွက်က အေးတယ်။ အေးပြီးတော့ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်ယှဉ်ရင် ဘာမှထူးထူးခြားခြား သိပ်ပြီးတော့ ကောင်းလာတာ မတွေ့ရဘူး။ နောက် တခြားဘာ Reflection တွေရှိလဲဆိုတော့ မြန်မာနိုင်ငံသားတွေ နိုင်ငံခြားကို အများကြီးထွက်တယ်။ နယ်စပ်ကလည်း ထွက်တယ်။ တရားဝင် Passport လျှောက်ပြီးတော့မှ အလုပ်အကိုင် အခွင့်အလမ်းတွေရှာပေးတဲ့ အေဂျင်စီတွေကနေထွက်ကြတယ်။ အလုပ်အကိုင်အခွင့်အလမ်းနဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေ မြန်မာနိုင်ငံမှာရှိနေပါတယ်။ နောက်တစ်ခုက ၂၀၁၆ ခုနှစ်နဲ့စာရင် ကုန်ဈေးနှုန်းတွေ တက်တယ်။
၂၀၁၇ ခုနှစ်ရဲ့ အခြေအနေက ကိန်းဂဏန်းတွေအရ ကြည့်လိုက်မယ်ဆိုရင် စီးပွားရေးတက်တယ်လို့ ပြောလို့ရသော်ငြားလည်းပဲ ကျွန်တော်တို့ရဲ့ ပကတိဖြစ်ပေါ်နေတဲ့ အခြေအနေမှာတော့ ကိန်းဂဏန်းနဲ့ ပြလို့မရတဲ့ အခြေအနေမှာ တက်တယ်လို့ပြောလို့မရပါဘူး။
ဒါပေမဲ့ ဘာကောင်းတာလေးတွေရှိလဲဆိုတော့ ၂၀၁၇ ခုနှစ်ထဲမှာ ရင်းနှီးမြှုပ်နှံမှုဥပဒေအသစ် ပြဋ္ဌာန်းနိုင်တယ်။ ပြဋ္ဌာန်းနိုင်တဲ့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ရကိုင်ရတာ ပိုလွယ်သွားတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ လုပ်ပိုင်ခွင့်တွေ ၂၀၁၇ ခုနှစ်၊ ဧပြီလမှာ ခွဲဝေပေးလိုက်တယ်။ အဲဒီတော့ တိုင်းဒေသတွေမှာရှိတဲ့ လုပ်ငန်းရှင်တွေ လုပ်ရကိုင်ရတာ ပိုလွယ်သွားတယ်။ အဲဒီတော့ ၂၀၁၇ ခုနှစ်ကတော့ အနာဂတ်ရဲ့ စီးပွားရေးတိုးတက်မှုအတွက် ကျွန်တော်တို့ အခြေခံကောင်းတချို့ကို ချပေးနိုင်ခဲ့တယ်။ ဒါ ၂၀၁၇ ခုနှစ်ရဲ့ ထူးခြားချက်လို့ ကျွန်တော် မြင်ပါတယ်။
၂၀၁၈ ခုနှစ်မှာ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ဘယ်လိုဖြစ်လာနိုင်လဲ။ မြန်မာနိုင်ငံရဲ့ စီးပွားရေးအလားအလာ
-------------------
ကမ္ဘာ့စီးပွားရေးက ၂၀၁၈ ခုနှစ်မှာ ၃.၇ လောက်တက်မယ်လို့ IMF က ခန့်မှန်းထားတယ်။ ကမ္ဘာ့ဘဏ်က ၂.၇ ကနေ ၂.၉ လောက်ထိ ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။ အာဆီယံတစ်ခုလုံးကလည်း ၂၀၁၇ ခုနှစ်မှာ ၄.၈ ရာခိုင်နှုန်း တိုးတက်တယ်။ ၂၀၁၈ ခုနှစ်မှာ ၅ ရာခိုင်နှုန်း တိုးတက်မယ်လို့ ပညာရှင်တွေ တွက်ဆထားတယ်။ အဲဒီတော့ အာဆီယံစီးပွားရေးရော၊ ကမ္ဘာ့စီးပွားရေးရောတက်မယ်။ မြန်မာ့စီးပွားရေးမှန်းဆချက်ကလည်း IMF ရော၊ ကမ္ဘာ့ဘဏ်ရော၊ ကျွန်တော်တို့ စီမံကိန်းရေးဆွဲရေးဦးစီးဌာနတွက်ဆချက်ရော အားလုံး ဝ.၃ ရာခိုင်နှုန်း ထပ်တက်ဦးမယ်လို့ ခန့်မှန်းထားတယ်ဆိုတော့ ပညာရှင်ပိုင်းတွက်ချက်မှုအရတော့ ၂၀၁၈ ခုနှစ်က မြန်မာပြည်စီးပွားရေးက ၂၀၁၇ ခုနှစ်ထက် ပိုတက်မယ့်နှစ်လို့ တွက်ချက်ထားတယ်။
ဒါပေမဲ့ တခြားသတိထားရမယ့်ကိစ္စလေးတွေ ရှိလာတယ်။ ဥပမာ- မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ အဓိကကျတဲ့ လယ်ယာကဏ္ဍ။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်ရဲ့လူဦးရေ အများစုနဲ့ဆက်စပ်နေတယ်။ လယ်ယာကဏ္ဍလို့ပြောရင် ဆန်ပဲရှိပါတယ်။ ဆန်နဲ့စာရင်ပဲက ပိုပြီးတော့ Impact ရှိတယ်။ ရှိတော့ ပဲဈေးကွက်နဲ့ပတ်သက်ပြီးပဲ Export တွက်ချက်မှုတွေအရဆိုရင်တော့ အိန္ဒိယမှာ ဒီနှစ်ကမိုးကောင်းတယ်။ မိုးကောင်းတော့ ဆောင်းပဲတွေ သူတို့အများကြီးပိုစိုက်တယ်။ ကုလားပဲလိုမျိုးကျတော့ ၂၀ ရာခိုင်နှုန်းလောက် တိုးစိုက်တယ်။ တစ်ဖက်ကလည်း သူတို့ရဲ့အစိုးရက ဝယ်ယူမယ့်ဈေးနှုန်းကို အာမခံချက်ပေးထားတယ်။ လယ်သမားကို မက်လုံးပေးထားတယ်။ ပေးထားတဲ့အတွက်ကြောင့် အိန္ဒိယပဲဈေးကွက်က Demand တော့ရှိပေမယ့် ပြည်ပက ဝယ်မယ့် Demand က သိပ်အားမကောင်းတာမျိုးဖြစ်နိုင်ပါတယ်။ အဲဒီတော့ ပဲနဲ့ပတ်သက်ပြီး သိပ်ပြီးတော့ မျှော်လင့်လို့မရဘူး။ ဒါက ကျွန်တော်တို့အနေနဲ့ စဉ်းစားရမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။
ဆန်နဲ့ပတ်သက်ပြီးတော့ ပြန်ကြည့်မယ်ဆိုရင် ဆန်က ဒီနှစ်ဆို တန်ချိန် ၂.၅ သန်းခွဲလောက်နီးနီး ပို့ထားပြီးပြီ။ အခုမတ်လထိ ဆက်သွားမယ်ဆိုရင် တန်ချိန် သုံးသန်းလောက်ဖြစ်သွားနိုင်တယ်လို့ တချို့လည်းပြောကြတယ်။ အဲဒီတော့ ဒါကစံချိန်တင် တင်ပို့မှုပမာဏဖြစ်ပါ တယ်။ ကျွန်တော်တို့ ဆန်တန်ချိန်နှစ်သန်းကျော်ကို မပို့နိုင်ခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာရှိပြီ။ ဆန်ရဲ့အနေအထားက ဆန်ကပို့တဲ့အပိုင်းမှာ ရှိသင့်တာထက်၊ ပို့သင့်တဲ့ ပမာဏထက်ပိုနေပြီလို့ ကျွန်တော်မြင်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ပုဂ္ဂိုလ်ရေးအမြင်ဖြစ်ပါတယ်။ နောက်တစ်ချက်က Demand ကလည်း တစ်ဖက်ကဆွဲတာရှိတယ်။ ဝယ်လိုအားပေါ့။ ဥပမာ- ဗီယက်နမ်က ၂၀၁၈ ခုနှစ်မှာ ဆန်တန်ချိန်လေးသိန်းလောက် ပို့တာလျော့မယ်။ ဒါ ကြောင့် ကမ္ဘာ့ဈေးကွက်မှာ ဆန်လိုအပ်ချက်တွေ ပိုများလာနိုင်တယ်။ တစ်ဖက်က ကျွန်တော်တို့ ပြန်ကြည့်ရင်လည်း အကောင်း၊ အဆိုး ရောနေပါတယ်။ တရုတ်က ကျွန်တော်တို့ ဆန်တင်ပို့နေတဲ့ အဓိကဈေးကွက်ကြီးဖြစ်နေတယ်။ တရုတ်က သူ့ရဲ့နှစ်ကုန်အရန်ဆန်ပမာဏက ဒီနှစ်က အမြင့်ဆုံးဖြစ်နေတယ်။ ဒါကြောင့် ၂၀၁၈ ခုနှစ်အတွင်း တရုတ်ရဲ့ ဆန်ဈေးကွက်လည်း ဒီနှစ်လောက်ဆွဲချင်မှ ဆွဲနိုင်မယ်။ ဒီလိုအနေအထားမျိုးလေးတွေ ဖြစ်လာနိုင်တယ်။ သေချာတာတစ်ခုကတော့ ကျွန်တော်တို့ ဆန်နဲ့ပတ်သက်တဲ့ Export ကိုပြန်ပြီး အရှိန်သတ်ဖို့ လိုလာပြီ။ ဒီတိုင်းဆက်သွားမယ်ဆို ခြေမနိုင်၊ လက်မနိုင်ဖြစ်သွားနိုင်တယ်။ ဈေးကွက်ရှိသလောက် ပို့နေမယ်ဆိုရင် ဒါတွေက ပြည်တွင်းဈေးကွက်ကို Impact တွေ ရှိလာနိုင်တယ်။ အဲဒီတော့ ဆန်ဈေးကွက်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့က Export အရှိန်ကို နည်းနည်းလေးပြန်လျှော့ချပြီးတော့ ပြန်နှေးဖို့လိုလာပြီ။ အဲဒီအတွက်ကြောင့် ဆန်ဈေးကွက်ကလည်း ၂၀၁၈ ခုနှစ်မှာ ၂၀၁၇ ခုနှစ်လောက်တော့ မကောင်းနိုင်ဘူးလို့ ကျွန်တော့်အနေနဲ့ မြင်တယ်။
ကမ္ဘာမှာတော့ အကောင်းရော၊ အဆိုးရော၊ ဈေးကွက်အတွက် အလားအလာရှိတာရော၊ အလားအလာ မရှိတာရော ရှိနေတာဖြစ်ပါတယ်။ ကိုယ့်နိုင်ငံကိုယ် ပြန်သုံးသပ်ကြည့်ရင်တော့ ၂၀၁၈ ခုနှစ်မှာ ဆန်နဲ့ပတ်သက်တဲ့အနေအထားဟာ ၂၀၁၇ ခုနှစ်လောက် မကောင်းနိုင်ဘူးလို့ ကျွန်တော်တို့အနေနဲ့မြင်ပြီး တချို့သော နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း မြန်မာနိုင်ငံကပို့တဲ့ဆန် အနည်းဆုံး တန်ချိန်နှစ်သိန်းလောက် ၂၀၁၈ ခုနှစ်မှာ လျော့သွားနိုင်တယ်လို့ ကြိုတင်ခန့်မှန်းထားတာလေးတွေရှိတယ်။ ဒါကြောင့် ဆန်တင်ပို့မှု ၁၀ ရာခိုင်နှုန်းလောက် လျော့သွားနိုင်တယ်။ ဒါကတော့ ကျွန်တော်တို့ အဓိကကုန်စည်ဖြစ်တဲ့ ဆန်နဲ့ ပဲနဲ့ ဒီလိုဟာလေးတွေ ကြုံတွေ့ရတယ်။
နောက်စိန်ခေါ်မှုတစ်ခုဖြစ်တဲ့ ရခိုင်အရေးကိစ္စက Tourism အပေါ်မှာလည်း လာပြီးတော့ Impact ရှိတယ်။ အဲဒီတော့ Tourism က ၂၀၁၈ ခုနှစ်မှာ နိုင်ငံခြားသား Tourism မျှော်လင့်ချက်က သိပ်ပြီးတော့ အားရပါးရမရှိလှဘူး။ Tourism ကိုလည်း Promote လုပ်ဖို့လိုတယ်။ ပြည်တွင်းခရီးသွားတွေ၊ ကိုယ့်နိုင်ငံသားတွေရဲ့ ခရီးသွားလုပ်ငန်းတွေကို မြှင့်ပေးဖို့လိုတယ်။ ပြည်ပက သိပ်ပြီးတော့ မျှော်လင့်ချက်ကြီးကြီးမားမား ထားလို့မရတဲ့ အနေအထားမျိုးဖြစ်တယ်။ ဒါပေမဲ့ ဘာတစ်ခုကောင်းနိုင်လဲဆိုတော့ ကျွန်တော်တို့ ကုမ္ပဏီဥပဒေသစ် ၂၀၁၈ ခုနှစ်မှာ စပြီးအသက်ဝင်ပြီ။ အသက်ဝင်မှာဖြစ်တဲ့ ကုမ္ပဏီဥပဒေသစ်အရ နိုင်ငံခြားသားတွေ စီးပွားရေးလုပ်ဖို့ ပွင့်သွားတာရှိတယ်။ ပွင့်သွားတာရှိတဲ့အတွက်ကြောင့် ဒီကုမ္ပဏီဥပဒေသစ်ရဲ့ရလဒ်ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတချို့က မြန်မာနိုင်ငံသားကုမ္ပဏီတွေမှာ ပါလာနိုင်တယ်။ အဲဒီတော့ တိုင်းပြည်အတွက် နိုင်ငံခြားငွေကြေး အရင်းအနှီးစီးဝင်မှု ပိုအားကောင်းလာနိုင်တယ်။ ဒါကတစ်ချက်။
အဲဒီလိုအားကောင်းလာတဲ့အတွက် ဖြစ်လာနိုင်တဲ့ နှစ်အချက်ကတော့ မြန်မာငွေကပိုပြီးတော့ ငွေတန်ဖိုးငြိမ်လာမယ်။ ဖြစ်နိုင်ရင်ငွေတန်ဖိုးက ဒီထက်တက်ကောင်း တက်သွားနိုင်တယ်။ ဒါက ကျွန်တော့်သုံးသပ်ချက် ဒုတိယအချက်။
နောက်တစ်ချက် နိုင်ငံခြားကုမ္ပဏီတွေ ဝင်လာနိုင်တဲ့အတွက်ကြောင့် ဘယ်ဈေးကွက်ကောင်းနိုင်လဲဆိုတော့ Office Tower တွေ၊ ရုံးခန်းအဆောက်အအုံလိုအပ်ချက်တွေ များလာနိုင်တယ်။ ဒီလုပ်ငန်းတွေ နည်းနည်းလေး အလားအလာကောင်းနိုင်တယ်။ နောက်တစ်ခုကတော့ Real Estate ပါ။ အိမ်ခြံမြေနဲ့ပတ်သက်ပြီးတော့ အိမ်ခြံမြေဈေးကွက်ကိုမြှင့်နိုင်မယ့် အချက်တစ်ချက်ရှိတယ်။ အဲဒါက Condominium နဲ့ပတ်သက်တဲ့ နည်းဥပဒေ ပြဋ္ဌာန်းနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် Real Estate Sector ကြီးက ပြန်ပြီးတော့ ဦးမော့လာနိုင်မယ်။ ဒါနဲ့ဆက်စပ်ပြီးတော့ တိုင်းပြည် Economy တစ်ခုလုံးလည်း တက်သွားနိုင်တယ်။ ဒါ ၂၀၁၈ ခုနှစ်နဲ့ပတ်သက်ပြီးတော့ ကျွန်တော့်ရဲ့သုံးသပ်ချက်ဖြစ်ပါတယ်။
ဘယ်လိုစိန်ခေါ်မှုတွေ ကြုံတွေ့နိုင်မလဲ၊ ဒါတွေကိုကျော်ဖြတ်ဖို့ ဘယ်လိုပြင်ဆင်ထားရမလဲ
-----------------------
အစိုးရပိုင်းကို စပြောလို့ရှိရင်တော့ ပထမဆုံးအချက် အစိုးရက ဘာလုပ်ဖို့လိုလဲဆိုတော့ Policy Stability - မူဝါဒပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး မူဝါဒတွေ တည်ငြိမ်ဖို့ လုပ်ဖို့ လိုပါတယ်။ ဘာကြောင့်ဒါကို ကျွန်တော်ပြောရလဲဆိုတော့ မူဝါဒပိုင်းဆိုင်ရာမှာ ဥပမာ- ၂၀၁၆ ခုနှစ်မှာ ရန်ကုန်မှာ အထပ်မြင့်အဆောက်အအုံတွေ ဆောက်တာရပ်ဖို့ ချက်ချင်းဆိုသလိုဖြစ်သွားတာရှိခဲ့တယ်။ အဲဒီလို ရပ်ပစ်လိုက်တော့ ဒီ Impact ကြီးက တော်တော်ကြီးပြီး မြန်မာ့စီးပွားရေးကို အများကြီးထိသွားတယ်။ ဒါ Policy - မူဝါဒနဲ့ ဆိုင်တယ်။
IMF တို့ ကမ္ဘာ့ဘဏ်တို့ သုံးသပ်တဲ့အထဲမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးကျသွားတဲ့အကြောင်းရင်းကို နှစ်ချက် သုံးသပ်တယ်။ တစ်ချက်က သဘာဝဘေးအန္တရာယ်ကြောင့် လယ်ယာထွက်ကုန်တွေ ထုတ်လုပ်မှု ကျသွားတယ်။ ဒါကြောင့် စီးပွားရေးကျတယ်။ နောက်သုံးသပ်တာကဘာလဲဆိုတော့ အထပ်မြင့်အဆောက်အအုံတွေ ဆောက်လုပ်မှုတွေ ရပ်ပစ်လိုက်တာက သူ့ရဲ့ Sector ကြီးတစ်ခုလုံးကို သွားပြီးတော့ သက်ရောက်မှုဖြစ်ပြီးတော့ တိုင်းပြည်စီးပွားရေးကို သက်ရောက်မှုတွေ အများကြီးဖြစ်ခဲ့တယ် ဆိုပြီးတော့မှ သုံးသပ်ခဲ့တယ်။ အစိုးရအနေနဲ့ Policy တစ်ခုကို ရုတ်ခြည်းပြောင်းတာမျိုး၊ စီးပွားရေးလုပ်ငန်းရှင်တွေကို ဒီလိုအပြောင်းအလဲလုပ်မယ်ဆိုတာကို ကြို တင်လုံလောက်တဲ့အချိန်မပေးဘဲ ရုတ်တရက်ပြောင်းလိုက်တာမျိုးတွေက ကြီးမားတဲ့ Impact တွေ ဖြစ်စေတယ်ဆိုတာ သိဖို့လိုပါတယ်။
တကယ်တော့ မြန်မာနိုင်ငံတစ်နိုင်ငံတည်း မဟုတ်ဘူး။ ၂၀၁၇ ခုနှစ်မှာ တစ်ကမ္ဘာလုံးက၊ နိုင်ငံအသီးသီးက စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်တဲ့ မူဝါဒဆိုင်ရာတည်ငြိမ်မှု Policy Stability ကို ဦးစားပေးပြီးတော့ လုပ်ကိုင်နေကြတာ။ ဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးရအနေနဲ့လည်း သတိထားဖို့၊ Policy Stability ကို ဆက်ပြီးတော့ တည်ငြိမ်အောင် ထိန်းသိမ်းထားဖို့လိုပါတယ်။ နောက်တစ်ခုက ဘဏ်လုပ်ငန်းစနစ်နဲ့ ပတ်သက်ပြီး ပြောင်းလဲမှုတွေ၊ တကယ့်ကို လက်တွေ့ကျတဲ့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ဖို့လိုပါတယ်။ ဘဏ်လုပ်ငန်းစနစ်ကို ခိုင်မာသထက်ခိုင်မာအောင် အစိုးရက လုပ်ပေးဖို့လိုတယ်။
နံပါတ်သုံးအချက်က Infrastructure အထူးသဖြင့် Power Infrastructure လျှပ်စစ်ဓာတ်အားနဲ့ပတ်သက်တဲ့ ကိစ္စတွေမှာ ပိုပြီးတော့ လျှပ်စစ်ဓာတ်အားပိုထုတ်ပေးနိုင်အောင် လုပ်ဖို့လိုတယ်။ ဒါအစိုးရပိုင်းက လုပ်ရမှာ။
ပြန်ပြောရမယ်ဆိုရင် Policy ပိုင်းဆိုင်ရာ တည်ငြိမ်မှုရှိအောင်လုပ်ဖို့ လိုတယ်။ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်တွေ ပိုမိုပြီး လက်တွေ့ကျတဲ့မူဝါဒတွေ ချမှတ်ဆောင်ရွက်ဖို့ လိုတယ်။ နံပါတ်သုံးအချက်က အခြေခံအဆောက်အအုံနဲ့ ပတ်သက်ပြီး၊ အထူးသဖြင့် လျှပ်စစ်ဓာတ်အားဆိုင်ရာကိစ္စရပ်တွေမှာ အစိုးရဘက်က လေးလေးနက်နက်ထားပြီးတော့ လုပ်ပေးဖို့လိုတယ်။ နောက်တစ်ချက်က စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး အစိုးရဝန်ကြီးဌာနတွေရဲ့ ခံယူချက်တွေကို ပြောင်းလဲဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အရင်အစိုးရလက်ထက်ကတည်းက ပြုပြင်ပြောင်းလဲမှုတွေ ရှိတယ်။ ဒါပေမဲ့ အားနည်းချက်က ခုချိန်ထိ ဝန်ကြီးဌာနတစ်ခုနဲ့တစ်ခု ညှိနှိုင်းလို့မရတဲ့ ကိစ္စမျိုးလေးတွေရှိသေးတယ်။ ဝန်ကြီးဌာနတစ်ခုချင်းစီ မေးကြည့်ရင် အကုန်လုံးက မြန်မာပြည်ကြီးကို တိုးတက်စေချင်တယ်။ ဒါပေမဲ့ တိုးတက်ဖို့အတွက်ကို ဌာနဆိုင်ရာဘက်က ဒါလေးတွေဖြေလျှော့ပေးပါ။ ဒါလေးတွေပြင်ပေးပါဆိုရင် ဖြေလျှော့ဖို့၊ ပြင်ဖို့ဆိုတဲ့အပိုင်းမှာ နည်းနည်းလေး လိုအပ်နေပါသေးတယ်။
ဒါကြောင့် အစိုးရဘက်က လုပ်ရမယ့်အပိုင်းမှာ Ministry တွေရဲ့ Cooperation နဲ့ Coordination ဒီထက်ပိုပြီးတော့ ကောင်းအောင်လုပ်ဖို့လိုတယ်။ အဲဒီတော့ ဝန်ကြီးဌာန၊ အစိုးရအဖွဲ့အစည်းတွေက အဓိကအလုပ်ကြီးလေးခုကို စီးပွားရေးနဲ့ပတ်သက်ပြီး လုပ်ပေးဖို့။ လုပ်ရတာ နံပါတ်တစ်က ဘာလဲဆိုတော့ Enforcement ပါ။ စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ကိုင်တွယ်ကျင့်သုံးတဲ့ ဥပဒေကို အသက်ဝင်၊ ထိထိရောက်ရောက်ကျင့်သုံးနိုင်အောင် ဝန်ကြီးဌာနတွေက Enforcement လုပ်ပေးရမယ်။ နှစ်အချက်ကတော့ Regulate လုပ်ပေးရမယ်။ စည်းမျဉ်းစည်းကမ်း ထိန်းကျောင်းရမယ်။ စီးပွားရေးလုပ်ငန်းတွေက ချမှတ်ထားတဲ့စည်း မျဉ်းစည်းကမ်းနဲ့ ညီအောင်နေဖို့ ထိန်းကျောင်းပေးရတယ်။ သုံးအချက်က Facilitate - လွယ်ကူချောမွေ့အောင် လုပ်ပေးဖို့လိုတယ်။ လေးအချက်က Promote မြှင့်တင်ပေးရမယ်။ စီးပွားရေးလုပ်ငန်းတွေကို ပိုပြီးကောင်းအောင် အစိုးရက မြှင့်တင်ပေးရမယ်။
ဒါပေမဲ့ ကျွန်တော်တို့ ဌာနတွေအနေနဲ့ ပထမနဲ့ ဒုတိယအလုပ်ကို အားသန်ပြီးတော့မှ စီးပွားရေးလုပ်ငန်းတွေကို ဘယ်လိုဖြေလျှော့ပေးမလဲ။ ဘယ်လိုချောမွေ့အောင် လုပ်ပေးမလဲဆိုတဲ့ အပိုင်းတွေက သိပ်ပြီးအားမသန်လာဘူး။ နောက် Promote စီးပွားရေးလုပ်ငန်းတွေ ကြီးထွားလာအောင်၊ တိုးတက်လာအောင် အစိုးရက ဘာတွေလုပ်ပေးမလဲ။ ဥပမာ- လုပ်ငန်းကြီးထွားဖို့အတွက်ကို နည်းဥပဒေတစ်ခုက အဟန့်အတားဖြစ်နေပြီဆိုရင် ဒါကိုကျွန်တော်တို့ပြင်ရမယ်။ ဥပဒေတစ်ခု၊ ပုဒ်မတစ်ခုကို ပြင်လိုက်တော့မှ စီးပွားရေးလုပ်ငန်းတွေ ချောမွေ့သွားမယ်ဆို ပြင်ကိုပြင်ရမယ်။ ဒါမျိုးတွေလည်း အစိုးရဌာနတွေက လုပ်ပေးဖို့လိုပါတယ်။
အဲဒီတော့ အစိုးရဌာနတွေက ၂၀၁၈ ခုနှစ်မှာ Regulate လုပ်တဲ့အပိုင်းနဲ့ Enforcement မှာ အားသန်နေရုံမဟုတ်ဘဲ ကျွန်တော်တို့က Facilitate လုပ်တဲ့ အပိုင်းတွေ၊ Promote လုပ်တဲ့အပိုင်းတွေမှာလည်း အားသန်ဖို့လိုပါတယ်။ ဒါက အစိုးရဌာနဘက်က ပြင်ဆင်ရမယ့်အပိုင်းတွေပါ။
Private Sector နဲ့ ပတ်သက်ပြီးတော့ပြောမယ်ဆိုရင် နံပါတ်တစ်ကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ယှဉ်ပြိုင်ဘက် Competitor အနေနဲ့ သဘောမထားဘဲ Partner အနေနဲ့ သဘောထားဖို့ပါ။ ကျွန်တော်တို့ဆီက စီးပွားရေးလုပ်ငန်းအများစုက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာလို့ရှိရင် သူတို့ပြိုင်ဘက်တစ်ယောက်တိုးပြီ ဆိုပြီးတော့မှ စိုးရိမ်ပူပန်မှုတွေရှိကြတယ်။ အဲဒီတော့ ကျွန်တော်တို့ ဒီပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို Competitor အနေနဲ့ သဘောမထားဘဲနဲ့ မိမိရဲ့လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့ သဘောထားပြီးတော့ မိမိရဲ့အနေအထားကိုပြန်ပြီးပြင်ဆင်ကြဖို့လိုတယ်။ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတွေဆို လာတဲ့ Foreign Investment ကို ဘယ်တော့မှ လက်လွတ်မခံဘူး။ သူဒီစက်ရုံထောင်ရင် ကိုယ်ဘာပစ္စည်း သွင်းလို့ရမလဲဆိုတာပဲ စဉ်းစားတယ်။ သူလုပ်ငန်းလုပ်ရင် ကိုယ်ကဘယ်လိုဝန်ဆောင်မှုတွေ ပေးလို့ရမလဲဆိုတာ စဉ်းစားတယ်။ ဒါမျိုးတွေ ကျွန်တော်တို့ရဲ့ Private Sector မှာ ပြင်ဆင်သင့်ပါတယ်။
ဒုတိယ Private Sector ကနေ ပြင်ဆင်သင့်တာကတော့ ကုမ္ပဏီ Law ပေါ်လာပြီဖြစ်တဲ့အတွက်ကြောင့် ကုမ္ပဏီ Law က ၂၀၁၈ ခုနှစ်မှာ အသက်ဝင်မယ်။ နိုင်ငံခြားသားတွေနဲ့ ပေါင်းလုပ်သွားဖို့ အခွင့်အရေးပေါ်လာတယ်။ ပေါင်းလုပ်တဲ့အခါမှာ နိုင်ငံခြားသားကို Minority အနေနဲ့ ၃၅ ရာခိုင်နှုန်း ကိုယ့်လုပ်ငန်းထဲခေါ်ခွင့်ရှိတဲ့အတွက်ကြောင့် ဒီအခွင့်အလမ်းကို ရအောင်ယူဖို့ပါ။ ရအောင်ယူဖို့ဆိုတာတော့ နိုင်ငံခြားသားက ကိုယ့်လုပ်ငန်းထဲပါလာဖို့ဆိုရင် နိုင်ငံခြားသားဘက်က ယုံကြည်စိတ်ချတဲ့ လုပ်ငန်းတစ်ခုဖြစ်အောင် မိမိကုမ္ပဏီ၊ မိမိဝန်ထမ်းတွေ စီမံအုပ်ချုပ်မှု Corporate Governance ကောင်းအောင် အခုကတည်းကစပြီးတော့ပြင်ဆင်ထားဖို့လိုမယ်။ ဂုဏ်သိက္ခာရှိတဲ့ မြန်မာကုမ္ပဏီဆိုရင် နိုင်ငံခြားသားက စိတ်ပါလက်ပါနဲ့ ပူးပေါင်းလုပ်ချင်တယ်။ ဒီကုမ္ပဏီက ဂုဏ်သိက္ခာမရှိဘူးဆိုရင်တော့ ပူးပေါင်းချင်တဲ့ဆန္ဒရှိမှာ မဟုတ်ဘူး။ မိမိကုမ္ပဏီကို ဂုဏ်သိက္ခာရှိတဲ့ ကုမ္ပဏီဖြစ်အောင်ပြင်ဆင်ထားဖို့ ဒုတိယအချက်အနေနဲ့ ပြောချင်ပါတယ်။
တတိယအချက်ကတော့ ပဲဈေးကွက်မကောင်းနိုင်သေးဘူး။ ဆန်ဈေးကွက် အနည်းငယ်ကျနိုင်တယ်။ ဒါကြောင့် ပဲနဲ့ဆန်နယ်ပယ်မှာရှိတဲ့လူတွေက ဒီဈေးကွက်မှာ မျှော်လင့်ချက်ကြီးကြီးမားမား မထားစေချင်ဘူး။ အခြားဘယ်အရာနဲ့ အစားထိုးအပြောင်းအလဲလုပ်နိုင်မလဲဆိုတဲ့ အခွင့်အလမ်းကိုရှာစေချင်တယ်။
နောက်တစ်ချက်က ၂၀၁၈ ခုနှစ်မှာ လျှပ်စစ်ဓာတ်အားက ကျွန်တော်သိထားသလောက်ဆိုရင် မဂ္ဂါဝပ် သုံးရာကျော်၊ လေးရာနီးနီးလောက် ထပ်ပြီးတိုးပြီး ထွက်မယ်။ အဲဒီတော့ လျှပ်စစ်ဓာတ်အားရမယ့် အခြေအနေက လက်ရှိအနေအထားထက် ပိုပြီးတော့အားကောင်းလာနိုင်တယ်။ အဲဒီအတွက်ကြောင့် အသေးစား၊ အလတ်စားလုပ်ငန်းတွေကို လက်ရှိအနေအထားထက်ပိုပြီးတော့ လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးမယ့် အနေအထားမျိုးရှိတဲ့အတွက်ကြောင့် ဒီဟာကိုဘယ်လိုအကျိုးရှိအောင်လုပ်မလဲ။ ဒါလေးတွေကို ကျွန်တော်တို့စဉ်းစားပြီးတော့ ပြင်ဆင်ဖို့လိုတယ်။ ဒါက ၂၀၁၈ ခုနှစ်နဲ့ပတ်သက်ပြီးတော့ ကျွန်တော့်ရဲ့သုံးသပ်ချက်နဲ့ အကြံပြုချက်ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် မြန်မာ့စီးပွားရေးအခြေအနေအပေါ် ခြုံငုံသုံးသပ်ချက်
-------------
၂၀၁၇ ခုနှစ် မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေကို ခြုံငုံသုံးသပ်ကြည့်ရမယ်ဆိုရင် အစိုးရသစ် တက်လာတဲ့အချိန်မှာ ပြည်သူလူထုအကုန်လုံးကနေ ထောက်ခံအားပေးတဲ့ အစိုးရတက်လာတယ်ဆိုတော့ လူတိုင်းက စီးပွားရေးကို တိုးတက်လာမယ်လို့ပဲ မျှော်လင့်တယ်။ ဒီလိုတိုးတက်လာမယ်လို့ မျှော်လင့်တယ်ဆိုတာက ဘာကိုဆိုလိုတာလဲဆိုလို့ရှိရင် ကိုယ်လုပ်နေတဲ့အလုပ်က ပိုပြီးကောင်းလာပြီးတော့ အမြတ်အစွန်းတွေ ပိုရမယ်လို့ မျှော်လင့်ထားကြတယ်။ ဒါပေမဲ့ အစိုးရသစ်တက်လာတဲ့အချိန်မှာ ကိုယ့်ရဲ့အလုပ်တွေကနေ ဝင်ငွေတွေတိုးလာတယ်ဆိုတဲ့ အနေအထားမျိုးက တချို့ကဏ္ဍတွေမှာရှိပေမယ့် တချို့ကဏ္ဍတွေက မရှိဘူးဖြစ်တဲ့အခါကျတော့ စီးပွားရေးက မတိုးတက်ဘူး၊ စီးပွားရေးက ကျသွားတယ်ဆိုတဲ့ အသံတွေ တချို့ထွက်လာတယ်။
တကယ်တမ်းပြောရရင်တော့ စီးပွားရေးဆိုတာက Opportunity ပေါ်မှာပဲ အခြေခံတာဖြစ်တဲ့အတွက် Opportunity Changes ဖြစ်တဲ့အနေအထားမှာ ကိုယ်က ပါမသွားဘူးဆိုရင် ကိုယ်လုပ်နေတဲ့အလုပ်က မူလကလို လုပ်ငန်းမကောင်းတော့ဘူးလို့ ထင်ပြီးတော့ လုပ်ငန်းတွေက ဆုတ်ယုတ်သွားတယ်၊ စီးပွားရေးကျတယ်လို့ အများစုက တွေးကြတယ်။ ဒါပေမဲ့ ကဏ္ဍစုံမှာ ဖြစ်သလားလို့ ကြည့်လိုက်ရင် ကဏ္ဍစုံမှာတော့ မဖြစ်ပါဘူး။ Tourism ကဏ္ဍဆိုရင် တိုးတက်နေတယ်။ အထည်ချုပ်ကဏ္ဍဆိုလည်း တိုးတက်တယ်။ လယ်ယာကဏ္ဍတွေဆိုရင် ဆန်စပါးကဏ္ဍမှာလည်း တိုးတက်မှုတွေရှိနေတာကို တွေ့ရတယ်။
ဒါတွေအားလုံးကို ပြန်ခြုံကြည့်လိုက်မယ်ဆိုရင် ဆန်စပါးကဏ္ဍတိုးတက်လာတယ်ဆိုတော့ လယ်သမားတွေက သူတို့ရဲ့ထွက်ရှိတဲ့ စပါးတွေပေါ်မှာရတဲ့ အကျိုးစီးပွားတွေတက်လာတဲ့အခါမှာ ဝယ်ယူသုံးစွဲတဲ့အားတွေ တက်လာတယ်။ အဲဒီအခါ လက်လီအရောင်းဈေးကွက်တွေမှာ တိုးတက်လာတယ်။ စားသောက်ဆိုင်လုပ်ငန်းတွေမှာ တိုးတက်လာတယ်။ ဟိုတယ်လုပ်ငန်းတွေ တိုးတက်လာတယ်။ ခရီးသွားလုပ်ငန်းတွေ တိုးတက်လာတယ်။ ဒီနေရာမှာ တစ်ဆက်တည်း တိုးတက်လာတာက Packaging ဆိုတဲ့ လက်လီဈေးကွက်မှာရောင်းချဖို့ ထုပ်ပိုးတဲ့လုပ်ငန်းတွေလည်း တော်တော်များများ တိုးတက်လာတယ်။ အခုဆိုရင် အသင့်စားမုန့်ဟင်းခါးထုပ်ပိုးမှုတွေကလည်း တော်တော်လေးကိုများပြားပြီး တိုးတက်လာတာကို တွေ့ရပါတယ်။
အားလုံးသိကြတဲ့အတိုင်းပဲ ဆောက်လုပ်ရေးကဏ္ဍကတော့ တိုးတက်မှုနှေးကွေးသွားတာ တွေ့ရတယ်။ မြေဈေးတွေကလည်း အရင်လိုတောက်လျောက် တက်နေတာမျိုးမဟုတ်တော့ဘဲ ဈေးကွက်မှာ အရောင်းအဝယ်တွေ မရှိသလောက်ရှားသွားပြီးတော့ ကြိုက်ရောင်း၊ ကြိုက်ဝယ်တဲ့ အနေအထားတောင် ဖြစ်သွားတယ်။ ဒီလိုအနေအထားကလည်း ဘယ်ပေါ်မှာမှုတည်လဲလို့ ပွင့်ပွင့်လင်းလင်းပြန်ပြောရရင်တော့ အစိုးရသစ်တက်လာတဲ့အချိန်မှာ အရင်အစိုးရနဲ့ အခုအစိုးရရဲ့မတူညီတဲ့အချက်အလက်တွေက တစ်ကြောင်းပါသလို လုပ်ငန်းရှင်ဆိုတာက ဒီအခြေအနေရဲ့ပြောင်းလဲမှုပေါ်မှာ ချက်ချင်းဘယ်သူမှ အလုပ်မလုပ်ကြဘဲနဲ့ အခြေအနေတည်ငြိမ်မှုရှိ၊ မရှိ စောင့်ကြည့်တယ်ဆိုတာကတော့ သဘာဝအားဖြင့် ရှိကြပါတယ်။
နောက်တစ်ခုက အရင်အစိုးရလက်ထက်တွေတုန်းက အခွန်အကောက်စနစ်တွေပေါ်မှာ မူတည်ပြီးတော့ Property ကဏ္ဍက သွက်သွက်လက်လက်လုပ်ကိုင်လို့ ရတယ်။ ဒီလို လုပ်ကိုင်လှုပ်ရှားတဲ့ အနေအထားမှာလည်း တရုတ်ပြည်ဘက်က စီးဝင်လာတဲ့ ငွေကြေးပမာဏတွေနဲ့ လုပ်ကိုင်နေတာတွေလည်း အားလုံးသိကြပြီးဖြစ်ပါတယ်။ ဒါပေမဲ့ အသစ်တက်လာတဲ့ တရုတ်သမ္မတသစ်လက်ထက်မှာ တရုတ်ပြည်ရဲ့ လာဘ်ပေးလာဘ်ယူကိစ္စတွေကို နှိမ်နင်းတဲ့အခါမှာလည်း တရုတ်ဘက်ကနေ မြန်မာပြည်ရဲ့ မြေဈေးကွက်မှာ လာရောက်ပြီးတော့ ကစားနေတဲ့သူတွေက ပြန်ရုပ်သိမ်းသွားတာတွေလည်းရှိပါတယ်။ အဲဒီအခါ ပြည်တွင်းက Property ကဏ္ဍမှာ ငွေသုံးစွဲမှုနည်းသွားတဲ့အတွက်လည်းပဲ မြေဈေးကွက်တွေ၊ အဆောက်အအုံဈေးကွက်တွေ အေးသွားတယ်။
ဘာပဲပြောပြော အစိုးရသစ်တက်လာတဲ့အချိန်မှာ လူတွေကကြိုပြီးတော့ မျှော်လင့်ထားမိတဲ့အတွက်ကြောင့် သူတို့မျော်လင့်ချက်နဲ့ အံမဝင်တဲ့ပြောင်းလဲတဲ့ စီးပွားရေးဖြစ်သွားတဲ့အခါမှာ သူတို့က စီးပွားရေးမတိုးတက်ဘူး။ စီးပွားရေးကျတယ်လို့ ဝေဖန်သုံးသပ်တာ ရှိတယ်။ ဒါပေမဲ့ တချို့ကဏ္ဍတွေက စီးပွားရေးကျတယ်ဆိုတာတောင် မသိဘူး။ ဥပမာ- စားသောက်ဆိုင်လုပ်ငန်းတွေဆိုရင် ကြိတ်ကြိတ်တိုးနေတယ်။ အောင်မြင်နေတယ်။ ဆိုင်ခွဲတွေအများကြီး ဖွင့်နေကြတယ်။
၂၀၁၇ ခုနှစ်ကို ပြန်ကြည့်မယ်ဆိုရင် တည်ဆောက်ရေးကဏ္ဍရဲ့ နှေးကွေးမှုပေါ်မှာ လူတွေက အလုပ်မကောင်းဘူးဆိုပြီး ပြောကြတယ်။ ဒါပေမဲ့ ခရီးသွားလုပ်ငန်းနဲ့ စားသောက်ဆိုင်လုပ်ငန်း၊ Packaging လုပ်ငန်းတွေ၊ အထည်ချုပ်လုပ်ငန်းတွေ၊ လက်လီဈေးကွက်မှာရှိနေတဲ့ ဈေးဆိုင်လုပ်ငန်းတွေအားလုံးကတော့ သူ့ဟာနဲ့သူ အဆင်ပြေတိုးတက်နေတာကို ကျွန်တော်တို့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်အတွက် မြန်မာ့စီးပွားရေးအလားအလာ
-----------------
၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းကို ပြန်ကြည့်မယ်ဆိုရင် တည်ဆောက်ရေးလုပ်ငန်းတွေကလည်း တဖြည်းဖြည်းနဲ့တော့ အရှိန်အဟုန်တစ်ခုကို ပြန်ရလာတယ်။ ပုဂ္ဂလိကကဏ္ဍမှာမရပေမယ့် အစိုးရတင်ဒါလုပ်ငန်းတွေမှာ လုပ်ငန်းတွေ ပြန်ပြီးတော့ လုပ်ကိုင်လာကြတာကို တွေ့ရတယ်။ အရင်လုပ်ကိုင်နေကျကုမ္ပဏီကြီးတွေက ဒီတင်ဒါတွေမှာ ဝင်ရောက်လုပ်ကိုင်နေမှုနည်းသွားပေမယ့် ကုမ္ပဏီငယ် တော်တော်များများကနေပြီးတော့ တင်ဒါလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေတာကို တွေ့ရပါတယ်။ အစိုးရရဲ့ တင်ဒါနဲ့ပတ်သက်တဲ့ ဈေးနှုန်းသတ်မှတ်တဲ့ အနေအထားကလည်း တဖြည်းဖြည်းနဲ့ လမ်းကြောင်းအမှန်ပေါ်ရောက်လာပြီး Third Party Inspection အနေနဲ့ စတင်ကျင့်သုံးလာတာဖြစ်တဲ့အတွက် လုပ်ငန်းရှင်ကတော့ ဒီတည်ငြိမ်မှုလေးတစ်ခုကို သိလာတဲ့အခါမှာ အလုပ်တွေ စပြီးတော့ လုပ်လာတာကိုတွေ့ရတယ်။
ကျွန်တော်တို့ တည်ဆောက်ရေးကဏ္ဍမှာတော့ Property Development အနေနဲ့ ကုမ္ပဏီကြီးတွေရဲ့ ရင်းနှီးမြှုပ်နှံပြီးတော့မှ အိမ်တွေဆောက်တယ်၊ ရောင်းတယ်ဆိုတဲ့ လုပ်ငန်းကတော့ သိပ်သိသိသာသာ မတိုးတက်လာသေးပေမယ့် နိုင်ငံတော်အစိုးရရဲ့ သက်ဆိုင်ရာ ကဏ္ဍအလိုက် တည်ဆောက်ရေးလုပ်ငန်းတွေကတော့ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာတာကို တွေ့ရတယ်။ ဒါအပြင် ဂျပန်နိုင်ငံအစိုးရရဲ့ ကူညီပံ့ပိုးမှုနဲ့ မြန်မာပြည်မှာလုပ်ဖို့ရှိနေတဲ့ လုပ်ငန်းတွေကလည်းပဲ ဆက်လက်ပြီးတော့ လုပ်ကိုင်ဆောင်ရွက်နေတာကို တွေ့ရတဲ့အတွက်ကြောင့် တည်ဆောက်ရေးကဏ္ဍနဲ့ပတ်သက်လို့ အလုပ်အကိုင်တွေက စပြီးတော့ သက်ဝင်လှုပ်ရှားလာတာကို တွေ့ရပါတယ်။
ဒီနေရာမှာ စိုးရိမ်စရာတစ်ခုရှိတာက ပြီးခဲ့တဲ့ အခြေအနေတွေမှာ ငွေရေးကြေးရေးကဏ္ဍကို ပြန်ကြည့်မယ်ဆိုရင် အမေရိကန်တစ်ဒေါ်လာရဲ့ ငွေလဲလှယ်နှုန်းကတော့ ၁ç၃၆၀ ကျပ်ဝန်းကျင်မှာ တည်ငြိမ်နေတယ်လို့ပဲ ပြောရမယ်။ တက်သွားလည်း နည်းနည်း၊ ကျသွားလည်း နည်းနည်းပါပဲ။ ဒါပေမဲ့ တကယ်တမ်းကျတော့ အမေရိကန်ဒေါ်လာနဲ့ အခြားနိုင်ငံတွေရဲ့ ငွေလဲလှယ်နှုန်းတွေမှာ အမေရိကန်ဒေါ်လာကလည်း တန်ဖိုးကျနေတာဖြစ်တဲ့အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ကျပ်ငွေက ဒေါ်လာနဲ့ချိတ်ဆက်ထားခြင်းအားဖြင့် တန်ဖိုးတည်ငြိမ်နေတာကို သွားတွေ့ရတယ်။ ဒါပေမဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေက ၁,၀၀၆ ကျပ်၊ ၁,၀၀၇ ကျပ် လောက်ထိဖြစ်သွားပြီ။ အရင်က ကိုးရာ၊ ကိုးရာကျော် ဝန်းကျင်လောက်မှာရှိတာကနေ တစ်ထောင်ကျော်သွားတယ်ဆိုတော့ တကယ်တမ်းကတော့ မြန်မာငွေဟာ တန်ဖိုးကျနေတာဖြစ်ပါတယ်။ ဒီလိုမျိုး မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာနဲ့ ချိတ်ဆက်ထားပြီးတော့ တန်ဖိုးတည်ငြိမ်နေသလိုဖြစ်ပေမယ့် အမှန်တကယ်မှာ မြန်မာငွေက တန်ဖိုးကျနေတယ်ဆိုတာကို ကျွန်တော်တို့ငြင်းလို့မရပါဘူး။ ဒါကလည်း အင်မတန်သတိထားရမယ့် ကိစ္စတစ်ခုပါ။
တကယ်လို့များ အမေရိကန်ဒေါ်လာအနေနဲ့ အပြောင်းအလဲတစ်ခုခုဖြစ်သွားမယ်ဆိုရင် မြန်မာငွေတန်ဖိုးက ရုတ်ခြည်းကျသွားနိုင်တဲ့ အနေအထားရှိတဲ့အတွက် ဒါလည်းစိုးရိမ်စရာ ကောင်းပါတယ်။ ဒါပေမဲ့ ဒီလိုငွေဈေးတက်ခြင်း၊ ကျခြင်းကလည်း Import ၊ Export နဲ့ပဲ ဆက်စပ်နေတာဖြစ်တဲ့အတွက်ကြောင့် Export ကဏ္ဍမှာ ဒေါ်လာငွေတန်ဖိုးတက်သွားလို့ရှိရင် ပိုပြီးတော့ တိုးတက်ကောင်းမွန်လာနိုင်တာတွေရှိပါတယ်။ တကယ်လို့ မြန်မာငွေတန်ဖိုးတက်သွားမယ်ဆိုရင်တော့ Import လုပ်ငန်းရှင်တွေကတော့ ပိုမိုပြီးတော့ လုပ်ငန်းကောင်းလာနိုင်တာ တွေရှိပါတယ်။
၂၀၁၈ ခုနှစ်ကို ကြည့်မယ်ဆိုရင် ကျွန်တော်ကတော့ Positive ကို မြင်ပါတယ်။ လူတွေဟာ အစိုးရသစ်နဲ့ နေသားကျလာပြီးတော့ အစိုးရသစ်ရဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ စွမ်းအားပမာဏကိုလည်း ခန့်မှန်းနိုင်ပြီဖြစ်တဲ့အတွက်ကြောင့်မို့ တချို့စီးပွားရေးလုပ်ငန်းတွေဟာ စတင်ရင်းနှီးမြှုပ်နှံဖို့ကို တာစူလာကြတာကို တွေ့ရပါတယ်။ ၂၀၁၈ ခုနှစ်အနေနဲ့ အမေရိကန်နဲ့ မြန်မာငွေရဲ့ လဲလှယ်နှုန်းက ဆိုးဆိုးဝါးဝါးဖြစ်မသွားဘူးဆိုရင် မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ တိုးတက်လာမယ်လို့ ကျွန်တော့်အနေနဲ့ ထင်မြင်သုံးသပ်ပါတယ်။
ကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုတွေနဲ့ ကြိုတင်ပြင်ဆင်ရမယ့်အရာတွေက
-----------------
၂၀၁၈ ခုနှစ်မှာ စီးပွားရေးလုပ်ငန်းက အကောင်းဘက်ကို အားသာချက်ရှိနေပါတယ်။ ဒီနေရာမှာ စိုးရိမ်ရတဲ့အချက် တစ်ချက်က ငွေလဲနှုန်းပဲဖြစ်ပါတယ်။ ဒီငွေလဲနှုန်းကလည်းပဲ အမေရိကန်ဒေါ်လာနဲ့ ချိတ်ဆက်ထားတဲ့အနေအထားမှာ အမေရိကန်ဒေါ်လာက ကမ္ဘာ့အခြားနိုင်ငံနဲ့ ငွေလဲလှယ်နှုန်းမှာ အမေရိကန်ဒေါ်လာက ဈေးကျနေတဲ့အတွက်ကြောင့် ကျွန်တော်တို့က အမေရိကန်ဒေါ်လာနဲ့ ချိတ်ဆက်ထားတဲ့အခါမှာ ကျွန်တော်တို့ငွေက တည်ငြိမ်နေသလိုထင်ယောင်ထင်မှားဖြစ်နေရတယ်ဆိုတဲ့ အနေအထားမျိုးကို ကျွန်တော် Highlight လုပ်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာလည်းပဲ တကယ်လို့များ မြန်မာငွေတန်ဖိုးကျသွားရင် ဘာဖြစ်မလဲဆိုတဲ့ အနေအထားမျိုးနဲ့၊ ကျွန်တော်တို့စီးပွားရေးဟာ ဘယ်အပေါ်မှာအခြေခံပြီးတော့ တက်လာမှာလဲလို့ ပြန်ပြီးစဉ်းစားမယ်ဆိုရင် နိုင်ငံတကာကနေ မြန်မာအစိုးရကို ပေးထားတဲ့ အကူအညီတွေနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံအတွင်းမှာ တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်မယ့် Investment ပမာဏတွေကလည်း ပိုပြီးတော့ သက်ဝင်လှုပ်ရှားလာမယ်ဆိုရင် နိုင်ငံခြားငွေ စီးဝင်မှုတွေရှိလာမယ်။ ဒီငွေပမာဏကလည်း ငွေတန်ဖိုးကျသွားမယ်ဆိုတာကို ထိန်းညှိနိုင်တဲ့ ပမာဏလောက်ရှိနေမယ်လို့ ထင်ရပါတယ်။ အခုလောလောဆယ် ကျွန်တော်တို့ရခိုင်အရေးကိစ္စမှာ ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးရအပေါ်မှာ အနောက်နိုင်ငံရဲ့အမြင်တွေ လွဲမှားနေတာလေးကိုလည်း ဖြေရှင်းနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့မြန်မာနိုင်ငံက ၂၀၁၈ ခုနှစ်မှာတော့ သေချာပေါက် စီးပွားရေးပြန်လည်ဦးမော့မယ့်နှစ်ဖြစ်တယ်လို့ ကျွန်တော်ခန့်မှန်းပါတယ်။
၂၀၁၇ ခုနှစ် မြန်မာ့စီးပွားရေးအခြေအနေပေါ် ခြုံငုံသုံးသပ်ချက်
-------------
၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးအကြောင်းကို ပြောမယ်ဆိုရင်တော့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်နဲ့ ပြန်ယှဉ်ကြည့်ရင် နည်းနည်းတော့ကျပါတယ်။ ဘာကြောင့်ကျတာလဲဆိုတော့ Policy Maker တွေက လေ့လာတဲ့အချိန် အတိုင်းအတာတစ်ခုရှိနေလို့ပါ။ ဒီအချိန်လေးကိုတော့ အကုန်လုံးက စိတ်ရှည်လက်ရှည်နဲ့ စောင့်ရမှာပါ။ ကျွန်တော်မြင်တာကတော့ တိုင်းပြည်မှာ လုပ်စရာတွေ အများကြီးရှိပါတယ်။ စီးပွားရေးက အရေးကြီးပါတယ်။ စီးပွားရေးမှာမတိုးတက်ဘူးဆိုရင် ဘာကြောင့်မတိုးတက်တာလဲဆိုတာကို ပြန်စဉ်းစားတော့ Lack of Decision Making အဓိကပါပဲ။
တိုင်းပြည်မှာ Standard of Living က အရေးကြီးပါတယ်။ မီးရဖို့၊ Living Standard ကောင်းဖို့က FDI ဝင်ဖို့ အားရှိစေတဲ့အချက်တွေပါပဲ။ ဒီလိုအပ်ချက်တွေအားယူပြီး ဥရောပသမဂ္ဂ၊ တရုတ်ပြည်၊ အမေရိကန် စတာတွေကို ဖိတ်ခေါ်ပြီးမှ မြန်မာပြည်မှာ Investment လုပ်ဖို့ ကျွန်တော်ကိုယ်တိုင်လည်း အများကြီးစကားပြောဖြစ်ပါတယ်။ အခုချိန်မှာ ခဏလေးတော့ Learning Curve ကို ကျော်ရမယ်။ ဒီအခြေအနေကို အစိုးရနဲ့ Policy Maker နဲ့အမြဲ Engage လုပ်တဲ့အတွက်ကြောင့် ကျွန်တော်တို့တွေလည်း သိပါတယ်။
၂၀၁၈ မြန်မာ့စီးပွားရေးအလားအလာ
---------------
၂၀၁၈ ခုနှစ်မှာကျတော့ ကျွန်တော်တို့က စီးပွားရေးနဲ့ပတ်သက်ပြီး Policy Maker တွေနဲ့က အစိုးရဆီက မျှော်လင့်ထားတဲ့အချက်က အဓိကက Clarity ဖြစ်ပါတယ်။ ဆိုလိုတာက ၂၀၁၈၊ ၁၉၊ ၂၀ မှာ ဘာကို Priority ထားပြီးတော့ လုပ်မယ်ဆိုတာကို သိရမှသာလျှင် Private Sector ဘက်ကလည်း တိုင်းပြည်အတွက် ဘယ်လိုကူညီပေးရမလဲ သိမှာပါ။ Infrastructure မှာဆိုရင် Power ဖြစ်ဖြစ်၊ Human Capacity ဖြစ်ဖြစ်၊ လေကြောင်းဖြစ်ဖြစ်၊ Trading ဖြစ်ဖြစ်၊ Banking ဖြစ်ဖြစ် လုပ်စရာတွေက အများကြီးရှိနေပါတယ်။
မြန်မာပြည်မှာ လုပ်စရာတွေအများကြီးရှိတယ်။ အဲဒီအတွက်ကြောင့် ဘယ်နေရာမှာ အစိုးရက ပိုပြီးတော့ Focus လုပ်မယ်ဆိုတာ ClearIy သိမယ်ဆိုရင် ကျွန်တော်တို့ ပြည်တွင်းကုမ္ပဏီတွေပေါင်းပြီး တွဲလုပ်ပြီးတော့မှ အစိုးရကို အများကြီး ပူးပေါင်းကူညီလုပ်ပေးလို့ရတယ်။ Clarity ရှိမယ်ဆိုရင် ကျွန်တော်တို့လုပ်ရတာ ပိုလွယ်လာတယ်၊ အချိန်အများကြီး ကုန်စရာမလိုတော့ဘူး။
ပြောမယ်ဆိုရင် Investment တွေဝင်လာဖို့လည်း ဒီအတိုင်းပါပဲ။ (မူဝါဒ၊ ဦးစားပေးကဏ္ဍ စတာတွေနဲ့ ပတ်သက်လို့) Clarity ရှိမယ်ဆိုရင် Investor Confidence က ပိုရှိလာမယ်။ Confidence က ပြောရမယ်ဆိုရင် ကြာချိန်ပါပဲ။ (မူဝါဒ၊ ဦးစားပေးကဏ္ဍစတာတွေနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်း ချပြပေးဖို့ယူတဲ့အချိန်) ဒီအချိန်က ပိုကြာလေ Investor က ကျွန်တော်တို့တိုင်းပြည်ကို လာမှာမဟုတ်တော့ပါဘူး။ ဒီလိုမသေချာမရေရာမှုတွေ သိပ်များမယ်ဆိုရင် လူတွေက Investment လုပ်ဖို့ စဉ်းစားစရာတွေ အများကြီးရှိလာတယ်။
Clear Goal ရှိပြီး Priority သိမယ်ဆိုရင် ကျွန်တော်တို့လုပ်နိုင်စရာတွေအများကြီးရှိတယ်။ ပြီးတော့မှ GDP ကိုလည်း တိုးတက်ဖို့အများကြီးလုပ်လာနိုင်ပါမယ်။ နောက်တစ်ခုက တိုးလာတဲ့ လုပ်ငန်းတွေမှာ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပေါ်လာမှာဖြစ်လို့ မြန်မာပြည်ပြန်လာတဲ့ နိုင်ငံခြားလုပ်ငန်းအတွေ့အကြုံရှိ ဝန်ထမ်းတွေ အပါအဝင် လူတွေကိုလည်း အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။
ကြုံတွေ့လာနိုင်တဲ့ စိန်ခေါ်မှုတွေက ဘာတွေရှိမလဲ။ ဘယ်လိုဖြေရှင်းဖို့ ပြင်ဆင်ထားရမလဲ
-------------------
တကယ်လို့ လောလောဆယ်မှာ ဒီပုံစံဆက်သွားမယ်ဆိုရင် မသေချာမရေရာမှုတွေ ဆက်ဖြစ်နေမှာပါပဲ။ ကျွန်တော်တို့ လုပ်ငန်းတွေအကုန်လုံးက Infrastructure နဲ့ပတ်သက်နေတာတွေဖြစ်လို့ အစိုးရအပေါ်မှာ အများကြီးမူတည်နေပါတယ်။
ဒီပုံစံအတိုင်းဆက်သွားမယ်ဆိုရင် ကျွန်တော်တို့ GDP တက်ဖို့က နည်းနည်းတော့ အချိန်ပိုပေးရမယ်။ Priority မရှိဘဲနဲ့ အပြောင်းအလဲ မကြာခဏလုပ်နေတာမျိုးက အချိန်လည်းကုန်တယ်။ အလုပ်စီမံကိန်းမပြီးဘူး။ အလုပ်စီမံကိန်းပြီးဖို့က ဘယ်နေရာမှာ ဘာလုပ်ချင်တာလဲဆိုတာသိဖို့ Clarity က အရေးကြီးပါတယ်။ Clarity ရှိမယ်ဆိုရင် Investment တွေက Confidence ပိုရှိလာမယ်။ နောက်တစ်ချက်က ဘယ်လိုလုပ်ရမလဲဆိုတာကို ပိုသိလာတယ်။ Focus ပိုလုပ်လာနိုင်ပါမယ်။
၂၀၁၇ ခုနှစ် မြန်မာ့စီပွားရေးအပေါ် ခြုံငုံသုံးသပ်ချက်
-------------
၂၀၁၇ ခုနှစ်မှာ အထူးသဖြင့် ရေလုပ်ငန်းမှာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် Export အခြေအနေက ၂၀ ရာခိုင်နှုန်းလောက် ကျသွားတယ်။ ကျသွားတဲ့အကြောင်းအရင်းက ကုန်ကြမ်းမရရှိမှုကြောင့်ပါ။ ဒီနှစ်တွေမှာလည်း မေ၊ ဇွန်၊ ဇူလိုင်လတွေမှာ ငါးဖမ်းရာသီပိတ်တယ်၊ ပိတ်တော့ ပင်လယ်ပြင်က ရတဲ့ဟာနည်းသွားတယ်။ သဘာဝကရတဲ့ ငါး၊ ပုစွန်ကလည်း တော်တော်ရှားပါးလာတယ်။ ကိုယ်တိုင်မွေးဖို့ ကြိုးစားတော့လည်း ငါး၊ ပုစွန်တွေကလည်း တကယ့်ဈေးကွက်ကိုသွားတဲ့အခါမှာ ထိထိရောက်ရောက်နဲ့ မသွားနိုင်ဘူး။ မသွားနိုင်တာကလည်း ရခိုင်ကိစ္စနဲ့ အနည်းနဲ့အများရင်ဆိုင်နေရတယ်။ ဘယ်လိုရင်ဆိုင်လဲဆိုတော့ နိုင်ငံတချို့က သူတို့အချင်းချင်း Link တွေရှိတဲ့အခါကျတော့ မြန်မာပြည်က ထွက်တဲ့ ငါးမြစ်ချင်းကို ပို့ပြီးရောင်းတဲ့အခါမှာ ဈေးကွက်က မဝယ်လောက်တဲ့ အခြေအနေဖြစ်သွားတယ်။ သူတို့အချင်းချင်း မြန်မာပြည်က ငါးမစားဘူးတဲ့ ကောလာဟလတွေ သူတို့အချင်းချင်းထဲမှာ ဖြန့်တာကြောင့်လည်း ပါပါတယ်။ ဒုတိယအချက်ကလည်း သွားနေတဲ့ဈေးကွက်အနီးမှာရှိတဲ့ တိုင်းပြည်တွေကလည်း မွေးမြူရေးကို အစိုးရကအားပေးပြီး တော်တော်များများမွေးခိုင်းတယ်။ ဒီနိုင်ငံကနေ ငါးကိုပို့တဲ့အခါမှာ Frozen လုပ်သွားရတယ်။ သွားတဲ့ခရီးက ဝေးတဲ့အခါကျတော့ သယ်ယူပို့ဆောင်ခ စရိတ်တွေကလည်းများတယ်။ များတဲ့အခါ ကျွန်တော်တို့ဈေးနှုန်းနဲ့ အနီးနားမှာမွေးတဲ့ တိုင်ပြည်တွေက ဈေးနှုန်းနဲ့ကွာလာတယ်။ ပြီးတော့ တခြားနိုင်ငံတွေမှာလည်း မွေးမြူရေးလုပ်ငန်းတွေက တအားအောင်မြင်လာတယ်။ သူတို့အစိုးရတွေကလည်း ဘယ်လိုလုပ်လဲဆိုတော့ မွေးမြူရေးသမားတွေကို နောက်ကနေက ငွေရေးကြေးရေး Finance လုပ်ပေးတာမှ အတိုးကို မရှိသလောက်နဲ့ လုပ်ပေးတယ်။ အဲဒီတော့ သူတို့ဆီက မွေးမြူရေးသမားတွေက အဲဒီဘက်ကို အာရုံစိုက်ပြီး လုပ်လာနိုင်တယ်။ အဲဒီလိုလုပ်နိုင်တော့ သူတို့ Production များလာတဲ့အခါမှာ ကျွန်တော်တို့ Frozen နဲ့ သူတို့က Fresh နဲ့ဆိုတော့ ဈေးနှုန်းကလည်း ကွာသွားပြီ။ ကျွန်တော်တို့ဆီက ဈေးနှုန်းက ထုတ်လုပ်ခစရိတ်တွေကလည်း ထပ်ပေါင်းလိုက်တဲ့အတွက် ပိုများလာတယ်။ ကျွန်တော်တို့ဆီမှာ ဘဏ်ကနေချေးပြီးလုပ်တယ်ဆိုရင်တောင် ၁၃ ရာခိုင်နှုန်း ၁၄ ရာခိုင်နှုန်း လုပ်နေရတဲ့ အနေအထားတစ်ခုမှာ သူတို့ကိုယှဉ်ပြိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ တဖြည်းဖြည်းနဲ့ ရခိုင်ကိစ္စဖြစ်လာတဲ့အချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်သွားတော့ ငါးမြစ်ချင်းရောင်းတဲ့ ဈေးကွက်က တော်တော်ကြီးထိခိုက်လာတယ်။ ကျွန်တော်တို့ မွေးမြူရေးလုပ်ငန်းမှာ Volume ကြီးကြီးနဲ့ လုပ်နေတာဆိုလို့ ငါးမြစ်ချင်းဈေးကွက်တစ်ခုပဲရှိတယ်။ ပုစွန်မွေးတယ်ဆိုတာလည်း အများကြီးမအောင်မြင်သေးဘူး။ လက်ရှိ ပုစွန်ထုတ်လုပ်မှုဆိုရင် ရခိုင်ကိစ္စဖြစ်ပြီးနောက်ပိုင်း ရခိုင်ဒေသမှာလည်း ထုတ်လုပ်မှုတွေက တအားကျဆင်းသွားတယ်။ ကျဆင်းသွားတော့ ကုန်ကြမ်းရရှိမှုတွေကလည်း တော်တော်နည်းနည်းသွားတယ်။ အဲဒီလိုနည်းသွားတာကလည်း လူတွေကလုံခြုံရေးပိုင်းမှာ စိတ်မချရတဲ့အခါကျတော့ ဒီလုပ်ငန်းပေါ်မှာ အာရုံမစိုက်နိုင်ကြတော့ဘူး။တခြားလုပ်ငန်းပြောင်းသွားတဲ့သူနဲ့ ဒီလုပ်ငန်းကို စိတ်မဝင်စားတဲ့သူနဲ့ အဲဒီလိုမျိုးဖြစ်နေတာပါ။ ဟိုအရင်တုန်းကဆို ပုစွန်မွေးမြူရေးက မြေတစ်ဧကပေါ်မှာ ပုစွန်ထွက်တဲ့နှုန်းက ကီလိုနှစ်ရာလောက်ရှိတဲ့နေရာကနေ အခုဆို တချို့ကောင်းတဲ့ ကန်ကဆိုရင် ကီလိုရှစ်ဆယ်လောက်ပဲ ထွက်တော့တယ်။ မကောင်းတဲ့ကန်ဆိုရင် ကီလိုနှစ်ဆယ်လောက်ပဲ ထွက်တော့တယ်။ အဲဒီတော့ ၉၀ ရာခိုင်နှုန်း လောက် ကျဆင်းသွားတယ်။ ပုစွန်ရဲ့ ထုတ်လုပ်မှုပိုင်းမှာလည်း အများကြီးထိခိုက်သွားတယ်။ ပြီးတော့ ပင်လယ်ပြင်မှာ ဖမ်းဆီးနေတာကိုလည်း မေ၊ ဇွန်၊ ဇူလိုင်လတွေမှာ ပိတ်တယ်လို့ပြောပေမယ့် ဒီလိုပိတ်လိုက်တဲ့အတွက် တကယ်အကျိုးရှိလားဆိုတာလည်း မသိရဘူး။ ဘာဖြစ်လာလဲဆိုတော့ လောလောဆယ်ဆယ် စက်ရုံတွေမှာ ထုတ်လုပ်မှုကျဆင်းလာတယ်။ လာမယ့် ၂၀၁၈ ခုနှစ်ဆိုရင် ၁၀၀ ရာခိုင်နှုန်း ပိတ်တော့မယ်။ ဒီလိုပိတ်တဲ့အချိန်မှာ ကျွန်တော်တို့ဝန်ထမ်းတွေကို ဘယ်လိုထိန်းသိမ်းမလဲဆိုတာက ရှိပါတယ်။ မိုးရာသီမှာ သဘာဝငါးပုစွန်က ရှားပါးလာတယ်၊။ ဘယ်လိုနေရာမျိုးမှာ ထွက်လဲဆိုတော့ ရခိုင်လိုဒေသမျိုးမှာ ပုစွန်ထွက်တယ်။ ပုစွန်ထွက်တဲ့အချိန်မှာ အဲဒီဒေသက တည်ငြိမ်မှုမရှိတဲ့အတွက် အထွက်ကျလာတယ်။ မွေးမြူရေးငါးတွေကျတော့ မိုးတွင်းဆိုရင် ရေများလို့နည်းလို့ဆိုတဲ့ အနေအထားနဲ့ နွေရာသီလို ထုတ်လုပ်မှုက မများတဲ့အတွက် စက်ရုံတွေအတွက်က အလုပ်ကမဖြစ်နိုင်ဘူး။ ဈေးကွက်အနေအထားကလည်း ရခိုင်ကိစ္စတွေရယ်၊ အီရန်တို့လိုနိုင်ငံတွေက မွေးမြူရေးထွန်းကားလာတဲ့ အနေအထားတွေရယ်ကြောင့် ပို့ကုန်က ငါးမြစ်ချင်းပေါ်မှာ အားထားလို့ မရတော့ဘူး။ အားထားစရာတစ်ခုက ပင်လယ်ပြင်ဖမ်းဆီးရမိတဲ့ ငါးပုစွန်ပဲ အားထားစရာရှိတော့ ဒီငါးပုစွန်ပဲထပ်ပြီးကျတယ်ဆိုတော့ လာမယ့်နှစ်အတွက် ကျွန်တော်ထင်တယ် တော်တော်သတိထားပြီး ဆောင်ရွက်ရမယ်။
အခုနောက်ပိုင်းဆို ရာသီဥတုတွေကလည်း ဖောက်ပြန်လာတယ်။ ပင်လယ်ပြင်မှာ (ဖမ်းဆီးခွင့်) ပိတ်လိုက်တဲ့အခါကျတော့ တကယ်အကျိုးရှိမရှိဆိုတာ ကျွန်တော်တို့ဆီမှာ Research ကလည်း အားနည်းတော့ ပိတ်တယ်ဆိုရင် ပေါ်လစီအရပဲ ပိတ်တယ်ဆိုတာ မဖြစ်စေချင်ဘူး။ တကယ်ထိထိရောက်ရောက်နဲ့ ကိုယ့်တိုင်းပြည်အတွက် ထုတ်လုပ်မှုတိုးလာတဲ့ ပိတ်နည်းမျိုးဆိုရင် ပိတ်တာကောင်းတယ်။ အဲဒီလိုမျိုးမဟုတ်ဘဲနဲ့ ပိတ်ရင်ရေထဲမှာ ငါးတွေပေါက်မှာပဲ၊ ပေါက်ပြီးတော့မှ ဒါတွေတိုးလာမှာပဲဆိုတဲ့ ထင်မြင်ယူဆချက်မျိုးနဲ့ အလုပ်လုပ်တာကတော့ အန္တရာယ်များတယ်လို့ထင်တယ်။ ဒါကြောင့် ၂၀၁၇ ခုနှစ် အခြေအနေပြန်ကြည့်ရင်တော့ တိုးတက်တဲ့ နှစ်တစ်ခုမဟုတ်ဘူး။ ၃၀ ရာခိုင်နှုန်း ဝန်းကျင်လောက်ကျဆင်းတဲ့ နှစ်တစ်ခုလို့ ပြောချင်တယ်။
၂၀၁၈ ခုနှစ်အတွက် မြန်မာ့စီးပွားရေးအလားအလာ
--------------------
၂၀၁၈ ခုနှစ်ကလည်း ဒီအတိုင်းဆက်သွားနေရင်တော့ကျမှာပဲ။ ရေလုပ်ငန်းနဲ့ပတ်သက်လို့ ထုတ်လုပ်နေတဲ့ အပိုင်းဆိုရင် ပင်လယ်ပြင်ထုတ်လုပ်ရေး၊ မွေးမြူရေး၊ ရေချိုငါးထုတ်လုပ်ရေး ဒီသုံးခုက တက်လာအောင် လုပ်ဖို့ဆိုတာ နည်းလမ်းရှာမှရမယ်။ ဒီလိုမဟုတ်ဘဲ ဒီအတိုင်းသွားနေမယ်ဆိုရင်တော့ ၂၀၁၈ ခုနှစ်မှာ ပိုပြီးကျလာနိုင်တယ်။ ပိုဆိုးလာနိုင်တာက လူတွေက စီးပွားရေးအကျပ်အတည်း ဖြစ်နေတော့ စီးပွားရေးကို တိုးလုပ်ရမှာကြောက်လာတယ်။ ကျွန်တော်တို့ လုပ်ငန်းတွေက သိပ်မသေချာတဲ့ လုပ်ငန်းတွေဆိုရင် လုံးဝရပ်ပစ်လိုက်တယ်။ အဲဒီလိုကြိုတင်မကာကွယ်ရင် တစ်ဖက်ကဆုံးရှုံးမှုကို မခံနိုင်ဘူး။ အဲဒီတော့ ဝန်ထမ်းတွေလည်း ရပ်ပစ်သင့်တာရပ်ပစ်တာမျိုး မလုပ်ချင်လည်း လုပ်ရတယ်။ ရေရှည်မှာ ရှင်သန်ဖို့အတွက် နည်းလမ်းရှာရတဲ့အခါမှာ လုပ်ငန်းတွေနဲ့ပတ်သက်လို့ ကိုယ့်အတွက်မသေချာတဲ့ လုပ်ငန်းတွေ၊ နောက်တစ်ခုက ရေရှည်လုပ်လို့မရတဲ့ လုပ်ငန်းတွေဆိုရင် တော်တော်များများ ရပ်ပစ်လိုက်တယ်။ အဲဒီတော့ ဒီ ၂၀၁၈ ခုနှစ်ပေါ်မှာ မျှော်မှန်းတာကတော့ နိုင်ငံတော်က ဘယ်လောက်ထိ ဒီကဏ္ဍတွေကို ဆွဲတင်မလဲဆိုတာတွေ စဉ်းစားဖို့ လိုလာပြီ။ ဆွဲတင်ဖို့လိုလာပြီဆိုတာ ဥပမာ- ရေလုပ်ငန်းကဏ္ဍဆိုရင် လူကြီးတွေလည်း သတိတော့ထားပြီး ကြိုးစားနေတာဘဲ တစ်ခုက ရေလုပ်ငန်းစင်တာနဲ့ပတ်သက်လာရင် အကုသိုလ်များတဲ့ လုပ်ငန်းလို့ တချို့ကမြင်ပြီး အားပေး အားမြှောက်သိပ်မလုပ်ချင်ကြဘူး။ ဒါလည်းပါပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရေလုပ်ငန်းကဏ္ဍဟာလည်း ပို့ကုန်မှာ အတိုင်းအတာတစ်ခုထိ ရှာပေးနေတဲ့အခါကျတော့ တိုင်းပြည်အတွက် တစ်ဖက်က အထောက်အပံ့ဖြစ်တယ်လို့ ယုံကြည်တယ်။ ဒီကဏ္ဍကြီးကို တိုးတက်အောင် လုပ်ဖို့ဆိုတာ တစ်ယောက်ချင်း တစ်ဦးချင်းအားနဲ့သွားမယ်ဆို အချိန်ကြာနိုင်သလို အောင်မြင်မယ်လို့လည်း ယတိပြတ်ကြီး ပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ တခြားနိုင်ငံတွေနဲ့ ယှဉ်ပြိုင်ပြီးလုပ်တဲ့အခါမှာ Finance ပတ်သက်တဲ့ ကိစ္စတွေ အားနည်းတယ်။ နည်းပညာအားနည်းတယ်။ နောက်တစ်ခုက Human Resources ပါ။ အထူးသဖြင့် Management လုပ်ရတဲ့အခါ အခက်အခဲကြုံရတယ်။ ဒီသုံးခုမှာ တခြားနိုင်ငံနဲ့ယှဉ်ဖို့က တော်တော်ခက်ခဲတယ်။ ဒါကအရေးကြီးတဲ့အပိုင်း ဖြစ်နေတဲ့အတွက် ကျွန်တော်တို့လုပ်ငန်းတွေ ရှေ့လျှောက်အောင်မြင်မယ် မအောင်မြင်ဘူးဆိုတာ နိုင်ငံတော်ရဲ့ စီမံခန့်ခွဲမှုတွေနဲ့ အများကြီးသက်ဆိုင်ပါတယ်။ ပြီးတော့ သူများတိုင်းပြည်က အထောက်အပံ့ကို မျှော်လင့်တာမဟုတ်ပေမယ့် ဒီတိုင်းပြည်အခြေအနေအရ ကျွန်တော်တို့ချည်းပဲ ထူထောင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ အဲဒီတော့ နိုင်ငံခြားက နည်းပညာ၊ Finance ၊ Management ဒီအကူအညီတွေယူပြီး ထူထောင်မှ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုး မှာဖြစ်ပါတယ်။ အဲဒါကြောင့် ၂၀၁၈ ခုနှစ် အနေအထားတစ်ခုဟာ အစိုးရပေါ်ပဲမူတည်တယ်လို့ ပြောချင်ပါတယ်။
ဘယ်လိုစိန်ခေါ်မှုတွေ ကြုံတွေ့နိုင်မလဲ၊ ဒါတွေကိုကျော်ဖြတ်ဖို့ ဘယ်လိုပြင်ဆင်ထားရမလဲ
---------------------
ခေတ်စနစ်ပြောင်းတဲ့အခါမှာ အခက်အခဲတွေရှိကြမှာပဲ။ ဒါဖြေရှင်းတဲ့ နည်းလမ်းမှန်ရင် အချိန်တိုကာလအတွင်းမှာ ပြီးဆုံးသွားမယ်။ လုပ်ငန်းတွေနဲ့ပတ်သက်လို့ ပြုပြင်ရမယ့်ကိစ္စတွေကို အရင်ကထက်ပိုပြီး အားစိုက်ဖို့လိုလာတယ်တို့ မြင်လာတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိအနေအထားမှာ Development ဘက်ကိုသွားတာထက် Survive ဖြစ်ဖို့ဘက်ကို ဦးတည်လိုက်တယ်။ ကျွန်တော်တို့အနေနဲ့ Development လုပ်လေ Risk က ပိုများလေ ပြီးရင်မမြင်နိုင်တဲ့ အခက်အခဲတွေပိုများလေပဲ။ လက်ရှိ ကျွန်တော့်ဆီမှာ ရေလုပ်ငန်းနဲ့ပတ်သက်ရင် အစုံလုပ်တယ်။ စုံတယ်ဆိုပေမယ့် အခုစဉ်းစားလာတာက အကုန်အစုံလုပ်လို့တော့ မရတော့ဘူး။ ရေရှည်သွားနိုင်တဲ့ လုပ်ငန်းတစ်ခု ထွက်ပေါက်ရနိုင်တဲ့ လုပ်ငန်းတစ်ခုကို ရှာပြီးတော့ အရင်ကြိုးစားကြည့်ရမယ်။ ကြိုးစားကြည့်ပြီးမှ အဲဒီဟာနဲ့ လိုက်လျောညီထွေဖြစ်တဲ့ ဝန်ထမ်းအင်အားနဲ့ အလုပ်နဲ့မျှပြီးသွားမှရမယ်။ အရင်လို Organization ကို အကြီးကြီးချဲ့ပြီးတော့ ရှိသမျှအလုပ်ကို အကုန်လုံးလုပ်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့လုပ်ဖို့ဆိုတာလည်း တစ်ဖက်မှာ Market ပြဿနာနဲ့ တစ်ဖက်မှာ ကုန်ကြမ်းပြဿနာ ရှိနေပါတယ်။ အဆိုးဆုံးကတော့ ငွေရေးကြေးရေးလှည့်ဖို့က တဖြည်းဖြည်းခက်ခဲလာတော့ လုပ်ငန်းတွေကို သတိတော်တော်လေးထားပြီးတော့ သွားရမယ့်အနေအထား ဖြစ်နေပြီ။ အဲဒီတော့ ဘာနဲ့သွားပြီး Change တစ်ခုကို သွားရလဲဆိုတော့ Product ကို ရွေးချယ်တဲ့အခါမှာ ကိုယ့်အတွက် ရေရှည်လုပ်လို့ရမယ့် Product ကို အရင်ရွေးချယ်ရတယ်။ အဲဒီလိုနေရာမျိုးတောင်မှ ကျွန်တော်တို့မှာ မွေးမြူရေးကန်တွေရှိတယ်။ ငါးတွေထွက်နေတယ်။ ကိုယ်ပိုင်စက်ရုံတွေ ရှိတယ်။ Export ဈေးကွက်ကို ဖြတ်သန်းဖို့ကို လွယ်လွယ်လေးနဲ့ လုပ်ရတာကို ကိုယ်တို့မလုပ်နိုင်ဘူး၊ ကျွန်တော်တို့ဆီက ထွက်တဲ့ ငါးတွေအားလုံးကို ဈေးထဲမှာ ချရောင်းနေရတယ်။ အခုလောလောဆယ် Product ကို ပုံမှန်ပဲသွားဖို့ Value-Added Product ကိုသွားဖို့ တစ်ဖက်က စဉ်းစားနေရတယ်။ အရင်တုန်းကဆို Export လုပ်ဖို့ကို တော်တော်အားသန်တယ်ဆိုပေမယ့် အခုကျတော့ အဆင်သိပ်မပြေတော့ဘူး။ ဒီမှာကုန်ကြမ်းက လုံလုံလောက်လောက် မရှိတာတစ်ကြောင်း၊ ရှိတဲ့ Market ကလည်း မသေချာတာတစ်ကြောင်းဖြစ်နေတယ်။ အဲဒီလိုမျိုးကျတော့ ပြည်တွင်းဈေးကွက်ကို ၅၀ ရာခိုင်နှုန်းလောက်မှန်းပြီးသွားမှ ဆက်ပြီးရှင်သန်မယ်လို့ တွက်တယ်။ အဲဒီတော့ ပြင်ဆင်မှုတွေအရ ပြောရင်တော့ နည်းပညာအားနည်းမှုကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားပြီးတော့ ဝန်ထမ်းတွေကို အပြင်ကို Training လွှတ်တယ်။ တစ်ဖက်ကလည်း နည်းပညာရှိတဲ့သူတွေဆီက နည်းပညာဝယ်ပြီးလုပ်တယ်။
နောက်တစ်ခုက Human Resources ပြဿနာ၊ Management ပြဿနာ။ ဒါတွေနဲ့ပတ်သက်ပြီး ဝန်ထမ်းတွေကို ကျွန်တော်ကိုယ်တိုင် တစ်နေ့တစ်နာရီ သင်တန်းပေးတယ်။ အဓိကကတော့ ဘယ်လိုစိန်ခေါ်မှုတွေကို ရင်ဆိုင်နေရလဲဆိုတော့ ပြန်စဉ်းစားရင် ကိုယ့်မှာလက်ရှိဖြစ်နေတဲ့ အချက်သုံးချက်ကို ဂရုစိုက်ပြင်ရင်းနဲ့ လက်ရှိလုပ်နေတဲ့လုပ်ငန်းတွေ Survive ဖြစ်ဖို့အတွက် သွားနေရတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းကြီးဟာ သေချာပေါက် Definitely အောင်မြင်မယ်လို့ မပြောနိုင်ဘူး။ ကိုယ့်ယုံကြည်မှုတစ်ခုအရ လုပ်နေတာ။ တချို့ဆိုလုပ်ငန်းပြောင်းသွားတာတွေရှိတယ်။ လက်ရှိလုပ်နေတဲ့သူတွေဆိုလည်း တော်တော်ကို ကြိုးစားပြီးလုပ်နေရတာ။
ရေလုပ်ငန်းကဏ္ဍကြီးဟာ ရေရှည်ဘယ်လိုသွားမလဲဆိုတာ ပြန်ပြောရင်တော့ နိုင်ငံတော်အစိုးရနဲ့ လုပ်ငန်းရှင်တွေ ပူးပေါင်းပြီးတော့မှ တကယ်စနစ်ကျတဲ့ အဖွဲ့အစည်းတွေဖြစ်လာအောင်၊ စနစ်ကျတဲ့ ပေါ်လစီတွေ ချမှတ်သွားနိုင်ရင်တော့ ရေလုပ်ငန်းကဏ္ဍဟာ တက်လာမယ်။ အဲဒီလိုမှမဟုတ်ဘဲ ဒီအတိုင်းသွားမယ်ဆိုရင် ပြဿနာက အများကြီးရှိတယ်။ ပုစွန်ကို တိတိကျကျနဲ့ အောင်မြင်အောင် မွေးမယ်ဆိုတဲ့နေရာက တနင်္သာရီတိုင်းတစ်ခုပဲရှိတယ်။ ဘာဖြစ်လို့လဲဆိုရင် ဧရာဝတီတိုင်းက ရေချိုမြစ်ကြီးတွေဖြစ်တဲ့ ဧရာဝတီမြစ်၊ ငဝန်မြစ်ရှိတယ်။ အဲဒီမှာ မိုးတွင်းလိုကာလမျိုးဆို ရေချိုထိုးရင် ပုစွန်မွေးတဲ့နေရာတွေမှာရှိတဲ့ ရေငန်နှုန်းထားတွေက အငန်နှုန်းတွေက ပြောင်းတယ်။
အဲဒီလိုပြောင်းနေတော့ အဲဒီပုစွန်က ရှင်သန်ဖို့တို့ ကြီးထွားဖို့တို့ဆိုရင် အင်မတန်ခက်ခဲတယ်။ ဒါကြောင့်မို့လည်း ပုစွန်မွေးမြူရေးလုပ်ငန်းအောင်မြင်တယ်ဆိုတာ သက်သေပြစရာမရှိဘူး။ ဒီမွေးမြူရေးလုပ်ငန်း မအောင်မြင်ဘဲနဲ့ သဘာဝတစ်ခုတည်းကိုပဲ အားကိုးပြီးတော့သွားဖို့ဆိုတာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က တိုင်းထားတဲ့ သယံဇာတအရေအတွက်နဲ့ဆိုရင် ၇၀ ရာခိုင်နှုန်းကျဆင်းသွားတယ်။
ဒီ ၂၀ ရာခိုင်နှုန်းလောက်ကိုပဲ လည်ပတ်ပြီးတော့ သွားနေတော့ ရေရှည်ဖြစ်နိုင်ပါ့မလားဆိုတာ စဉ်းစားရမယ်။။ တဖြည်းဖြည်းကျဆင်းမှုရဲ့ ပမာဏက တအားများလွန်းတော့ ရေရှည်အတွက် ဂရုစိုက်လုပ်သင့်တဲ့ လုပ်ငန်းတစ်ခုလို့ မြင်တယ်။
၂၀၁၇ ခုနှစ် မြန်မာ့စီးပွားရေးအပေါ် ခြုံငုံသုံးသပ်ချက်
-------------
၂၀၁၇ ခုနှစ် စီးပွားရေးအခြေအနေအားဖြင့်တော့ ၂၀၁၅ ခုနှစ်၊ ၂၀၁၆ ခုနှစ်နဲ့စာရင် တိုးတက်နှုန်း အနည်းငယ်နှေးတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ဒါကအပြောင်းအလဲ ကာလတစ်ခုဖြစ်တဲ့အတွက် အခြေခံ Foundation တွေကို ပြောင်းလဲတဲ့အချိန်တစ်ခုလို့ မြင်ပါတယ်။ အဓိကကတော့ တချို့ Sector တွေမှာ အထူးသဖြင့် Enterprise ကြီး၊ ကုမ္ပဏီကြီးတွေရဲ့ လုပ်ငန်းတိုးချဲ့မှုတွေ နှေးတာတွေ့ရ တယ်။ SME အပိုင်းမှာတော့ Growth က တချို့နေရာတွေမှာ ပုံမှန်တွေ့ရပါတယ်။ အဓိကကတော့ Foreignment Investment တွေ အရင်လို အားနဲ့မဝင်လာသေးဘူး၊ FDI Porfilio မှာ နိုင်ငံတော်အနေနဲ့ သူ့မူဝါဒနဲ့ကိုက်ညီတဲ့ Investment တွေကို ဦးစားပေးပြီးတော့၊ သူလိုချင်တဲ့ပုံစံ ဦးစားပေးပြီးတော့ ပြောင်းလဲတဲ့အပိုင်းတွေလည်း ရှိတော့ Foreign Investment လည်းအစပိုင်းမှာ နှေးတာတွေ့ရတယ်။ နောက်ပိုင်းမှာတော့ အရှိန်နဲ့ ပြန်တက်လာပါလိမ့်မယ်။
၂၀၁၈ ခုနှစ်မှာ မြန်မာ့စီးပွားရေးအလားအလာ
---------------
ကျွန်တော်တို့မြင်တာကတော့ ၂၀၁၈ ခုနှစ်မှာ တိုးတက်မှုက ၂၀၁၇ ခုနှစ်ထက် မြန်လာမယ်ထင်ပါတယ်။ တစ်ဖက်မှာလည်း စိန်ခေါ်မှုတွေ ရှိတယ်။ ရခိုင်အရေးရှိတယ်။ ဒါကို ကျွန်တော်တို့နိုင်ငံအနေနဲ့၊ Business Society အနေနဲ့၊ Community အနေနဲ့ ဘယ်လိုကိုင်တွယ်သလဲဆိုတာကို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြပါတယ်။ မြန်မာနိုင်ငံအပေါ် သူတို့ရဲ့အမြင်ကလည်း အရေးကြီးတော့ ဒါကိုလည်း Manage လုပ်ဖို့လိုပါတယ်။ Political နဲ့ Economy ဆိုတာက ဆက်စပ်မှုရှိနေတဲ့အတွက် ဒါကိုကိုင်တွယ်မယ်ဆိုရင် ၂၀၁၈ ခုနှစ်မှာ မြန်မာ့စီးပွားရေးက အရှိန်အဟုန်မြင့်လာမယ်လို့ ထင်ပါတယ်။
တစ်ဖက်ကလည်း နိုင်ငံတော်အစိုးရရဲ့ မူဝါဒတွေကို အကောင်အထည်ဖော်မယ့် Action Plan ကိုလည်း စတွေ့နေရပါပြီ။ ဒါကိုလက်တွေ့အကောင်အထည်ဖော်ဖို့ လိုပါတယ်။ စီးပွားရေး Environment က အရေးကြီးသလို Political Environment ကလည်း တည်ငြိမ်ဖို့ လိုပါတယ်။
ပုံမှန်အားဖြင့် ကျွန်တော်တို့နိုင်ငံတစ်နိုင်ငံ တည်ဆောက်တဲ့အခါမှာ စိုက်ပျိုးရေးကဏ္ဍက အရေးကြီးပါတယ်။ Tourism Sector လည်း အရေးကြီးပါတယ်။ သူက အလုပ်အကိုင်အခွင့်အလမ်းတွေ ဖော်ထုတ်နိုင်ပါတယ်။ နိုင်ငံအေးချမ်းမှ၊ နိုင်ငံပေါ်မှာ အမြင်ကြည်လင်မှ နိုင်ငံခြားသားတွေက ကိုယ့်နိုင်ငံကိုလာကြမှာ ဖြစ်ပါတယ်။
နောက်ပြီး SME တွေလည်း အရေးကြီးပါတယ်။ ဒီ Sector သုံးခုကတော့ ကျွန်တော့်အမြင်နဲ့ အရေးကြီးပါတယ်။ တစ်ဖက်ကလည်း ကျွန်တော်တို့မြင်တာက Digital Economy ဖြစ်ပါတယ်။ အခုဆိုရင် Grab တို့၊ Uber တို့ ဝင်လာကြပြီ။ အဲဒီလိုကုမ္ပဏီတွေလည်း ဝင်လာကြလိမ့်မယ်။ ဒါကို အားပေးသင့်တယ်။
FDI မှာ အာရှက ဝင်လာတာတွေများနေသေးတယ်။ တရုတ်တို့၊ စင်ကာပူတို့က များနေတယ်။ အမေရိကန်တို့ ဥရောပတို့က ဝင်တာ နည်းနေပါသေးတယ်။ ဒါကလည်း အစတည်းက ဒီလိုပါပဲ။ ကျွန်တော်တို့ ဖြစ်ချင်တာက အမေရိကန်တို့ ဥရောပတို့ကနေ နိုင်ငံအတွက် အခြေခံအုတ်မြစ်ကို ပံ့ပိုးပေးတဲ့ Investment မျိုးကို ပိုရစေချင်တယ်။
ကိုယ့်နိုင်ငံက သယံဇာတတွေကိုယူတဲ့ Investment တွေနဲ့စာရင် Human Resource (လူ့စွမ်းအားအရင်းအမြစ်) ကို အခြေခံပြီးတော့ တိုးတက်ဖို့အတွက်၊ လိုအပ်တဲ့ အုတ်မြစ်ချဖို့၊ လိုအပ်တဲ့ Foundation လုပ်ဖို့အတွက် Investment တွေ ဝင်လာစေချင်ပါတယ်။ Foreign Investment ဆိုတာက ကိုယ့်နိုင်ငံကိုလာပြီး ကိုယ့်နိုင်ငံက လူတွေကို ပြိုင်ကြတယ်။ ဒါပေမဲ့ တစ်ဖက်ကလည်း သူတို့ဆီကနေ နည်းပညာတွေရမယ်၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးတာတွေလည်း မြင်ရမယ်။ အရေးကြီးတာက ဒါသည် Economy ကို Vibrant ဖြစ်စေပါတယ်။ ဒါမျိုးလေးတွေ ပိုပြီးတော့ ကျွန်တော်တို့ မြင်ချင်တယ်။ မြင်ရမယ်လို့လည်း ယုံကြည်ပါတယ်။
ကြုံတွေ့နိုင်တဲ့ အခက်အခဲတွေနဲ့ အဲဒါတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ဘယ်လိုပြင်ဆင်ထားရမလဲ
----------------
၂၀၁၈ ခုနှစ်မှာ မြင်တာတစ်ခုကတော့ ရခိုင်အရေးရှိပါမယ်။ ရခိုင်အရေးကို ဘယ်လိုမျိုးရင်ဆိုင် ဖြေရှင်းသလဲဆိုတာကို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေတယ်။ ဒီအပေါ်မှာမူတည် ပြီးတော့ Tourism Sector က ပြောင်းလဲမယ်။ Foreign Direct Investment က ပြောင်းလဲပါမယ်။
တစ်ဖက်ကလည်း ကုမ္ပဏီအကြီးကြီးတွေက သူတို့အနေနဲ့ ဒီမှာ Invest လုပ်မယ်ဆိုရင် Risk နည်းအောင် ဒီနိုင်ငံရဲ့တည်ငြိမ်မှုကို သူတို့ကြည့်မှာပါပဲ။ Political Environment က စိန်ခေါ်မှုဖြစ်နိုင်တယ်။ ဒါကို လုပ်ငန်းရှင်တွေအနေနဲ့ ဒါဟာ ကိုယ်နဲ့မဆိုင်ဘူး၊ ကိုယ်က ဝန်ဆောင်မှုတွေ ထုတ်ကုန်တွေရောင်းတာ ကိုယ်နဲ့အဝေးကြီးလို့ ယူဆလို့မရပါဘူး။ အားလုံးက အဘက်ဘက်က Interdependency ရှိတယ်။ ကျွန်တော်တို့အားလုံးက Socially Responsible ဖြစ်ပြီး ဖြစ်နေတဲ့ Issue တွေကို Address လုပ်ဖို့လိုတယ်။ ပါဝင်ဖို့လိုပါတယ်။ တစ်ကမ္ဘာလုံးမှာ မြန်မာနိုင်ငံတစ်ခုတည်း ရပ်တည်လို့ရတာမဟုတ်ပါဘူး။ နားလည်မှုလွဲတဲ့ ကိစ္စရပ်တွေနည်းအောင် လုပ်ဖို့လိုပါတယ်။
နောက်တစ်ခုကတော့ SME တွေ Competition ဖြစ်ဖို့လိုပါတယ်။ Access to Finance တစ်ခုတည်းပြောနေလို့ မရပါဘူး။ Acsess to Skilled HR ၊ ကျွမ်းကျင်လုပ်သားအင်အား၊ Access to Markert ဈေးကွက်ရရှိမှုနဲ့ အဓိကအကျဆုံး Access to Technology နည်းပညာရရှိဖို့ လိုပါတယ်။ ဒါမှ အိမ်နီးချင်းနိုင်ငံနဲ့ ကမ္ဘာကို ယှဉ်ပြိုင်နိုင်မှာပါ။
နိုင်ငံတော်အစိုးရအနေနဲ့လည်း ဒီလိုဖြစ်လာဖို့ Enabling Eniviroment တွေရှိဖို့ Ecosystem ကို ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ ထူထောင်ဖို့ ခေတ်နောက်ကျနေတဲ့ မြန်မာနိုင်ငံကို ပြန်ဖို့အားလုံးရဲ့ အင်အားနဲ့ပါဝင်မှု (Indcessiveness) လိုအပ်ပါတယ်။ Digital Economy ကို မသွားနိုင်ဘူးဆိုရင် အမီလိုက်နိုင်မှာ မဟုတ်ပါဘူး။
၂၀၁၇ ခုနှစ် မြန်မာ့စီးပွားရေးအခြေအနေအပေါ် ခြုံငုံသုံးသပ်ချက်
------------
၂၀၁၇ ခုနှစ် မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေကို ပြန်သုံးသပ်ရမယ်ဆိုရင် တော်တော်စိတ်ဝင်စားဖို့ ကောင်းတယ်လို့ပြောလို့ရသလို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ နှစ်တစ်နှစ်လို့ ပြောရင်လည်း မမှားပါဘူး။
အထူးသဖြင့် Developer နဲ့ Construction တွေမှာ အထိအခိုက်လေးတွေ ရှိတာတွေ့ရတယ်။ အဲဒီရဲ့ အကျိုးဆက်တွေကို နိုင်ငံတော်အနေနဲ့ လိုအပ်တဲ့ပြုပြင်ဆောင်ရွက်မှုတွေလုပ်တာလည်း တွေ့ရပါတယ်။ ဒါပေမဲ့အစိုးရအသစ်အနေနဲ့ အုပ်ချုပ်ရေးပိုင်းမှာ တာဝန်စယူရတာဖြစ်တဲ့အတွက် သူတို့ဆီမှာ အားနည်းချက်တွေတော့ ရှိနေနိုင်ပါတယ်။ စီးပွားရေးအမြင်မရှိတဲ့အခါမှာ အချိန်လေးတစ်ခုတော့ ကျွန်တော်တို့ ပေးလိုက်ရပါတယ်။ ဒီအခါမှာ တိုင်းပြည်အတွက် စိန်ခေါ်မှုတွေ များလာတယ်။
အရင်တုန်းက စီးပွားရေးလုပ်ခဲ့တာတွေက သူ့နည်းသူ့ဟန်လေးနဲ့ သွားနေကြတာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအသစ်တက်လာတဲ့အခါမှာ နည်းဥပဒေအသစ်တွေ ဖော်ဆောင်တာတို့၊ ရှိပြီးဥပဒေတွေကို စနစ်ကျအောင် လုပ်တာတို့က အင်မတန်ကောင်းတဲ့အလုပ်တွေဖြစ်ပါ တယ်။ ဒါပေမဲ့ ခေတ်ကာလအခြေအနေအရ စီးပွားရေးက တန့်သွားတဲ့အချိန်မှာ အဲဒီအရာတွေက လူတွေအတွက် ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်စေပါတယ်။ အဲဒီဝန်ထုပ်ဝန်ပိုးတွေကို စီးပွားရေးအသွင်သစ်နဲ့ ပြန်လည်ဦးမော့အောင်လုပ်ဖို့ဆိုတာ စိန်ခေါ်မှုတွေ အများကြီးရှိပါတယ်။
၂၀၁၇ ခုနှစ်မှာ စီးပွားရေးအားဖြင့် ခြုံငုံပြီးပြောရရင်တော့ တော်တော်ကို မကောင်းဘူးဖြစ်ခဲ့ပါတယ်။ လုပ်ငန်းရှင်တော်တော်များများလည်း စီးပွားရေးနဲ့ပတ်သက်လို့ အကျပ်အတည်းလေးတွေ ရှိခဲ့ကြပါတယ်။ အဲဒီမှာပြောစရာရှိတာက စီးပွားရေးအကျပ်အတည်းဖြစ်တယ်သာ ပြောတယ်၊ ပွဲတွေလုပ်နေတာတွေလည်း ရှိနေတယ်။ ဆောက်လက်စအဆောက်အအုံတွေကလည်း ဆောက်နေတာ တွေ့ရတယ်လို့ ပြောစရာရှိပါတယ်။ အဲဒီဆောက်လက်စလူတွေက လွန်ခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်က ဆောက်ခဲ့တာတွေကို လက်စသတ်နေတာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ထဲမှာ လုပ်ငန်းသစ်စတာ သိပ်မတွေ့ရဘူး။
၂၀၁၇ ခုနှစ်နှောင်းပိုင်းကျတော့ နိုင်ငံတော်အနေနဲ့ လမ်းကြောင်းလေးတစ်ခုကို တွေ့သွားပါတယ်။ စီးပွားရေးမူဝါဒထဲမှာပါတဲ့အချက်ဖြစ်တဲ့ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေရဲ့တိုးတက်မှုကို ကိုယ့်ဒေသအလိုက် ဖော်ဆောင်ရမယ်ဆိုတဲ့အခန်းကဏ္ဍကို ရောက်လာတဲ့အခါမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာရှိတဲ့ အုပ်ချုပ်မှုဆိုင်ရာ အဖွဲ့အစည်းတွေက သူ့အုပ်ချုပ်မှုနဲ့သူ သွားနေတာလေးတွေကို စပြီးဖော်ဆောင်လာတာ တွေ့ရပါတယ်။ အင်မတန်အားရစရာ လမ်းကြောင်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ မွန်ပြည်နယ်ဆိုလည်း သူ့ရဲ့အဓိကဖြစ်တဲ့ ရော်ဘာကို အားထားမယ်ဆိုတာ ဖြစ်လာတယ်။ ကရင်ပြည်နယ်ဆိုလည်း စက်မှုဇုန်လုပ်ဖို့ အားထားလာတာတွေ ရှိတယ်။ ကချင်ပြည်နယ်ဆိုလည်း ငြိမ်းချမ်းရေးကို စီးပွားရေးနဲ့အတူ ဖော်ဆောင်လာမယ်ဆိုတာ ရှိလာတယ်။ ထို့အတူ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းတိုင်းအသီးသီးကလည်း သူ့ဟာနဲ့သူ တိုးတက်မှုတွေကို ဖော်ဆောင်တဲ့အခါမှာ နိုင်ငံတော်က တကယ်ဖြစ်စေချင်တဲ့ လမ်းကြောင်းပေါ်ကို ၁၈ လကျော်လောက်မှာ စပြီးတော့ ရောက်လာတာတွေ့ရပါမယ်။ တစ်နှစ်ပတ်လုံးအနေနဲ့ပြောရရင်တော့ မကောင်းပေမယ့် နှစ်ကုန်ပိုင်းလောက်မှာတော့ လုပ်ငန်းတွေ စလုပ်နေတယ်ဆိုတဲ့ ရောင်ခြည်သန်းတာလေးတွေတော့ ရှိလာပါပြီ။ ဒါပေမဲ့ ပြုပြင်စရာရှိတာတွေ၊ ပြန်ပြီးတော့ ချိန်ထိုးစရာတွေ အများကြီးရှိပါသေးတယ်။
၂၀၁၇ ခုနှစ်အတွင်း တိုင်းပြည်မှာငွေလိုတယ်ဆိုတဲ့အခါမှာ နိုင်ငံတော်အနေနဲ့ အခွန်ကောက်တယ်ဆိုတာမျိုး စလုပ်လာတာတွေ့ရပါတယ်။ အခွန်ကောက်တာ မှန်ပါတယ်။ အရင်အစိုးရလက်ထက်မှာ အခွန်ကို ၄၂ ရာခိုင်နှုန်းလောက် ကောက်တယ်။ ဒါပေမဲ့ တကယ်တမ်း လက်တွေ့မှာ မကောက်တဲ့အတွက် အခွန်နဲ့ပတ်သက်လို့ မခံစားရဘူး။ အခုအစိုးရလက်ထက်မှာကျတော့ တကယ်လည်း လက်တွေ့ကောက်ရော အခွန်နဲ့ပတ်သက်ပြီး လူတွေ ဗဟုသုတမရှိတာရယ်၊ အခွန်နဲ့ပတ်သက်လို့ အကျိုးခံစားခွင့်တွေကို မသိတာရယ်ကြောင့် လူတွေကအော်ကြတယ်။ တိုင်းပြည်ကလည်း တိုင်းပြည်ရဲ့ဝင်ငွေက အခွန်မှာ ရှိတယ်ဆိုတဲ့ အရင်တုန်းက ရှေးရိုးစွဲအယူအဆကြီး တစ်ခုယူထားတယ်လို့ ကျွန်တော်ယူဆပါတယ်။ တကယ်တမ်းကျ နိုင်ငံတော်တစ်ခုရဲ့ဝင်ငွေက အခွန်တစ်ခုတည်းမှာတင်မဟုတ်ပါဘူး။ တစ်အချက် Export ဘယ်လိုထွက်အောင်လုပ်မလဲ၊ Export တိုးတက်အောင် ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာ အများကြီးစဉ်းစားလို့ ရပါတယ်။ နောက်တစ်ခုက Foreign Direct Investment (FDI) တွေကို ဘယ်လိုခေါ်လာလို့ ရမလဲဆိုတာတွေကို စဉ်းစားလို့ရပါတယ်။
အဲဒီအတွက် ၂၀၁၇ ခုနှစ်မှာ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေ၊ ဆုံးရှုံးမှုတွေကို နောင်နှစ်တွေမှာ မဖြစ်အောင်ဘယ်လိုလုပ်မလဲ၊ ဘယ်လိုကျော်လွှားနိုင်အောင် လုပ်မလဲဆိုတာ စဉ်းစားရပါမယ်။ သီအိုရီချည်းပဲပြောနေတဲ့သူမဟုတ်ဘဲနဲ့ တကယ်လက်တွေ့အလုပ်လုပ်တဲ့သူတွေ၊ လက်တွေ့ပညာတတ်တဲ့ လူငယ်တွေ ပိုလိုအပ်မယ်လို့ ထင်ပါတယ်။
၂၀၁၈ ခုနှစ်အတွက် မြန်မာ့စီးပွားရေးအလားအလာ
------------
၂၀၁၈ ခုနှစ်အတွက်က မြန်မာ့စီးပွားရေးအလားအလာပြောရင် ဖေဖော်ဝါရီလလောက်မှာမှ ကျွန်တော်တို့ သိရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုကျွန်တော်တို့ စတင်ထားတဲ့ မြေစမ်းခရမ်းပျိုးထားတာတွေရဲ့ အသီးအပွင့်က ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလလောက်မှ ဘယ်လိုအဆင့်ရောက်မလဲသိရမှာ ဖြစ်ပါတယ်။ လက်ရှိရှိနေတဲ့ သူဌေးကြီးတွေပဲ လူမွဲစာရင်းခံသွားမလား၊ သူဌေးငယ်လေးတွေပဲ ပေါ်လာမလား၊ ဒါမှမဟုတ် တကယ် FDI Flow က ဘယ်ကနေလာမလဲ၊ ဘယ်နိုင်ငံကနေလာမလဲဆိုတာ ရှိပါတယ်။
ဒီနေရာမှာ ကျွန်တော် ကဏ္ဍသုံးခုအနေနဲ့ ပြောချင်ပါတယ်။ ခုနက ကျွန်တော်ဆွေးနွေးခဲ့တဲ့အထဲမှာလည်း ပါပါတယ်။ FDI ရယ်၊ Export ရယ်၊ Internal မှာရှိမယ့် Revenue ရယ်ကို ပြောချင်ပါတယ်။ FDI ကို စဉ်းစားတဲ့အခါမှာ FDI နဲ့ ပတ်သက်လို့ လာဖို့လျှောက်ထားကြတဲ့သူတွေ အများကြီးပဲ ရှိပါတယ်။ ဒါပေမဲ့ သူတို့နဲ့ သေချာစကားပြောကြည့်၊ မေးကြည့်တဲ့အခါမှာ ကျွန်တော်တို့တိုင်းပြည်က အခွန်နဲ့ပတ်သက်လို့ အခွန်ကင်းလွတ်ခွင့်ကာလတွေ ပေးထားတယ်။ အခွန်ကင်းလွတ်ခွင့်နဲ့စာရင် သူတို့စိုးရိမ်တာတစ်ခုက ဒီမှာစက်ရုံတစ်ရုံ လာဆောက်ဖို့ သဘောတူပြီးလို့ စက်ရုံဆောက်မယ်၊ စက်ရုံလုပ်တော့မယ်ဆိုရင် ကျူးကျော်ပြဿနာကို စိုးရိမ်နေကြတာဖြစ်ပါတယ်။ ဒီကျူးကျော်တွေကို ဘယ်လိုရှင်းပေးမလဲဆိုတဲ့ ပြဿနာပါပဲ။ အဲဒီကျူးကျော်ပြဿနာတစ်ခုလုံးကို ရှင်းရတာမလွယ်ပါဘူး။ ကျွန်တော်တို့ အတွေ့အကြုံ၊ ကြားဖူးနားဝအရပြောရရင် အဲဒီကျူးကျော်တွေကို ရှင်းရရင် ငွေရေးကြေးရေးနဲ့ပဲ ရှင်းရတယ်။ တစ်ခါတလေမှာ သိန်းငါးဆယ်တန်သည်၊ သိန်းခြောက်ဆယ်တန်သည် ပေးပြီး ရှင်းပေးရတာတွေရှိတယ်လို့ ကြားဖူးပါတယ်။ အဲဒီကျူးကျော်တွေကို ဖြေရှင်းရတဲ့အလုပ်က ဝန်ထုပ်ဝန်ပိုးတစ်ခုလို ဖြစ်နေပါတယ်။ ဆိုကြပါစို့။ ကျွန်တော်က ဧကခြောက်ဆယ်မှာ အလုပ်လုပ်လို့ ကျူးကျော်က အလုံးခုနစ်ဆယ်လောက်ရှိမယ်ဆိုရင် တစ်လုံးကို ကျွန်တော်က သိန်းငါးဆယ်ပေးရရင် အဲဒီသူတို့ကိုပေးရတဲ့ အပိုငွေကြောင့် ကျွန်တော့်မှာ Investment က ပိုကြီးသွားရပါတယ်။ အဲဒီတစ်ချက်စဉ်းစားဖို့ ရှိပါတယ်။
နောက်တစ်ချက်ကကျတော့ အလုပ်သမားနဲ့ အလုပ်ရှင်ကိစ္စဖြစ်ပါတယ်။ အလုပ်သမားနဲ့ အလုပ်ရှင်ကိစ္စမှာလည်း အလုပ်သမားနဲ့ အလုပ်ရှင်ကိစ္စဖြစ်ပြီဆိုတာနဲ့ ကျွန်တော်တို့ တော်တော်များများက အလုပ်သမားဘက်က ရပ်တည်တာများပါတယ်။ အလုပ်သမားဘက်က ရပ်တည်တာများတဲ့အခါမှာ အလုပ်ရှင်ဘက်က ဘယ်လိုစဉ်းစားသလဲဆိုတော့ ငါတို့က ငါတို့ရဲ့ငွေပင်ငွေရင်းနဲ့ လာပြီးတော့ ရင်းနှီးမြှုပ်နှံတယ်။ အဲဒီလိုငွေရင်းနှီးမြှုပ်နှံတာကိုမှ ငါတို့ဘက်မှာ Support လုပ်ပေးမယ့်သူတွေ မရှိဘူးဆိုရင် ဒီနိုင်ငံမှာ ငါတို့က ဘာလို့ရင်းနှီးမြှုပ်နှံရမှာလဲ၊ ဒီနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလို့ ငါတု့ိမှာ ဘာအကျိုးကျေးဇူးရှိမှာလဲဆိုပြီး စဉ်းစားကြပါလိမ့်မယ်။ ကျွန်တော်တို့နိုင်ငံက ကောင်းတယ်၊ သဘာဝသယံဇာတတွေရှိတယ်ဆိုပြီး အခုအချိန်မှာ ပြောလို့ မရတော့ပါဘူး။ ဒါတွေက အခက်အခဲတွေ ဖြစ်ကုန်ပါပြီ။ အဲဒီတော့ ကိုယ့်နိုင်ငံကို လာမရင်းနှီးဘူးဆိုရင် သူတို့ကအနီးဆုံးဖြစ်တဲ့ ကမ္ဘောဒီးယားကို မျက်စိကျတယ်။ လာအိုကို မျက်စိကျတယ်။ အဲဒီအခါကျရင် ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ အခွင့်အရေးတွေ ဆုံးရှုံးဖို့ပဲ ရှိပါမယ်။
နိုင်ငံခြားကနေ လာရောက်ရင်းနှီးမြှုပ်နှံသူတွေအတွက် အကြီးအကျယ်စိန်ခေါ်မှုရှိနေတာတစ်ခုက လျှပ်စစ်မီး ဖြစ်ပါတယ်။ လျှပ်စစ်မီးကို သူတို့အတွက် စဉ်ဆက်မပြတ်မပေးနိုင်ဘူးဆိုရင် သူတို့မှာ အပိုစရိတ်တွေ ရှိကုန်ပါတယ်။ ဒီအပိုစရိတ်တွေနဲ့ တက်လာမယ့် အလုပ်သမားစရိတ်တွေနဲ့ဆိုရင် ထွက်လာတဲ့ ပစ္စည်းတစ်ခုရဲ့အရင်းက အရင်က သူတို့မှန်းထားတဲ့အရင်းနဲ့ အများကြီးကွာသွားပါပြီ။ ဒီခေတ်ဒီအချိန်မှာ ပစ္စည်းတစ်ခုနဲ့ တစ်ခုနဲ့ ပြိုင်ဘက်တွေမှာ Margin က ပါးပါးလေးနဲ့ ကစားတဲ့အခါမှာ Cost တွေက တအားများနေပြီး သူတို့အတွက် အကျိုးအမြတ်မရှိဘူးဆိုရင် သူတို့လာလုပ်စရာအကြောင်းမရှိပါဘူး။ ဒါက FDI နဲ့ ပတ်သက်လို့ စိုးရိမ်စရာ နောက်ထပ်အချက်တစ်ချက် ဖြစ်ပါတယ်။
Export နဲ့ပတ်သက်ရင် ကျွန်တော်တို့ တော်တော်များများက Commodity တွေရောင်းတယ်။ ဆန်၊ မြေပဲ စသဖြင့် ရောင်းကြတယ်။ အဲဒီလိုရောင်းတဲ့အခါမှာ တရုတ်က သကြားမဝယ်ဘူး၊ အိန္ဒိယက ပဲမဝယ်ဘူးဆိုတာနဲ့ ကျွန်တော်တို့ တောင်သူတွေ ဒုက္ခရောက်တယ်။ အခုဆိုရင် ပဲပေါ်ပြီ။ ပေါ်တဲ့ပဲတွေကို ဘယ်နိုင်ငံက ယူပေးမလဲ။ အဲဒီလို စိန်ခေါ်မှုတွေ အများကြီးရှိပါတယ်။ ဒီ Export Strategy ထဲမှာ Product အစား Brand အနေနဲ့ သွားစေချင်ပါတယ်။ Brand တစ်ခုရှိတဲ့အခါကျမှ ကျွန်တော်တို့ အလုပ်လုပ်လို့ ပိုပြီးတော့ သင့်တော်တယ်။ ပိုလည်းကောင်းလာမယ်လို့ ထင်ပါတယ်။
ကြုံတွေ့နိုင်တဲ့ အခက်အခဲတွေနဲ့ အဲဒါတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ဘယ်လိုပြင်ဆင်ထားရမလဲ
----------------
၂၀၁၈ ခုနှစ်မှာ Challenge ကတော့ ပုဂ္ဂလိကဘဏ်တွေအနေနဲ့ ပြောရင်တော့ ဒီမှာရှိတဲ့ ပြည်သူလူထုတွေကို ကောင်းစားစေမယ့် တကယ့်စီးပွားရေးအနေနဲ့ ဖြစ်စေချင်တယ်။ တကယ်တိုင်းပြည်တိုးတက်အောင်၊ အောင်မြင်အောင် ကျွန်တော်တို့ ဘာလုပ်မလဲဆိုတာ သုံးသပ်ဖို့၊ ဝေဖန်ဖို့လေးတွေ လိုအပ်ပါလိမ့်မယ်။ ဥပမာ- ကျွန်တော်တို့နိုင်ငံမှာ လူတစ်ယောက်ကို ပိုက်ဆံချေးတဲ့အခါမှာ အနောက်နိုင်ငံတွေမှာရှိတဲ့ Credit Assessment ဆိုတာမျိုး မလုပ်နိုင်ဘူး။ လူတစ်ယောက်ကိုချေးဖို့ သူ့ရဲ့လုံလောက်တဲ့ Background တွေ ကျွန်တော်တို့မှာမရှိဘူး။ လုံလောက်တဲ့ Background မရှိတဲ့အခါမှာ ဒီလူတွေက ချေးသင့်လား။ ချေးလိုက်ရင် ဆုံးရှုံးမလားဆိုတာကိုလည်း ကျွန်တော်တို့ ပြောလို့မရဘူး။ ပြောလို့မရတဲ့အခါမှာ ဘဏ်ရဲ့အုပ်ချုပ်မှုကို တာဝန်ယူနေတဲ့သူတွေသည် ဘဏ်နဲ့ပတ်သက်လို့ ပိုပြီးကြပ်မတ်ရတယ်။ ထိန်းသိမ်းရတယ်။ ဆောင်ရွက်ရတယ်။ တစ်ခါဗဟိုဘဏ်က စည်းမျဉ်းတွေ၊ ဥပဒေအသစ်တွေကို ပြဋ္ဌာန်းလာတဲ့အခါကျတော့ တိုင်းပြည်စီးပွားရေးမကောင်းတဲ့ အခြေအနေကြုံတဲ့အခါ ဒီနှစ်ခုကဝိရောဓိဖြစ်လာတယ်။ ကြပ်မတ်၊ ထိန်းသိမ်း၊ ဆောင်ရွက်ရတဲ့အခါမှာ မလိုလားအပ်တဲ့ Risk တွေမယူတဲ့အခါမှာ ကျွန်တော်တို့ မြန်မာနိုင်ငံစီးပွားရေးကို ချဲ့သလိုမဖြစ်ဘဲနဲ့ စီးပွားရေးကို နှိမ့်ချသလို ဖြစ်ဖြစ်သွားတယ်။ အဲဒါလေးတစ်ခုတော့ စိန်ခေါ်မှုအနေနဲ့ ရှိတယ်။
နောက်တစ်ချက်ကတော့ ခုနကပြောတဲ့ အခွန်အခတွေပါ။ အခွန်ကတော့ ကောက်ရမှာပါ။ ဒါပေမဲ့ အခွန်ကောက်ပြီး ဘာပြန်ပေးမလဲဆိုတာပါ။ အခုလူတွေက ပိုပြီးတော့ ပညာတွေတတ်လာတဲ့အခါမှာ Transperancy တောင်းလာကြပါတယ်။ ဒီနှစ်ကို အခွန်အခဘယ်လောက်ရပါတယ်၊ အဲဒီထဲက ဘယ်လောက်ကို ဘယ်မှာသုံးထားပါတယ်ဆိုတာမျိုး တိတိကျကျ သိချင်လာကြပြီး မေးလာကြပါပြီ။
နောက်တစ်ခုက ၂၀၁၈ ခုနှစ်မှာ ကျွန်တော်တို့ ကြိုက်ကြိုက်မကြိုက်ကြိုက် နည်းပညာရဲ့ ရိုက်ခတ်မှုတွေ ခံရတော့မှာပါ။ ကျွန်တော်တို့ Leap Frog လုပ်ပြီး ခုန်ပျံကျော်လွှားခဲ့တာတွေ အများကြီးရှိပါတယ်။ ခုဆိုရင် လူတွေရဲ့ လက်ထဲမှာ ခလုတ်ဖုန်းထက် စမတ်ဖုန်းတွေကို အသုံးများနေတာ တွေ့ရမှာပါ။ ဒါက Technology Leap Frog ပါ။ အကျိုးဆက်က ကောင်းတာလည်း ရှိတယ်။ မကောင်းတာလည်း ရှိပါတယ်။ Technology ရဲ့ ရိုက်ခတ်မှုက ဘဏ်တွေမှာ လာပြီးတော့ စိန်ခေါ်မှုတွေ ရှိလာပါပြီ။ အခုဆိုရင် ကျွန်တော်တို့ကပိုက်ဆံကို လက်ထဲမှာ ကိုင်သုံးတာနဲ့စာရင် Card တွေ ကိုင်သုံးလာပြီ။ Card အပြင် Cardless ဆိုတာကို စသွားနေပါပြီ။ ဒီခေတ်မှာ ကမ္ဘာပေါ်မှာ Cardless တောင် မဟုတ်တော့ပါဘူး။ Digital Currency တွေကို သွားနေပြီ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်အတွက် ဘဏ္ဍာရေးကဏ္ဍအနေနဲ့ ပြောရရင် ဒီစိန်ခေါ်မှုထဲမှာ တစ်အချက် ကျွန်တော်တို့မှာ ရှိမယ့် Structurally စိန်ခေါ်မှုရယ်၊ စီးပွားရေးကို ဒီထက်ကောင်းအောင်လုပ်နိုင်ဖို့ စိန်ခေါ်မှုရယ်အပြင် နည်းပညာရဲ့ စိန်ခေါ်မှုတွေရယ် ရင်ဆိုင်ရမယ့် အနေအထားရှိနေပါတယ်။
တကယ်လို့ ဖေဖော်ဝါရီလနဲ့ မတ်လလောက်မှာ ကျွန်တော်တို့တိုင်းပြည်က လိုအပ်တဲ့လမ်းကြောင်းပေါ် တက်သွားမယ်ဆိုရင် ဒီထက်အောင်မြင်လာမှာ ဖြစ်ပါတယ်။
နိုင်ငံရေးနဲ့ပတ်သက်လို့ကတော့ အမြန်ဆုံး၊ အကောင်းဆုံးဖြစ်အောင် အားလုံးတာဝန်ရှိရှိနဲ့ စုပေါင်းပြီးတော့ လုပ်ရပါမယ်။ ဒါကတော့ မင်းလူ၊ ဒါကတော့ ငါ့လူ၊ သူကတော့ မှန်တယ် မှားတယ်ဆိုတာမျိုး မရှိရဘူး။ တိုင်းပြည်ရဲ့အုပ်ချုပ်သူလူတန်းစားက အရေးကြီးသလို ပြည်သူတွေအနေနဲ့ တစ်ခုခုဆို ကိုယ်မမြင်နိုင်တဲ့အဆုံးကို မကြည့်ဘဲနဲ့ တဒင်္ဂမြင်ရတဲ့ အရာတွေအပေါ်မှာ သာယာပြီး သာသာထိုးထိုးပြောတာလေးတွေ လျှော့ရပါမယ်။ ဒါမှ ကျွန်တော်တို့ တိုင်းပြည်တိုးတက်မှာ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်က စိန်ခေါ်မှုတွေ အများကြီးရှိတဲ့ နှစ်တစ်နှစ်ဖြစ်မှာပါ။ အောင်မြင်ရင်လည်း ထူးထူးခြားခြား အောင်မြင်တဲ့ နိုင်ငံတစ်ခုအနေနဲ့ ရပ်တည်သွားနိုင်မှာ။ နိုင်ငံတော်က ကျွန်တော်တို့ကို Clear Direction ပေးဖို့ လိုပါတယ်၊ Clear Commitment ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒီထက်အရေးကြီးတာပြောပါမယ်။ Clear Communication ဖြစ်ဖို့ အင်မတန်လိုအပ်ပါတယ်။ ယခုအစိုးရမှာ Clear Communication မဖြစ်တာကို နှစ်ခါ၊ သုံးခါမကတွေ့ရပါတယ်။
၂၀၁၇ ခုနှစ် မြန်မာ့စီးပွားရေးအခြေအနေပေါ် ခြုံငုံသုံးသပ်ချက်
------------
လောလောဆယ် မြန်မာ့စီးပွားရေးက တော်တော်ထိလွယ် ခိုက်လွယ်အခြေအနေမှာရှိတယ်။ နိုင်ငံတော်အစိုးရပိုင်းကနေ စီးပွားရေးကို အဓိကထားပြီး အမြန်ဆုံးနည်းလမ်းနဲ့ ပြည်သူလူထုနဲ့ စီးပွားရေးသမားတွေနဲ့ ပူးပေါင်းပါဝင်ပြီး အမြန်ထိရောက်တဲ့အကောင်အထည်ဖော်မှုတော့လုပ်မှရမယ်။ စီးပွားရေးက အမှန်မှာတော့ အသက်ကယ်ဆေးထိုးရမယ့် အနေအထားလောက်ဖြစ်နေပြီ။ ဒါပေမဲ့ ၂၀၁၈ မှာ ကယ်ရင် မီသေးတယ်။
ဒီအတွက် နည်းလမ်းတွေအများကြီးရှိပါတယ်။ နံပါတ်တစ်က နိုင်ငံတော်ပိုင်းက အကြီးအကဲတွေရဲ့ လမ်းညွှန်ချက်က ကောင်းပါတယ်။ ဒါပေမဲ့ ထိရောက်တဲ့ လမ်းညွှန်ချက်ကို အောက်ခြေပိုင်းကနေ စိတ်ရင်းစေတနာရင်းနဲ့ အမျိုးသားရေး၊ နိုင်ငံတော်အရေးကို အလေးထားပြီး ကိုယ့်လူမျိုးအရေးအနေနဲ့ မိမိကိုယ်ကျိုးကို ခဏလေးဘေးဖယ်ထားပြီးတော့ ဝိုင်းဝန်းကူညီကယ်တင်ရင် ဒီကိစ္စက ကျွန်တော်တို့ လွတ်မှာပါ။
အရင်ကဆို ကျွန်တော်တို့ ဗီယက်နမ်ထက် အများကြီးသာတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ Management အားနည်းတဲ့အတွက်ကြောင့် အခုဆို ဗီယက်နမ်နဲ့ ကျွန်တော်တို့နဲ့ အဝေးကြီးဖြစ်သွားပြီ။ ကျွန်တော်ဆို ဗီယက်နမ်နဲ့အလုပ်လုပ်တာ ၁၅ နှစ်လောက်ရှိပြီ။ သူတို့တိုင်းပြည်ကို တောရောမြို့ပါမကျန် နေရာစုံ လေ့လာတယ်။ သူတို့တိုင်းပြည်က တစ်ပါတီစနစ်၊ ကွန်မြူနစ်စနစ်ဖြစ်ပေမယ့် မူဝါဒချတဲ့အခါမှာ တစ်ပြေးညီချတဲ့အတွက် ကျွန်တော်တို့ ထက်သာတယ်။ အပေါ်ကချတဲ့ မူဝါဒကို အောက်ကလည်း ဒီအတိုင်းပဲ အကောင်အထည်ဖော်တယ်။ မပြောင်းဘူး။ ဒါကိုကျွန်တော်တို့အတုယူရမှာပါ။
ကမ္ဘောဒီးယားနဲ့ လာအိုကျတော့ နောက်ပိုင်း ကျွန်တော်တို့နဲ့ ပခုံးချင်းယှဉ်ရာကနေ အခုကျွန်တော်တို့က နောက်ကျသလိုဖြစ်သွားတယ်။ အင်နဲ့အားနဲ့ ကြိုးစားလိုက်ရင် နှစ်နှစ်၊ သုံးနှစ်အတွင်းမှာ ကျွန်တော်တို့ ကမ္ဘောဒီးယားနဲ့ လာအိုကို ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်က လူဦးရေ၊ ရေမြေအနေအထား အများကြီးသာတယ်။ အဓိကအားကတော့ အစိုးရရဲ့ ယန္တရားပြုပြင်ပြောင်းလဲမှုကို ထိထိမိမိ လုပ်ဖို့ပဲ လိုတယ်။
အစိုးရယန္တရားက Policy Maker တွေက မူဝါဒတွေကချတာ မဆိုးပါဘူး။ ဒါပေမဲ့ ထူးထူးခြားခြားအောက်က ဘာမှမပြောင်းလဲသေးပါဘူး။ ကျွန်တော်ကိုယ်တိုင် လက်ရှိလည်း Manufacturing လုပ်တယ်၊ International Export လုပ်တော့ ဒီဟာကို ဘယ်လိုပြောင်းလဲမယ်ဆိုတဲ့ မူဝါဒ ကျွန်တော်တို့သိပေမယ့် ကျွန်တော်တို့ ဘာမှလုပ်လို့မရဘူး။ အထက်ကို မူဝါဒတင်ပြတဲ့ဟာရှိမယ်၊ လူကြီးတွေနဲ့ တွေ့တဲ့အခါကျ အသင်းအဖွဲ့အနေနဲ့ အကြံဉာဏ်တွေပေးလို့ရတယ်၊ ပညာရှင်တွေ သီအိုရီနဲ့လက်တွေ့ပေါင်းပြီး တင်ပြလို့ရမယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အောက်ခြေယန္တရားကမပြောင်းရင် တိုင်းပြည်တိုးတက်ဖို့က တော်တော်ကို ရုန်းရမှာပါ။
ကျွန်တော်က ပရိဘောဂသမားဆိုတော့ ပရိဘောဂအနေနဲ့ ဥပမာတစ်ခုပြောမယ်။ ကမ္ဘာမှာ Furniture Industry မှာ ပရိဘောဂအရောင်းအဝယ်ဖြစ်နေတာ ဘီလီယံ ၁၅၀ ရှိတယ်၊ Manufacturing လုပ်နေတာက ၄၃၀ ဘီလီယံရှိတယ်။ တကယ်လို့ ကျွန်တော်တို့က One Percent ပဲရဦးတော့ အစိုးရသစ် သက်တမ်းကျန်တဲ့ သုံးနှစ်အတွင်းမှာ ဝိုင်းပြီးကြိုးစားမယ်ဆိုရင် ၁.၅ ဘီလီယံရမယ်၊ ဒါက နည်းနည်းနောနော မဟုတ်ဘူး။ ဝ.၅ ရာခိုင်နှုန်း ရမယ်ဆိုရင်လည်း မဆိုးဘူး။ အဲဒီလိုနည်းလမ်းတွေရှိပါလျက်နဲ့ တိုင်းပြည်မှာလုပ်နိုင်ပါလျက်နဲ့ ဘာဖြစ်လို့မဖြစ်တာလဲဆိုတာက သီအိုရီလောက်နဲ့မရဘူး၊ အောက်ခြေပါ ဆင်းပြီးတော့ တိတိကျကျ လုပ်ပိုင်ခွင့်တွေပေးရမယ်။
အခုက ဖြေလျှော့တယ်ဆိုတာကတော့ မှန်ပါတယ်။ လက်ရှိဌာနဆိုင်ရာအားလုံးနီးပါး ဖြေလျှော့တယ်။ ဒါပေမဲ့ ဖြေလျှော့တဲ့လမ်းကြောင်းက စီးပွားရေးလုပ်လို့ မရသေးဘူး။ ခက်ခဲတဲ့အနေအထားကနေ နည်းနည်းလေး လျော့သွားတာပဲရှိတယ်။ ပြေးလို့မရသေးဘူး။ အခုက ဂုန်နီအိတ်စွပ်ပြီးပြေးနေရတာ။ ပန်းတိုင်တော့ ရောက်မယ်၊ ဒါပေမဲ့ အားမရဘူး။ ကျွန်တော်တို့ကို လွတ်လွတ်လပ်လပ် ပြေးခွင့်ပေးပါ။ တာဝန်ယူမှု၊ တာဝန်ခံမှုတွေပေးပါ။ လမ်းကြောင်းတစ်ခုကို ကျွန်တော်တို့ပေါင်းပြီးတော့ အစိုးရရယ်၊ ပြည်သူရယ်၊ စီးပွားရေးသမားရယ်၊ အသင်းအဖွဲ့ရယ်၊ အကုန်လုံးသက်ဆိုင်ရာအဖွဲ့အစည်းတွေက မှန်ကန်တဲ့လမ်းကြောင်းတစ်ခုပေါ်မှာ အမျိုးသားစီးပွားရေးအတွက်လုပ်ရင် လွတ်လမ်းတော့ မြင်ပါတယ်။
နိုင်ငံတစ်ခုမှာ အသေးစားအလတ်စားလုပ်ငန်းတွေက အင်မတန်အရေးကြီးပါတယ်။ ဒါပေမဲ့ ဒါကိုအကောင်အထည်ဖော်မှုဆိုတာမှာ ထိရောက်တဲ့အကောင်အထည်ဖော်မှုကို ကျွန်တော်အခုထိ မတွေ့ရပါဘူး။ ဒါက မငြင်းနိုင်တဲ့ကိစ္စပဲ။ လုပ်နေတာလည်း နှစ်နှစ်လောက်ရှိပြီ။ Export Strategy လည်း မူဝါဒကိုအများကြီးလုပ်နေပါ တယ်။ ကျွန်တော်တို့အနေနဲ့က စက်မှုလုပ်ငန်းထွန်းကားနိုင်ဖို့ နည်းနည်းဝေးပါသေးတယ်။ Foreign Direct Investment-FDI ကလည်း ထိုင်းနဲ့ယှဉ်ရင် အခုမြန်မာပြည်မှာ ဝင်နေတာက ပဏာမအဆင့်ပဲရှိသေးတယ်။ နိုင်ငံတကာက စောင့်ကြည့်နေတဲ့ သဘောပဲရှိပါသေးတယ်။
လောလောဆယ် အသေးစားအလတ်စားလုပ်ငန်းအနေနဲ့ ပြောရမယ်ဆိုရင် ကျေးလက်နေပြည်သူတွေ Job Opportunities အလုပ်အကိုင်ရရှိရေးဆိုတာကို ကျွန်တော်လုပ်လာတာ နှစ်ပေါင်းများစွာရှိပါပြီ။ အခြားနိုင်ငံတွေမှာ Handicraft Industry တစ်ခု လုပ်ရင်တောင်မှ ဗီယက်နမ်လိုနိုင်ငံမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ One Billion လောက် Export ပို့နိုင်တယ်။ လယ်ယာစိုက်ပျိုးရေးလုပ်တယ်။ မြန်မာနိုင်ငံမှာလည်း ကောက်စိုက်တာရှိတယ်။ ကျန်တဲ့အချိန်မှာ ထုတ်ကုန်တွေလုပ်ပြီးတော့ နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်တဲ့ကိစ္စတွေလုပ်တယ်။ ပြည်တွင်းပို့ကုန်ဦးစားပေးမယ်၊ ပြီးရင် သွင်းကုန်အစားထိုးတဲ့ကိစ္စတွေဆိုလည်း သူတို့တိုင်းပြည်တွေမှာ သိန်းချီအလုပ်လုပ်နေကြတာရှိတယ်။ ကျွန်တော်တို့တိုင်းပြည်မှာက လုပ်တော့လုပ်တယ်။ ဒါပေမဲ့ ထိရောက်တဲ့ ဖွံ့ဖြိုးတိုးတက်မှုမတွေ့ရသေးပါဘူး။ တကယ့်တကယ်လုပ်မယ်ဆို ဒီအားတွေက အများကြီးပဲ။ ပရိဘောဂလုပ်မယ်ဆိုတဲ့အားတွေရှိမယ်၊ Craft တွေဘာတွေနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ ရှိမယ်။ Value-Added တွေနဲ့ရောင်းမယ်။ ကုန်ကြမ်းရောင်း တဲ့နေရာကနေ Semi ၊ Semi ကနေ Finished Product တွေ ရောင်းမယ်။ ဒါတွေအဆင့်ဆင့်ကို ထိရောက်တဲ့ တိုင်းဒေသကြီး၊ ပြည်နယ်၊ တိုင်းအကြီးအကဲတွေရဲ့ကြီးကြပ်မှုနဲ့ ဗဟိုရဲ့ပါဝင်ပူးပေါင်းမှုနဲ့ လုပ်ရင်တော့ သုံးနှစ်စီမံကိန်းမှာ တစ်စုံတစ်ရာထက်မက အောင်မြင်မှုတော့ရမယ်လို့ ထင်တယ်။
၂၀၁၈ ခုနှစ်ကို အစပြန်ကောက်မယ်ဆိုရင် ဘယ်တော့မှမစရင် ဘယ်တော့မှဖြစ်မှာမဟုတ်ဘူး။ ဒီတော့ စလုပ်ပါ။ ဌာနဆိုင်ရာတွေရဲ့တစ်ဦးချင်းစီရဲ့ စိတ်ဓာတ် Mindset တွေကို ခွန်အားအဖြစ်ပြောင်းပါ။ ကျွန်တော်တို့ကုန်သည်ဆိုတဲ့ ပြည်သူလူထုလူတန်းစားက စီးပွားရေးသမားဆိုတာက စီးပွားရေးကို များများလုပ်ရလေ ကောင်းလေပဲ။ အခုဆို ကျွန်တော်တို့က Social Enterprise ဘက်ကို ပြန်ပြောင်းနေပြီ။ ကျွန်တော်တို့လိုလူမျိုးရာ၊ ထောင်ချီ သူတို့စည်းရုံးနိုင်ရင် တိုင်းပြည်ဖွံ့ဖြိုးတဲ့လမ်းကြောင်းကို ကောင်းကောင်းသွားနိုင်မှာပါ။ ဥပမာ-Handicraft Industry ကနေ Half Billion လောက်ရမယ်၊ Furniture Industry ကနေ Half Billion လောက်ရမယ်ဆိုရင် တစ်ဘီလီယံဆိုတာက သယံဇာတရောင်းနေတာမဟုတ် ဘူး၊ Value-Added ရောင်းနေတာပါ။ ကျန်တဲ့သယံဇာတ ရောင်းရတဲ့ဝင်ငွေတွေကလည်း ရှိမယ်။ အဓိကက Handicraft Industry ကျတော့ ဘာရလဲဆိုရင် သိန်းနဲ့ချီ Job Opportunities ရတယ်။ ပြီးရင် ဆင်းရဲမွဲတေမှုကို ဘယ်လိုပဲဖြစ်ဖြစ် အများကြီးလျှော့ချနိုင်တယ်။ ဗီယက်နမ်မှာ သိန်းပေါင်းများစွာ အလုပ်လုပ်နေကြတယ်။ ဒါတွေကိုလည်း လူကြီးတွေလေ့လာစေချင်တယ်။ သက်ဆိုင်ရာတိုက်ရိုက် ဌာနဆိုင်ရာတွေနဲ့ အထဲကိုဝင်ကြည့်စေချင်တယ်။ ဗီယက်နမ်မှာဆို ဘယ်လိုလုပ်လဲ၊ အစိုးရက ဘယ်လိုလုပ်လဲ၊ ဒါတွေကို လေ့လာနိုင်ရင် ကျွန်တော်တို့က နှစ်နှစ်၊ သုံးနှစ်အတွင်းမှာ ဘီလီယံနဲ့ချီပြီးတော့ နိုင်ငံဝင်ငွေရမယ်။ နောက်တစ်ခုက Banking System ပါ။
ကျွန်တော်တို့မှာ အဓိကက ၂၀၁၈ ရဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ ဒါမှမဟုတ် အလားအလာနဲ့ ပြောမယ်ဆိုရင် ဘဏ်ကဏ္ဍက အင်မတန်အရေးကြီးနေပါတယ်။ ဘဏ်ကလည်း စီးပွားရေးသမားတွေကို ကယ်ဖို့နည်းလမ်းကို မြန်မာနိုင်ငံသားဘဏ်တွေကကျတော့ မကယ်နိုင်လောက်တော့ဘူးလို့ ကျွန်တော်ထင်တယ်။ ဘာကြောင့်လဲဆိုရင် ဆောက်လုပ်ရေးပိုင်းဆိုလည်း လက်လှမ်းမီသလောက်ပြောရမယ်ဆိုရင် အခြေအနေဆိုးတယ်။ ကျန်တဲ့ SME တွေလည်း မြေတောင်မြှောက်ပေးမယ်ဆိုတာကလည်း အင်အားက နည်းနည်းချည့်နဲ့နေပြီဆိုတဲ့အတွက် ကျွန်တော်အကြံပြုချင်တာကတော့ ကိုယ်တတ်သလောက် စဉ်းစားကြည့်ရင် နိုင်ငံခြားဘဏ်ကို သင့်တော်တဲ့ Limit တစ်ခုနဲ့ အမြန်လုပ်ခွင့်ကိုပေးစေချင်ပါတယ်။ သူတို့မှ ကယ်နိုင်မယ့်နည်းလမ်းတွေလည်းရှိတယ်။ ကျွန်တော် ပြောချင်တာက အမျိုးသားရေးကာကွယ်ချင်တယ်၊ ပြည်တွင်းလုပ်ပိုင်ခွင့်ကို ကာကွယ်ချင်တယ်ဆိုရင်တောင်မှာ ပြည်တွင်းက လူက မနိုင်ရင်တော့ နိုင်ငံခြားကလူကို ပေးဝင်သင့်တယ်။ အခု နိုင်ငံခြားဘဏ်တွေကို ပေးထိုင်ထားတာလည်း နှစ်မနည်းတော့ဘူး၊ နှစ်ပေါင်းတော်တော်ကြာသွားပြီဆိုတဲ့အတွက် လာမယ့်နှစ် နှစ်စလောက်မှာ ဖြေလျှော့မှုပေးပြီးတော့၊ လုပ်ပိုင်ခွင့်ပေးပြီးတော့ ငွေလည်ပတ်မှုအားကို နည်းနည်းလေးပြန်ပြီးတော့ အင်ဂျင်တစ်ခု၊ မောင်းနှင်အားတစ်ခုတော့ လုပ်စေချင်တယ်။
၂၀၁၈ ခုနှစ် မြန်မာ့စီးပွားရေးအလားအလာ
-------------
လောလောဆယ် ကောင်းဖို့ကတော့ သိပ်မမြင်ဘူး။ ဒါပေမဲ့ ထိန်းနိုင်ဖို့ကို ဝိုင်းပြီးတော့ကြိုးစားရမယ်။ Sector တိုင်းမှာ အကုန်လုံးက အဆင်မပြေကြဘူး။ အခုက ဆောက်လုပ်ရေးသွားမလား၊ စိုက်ပျိုးရေးသွားမလား၊ ပရိဘောဂလုပ်ငန်းတွေသွားမလား၊ ကျောက်မျက်သွားမလား အကုန်လုံးက သူ့အခက်အခဲနဲ့သူရှိနေကြတယ်။ ဒါကို အရေးပေါ်ဆေးကုမှရမယ်။ ကုမယ့်နည်းကတော့လည်း ပူးပေါင်းပြီးပါဝင်မှရမယ်။ အဓိကအရေးကြီးတာက နိုင်ငံတော်ပိုင်းပါပဲ။ ကုန်သည်ဆိုတာက အကျိုးအမြတ်ရှိရင် လုပ်မယ်၊ မရှိရင်လည်း သင့်တင့်လျောက်ပတ်တဲ့ Running လေးရရင်လုပ်မှာပဲ။ ဒါပေမဲ့ နိုင်ငံတော်ရဲ့ အားပေးမှု လိုပါတယ်။ အားပေးမှုဆိုတဲ့နေရာမှာလည်း အပေါ်ယံမဟုတ်ဘဲ နက်နက်နဲနဲကို အားပေးမှုလုပ်ရပါတော့မယ်လို့ မြင်ပါတယ်။
၂၀၁၇ ခုနှစ် မြန်မာ့စီပွားရေးအပေါ် ခြုံငုံသုံးသပ်ချက်
-------------
၂၀၁၆ ခုနှစ်မှာ လေကြောင်း၊ ရေကြောင်းနဲ့ နယ်စပ်ဝင်ပေါက်တွေက နိုင်ငံခြားခရီးသွားဝင်ရောက်မှုက ၂.၉ သန်းရှိတယ်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလကုန်ထိ ၂.၉ သန်းလောက်ဝင်လာပါပြီ။ အခုအချိန်က ခရီးသွားရာသီလည်းဖြစ်တဲ့အတွက် ဒီဇင်ဘာလကုန်ဆိုရင် ခရီးသည် သုံးသန်းကျော်ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၁၅ ခုနှစ်မတိုင်မီကာလနဲ့ ယှဉ်ရင်တော့ ခရီးသွားဝင်ရောက်မှုက ခန့်မှန်းထားတာရဲ့ အောက်ကိုရောက်သွားပါတယ်။ အဲဒီကာလတွေတုန်းက နယ်စပ်တွေမှာ အကြောင်းအမျိုးမျိုးနဲ့ ဝင်တဲ့ခရီးသည်တွေ၊ ဗီဇာနဲ့ဝင်တဲ့ ခရီးသည်တွေကို အဓိကထားထည့်တွက်ထားပါတယ်။
၂၀၁၈ ခုနှစ်ကျရင်တော့ ၂၀၁၇ ခုနှစ်ထက် ပိုများလာမယ်လို့ မျှော်မှန်းထားပါတယ်။ လက်ရှိမှာ ခရီးသွားကဏ္ဍရဲ့ စီးပွားရေးလည်း တခြားလုပ်ငန်းတွေလိုပဲ လှုပ်လှုပ်ရှားရှားမရှိပါဘူး။ မရှိတဲ့အကြောင်းအရင်းကလည်း ရခိုင်အရေးနောက်ပိုင်းမှာ ရခိုင်အရေးနဲ့ ပတ်သက်ပြီး ပြည်ပကမီဒီယာတွေရဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ ထိုးနှက်မှုတွေလည်းပါသလို အနောက်နိုင်ငံကြီးတချို့ကလည်း မြန်မာပြည်နဲ့ပတ်သက်လို့ အထင်အမြင်လွဲမှားမှုဖြစ်ခဲ့တာတွေကြောင့်လည်း ပါပါတယ်။ အဲဒီအခါမှာ ခရီးစဉ် Cancellation တွေ အောက်တိုဘာ၊ နိုဝင်ဘာမှာ ဖြစ်လာတယ်။ အထူးသဖြင့် မြောက်ဦး၊ ငပလီတို့မှာ Cancellation တော်တော်ဖြစ်တယ်။ ပုဂံ၊ မန္တလေး၊ အင်းလေး လာမယ့် ဧည့်သည်တွေဆီကလည်း စိုးရိမ်မကင်းဖြစ်တဲ့ Mail ရရှိခဲ့တယ်။ တချို့လည်း Cancel ဖြစ်သွားတာတွေ ရှိတယ်။ ကျွန်တော်တို့ ခရီးသွားလုပ်ငန်းဟာ ၂၀၁၇-၂၀၁၈ ခုနှစ်မှာ ပိုကောင်းမယ်လို့ မျှော်လင့်ခဲ့ပေမယ့်၊ ၂၀၁၇ ခုနှစ် တကယ့်ပွင့်လင်းရာသီတွေမှာတော့ စိန်ခေါ်မှုတွေ ကြုံတွေ့ခဲ့ရတယ်။
Forbes Magazine က စစ်တမ်းထုတ်လိုက်တဲ့ ကမ္ဘာ့လည်ပတ်စရာမသင့်တဲ့ ငါးနိုင်ငံစာရင်းထဲမှာ မြန်မာနိုင်ငံပါသွားတာကလည်း ကျွန်တော်တို့အတွက် ဆိုးဝါးတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်သွားတယ်။ ရခိုင်အရေးတစ်ခုတည်း မဟုတ်ဘူး။ မြန်မာပြည်ကိုလာရင် ဈေးကြီးတယ်။ ထိုက်တန်တဲ့ Value Service မရဘူး။ ဈေးကြီးတာ၊ ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံတော်တော်များများရှိပါတယ်။ ဥပမာ- ဒေါ်လာတစ်ရာယူရင် တစ်ရာနဲ့တန်တဲ့ Service ပေးတယ်ဆိုရင် ဧည့်သည်ကျေနပ်မှာပဲ။ မရရင်တော့ ဧည့်သည်တွေက Complaint တက်မယ်။ ဒါမျိုးတွေရှိခဲ့ပါတယ်။ နောက်ပြီး မြန်မာပြည်လာရင် Visa မှာလည်း အခက်အခဲတချို့က ရှိနေတုန်းပါပဲ။ တချို့နေရာတွေမှာ ကန့်သတ်ထားတာတွေ ပါမစ်လိုတာတွေ Save မဖြစ်တဲ့ကိစ္စတွေ အထူးသဖြင့် ရန်ကုန်လိုမြို့ကြီးတွေမှာ မှုခင်းတွေက ခါတိုင်းထက်ပိုပြီးတိုးပွားလာတဲ့ သတင်းဆိုးတွေ ကြားနေရတော့ နိုင်ငံခြားသားတွေက ဒါတွေကို စိုးရိမ်မကင်း ဖြစ်ပါတယ်။ မှုခင်းသတင်းအမျိုးမျိုးကို မီဒီယာတွေက သတင်းတွေရကြတော့ သူတို့သွားရောက်လည်ပတ်လို့ မသင့်တဲ့တိုင်းပြည့်ငါးခုထဲမှာ မြန်မာကို ထည့်လိုက်တာလည်း တစ်ဖက်က မြန်မာပြည်ကို ရည်ရွယ်ချက်ရှိရှိ ထိုးနှက်လိုက်တာဖြစ်သလို ကိုယ့်ဘက်ကလည်း ဆင်ခြင်စရာတွေရှိလာတာကို တွေ့ရပါတယ်။ ဒါမျိုးတွေရှိနေတဲ့အတွက်ကြောင့် Review and Revise ဘယ်လိုပြန်လုပ်မလဲဆိုတာ၊ Strategy ဘယ်လိုပြန်သုံးမလဲစသဖြင့် စဉ်းစားရပါမယ်။
၂၀၁၈ ခုနှစ်အတွက် မြန်မာ့စီးပွားရေးအလားအလာ
-----------------
၂၀၁၈ ခုနှစ်ကတော့ ရောင်နီသစ်ပြန်ပေါ်လာမယ်လို့ မျှော်လင့်ပါတယ်။ ဟိုတလောကလုပ်ခဲ့တဲ့ ဥရောပ-အာဆီယံနိုင်ငံတွေရဲ့ အစည်းအဝေးဟာ နိုင်ငံတကာက နိုင်ငံခြားရေးဝန်ကြီးတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်ဦးစီးပြီး သတင်းစာရှင်းလင်းပွဲတွေ လုပ်ခဲ့တာကြောင့် ပိုထိရောက်နိုင်ပါတယ်။ နိုင်ငံပေါင်းငါးဆယ်ကျော်ရဲ့ ညှိနှိုင်းပြောဆိုတာတွေလည်း ထိရောက်မယ်လို့ ထင်ပါတယ်။ အလားတူပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကိုယ်တိုင်လည်းလာပြီးတော့ ရှင်းလင်းပွဲမှာ အမေရိကန်အနေနဲ့ ပြန်လည်ထောက်ပံ့မယ်။ အကောင်းဆုံးသက်သေအနေနဲ့ ကိုယ့်ဘက်က ရပ်တည်မယ်ဆိုရင်တော့ ဒါကျွန်တော်တို့ ခရီးသွားလုပ်ငန်းကဏ္ဍအတွက်လည်း အများကြီး Positive Impact ပြန်ဖြစ်လာမယ်လို့ ထင်တယ်။
မြန်မာပြည်ရဲ့ Brand Awareness က Popular Destination တစ်ခုအနေနဲ့ ၂၀၁၁-၂၀၁၂ ခုနှစ် နောက်ပိုင်းမှာ ပြန်လည်ဦးမော့လာတယ်။ အဲဒီအချိန်မှာ ကိုယ့် Brand ပိုပေါက်အောင် နိုင်ငံတော်ကလည်း ဘတ်ဂျက်တွေ ပေးလာတော့ ပြင်ပနိုင်ငံတွေမှာ ထွက်ကြော်ငြာပြီး ဧည့်သည်တွေခေါ်လာခဲ့တယ်။ အဲဒီလိုအခြေအနေမှာ အခုလို ပြန်တက်ဖို့ဆိုတာ လိုအပ်ချက်တွေ ရှိနေပါတယ်။ ဒါပေမဲ့ ၂၀၁၇ ခုနှစ်အတွင်း ပုပ်ရဟန်းမင်းကြီးကိုယ်တိုင် လာရောက်ခဲ့တော့ ခေါင်းဆောင်တွေနဲ့ စေ့စပ်ဆွေးနွေးတာတွေလုပ်ခဲ့တော့ ဘယ်လိုပဲပြောပြော ဒါအနောက်နိုင်ငံအုပ်စုရဲ့ ယုံကြည်မှုတစ်ခု ပြန်လည်ရယူနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါကြောင့် ၂၀၁၈ ခုနှစ်အတွက် ရောင်နီသစ်တွေဖြစ်မယ်လို့ ယုံကြည်ပါတယ်။
ဘယ်လိုစိန်ခေါ်မှုတွေ ကြုံတွေ့နိုင်မလဲ၊ ဒါတွေကိုကျော်ဖြတ်ဖို့ ဘယ်လိုပြင်ဆင်ထားရမလဲ
---------------------
၂၀၁၈ ခုနှစ်ထဲမှာတော့ ဘာမှထပ်မဖြစ်ဘူးလို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်ကလည်း နိုင်ငံသားအခွင့်အရေးက ပထမဦးစားပေး။ ပြီးတော့ ခုနကပြောသလို နိုင်ငံသားအခွင့်အရေးက ပိုအရေးကြီးပါတယ်။ တရားဝင်နိုင်ငံသားဖြစ်တဲ့ မည်သူမဆို အယုတ်အလတ် အမြတ်မရွေး ဘာသာမရွေး လူမျိုးမရွေး အားလုံးတစ်တန်းစားတည်းဖြစ်စေရအောင် ရပ်တည်ပေးမယ်ဆိုတဲ့ သူ့ရဲ့ခိုင်မာတဲ့စကားက ကျွန်တော်တို့အတွက် အားဖြစ်စေပါတယ်။ အဲဒီတော့ အိမ်နီးချင်း အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယကလည်း ကျွန်တော်တို့ဘက်ကရပ်တည်တယ်။ အလားတူပဲ တစ်ဖက်က အာဆီယံနိုင်ငံတွေကလည်း ရပ်ပေးတယ်။ ပြီးတော့ အမေရိကန်လို နိုင်ငံမျိုးကလည်း ငွေအားနဲ့လည်း ကူမယ်ဆိုတော့ ဒီနိုင်ငံတွေကဧည့်သည်တွေကပဲ အဓိက ကျွန်တော်တို့နိုင်ငံကို အာရုံစိုက်တယ်၊ လာကြတယ်။ တကယ်လို့များ အနောက်ဥရောပဘက်ကလူတွေ အခုအခြေအနေအရ Tension ဖြစ်လို့ မလာဖြစ်ကြပေမယ့် ကျွန်တော်တို့မှာ တခြား Service ပေးနိုင်မယ့် ဧည့်သည်တွေက ရှိနေဦးမှာပါ။
ကျွန်တော်တို့ Target ကတော့ ဂျပန်တို့ ကိုရီးယားတို့ တရုတ်တို့၊ နောက်အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေ ပိုအားထားမယ်ဆိုရင် ပိုကောင်းလာပါမယ်။ တကယ်တော့ ခရီးသွားဧည့်သည်တွေထဲမှာ ကျွန်တော်ကိုယ်တိုင်လည်း Sanction ကာလမှာ ကြုံခဲ့ဖူးတယ်။ တကယ့် Sanction ကြီးရှိတဲ့ တိုင်းပြည်သွားရဲလားလို့ ဘယ်လောက်ပဲ Campaign လုပ်လုပ် နံပါတ်တစ် Arrival က အမေရိကန်ပါပဲ။ အမေရိကန်က အခုဆိုရင် တရားဝင် စာရင်းအရခြောက်သောင်းကျော် ခုနစ်သောင်းလောက်က Arrival ရှိပါတယ်။ ပြင်သစ်တို့ ဂျာမနီတို့ဆိုတာ သူ့နောက်မှာပဲရှိတယ်။
အာရှထဲမှာဆိုရင်တော့ အများဆုံးဝင်တာ ထိုင်း၊ ပြီးရင် တရုတ်၊ ဂျပန်၊ ကိုရီးယားနဲ့ စင်ကာပူတို့ရှိတယ်။ အဲဒီတော့ ဘယ်လိုပဲပြောပြော ကျွန်တော်တို့ Tourism ကတော့ အကောင်းဆုံး ပြန်ပြီးဦးမော့လာမယ်လို့ ယုံကြည်ပါတယ်။
ဒါတွေကိုကျော်ဖြတ်ဖို့ဆို ကျွန်တော်တို့ အသင်းအဖွဲ့တွေအနေနဲ့ Brainstorming လုပ်နေပါတယ်။ Sustainable Tourism ဖြစ်ဖို့ဆိုတာ ဒီသဘာဝပတ်ဝန်းကျင် Sustainable ဖြစ်ဖို့လည်းလိုတယ်။ Culture ၊ Natural Resources တွေ Sustain ဖြစ်ဖို့လိုသလို ဒီမှာရှိတဲ့ Community တွေ ဒီ Tourism မှာပါဝင်တဲ့ State Holder တွေ Sustainable ဖြစ်ဖို့လိုတယ်။ သူတို့ ရေရှည်ရပ်တည်နိုင်ဖို့ လိုပါတယ်။ အဲဒီလိုလုပ်ဖို့အတွက်ကို ကျွန်တော်တို့က စီးပွားရေးအရ ရေရှည်ရပ်တည်နိုင်ဖို့က အရေးကြီးဆုံးပဲ။
ရန်ကုန်တို့ မန္ဘလေးတို့က သိပ်ပြဿနာမရှိနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ တခြား Coporate Market ရှိတယ်။ Local Market ရှိတယ်။ အလားတူ စားသောက်ဆိုင်လည်း ဒီအတိုင်းပဲ၊ လေကြောင်းလိုင်းလည်း အလားတူပဲ။ တစ်ချိန်က လေကြောင်းလိုင်း ကိုးလိုင်း ဆယ်လိုင်းရှိခဲ့တယ်။ ဒီနေ့လေကြောင်းလိုင်း တစ်ဝက်လောက်က နားသွားကြပြီ။ ဒါဘာလို့လဲဆိုတော့ ပေါ်လစီနဲ့လည်းဆိုင်သလို ဈေးကွက် Demand ပိုင်းနဲ့လည်း ဆိုင်တယ်။ ဒီလိုအခြေအနေမျိုးဟာ အနုတ်လက္ခဏာတော့ ပြတာပေါ့။
လုပ်ငန်းရှင်တချို့က ဒီခရီးသွားလုပ်ငန်းလောကထဲကို ကြိုတင် Strategy မလုပ်ထားဘဲနဲ့ ဝင်လာကြတယ်။ အခက်အခဲတွေ့လာတော့ ရေရှည်မရပ်တည်နိုင်တော့ဘူး။ တကယ်တော့ ကျွန်တော်တို့လူမျိုးတွေက အားလုံးစုစုစည်းစည်းနဲ့ အတူပူးပေါင်းလုပ်ဆောင်ကြမယ်ဆိုရင် အောင်မြင်နိုင်ပါတယ်။ ဒါပေမဲ့ ပိုက်ဆံရှိတဲ့အတွက် လေယာဉ်တစ်စီး၊ နှစ်စီးလောက်နဲ့ လေကြောင်းလိုင်း ထောင်ခွင့်ပြုလိုက်တာလည်း ရှိတယ်။ ထိုင်းလို သန်းသုံးဆယ်ဝင်တဲ့ နိုင်ငံမှာတောင် လေကြောင်းလိုင်းငါးလိုင်း ခြောက်လိုင်းပဲရှိပြီးတော့ လေယာဉ်ရာနဲ့ချီရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ခရီးသည်ဝင်တာက သုံးသန်းတောင် မပြည့်ဘူး၊ ပြည်တွင်းသွားတဲ့ ခရီးသည်နဲ့ပေါင်းမှ အဲဒီလောက်ပဲရှိတဲ့ အခြေအနေမှာ လေကြောင်းလိုင်းက ဆယ်လိုင်းလောက် ဖြစ်သွားတယ်။ လေယာဉ်ပြန်ကြည့်တော့လည်း စုစုပေါင်း နှစ်ဒါဇင်တောင် မပြည့်ဘူးဆိုတာမျိုးဖြစ်ခဲ့ပါတယ်။ အခုဆို အင်အားကြီးတဲ့ လေကြောင်းသုံလေးလိုင်းပဲ ကျန်ခဲ့တော့တယ်။ ဒါသာဓကပါပဲ။ ဒီနေ့ လမ်းပန်းဆက်သွယ်ရေး တချို့နေရာတွေမှာ ကောင်းတာတွေရှိတာကြောင့် တော်တော်များများက ကားကိုသုံးကြပြီး လေကြောင်းကို သိပ်မသုံးကြတော့ Market Demand က ကျလာတယ်။ Tourism ကလည်း ထင်သလောက် မတက်လာတဲ့အခါကျတော့ သူတို့ Growth မရှိသလောက် ဖြစ်သွားတယ်။
ဟိုတယ်တွေပြန်ကြည့်တော့လည်း လိုင်စင်ယူထားတဲ့ ဟိုတယ် ၁,၄၀၀ ကျော်လောက်မှာ အခန်းပေါင်း ခြောက်သောင်းလောက် ရှိသွားပြီ။ ရန်ကုန်မှာတော့ ဟိုတယ်လေးရာကျော်လောက်မှာ အခန်းပေါင်း ၁၄,၀၀၀ လောက်ရှိပြီ။ ဒါတွေက Tourist အတွက် တရားဝင်လိုင်စင်ယူထားတဲ့ ဟိုတယ်တွေဖြစ်ပြီးတော့ လိုင်စင်မယူဘဲ YCDC လိုင်စင်နဲ့ရော တရားမဝင်ရော ထောင်ချီရှိနေပါတယ်။ Tourist Attraction ဒေသတွေဖြစ်တဲ့ ပုဂံတို့၊ ညောင်ရွှေတို့၊ အင်းလေးတို့မှာ အများစုက နိုင်ငံခြားသား တည်းခိုခွင့်လိုင်စင်ယူထားကြတာတွေဖြစ်ပါတယ်။ အခုနောက်ပိုင်း အထူးသဖြင့် Tourist ဒေသတွေဖြစ်တဲ့ ပုဂံ၊ အင်းလေး၊ ညောင်ရွှေ နောက်ငပလီ၊ မြောက်ဦးဒေသမှာဆိုရင် ၉၀ ရာခိုင်နူန်းလောက် Booking Cancel ဖြစ်သွားတယ်။ တကယ့်ခရီးစဉ်ဒေသတွေမှာ ဟိုတယ်တွေရဲ့ ခရီးသည်ဝင်ရောက်မှုက ၃၀ ရာခိုင်နူန်းလောက်ပဲရှိတော့တယ်။ ၃၀ ရာခိုင်နှုန်းဆိုတာ ဘယ်လိုမှရပ်တည်ဖို့မလွယ်ဘူး။ အဲဒီအပေါ်ကြည့်ပြီးတော့ Invester တွေကပြန်ပြီး သုံးသပ်တယ်။ ပြည်တွင်းက Invester ကျတော့လည်း ဘဏ်ချေးငွေနဲ့ပဲလုပ်လုပ် ၁၃ ရာခိုင်နူန်းဆိုတဲ့ မြင့်မားတဲ့ Interest Rate ကလည်း သူတို့အတွက် ရေရှည်မရပ်တည်နိုင်ဘူး။ Installment နဲ့ Hire Purchased စတဲ့ Practice တွေကလည်း ဘဏ်တွေက အပြည့်အဝမလုပ်နိုင်သေးတဲ့ ကာလတစ်ခုမှာ လွယ်လွယ်ကူကူနဲ့ ငွေရှိတဲ့သူတွေအတွက် အကြောင်းမဟုတ်ပေမယ့်၊ တကယ့်ရှိစုမဲ့စုကို ရင်းပြီးလုပ်ရတဲ့ တိုင်းရင်သားလုပ်ငန်းရှင်တွေအတွက်ကတော့ ဒီကာလတစ်ခုမှာ ကျဆုံးခဲ့ရတာပါ။
လက်ရှိထိလွယ်ရှလွယ်အခြေအနေမျိုးမှာ နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ ကျွန်တော်တို့ Tourism ကို အပြည့်အဝအာရုံမစိုက်နိုင်သေးပေမယ့် Tourism ဟာ ရေရှည်အတွက်ကောင်းပါတယ်။ ဒီဘက်ခေတ်အစိုးရ လက်ထက်ပိုပြီး နားလည်လာတာက သဘာဝအရင်းအမြစ် တွေမပါသွားဘဲနဲ့ မြိုးမြိုးမြက်မြက်ရနိုင်တဲ့ လုပ်ငန်းဖြစ်တဲ့အတွက် ရေရှည်အတွက်ကောင်းတယ်ဆိုတာ သူတို့နားလည်လာတယ်။ အဲဒီအခါမှာ ကျွန်တော်တို့ကို အားပေးပါတယ်။ နောက်ပိုင်း ၂၀၁၃-၂၀၁၄ ခုနှစ်မှာ ငွေကြေးပါလာတယ်။ ပြည်ပကို ခရီးသွားရင် စရိတ်မျှပေးလာတယ်။ ထောက်ပံ့ပေးလာတယ်၊ ဒါအစိုးရရဲ့ပံ့ပိုးမှုပါ။ နောက်တစ်ခု Tourism ဆိုတာ တစ်ဦးကောင်းတစ်ယောက်ကောင်းနဲ့ လုပ်လို့မရဘူး။ Team လုပ်ရတာဖြစ်တယ်။ ဒါကြောင့်မို့ Public Sector မှာလည်း ဝန်ကြီးဌာနတစ်ခုတည်း အားကိုးလို့မရဘူး။ ဝန်ကြီးဌာနမှာလည်း Capacity က Limited ၊ ဘတ်ဂျတ် Limited ဖြစ်ပါတယ်။ အဲဒီလိုအခြေအနေမှာ ဆက်စပ်ဝန်ကြီးဌာနတွေဖြစ်တဲ့ လဝက၊ အကောက်ခွန်၊ ပို့ဆောင်ရေးမှာဆို လေကြောင်းလိုင်း၊ ရေကြောင်းလိုင်း၊ ကုန်းကြောင်းလိုင်းပြီးရင် ပြည်ထဲရေး၊ ဘဏ္ဍာရေး၊ ကျန်းမာရေး နောက်ပြီး ပြည်နယ်နဲ့တိုင်းအစိုးရအဖွဲ့တွေက ပါဖို့လိုတဲ့အတွက်ကြောင့် နိုင်ငံတော်အဆင့် Tourism National Level Managment Coucil တစ်ခုကို ဖွဲ့စည်းခဲ့တယ်။ ဝန်ကြီးချုပ် Level ၊ ဒုသမ္မတ Level လောက်က Chair လုပ်မှ သူနဲ့ဆက်စပ်တဲ့ ဝန်ကြီးဌာနတွေကို သြဇာလွှမ်းလို့ရမယ်၊ ပေါင်းစပ်ပေးလို့ရမယ်။ အဲဒီအတွက် မေလမှာ အဲဒီမှာ ဒုသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူက ပြန်ပြီး Chair လုပ်ခဲ့ပါတယ်။ လက်ရှိမှာတော့ အားလုံးအတူပူးပေါင်းလုပ်ကိုင်တဲ့ Strategy နဲ့ သွားမှပဲရပါမယ်။
၂၀၁၇ ခုနှစ် မြန်မာ့စီးပွားရေးအပေါ် ခြုံငုံသုံးသပ်ချက်
-------------
စီးပွားရေးဆိုတာ အမြဲတမ်းဆက်စပ်တယ်လေ။ ၂၀၁၅ ခုနှစ်ကောင်းမှ ၂၀၁၆ ခုနှစ် ကောင်းမယ်။ ၂၀၁၅ ခုနှစ် ကစပြီး အဲဒီလိုဖြစ်လာတော့ ၂၀၁၆ ခုနှစ်မှာ နည်းနည်းစပြီး Impact ဖြစ်တယ်။ ၂၀၁၆ ခုနှစ်မှာ စီးပွားရေးမူဝါဒတွေ တိတိကျကျမရှိဘဲ လုပ်တဲ့အခါကျတော့ ၂၀၁၇ ခုနှစ်မှာ Impact တွေက တော်တော်လေးအသံတွေက ကျယ်ကျယ်လောင်လောင် ပိုထွက်တယ်။
၂၀၁၇ ခုနှစ်ကိုကြည့်တော့ ၂၀၁၆ ခုနှစ်နဲ့ယှဉ်မယ်ဆိုရင် ၂၀၁၇ ခုနှစ်က စီးပွားရေးတွေ ကျသွားတယ်။ ၂၀၁၇ ခုနှစ်ဆိုတဲ့အရာက ၂၀၁၆ ခုနှစ်အပေါ်မှာ အခြေခံပြီး ၂၀၁၆ ခုနှစ်က ၂၀၁၅ ခုနှစ်ပေါ်မှာ အခြေခံတယ်။ ၂၀၁၅ ခုနှစ်မှာ ကျွန်တော်တို့တိုင်းပြည်မှာ ရွေးကောက်ပွဲတွေလုပ်တယ်။ ရွေးကောက်ပွဲလုပ်ခါနီးမှာ အစိုးရအပြောင်းအလဲတွေ ဖြစ်တယ်။ Policy တွေ ဘယ်လို Changes လုပ်မှန်းမသိဘူးဆိုတော့ ပြည်တွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက စောင့်ကြည့်တာရှိတယ်။ နိုင်ငံခြား Investment တွေက စောင့်ကြည့်တာရှိတယ်။ ပြီးတော့ ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်မှာ အစိုးရအသစ် တက်လာတယ်။ တက်လာတဲ့အချိန်မှာ စောင့်ကြည့်တဲ့ Period ရှိနေတယ်။ တက်လာတဲ့ အစိုးရအသစ်အနေနဲ့ တိုင်းပြည်မှာက Challenges တွေက အများကြီးရှိတယ်။ အဲဒီထဲက တစ်ခုကတော့ စီးပွားရေးနဲ့ပတ်သက်တဲ့ မူဝါဒတွေ တိတိကျကျ အခုထိမထွက်သေးဘူး။ များသောအားဖြင့် မူဝါဒတွေကို ကြည့်လိုက်တဲ့အခါမှာ General ဆန်တာကို တွေ့ရတယ်။ ဘယ်နေရာကို Focus လုပ်ပြီး ဘယ်နေရာကိုတော့ Emphasize လုပ်မယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဘယ်လိုတွေလုပ်ဆောင်မှာလဲဆိုတဲ့ Target တစ်ခုရှိကိုရှိရမယ်။ အဲဒီလိုမျိုး Target မရှိဘူး။ Strategy လည်း အသေအချာမရှိတဲ့အခါကျတော့ မြန်မာ့စီးပွားရေးကို ကြည့်မယ်ဆိုရင် မရေရာ၊ မသေချာမှုတွေရှိနေတယ်။
ဝန်ကြီးဌာနတွေကို ကြည့်ပြန်တော့လည်း သက်ဆိုင်ရာဝန်ကြီးဌာနတွေခန့်ထားတဲ့ ပြည်ထောင်စုဝန်ကြီးက Subject မပိုင်တာသွားတွေ့တယ်။ Subject ကို ပိုင်တာတောင်မှ ခန့်အပ်မယ့်ဝန်ကြီးတွေရဲ့ Track Record ကို ပြန်ကြည့်ရမယ်။ အဲဒီ Track Record တွေနဲ့ အခုပေးထားတဲ့ Post တွေက အံမဝင်တာတွေတွေ့တယ်။ Subject မပိုင်ဘူးဆိုရင် လူမှန်၊ နေရာမှန်မဟုတ်ဘူး။ ဒီ Subject မှာဖြစ်လာမယ့် Issue တွေကို သူဘယ်နည်းနဲ့မှ မခန့်မှန်းနိုင်ဘူး။ ဒါသေချာတယ်။ အစိုးရသစ်မှာ စိန်ခေါ်မှုများတဲ့အတွက် နှစ်နှစ်တည်းမှာတော့ ဘာမှမဖြစ်ဘူးဆိုတာ ကျွန်တော်တို့လက်ခံတယ်။ ဒါပေမဲ့ ဒီနှစ်နှစ်နဲ့ သင့်တော်တဲ့ တိုးတက်မှုတော့ရှိရမယ်။
ကျွန်တော့်အနေနဲ့ ပြောချင်တာက တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးကလည်း အင်မတန်အရေးကြီးပါတယ်။ ကျွန်တော်တို့လက်ခံတယ်။ ငြိမ်းချမ်းရေးသည် Long Term လုပ်သွားရမှာ။ Long Term မှ အဖြေတစ်ခုထွက်မှာပါ။ ဒါပေမဲ့ စီးပွားရေးက နေ့စဉ်စားဝတ်နေရေးလေ။ အဲဒါကြောင့် ဒီနှစ်ခုကို Parallel အရေးကြီးတယ်လို့ သဘောထားပြီးတော့ ပြိုင်တူလုပ်မှပဲ အဆင်ပြေမှာပါ။ တစ်ခုကိုပဲ တအားဇောင်းပေးပြီး တစ်ခုကိုချန်ထားခဲ့တယ်ဆိုရင် ဒါကြာရင် အဲဒီ Consequences တွေ၊ Impact တွေက တိုင်းသူပြည်သားတွေကို အများကြီးထိခိုက်လိမ့်မယ်။
၂၀၁၇ စီးပွားရေးသည် ၂၀၁၅/၂၀၁၆ စီးပွားရေးနဲ့ယှဉ်ရင် ကျတယ်။ ထင်ထင်ရှားရှားကြီးပဲ။ ကျွန်တော်တို့ရဲ့ Figure မှာပေါ်တယ်။ ထင်ထင်ရှားရှား Sales တွေ ၂၅ ရာခိုင်နှုန်းလောက် ကျသွားတယ်။ Sales တွေ ကျပြီဆိုရင် ကျွန်တော်တို့ရဲ့ Financial Terms နဲ့ပြောမယ်ဆိုရင် လုပ်ငန်းရှင်တိုင်းရဲ့ Cost တွေမတက်ဖို့ Concern ဖြစ်ရတော့မယ်။ Sales တွေကျပြီဆို Revenue တွေ ကျသွားမယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ရဲ့ Variable Fixed Cost ကြီးက နဂိုလိုပဲကြီးနေမယ်ဆိုရင် Sales ၂၅ ရာခိုင်နှုန်းကျရင် အဲဒီကုမ္ပဏီရဲ့ ရရှိမယ့်အကျိုးအမြတ်က ၅၀ ရာခိုင်နှုန်း နီးပါးလောက်ကျသွားတာ။ အဲဒါကြောင့် ဘာပဲဖြစ်ဖြစ် လုပ်ငန်းတွေမကောင်းဘူးဆိုရင်သေချာတယ်၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးမှုမှာလည်း အခက်အခဲဖြစ်တယ်။ ဖြစ်မယ်ဆို Multiplier Effect တွေဖြစ်မှာပါ။
၂၀၁၈ ခုနှစ်အတွက် မြန်မာ့စီးပွားရေးအလားအလာ
----------------------
မြန်မာ့စီးပွားရေးအလားအလာမှာ ကျွန်တော်တို့ကတော့ အမြဲတမ်း Positive ကိုပဲတွေးပါတယ်။ အကောင်းမြင်ဝါဒတွေရှိမှ ကိုယ်ကတိုးတက်မှာလေ။ တစ်ချိန်လုံးပဲ အဆိုးမြင်ဝါဒတွေပဲ ရှိနေတယ်ဆိုရင်တော့ မရပါဘူး။
ကျွန်တော်သိသလောက်ကတော့ ကုမ္ပဏီများ ဥပဒေကို ဒီတလောကပဲပြဋ္ဌာန်းလိုက်တယ်။ ဒီကုမ္ပဏီများ ဥပဒေမှာ ကောင်းတဲ့အချက်တွေပါတယ်။ ပြီးတော့ ဒီတလောမှာ နိုင်ငံခြား Investment Law တွေကို တိတိကျကျ ပြဋ္ဌာန်းနိုင်တယ်။ ဒါတွေက ကောင်းတဲ့အလားအလာတွေပါ။ ဒါပေမဲ့ တစ်ချက်မှာ ဘာပြန်ကြည့်ရမလဲဆိုတော့ တိုင်းပြည်စီးပွားရေးရဲ့ အဓိကမောင်းနှင်အားဖြစ်တဲ့ Real Estate ၊ Infrastructure Development ၊ အဲဒါတွေကလည်း အရေးကြီးတယ်။ တိုင်းပြည်တိုင်း တိုးတက်ဖို့ဆိုတာ Infrastructure Development တွေလိုတယ်။ နောက် Real Estate Industry ကလည်း ဖွံ့ဖြိုးတိုးတက်ဖို့လိုတယ်။
ကျွန်တော်တို့ စီးပွားရေးကျတဲ့အထဲမှာလည်း WorId Bank တို့၊ Asia Development Bank တို့ကနေပြီးတော့ ပြောတာတွေရှိပါတယ်။ ဒီအစိုးရတက်လာတဲ့အချိန်မှာ ရန်ကုန်မြို့မှာရှိတဲ့ အထပ်မြင့်အဆောက်အအုံတွေကို Review လုပ်မယ်ဆိုတုန်းက ရှစ်လလောက် လုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့တယ်။ အဲဒါသည် တိုင်းပြည်စီးပွားရေးမှာ Investor Confidence Level ကိုကျစေတယ်။ အဲဒါတကယ်ဖြစ်ပျက်ခဲ့တာကို ပြန်ပြီးတော့ သုံးသပ်ပြတာပါ။ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အပြစ်တင်ချင်တဲ့စိတ်နဲ့ ကျွန်တော်ပြောတာမဟုတ်ပါဘူး။ အခုကကျတော့ ဆောက်လုပ်ရေး Site တွေရပ်တော့ ဒီဆောက်လုပ်ရေးနဲ့ ဆက်စပ်နေတဲ့ အိမ်ဆောက်ပစ္စည်းရောင်းတဲ့သူ၊ ကွန်ကရစ်၊ ဘိလပ်မြေ ဒီ Industry တစ်ခုလုံးကို Impact ဖြစ်တာ။ အဲဒီ Impact ကလည်း အကုန်လုံးကလည်း ဘဏ်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဆိုတာ ကင်းကွာလို့မရဘူးလေ။ ဘဏ်တွေနဲ့ချိတ်ဆက်ပြီးတော့ အလုပ်လုပ်တဲ့အခါမှာ ဘဏ်တွေအပေါ်မှာ သွားပြီးတော့တစ်ခါ Impact ဖြစ်တယ်။ အဲဒါမျိုးကပြောမယ်ဆိုရင်တော့ အန္တရာယ်တအားကြီးပါတယ်။ နောက်ဆုံးတော့ အခြေခံလူတန်းစား ဆောက်လုပ်ရေး Site တွေမှာရှိတဲ့ ဆောက်လုပ်ရေးအလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ကုန်တယ်။
အဲဒါကြောင့် အစိုးရတစ်ရပ်အနေနဲ့ မူဝါဒတစ်ခုချတော့မယ်ဆိုရင် ဒီမူဝါဒကို ချက်ချင်းအကောင်အထည်ဖော်၊ လက်ရှိလုပ်နေတဲ့ မူဝါဒတွေကို တစ်ရက်အတွင်း ချက်ချင်းရပ်ဆိုတာမျိုး လုပ်လို့မရပါဘူး။ တစ်ခုနဲ့တစ်ခု အကူးအပြောင်းမှာ Grace Period ဆိုတာပေးကို ပေးရတယ်။ ဘယ်နှခုနှစ်ကနေ ဘယ်နှခုနှစ်အတွင်း ခွင့်ပြုချက်ရထားပြီးလုပ်ငန်းတွေက ဥပဒေနဲ့ကိုက်ညီတယ်ဆိုဆက်လုပ်။ အခုမှအသစ် စလျှောက်မယ့်ဟာတွေဆိုရင် အခုဖော်ပြပါ မူဝါဒအသစ်အချက်အလက်တွေနဲ့ ပြည့်စုံမှသာ လက်ခံမယ်ဆိုတဲ့ Grace Period ပေးရမှာပါ။ အဲဒီလို Grace Period ပေးမှလည်း စီးပွားရေးလုပ်ငန်းတွေက ရှင်သန်နိုင်ပါမယ်။ စီးပွားရေးလုပ်ငန်းတွေရှင်သန်ခြင်းအားဖြင့် တိုင်းပြည်အတွက် သိပ်ကောင်းတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိတယ်။ မိသားစုဝင်ငွေရမယ်။ စားဝတ်နေရေးအတွက် ပြေလည်တယ်ဆိုရင် ပိုလျှံတဲ့အခါမှာ စုဆောင်းတာရှိမယ်။ ဥပမာ- Spending Power ၊ Consumption Power တွေတက်လာမယ်။ အဲဒီလိုတက်ရင် အကုန်လုံးကဆက်စပ်နေတာပဲလေ။ အကုန်လုံး Market တစ်ခုနဲ့တစ်ခုက အမြဲတမ်းချိတ်ဆက်နေတော့ Multiplier Effect ရပါမယ်။။ အခုလိုကျသွားတော့လည်း Multiplier Effect နဲ့ပဲ Impact ဖြစ်သွားမှာပါ။
၂၀၁၈ နှစ်ကိုတော့ ရည်မှန်းတာတော့ Positive တော့ဖြစ်တယ်။ ဒါပေမဲ့ အစိုးရအနေနဲ့ပိုပြီးတော့ စီးပွားရေးနဲ့ပတ်သက်ပြီး ဘယ်အရာကိုတော့ ဇောင်းပေးမယ်။ ဘယ်လို Strategy ကိုတော့၊ ဘယ်လို Target Frame တွေ ထားလဲ။ အဲဒါမျိုးကတော့ မူဝါဒကိုတိတိကျကျလေး ပိုပြပြီးတော့ ဖော်ပြပေး၊ လုပ်မှပဲပိုပြီးတော့ Investor Confidence ဖြစ်မယ်။ Investor ဆိုတာ ပြည်ပရင်းနှီးမြှုပ်နှံသူတင်မဟုတ်ဘဲ ပြည်တွင်းက လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံသူတွေကိုပါ ပြောတာပါ။ အဲဒီလို Investor တွေ Confidence ရှိမယ်။ ရှိမှပဲ အလုပ်လုပ်ရတာလွယ်တယ်။
နောက်တစ်ခုက ဝန်ကြီးဌာနတွေဟာ တအားကြန့်ကြာလွန်းတယ်။ ဝန်ကြီးဌာနတစ်ခုနဲ့တစ်ခုကြားထဲမှာ Coordination တွေ အင်မတန်အားနည်းတယ်။ အားနည်းတာ အစိုးရအဆက်ဆက်မှာ အားနည်းတယ်။ အခုဒီလက်ထက်ကျမှ ထူးခြားပြီးအားနည်းတာ မဟုတ်ဘူး။ ဒါပေမဲ့ ကောင်းစေချင်တယ်။ ပိုပြီးတော့ အမြန် Improve ဖြစ်စေချင်တာပါ။ အခုတော့ E-Government ကို တအားဇောင်းပေးပြီး လုပ်နေတယ်ပြောတယ်။ ကျွန်တော်တို့ တကယ်ဝမ်းသာတယ်။ ဒါပေမဲ့ E-Government သည် IT နဲ့လုပ်ရတာဖြစ်တော့ အောင်မြင်ဖို့ဆိုရင်၊ အဓိကသော့ချက်မှာ နည်းပညာတစ်ခုတည်းမဟုတ်ပါ။ နည်းပညာက သူ့ဘာသာသူရှိပြီးသား။ The most important thing က Top Management ရဲ့ Commitment ၊ ဒီ Top Management ရဲ့ Commitment မရှိဘဲနဲ့ ဒီဟာကြီးမအောင်မြင်နိုင်ဘူး။ Top Management တကယ့်ကို Commitment၊ ဖြစ်ဖြစ်နဲ့ ဒီလိုလုပ်ခြင်းအားဖြင့် ဖြစ်လာတဲ့အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်လွှားမလဲဆိုတာ တစ်ချိန်လုံးသူက Coordinator အနေနဲ့လုပ်ပေးပြီးတော့ သူကနေပြီးတော့ Decision ချရတာ။ E-Government အောင်မြင်ဖို့ဆိုတာ ပြည်ထောင်စု Level ကနေ Decision တွေ ပြတ်ပြတ်သားသားချပေးပြီး Coordination ၊ မပေါင်းစပ်ရင် ဘယ်နည်းနဲ့မှမဖြစ်ဘူး။
စီးပွားရေးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ Top Management ရဲ့ Commitment ၊ Top Management ရဲ့ မဟာဗျူဟာ၊ နည်းဗျူဟာတွေနဲ့ ဘယ်လိုသွားမှာလဲဆိုတာကို တိတိကျကျဖြစ်မှ တိုင်းပြည်ကတက်ဖို့ရှိတယ်။ တကယ်လို့ ၂၀၁၇ ခုနှစ်လိုပဲ ဆက်လုပ်မယ်ဆိုရင်တော့ ၂၀၁၈ ခုနှစ်ကလည်း တအားမျှော်လင့်လို့မရဘူး။ ဒါကတော့ Previous History ကို ပြန်ကြည့်တာပေါ့။
အဲဒါကြောင့် ကျွန်တော်က စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ အကြံပေးချင်တာက အစိုးရတစ်ရပ်အနေနဲ့ Policy တစ်ခုချမယ်ဆိုရင် အဲဒီ Policy မှာ ပါဝင်နေတဲ့ Stakeholder တွေအားလုံးကို ဘယ်လောက် Impact ဖြစ်မှာလဲ။ အဲဒီ Impact က နည်းနိုင်သမျအနည်းဆုံး ဖြစ်ရမယ်။ Stakeholder ဆိုတာ အကုန်ပါတယ်။ ဒီ Policy ထဲမှာ ထိစပ်ပတ်သက်နေသမျှ လူတွေအားလုံးက နံပါတ်တစ် Impact Analysis လုပ်ရမယ်။ အဲဒီ Impact ကလည်း ပြောင်းခြင်းကြောင့် အနည်းဆုံးလည်းဖြစ်ရမယ်။ ဖြစ်တဲ့ဟာမှာ အဲဒီလိုပြောင်းခြင်းအားဖြင့် အဲဒီလိုကောင်းမွန်တဲ့ အရာတွေပဲအများကြီးဖြစ်ရမယ်။ ပြည်သူပြည်သား အားလုံးကိုလည်း အကျိုးပြုရမယ်။ အဲဒီလိုမျိုး အားလုံးဖြစ်ပြီ၊ သေချာပြီဆိုမှ၊ Digest လုပ်ပြီးမှ၊ Counseling တွေ လုပ်ပြီးသေချာပြီဆိုမှ အသစ်ချမှတ်မယ့် Policy ကို ပြည်သူကို ချပေးရမယ်။ အဲဒီအခါဆိုရင် Grace Period ပေးရမယ်။ အဲဒီ Grace Period ပေးတဲ့ တစ်လျှောက်လုံးမှာလည်း Educate လုပ်ရမယ်။ Effective Communication တွေလုပ်ရမယ်။ အားလုံးပြီးမှ ဒီ System ကြီးကို အကောင်အထည်ဖော်ရမှာ။ အဲဒါကြောင့် ကျွန်တော်တို့တိုင်းပြည်အနေနဲ့ Transparency Timeline နဲ့ပတ်သက်ပြီးတော့ အလုပ်လုပ်တာ အားနည်းချက်ရှိတယ်လို့ ကျွန်တော်မြင်ပါတယ်။
အဲဒါတွေကို မပြုပြင်နိုင်ဘူးဆိုရင်တော့ တိုင်းပြည်စီးပွားရေးက ဒီလိုမျိုးလေးပဲ နေဦးမယ်။ ဒီထက်ပို မဆိုးသွားအောင်ပဲ ကြိုးစားရမလိုဖြစ်နေပြီ။ ဟိုတလောကပဲ UMFCCI က ဆရာကြီးဦးမြင့်ပြောတယ်။ စင်ကာပူ၊ ယိုးဒယားတို့ကို မီဖို့ဆိုတာ ထားဦး။ လက်ရှိလာအိုကတောင် ကိုယ့်ကိုကျော်တက်နေပြီ။ ဒီလာအိုကို မီဖို့အတွက် ကျွန်တော်တို့အများကြီးလုပ်ရမယ်။ လာအိုနဲ့ ကမ္ဘောဒီးယားကို ကျွန်တော်တို့မီနိုင်တယ်။ ဒါပေမဲ့ မှီဖို့ဆိုတာက နှုတ်လေးနဲ့ပြောလို့မရဘူး။ Policy လေးချလို့မရဘူး။ လက်တွေ့အကောင်အထည်ဖော်မှုက အရေးကြီးဆုံးဖြစ်မယ်။ကျွန်တော့်အမြင်မှာတော့ မြန်မာလူမျိုးတွေမှာ အားနည်းချက်နှစ်ခုရှိတယ်။ အဲဒီအားနည်းချက်က ဘာလဲဆို ကိုယ့်မှာရှိနေတဲ့ အခွင့်အရေးတွေကို အသေအချာအသုံးမချတတ်ဘူး။ Policy ကလည်း ချလိုက်ရင်တော့ On Paper ပေါ်မှာ တကယ်ကောင်းတယ်။ ဒါပေမဲ့ အဲဒီချလိုက်တဲ့ Policy ကို တကယ်အကောင်အထည်ဖော်နေတဲ့ Implementation တော်တော်အားနည်းတယ်။ Implementation အားနည်းသရွေ့ကာလပတ်လုံး တိုင်းပြည်က ရှေ့တက်ဖို့က မလွယ်ဘူး။
Implementation က အားနည်းတယ်။ Follow-up လည်းမလိုက်ဘူး။ တစ်ယောက်နဲ့တစ်ယောက် အချိတ်အဆက်တွေလည်း မရှိဘူး။ အဲဒီလိုအားနည်းသရွေ့ ကာလပတ်လုံး ကျွန်တော်တို့တိုင်းပြည်ကတော့ တိုးတက်ဖို့ တော်တော်လိုသေးတယ်။
ကြုံတွေ့လာနိုင်တဲ့ စိန်ခေါ်မှုတွေက ဘာတွေရှိမလဲ။ ဘယ်လိုဖြေရှင်းဖို့ ပြင်ဆင်ထားရမလဲ
-------------------
စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ စိန်ခေါ်မှုတွေကို ပြောမယ်ဆိုရင် External ရှိတယ်၊ Internal ရှိတယ်။ External ဆိုတာ Government ရဲ့ Policy ၊ မူဝါဒတွေရှိတယ်။
Internal ထဲမှာလည်း စိန်ခေါ်မှုတွေရှိတယ်။ အဲဒီစိန်ခေါ်မှုတွေက သူ့နယ်ပယ်နဲ့သူတော့ကွာတယ်။ စစချင်း Starting up လုပ်တဲ့ Enterprise ရဲ့စိန်ခေါ်မှုနဲ့ Established ဖြစ်နေတဲ့ SME ကုမ္ပဏီရဲ့စိန်ခေါ်မှုနဲ့ Well established ဖြစ်တဲ့ ကုမ္ပဏီကြီးတစ်ခုရဲ့ စိန်ခေါ်မှုတွေက ကွဲပြားတာပဲ။ ဒါပေမဲ့ ခြုံပြီးပြောမယ်ဆိုရင် လက်ရှိအဓိက စိန်ခေါ်မှုကတော့ အပြင်မှာ အမြဲတမ်းကြားကြားနေတဲ့ Human Resources တွေ အားနည်းတယ်။ ဒါကနေရာတိုင်းမှာ စိန်ခေါ်မှုဖြစ်တယ်။ ဒါပေမဲ့ Capacity တက်ဖို့အတွက် Top Management ကလည်း အဲဒါနဲ့ပတ်သက်ပြီး အာရုံစူးစိုက်ဖို့လိုတယ်။ ကိုယ့်မှာ ရှိနေတဲ့ဝန်ထမ်းတွေရဲ့ Capacity အတွက် Career Development အတွက် Training ပေးဖို့လိုတယ်။
နောက်တစ်ခုက ဘာလဲဆိုတော့ လုပ်ငန်းတွေ လုပ်ကြတဲ့အခါမှာ များသောအားဖြင့် ကျွန်တော်တို့ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေက Ad hoc တွေ လုပ်လိုက်တာများတယ်။ ချက်ချင်းဆုံးဖြတ်ပြီး လုပ်ကြတယ်။ အမှန်ကတော့ ဖွံ့ဖြိုးပြီး တိုင်းပြည်တွေမှာဆိုရင် စနစ်ချတာ တအားတော်တယ်။ အဲဒီစနစ်အပေါ်မှာ သူတို့ကအခြေခံပြီး လုပ်သွားတာ။ ကျွန်တော်တို့ကလည်း အဲဒါကို အတုခိုးရမယ်။ ကျွန်တော်တို့လုပ်တဲ့ လုပ်ငန်းတိုင်းမှာ ဒီ Challenges တွေက Enterprise တွေမှာ သေချာပေါက်တွေ့မှာပဲလေ။ အဲဒီလိုလုပ်တဲ့အခါမှာ Well Established ဖြစ်နေတဲ့ System ရှိပြီလား။ အဲဒီ System မရှိရင် အဲဒီ System ဖြစ်အောင် ကိုယ့်ရဲ့ Organization မှာ လုပ်ရမယ်။ System ဆိုတာ တစ်ရက်တည်းလုပ်လို့မရဘူး။ Continuously Improvement အဲဒါကြောင့် ကျွန်တော်တို့က တောက်လျှောက် Continuously Improve ဖြစ်နေရမယ်။
Financing ဆိုလည်း အခု ကျွန်တော်တို့ကြားတာက ဘဏ်တွေက SME Loan တွေပေးနေတယ်။ Collateral တွေ မယူဘဲနဲ့ SME တွေလုပ်တယ်။ အဲဒီလိုလုပ်တဲ့အခါမှာ ဘဏ်ဘက်ကရော၊ ဒီဘက်က Loan ယူတဲ့ဘက်ကရော နှစ်ဦးနှစ်ဖက်စလုံး Commitment ရှိရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ Financing Access လုပ်လို့မရတဲ့ လူတွေကလည်း အများကြီးကျန်သေးတယ်။ ဒါကတော့ စီးပွားရေးလုပ်မယ်ဆို ငွေကတော့ သေချာတယ်။ ဒါမဖြစ်မနေကြုံတွေ့ရမယ့် အခက်အခဲပါ။
Customer တွေနဲ့ပတ်သက်လာရင် အခုအပြင်က ပတ်ဝန်းကျင်နဲ့ အနေအထားက အပြောင်းအလဲဖြစ်နေတော့ Customer တွေရဲ့ Request ၊ Customer Complaint တွေ ကိုယ့်ဘက်က ချက်ချင်းဖြေရှင်းတတ်တဲ့ အလေ့အကျင့်ရှိဖို့ လိုပါတယ်။ အဲဒီလိုဖြစ်ဖို့အတွက် ကိုယ့်ရဲ့သက်ဆိုင်ရာ Level တိုင်းမှာရှိတဲ့ ဝန်ထမ်းတွေကို Empower ပေးဖို့လိုတယ်။ Top Management လူတွေက Operational Level က ဝန်ထမ်းတွေကို Empower လုပ်ပြီး Request ၊ Customer Complaint ပေးပြီး Sense of Ownership ရအောင်၊ Motivate ဖြစ်အောင် လုပ်ပေးရပါမယ်။
နောက် Challenge အထူးသဖြင့် ကိုယ့်ရဲ့ Organization ကကြီးလာပြီ။ နိုင်ငံတကာနဲ့ ချိတ်ဆက်တော့မယ်ဆိုရင် Responsible Business မဟုတ်ဘူးဆို တော်တော်ခက်သွားပြီ။ ဥပမာ- Jewelry ဆိုရင် အခုနောက်ပိုင်းမှာ ကုမ္ပဏီတော်တော်များများက Responsible Business ဖြစ်ရဲ့လားကြည့်ပါတယ်။ Responsible Business ဆို အခွန်မှန်မှန်ဆောင်ရဲ့လား။ Internal ဆို ကိုယ့်ရဲ့ဝန်ထမ်းတွေက Work ၊ Life Balance ဖြစ်ရဲ့လား။ Working Environment က Heath & Safety ဖြစ်ရဲ့လား။ အဲဒါမျိုးတွေက Responsible Business ရဲ့တကယ့် Basic တွေပဲလေ။ ပြီးတော့ ကိုယ့်အလုပ်ရုံက စွန့်ပစ်လိုက်တဲ့ရေတွေက သေချာသန့်စင်ပြီးမှပစ်တာလား၊ ဒါမှမဟုတ် ဖြစ်သလို စွန့်ပစ်နေတာလား၊ ဒီ Basic တွေကို ကိုယ်က လုပ်နိုင်ရဲ့လား။ Responsible Business မဖြစ်သေးဘူးဆို ဖြစ်အောင်အရင်လုပ်ရတယ်။ ဒါကတော့ Enterprise တွေရဲ့မဖြစ်မနေကြုံတွေ့ရမယ့် Internal စိန်ခေါ်မှုတွေ။
External ဆိုတာက များသောအားဖြင့် Out of our control လေ။ Government Regulation ကဘာဖြစ်မလဲ။ ဥပမာ- Condominium Law ဆို ဥပဒေမူကြမ်းတော့ ထွက်ပြီးပြီ။ ဒါပေမဲ့ နည်းဥပဒေတွေမထွက်သေးတော့ Real Estate Industry က Paralyze ဖြစ်နေတယ်။ တကယ်လို့ နည်းဥပဒေကို အစိုးရက ဒါကိုအရေးကြီးတယ်။ နိုင်ငံခြား Investment လည်း လာလို့ရတယ်လို့စဉ်းစားပြီး မြန်မြန်ဆန်ဆန် လုပ်ပေးနိုင်ရင် Investor Confidence ကောင်းကောင်းရှိလာမယ်။ Confidence Level တက်မှ သူတို့လာ Invest လုပ်ရင် Industry လည်း Healthy ဖြစ်လာမယ်။ ဖြစ်လာရင် ဒီ Industry အပေါ်မှာ မှီခိုနေတဲ့ SME တစ်ခုလုံးက အလုပ်တွေဖြစ်လာမယ်။ SME တွေအပေါ်မှာမှီခိုနေတဲ့အလုပ်သမားတွေ အလုပ်အကိုင်တွေ ရမယ်။ Obama တက်လာတဲ့အချိန်တုန်းက အမေရိကန် စီးပွားရေးတော်တော်လေးကျနေတယ်လေ။ သူလည်း Economic Stimulus လုပ်ရတယ်။ အဲဒီလိုပဲ နိုင်ငံတော်အစိုးရအနေနဲ့ Economic Stimulus တော့ လုပ်ရလိမ့်မယ်။ အဲဒါကြောင့် Top Management ကအရေးကြီးတာ။ Top Management က သူ့ရဲ့ Vision ၊ Mission တွေကဘာလဲ။ သူဘယ်လမ်းကြောင်းကိုသွားချင်လဲ။ အဲဒါကိုသွားဖို့အတွက် အောက်အထိကို တစ်ခါတည်းဆွဲတင်နိုင်မလား။ အဲဒါတွေအကုန်ုလုံးက Leadership ပေါ်မှာပဲ မူတည်ပါတယ်။ Top Management ကောင်းဖို့ဆို၊ External အနေနဲ့ ဝန်ကြီးဌာနနဲ့ ပတ်သက်ပြီးတော့ လူမှန်၊ နေရာ မှန်ထားရမယ်။ Subject ကျွမ်းတဲ့လူထားရမယ်။ အတွေ့အကြုံရှိတဲ့သူထားမယ်။ Track Record ကောင်းတဲ့လူ ထားမယ်။ Teamwork နဲ့ အလုပ်လုပ်ရမယ်။ အဲဒီလိုမျိုးလုပ်မှရွေ့မှာ။ ရွေ့ဖို့တောင် တော်တော်လုပ်ယူမှရွေ့မှာ။
ကျွန်တော်တို့ဆိုရင် ရန်ကုန်တိုင်းကျောက်မျက်အသင်းမှာ ဒုဥက္ကဋ္ဌလည်းဖြစ်တယ်။ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်မှာလည်း CEC ဖြစ်တယ်။ ကျွန်တော်တို့ ကျောက်မျက်အရိုင်းတွေ ရောင်းမယ့်အစား အချောထည်အနေနဲ့လုပ်ပြီး နိုင်ငံတကာကို တင်ပို့ဖို့အတွက် နိုင်ငံတော်ကို Master Plan တင်ထားတာ အခုဆို ၂၀၁၆၊ ဇွန်လကတည်းကတင်ထားတာ ၂၀၁၈၊ ဇွန်လဆို နှစ်နှစ်ပြည့်ပြီ။ အဲဒီ Master Plan ကိုတင်တဲ့အခါ ကိုယ့် Industry တစ်ခုလုံးတိုးတက်ဖို့၊ အဲဒီမှာ Ten years plan လုပ်ထားတယ်။ ချက်ချင်းကြီး အရိုင်းတွေအကုန်ရပ်၊ အချောထည်လုပ်ဖို့ဆိုတာ အဲဒီလောက် မလွယ်ဘူးလေ။ ဘာလို့လဲဆိုတော့ Market လိုသေးတယ်။ ကိုယ်က နိုင်ငံတကာ Market နဲ့ အနှစ်ငါးဆယ်လောက် အဆက်အသွယ်ပြတ်နေတာ။ Market ရှာဖို့ အရေးကြီးတယ်။ အဲဒါကြောင့် အခုချိန်မှာ အချောထည်လုပ်ရင်တောင်မှ ကျွန်တော်တို့ Local ချည်းပဲမရဘူး။ Foreign Investment နဲ့တွဲရမယ်။ သူတို့က Market ရှိတယ်။ Export Market ကို သူတို့ကောင်းကောင်းရှာတတ်တယ်။ သူတို့မှာ အတွေ့အကြုံ အများကြီးရှိတယ်။ သူတို့မှာ Market နဲ့ပတ်သက်ပြီး Branding တွေရှိပြီးသား။ ကျွန်တော်တို့က သူတို့နဲ့ ညှိပြီးတော့လိုက်ရမှာ။ အဲဒါအတွက် ကျွန်တော်တို့က တစ်နှစ်တစ်နှစ်ထုတ်တာ ပထမတစ်နှစ်မှာ ၂၀ ရာခိုင်နှုန်း အချောထည်လုပ်၊ ငါးနှစ်ပြည့်တဲ့အခါ ၅၀ ရာခိုင်နှုန်း၊ ခုနစ်နှစ်ပြည့်တဲ့အခါ ၇၅ ရာခိုင်နှုန်း၊ ဆယ်နှစ်ပြည့်တဲ့အခါ အရိုင်းတွေထုတ်ပြီး ရောင်းတာအကုန်ရပ်၊ အကုန်လုံးအချောထည်တွေ ထုတ်ပြီးတော့ရောင်း။ အဲဒီအချိန်ကျရင် နိုင်ငံခြားမှာ ဈေးကွက်လည်းရှိတယ်။ ကိုယ်လည်းအတွေ့အကြုံရှိတယ်ဆိုတော့ အဆင်ပြေသွားမယ်။ Transparency Timeline လေးနဲ့ တကယ်ဆို တင်ပြချက်တွေ တအားကောင်းတယ်။
အဆိုပါတင်ပြချက်က ကျွန်တော်တို့ကုန်သည်တွေရဲ့ သဘောသဘာဝတွေအားလုံး ဒီ Industry ကို Reflect လုပ်တယ်။ ဒါပေမဲ့ Top Management မှာ အားနည်းချက်တွေရှိတော့ လုပ်ငန်းရှင်တွေနဲ့ ထိတွေ့ဆက်ဆံမှု ရှိပါတယ်။ ဒါပေမဲ့ လုပ်ငန်းရှင်တွေရဲ့ တကယ့်လက်တွေ့လိုအပ်ချက်တွေကို အမြန်ဆုံး အကောင်အထည်မဖော်နိုင်ဘူး။ Decision Process တွေ တအားနှေးတယ်။ ဘာမှလုပ်လို့မရဘူး။
နောက်ဆုံးအားလုံးခြုံပြီးပြောမယ်ဆိုရင် လုပ်ငန်းလုပ်ကိုင်တဲ့ နေရာတိုင်းမှာ Resource တွေက Limitation ရှိတယ်။ ဘယ်တိုင်းပြည်ပဲသွားလုပ်လုပ် အခက်အခဲအနည်းအများကွာနိုင်တယ်။ ဒါပေမဲ့ တခြားတိုင်းပြည်တွေမှာက Doing Business သည် Ease ဖြစ်တယ်။ ဒီမှာတော့ Ease ဖြစ်တဲ့အထဲမှာ အဆင့်က တော်တော်နိမ့်နေပါတယ်။ Doing Business ကောင်းတဲ့ တိုင်းပြည်မှာသွားလုပ်တာနဲ့ အခုလိုမျိုး Doing Business Ease မဖြစ်တဲ့ တိုင်းပြည်မှာလုပ်လို့ ထွက်လာတဲ့ Outcome က ကွာဦးမှာ။ အဲဒီကွာခြားချက်တွေ နည်းလာပြီး တိုင်းပြည်တွင်းရှိ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်မှုရဲ့ အရေးပါမှုကို နိုင်ငံတော်မှာ ဦးဆောင်နေတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေအနေနဲ့ လက်ခံပြီး စီးပွားရေးနဲ့ပတ်သက်တဲ့ မဟာဗျူဟာ၊ နည်းဗျူဟာတွေကို အမြန်ဆုံးချမှတ် အကောင်အထည်ဖော်နိုင်ဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။
၂၀၁၇ ခုနှစ် မြန်မာ့စီးပွားရေးအပေါ် သုံးသပ်ချက်
-------------
၂၀၁၇ ခုနှစ်ရဲ့ စီးပွားရေးအခြေအနေကို သုံးသပ်ရမယ်ဆိုရင် ကျွန်တော်ကတော့ Export Sector ကို ဦးတည်ပြီးတော့ဆွေးနွေးချင်ပါတယ်။ ကျွန်တော်တို့မှာ National Export Strategy (NES) ဆိုတာ ၂၀၁၄ ခုနှစ်တည်းက GIZ က ပူးပေါင်းကူညီမှုနဲ့ စီးပွားကူးသန်းဌာနရယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းက သက်ဆိုင်ရာညီနောင်အသင်းတွေနဲ့ အကြိမ်ပေါင်းများစွာ အစည်းအဝေးတွေ လုပ်ပြီးတော့ ရေးဆွဲခဲ့ခြင်းဖြစ်ပါတယ်။ ဆန်စပါးသည် ပထမဦးစားပေး၊ ပြီးရင် ပဲနှမ်း၊ ရေထွက်ပစ္စည်း၊ သစ်တောထွက်၊ ရာဘာ၊ အထည်ချုပ်နဲ့ ချည်မျှင်၊ ခရီးသွားလုပ်ငန်း စတဲ့ Sector တွေကို ဆောင်ရွက်ခဲ့တဲ့အခါမှာ ၂၀၁၇ ကုန်ခါနီးပြီးတော့ ၂၀၁၈ ကို ချဉ်းကပ်လာတဲ့ အချိန်အတောအတွင်းမှာ ဆန်စပါး Sector ဆိုရင် တန်ချိန်ပေါင်း နှစ်သန်းကျော်တင်ပို့နိုင်ခဲ့ပါပြီ။ တစ်လကို အကြမ်းဖျင်း တန်ချိန်သုံးသိန်းလောက် တင်ပို့နေပါတယ်။ ဒီအတိုင်းပဲသွားမယ်ဆိုရင် ၂၀၁၈ ခု နှစ်၊ မတ်လလောက်မှာ တန်ချိန်သုံးသန်းလောက် ဖြစ်သွားနိုင်ပါတယ်။ အခုကတော့ ၂.၁ သန်းလောက် ဖြစ်နေပါပြီ။ ဒါကတော့ ဆန်စပါး Sector ဖြစ်ပါတယ်။
ပဲနှမ်းကတော့ အားလုံးသိတဲ့အတိုင်းပါပဲ။ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှာ စပြီးတော့ အိန္ဒိယက ပဲတီစိမ်း၊ ပဲစင်းငုံ၊ မတ်ပဲထိတောင် အားလုံးကို ပိတ်လိုက်ပါတယ်။ ပိတ်လိုက်တဲ့အတွက်ကြောင့် ၂၀၁၇ ခုနှစ် အစောပိုင်းကာ လတွေမှာ ကျွန်တော်တို့မပို့နိုင်ခဲ့ပေမယ့် ၂၀၁၈ ခုနှစ်ရောက်ရင်တော့ အခုလက်ရှိ စိုက်ပျိုးပြီးဖြစ်တဲ့ မတ်ပဲတွေကို တင်ပို့နိုင်မလားဆိုတာရှိပါတယ်။ မတ်ပဲဆိုရင် ကမ္ဘာပေါ်မှာ အိန္ဒိယနဲ့ မြန်မာ နှစ်နိုင်ငံပဲ စိုက်ပါတယ်။ ဒါပေမဲ့ အိန္ဒိယက အခုကျွန်တော်တို့ဆီက မဝယ်ဘူး။ ပိတ်ထားတယ်။ မတ်လပြီးရင်တော့ ပြန်ဖွင့်မလားတော့ မပြောတတ်ဘူး။ ဒီအပေါ်မှာတော့ ကျွန်တော်တို့အတွက် Risk ရှိနေပြီ ဖြစ်ပါတယ်။
နောက်တစ်ခုက ရေထွက်ပစ္စည်းဖြစ်ပါတယ်။ ရေထွက်ပစ္စည်းကလည်း ပုံမှန်ထက်ကို ဒီနှစ်မှာ တင်ပို့နိုင်ခဲ့ပါတယ်။ အထည်ချုပ်ဆိုရင်လည်း အားလုံးသိတဲ့အတိုင်းပဲ၊ ဒီနှစ်ထဲမှာ Oil and Gas Sector ပြီးရင် သူသည် ဒုတိယအများဆုံးထိအောင် ထုတ်လုပ်တင်ပို့နိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ Sector မှာ ကျွန်တော်တို့က အခုလက်ရှိသွားနေတာ CMP အနေနဲ့ပဲ သွားနေတာ။ တန်ဖိုးတော့ တက်လာတာမှန်တယ်။ ကျွန်တော်တို့ ရလာတာလည်း ပိုတိုးလာတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ပို့တဲ့ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်း အထိပဲ ရပါတယ်။ ချုပ်ခ၊ လုပ်အားခနဲ့ Logistic Cost တို့လောက်ပဲရတာ။ အခုကျွန်တော်တို့ ဦးတည်ပြီးတော့ ကြိုးစားနေတာ ၂၀၁၈ ခုနှစ်ထဲမှာ FOB ဆိုတာမျိုးသွားဖို့ပါ။ ကိုယ့်ဆီမှာပဲတော်တော်များများထုတ်လုပ်ပြီးတော့ တချို့ကတော့ တင်သွင်းမှု ရှိပါမယ်။ အဲဒီလို ပို့နိုင်ပြီဆိုရင် အခုရရှိနေတဲ့ ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းထက် ၂၀ ရာခိုင်နှုန်းနဲ့အထက် နိုင်ငံအတွက် ပိုပြီးကျန်အောင် ဆောင်ရွက်ဖို့ ကျွန်တော်တို့ ပြင်ဆင်နေကြပါတယ်။
သစ်တောထွက်ပစ္စည်းဘက်မှာလည်း ၂၀၁၈ ခုနှစ်မှာ ပိုမိုတိုးတက်အောင် မျှော်မှန်းပြီး ပြင်ဆင်နေတဲ့ အနေအထားလေး ရှိနေပါတယ်။
နောက်တစ်ခုအနေနဲ့ ရာဘာ Sector မှာ ဆိုရင်လည်း ၂၀၁၇ ခုနှစ်မှာ ဈေးတော်တော်လေး ရခဲ့ပါတယ်။ သမိုင်းတစ်လျှောက်မှာ ကျန်ခဲ့တဲ့ သုံး၊ လေးနှစ်လောက်က ရာဘာတစ်ပေါင်ကို ရှစ်ရာကျပ်အောက်ကို ရောက်နေရာကနေ ၂၀၁၇ ခုနှစ်မှာ တစ်ပေါင်ကို ကျပ် ၁,၂၀၀၊ ၁,၃၀၀ ထိအောင် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုပြန်စတဲ့အချိန်မှာ အဲဒီဈေးကနေကျဖို့ကို နည်းနည်းရောက်နေတယ်။ ကျွန်တော်တို့နိုင်ငံက အဓိကထုတ်နိုင်တာ Grade 1 က တော်တော် ရှားရှားပါးပါး ဖြစ်ပါတယ်။ Grade 2 လည်း သိပ်မရှိဘူး။ အများဆုံးက Grade 3 တွေ ဖြစ်နေတယ်။ ဘာကြောင့် Grade 3 တွေ ဖြစ်တာလဲဆိုရင် ကျွန်တော်တို့ရဲ့ တောင်သူတွေထုတ်လုပ်တဲ့ ထုတ်ကုန်ပစ္စည်းတွေကို ထုတ်လုပ်တဲ့နည်းစနစ်တွေက အဆင့်မြှင့်တင်ဖို့ လိုနေသေးတဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ ဈေးနှုန်းတွေ နည်းနေသေးတာဖြစ်ပါတယ်။ ဒါကို ပြောင်းလဲပြီးတော့ လုပ်နေတဲ့သူတွေလည်း လုပ်နေကြပြီ ဖြစ်ပါတယ်။
Tourism Sector လည်း ဒီအတိုင်းပါပဲ။ သူ့ရဲ့ ရာသီချိန်လေး ရောက်တဲ့အချိန်မှာတော့ Tourism Sector က ရာခိုင်နှုန်းတော်တော်များများ တက်လာပြီးတော့ ဧည့်သည်အဝင်အထွက်တော်တော်လေး ရှိနေပါတယ်။ ခြုံပြီးပြောရရင် National Export Strategy ထဲမှာ ရှိနေတဲ့ Target ထားထားတဲ့ Area တွေအနေနဲ့ ပြောရရင် တအားကြီးတော့ ဆိုးတဲ့အခြေအနေမှာတော့ မရှိပါဘူး။
၂၀၁၈ ခုနှစ်အတွက် မြန်မာ့စီးပွားရေးအလားအလာနဲ့ ကြုံတွေ့လာနိုင်တဲ့ စိန်ခေါ်မှုတွေက ဘာတွေရှိမလဲ။ ဘယ်လိုဖြေရှင်းဖို့ ပြင်ဆင်ထားရမလဲ
-------------------
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလကစပြီး အခု ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာထိအောင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌအနေနဲ့ နိုင်ငံတော်ဒုသမ္မတ (၁) က ဦးဆောင်ပြီးတော့ UMFCCI က လုပ်ငန်းရှင်တွေ၊ ညီနောင်အသင်းတွေနဲ့ Private Sector မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို တင်ပြပါတယ်။ တင်ပြတဲ့အခါမှာ တစ်ခါတည်းလိုက်ပါလာတဲ့ ဝန်ကြီးတွေ၊ ညွှန်ကြားရေးမှူးချုပ်တွေ၊ ညွှန်ကြားရေးမှူးတွေက Private Sector က ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အစည်းအဝေးမှာ တစ်ထိုင်တည်း ရှင်းလို့ရတာတွေကို တစ်ထိုင်တည်း ရှင်းလင်းပေးသွားပါတယ်။ အဲဒီလိုမဟုတ်ဘဲ ရေရှည်ဆက်ပြီးတော့ ဖြေရှင်းရမယ့်အချက်တွေဆိုရင်တော့ ကျွန်တော်တို့ လုပ်ငန်းကော်မတီငါးခု ဖွဲ့ထားပါတယ်။ အဲဒါတွေကတော့ Improving the Legal and Regulatory Environments ၊ Ensuring Access to Finance ၊ Promoting Trade & Investment ၊ Restructuring the State's Role in Business Enterprise & Service Delivery ၊ Building Myanmar's Human Capital Base တို့ဖြစ်ပါတယ်။ ဒီလုပ်ငန်းကော်မတီငါးခုမှာ အချက်ပေါင်း ၁၆၀ ကျော် တင်ပြပြီးသွားပြီ။ အဖြေရတဲ့အချက်တွေလည်း ရသွားပြီ။ အဖြေမရသေးတာတွေလည်း လုပ်ငန်းကော်မတီအသီးသီးမှာ ဆက်လက်ဆွေးနွေးနေတာတွေရှိတယ်။
အဓိကစိန်ခေါ်မှုအနေနဲ့ကတော့National Export Strategy မှာကိုပဲ ဆန်စပါးသည် Target တစ်ခုရောက်မှ၊ ဆန်စပါးစိုက်ပျိုးထုတ်လုပ်နိုင်မှ ကျွန်တော်တို့ တင်ပို့နိုင်မှာ ဖြစ်ပါတယ်။ အဲဒီတော့ ဆန်စပါးစိုက်ပျိုးထုတ်လုပ်ဖို့ လယ်ယာစိုက်ပျိုးတဲ့မြေလျော့လို့မရပါဘူး။
ရေထွက်ပစ္စည်းတွေ Export လုပ်ဖို့ဆိုရင်လည်း အပေါ်မှာပြောခဲ့သလိုပဲ သဘာဝကနေ ဖမ်းဆီးတဲ့အဆင့်ကနေ ကိုယ်တိုင်မွေးမြူထုတ်လုပ်တဲ့အဆင့်ကို ကူးပြောင်းရမှာ ဖြစ်ပါတယ်။ ကူးလည်း ကူးပြောင်းနေကြပါတယ်။ ဒါပေမဲ့ ဒီထက်ပိုပြီး အရှိန်မြှင့်ပြီး ကူးပြောင်းနိုင်ဖို့ လိုနေပါတယ်။
ဒီနေရာမှာ အဓိကကျတာက ၂၀၁၇ ခုနှစ် လယ်ယာမြေဥပဒေမှာ ဆန်စပါးစိုက်နေတဲ့လယ်မြေသည် အနည်းဆုံးတော့ စပါးတစ်သီးကတော့ စိုက်ရပါမယ်။ မွေးမြူထုတ်လုပ်ဖို့အတွက် ဒီလယ်တွေကိုပဲ ငါးမွေးကန်၊ ပုစွန်ကန်အဖြစ် ကူးပြောင်းပြီးတော့ ဆောင်ရွက်ကြရပါတယ်။ အဲဒီအချိန်မှာ ဒီနှစ်ခုက သွားပြီးတော့ Conflict ဖြစ်ပါတယ်။ လယ်ယာမြေဥပဒေမှာ လယ်ကို တခြားဟာပြောင်းဖို့ ဥပဒေအရတော့ ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ လုပ်ထုံးလုပ်နည်းအရ ကျေးရွာလယ်ယာမြေစီမံခန့်ခွဲရေးကော်မတီ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီ၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီ၊ တိုင်း ၊ ဒါမှမဟုတ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီ၊ အဆုံးမှာ ဗဟိုအဆင့် လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီ အဆင့်ထိအောင် အဆင့်ဆင့်တင်ပြီးတော့ ဆောင်ရွက်ရပါတယ်။ အဲဒီတော့ ဒီ Process တစ်ခုလုံးက အင်မတန်ကိုပဲ အချိန်ကြာပါတယ်။ လိုအပ်ချက်တစ်ခုကနေ နောက်တစ်ခုကို ကူးပြောင်းနိုင်ဖို့အတွက် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးဥပဒေထဲမှာလည်း လယ်သမားသည် သူ့အတွက် တွက်ခြေကိုက်မယ့်သီးနှံကို ပြောင်းလဲစိုက်ပျိုးနိုင်ခွင့်ရှိရမယ်လို့ ထည့်သွင်းထားပါတယ်။ ဒီအချက်တွေကို ကျွန်တော်တို့ ဥပဒေရေးရာကော်မတီမှာ ဆွေးနွေးနေလျက်ရှိပါတယ်။ ဒီနေ့အထိ လွှတ်တော်နဲ့ ကျွန်တော်တို့ဖြေရှင်းဖို့ ကြိုးစားနေရဆဲဖြစ်ပါတယ်။ ဆိုလိုတဲ့သဘောက အမှန်တကယ်ကိုပဲ စမ်းသပ်ပြီးတော့ ကျွန်တော်တို့အနေနဲ့ကတော့ နိုင်ငံတော်အတွက် NES ထဲမှာလည်း ထည့်ထားတယ်။ တကယ်လည်း မွေးမြူရေးအတွက် လုပ်ဖို့လိုတယ်။ အမှန်တကယ် ပြောင်းလဲဖို့လိုတဲ့ကိစ္စပေါ်မှာ ဘာကြောင့်ကျွန်တော်တို့ မပြောင်းလဲနိုင်သလဲ။ အထူးသဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနမှ ဆန်စပါးသည် ဒီထက်တော့ ထပ်ကျသွားလို့ မဖြစ်ဘူး။ စိုက်ဧကက အရင်က ၁၉ သန်းအထိ ရှိတယ်။ အခုစိုက်ဧကသည် ၁၅ သန်းအောက်ကိုတောင် ရောက်လာပါပြီလို့သိရပါတယ်။ ၁၅ သန်းအောက်ကို ရောက်သွားတာနဲ့တစ်ပြိုင်နက် ကျွန်တော်တို့ ဆန်ဖူလုံမှုအတွက် Risk က ရှိနေပြီလို့ သိရပါတယ်။ စိုက်ဧကနဲ့ ကျွန်တော်တို့ရဲ့ လိုအပ်ချက်နဲ့ ချိတ်ထားတာက ထွက်နှုန်း (Yield) နဲ့ သွားချိတ်ထားတာဖြစ်ပါတယ်။ ထွက်နှုန်းပိုကောင်းလာအောင် လုပ်သင့်နေပါပြီ။ ဒါလည်း ကျွန်တော်တို့လက်ခံပါတယ်။ ထွက်နှုန်းပိုကောင်းအောင်လုပ်လာရင် စိုက်ဧကပေါ်မှာ ကျွန်တော်တို့တစ်ဖက်မှာ ပိုပြီးတော့ ပြောင်းလဲစိုက်ပျိုးမလား၊ ဒါမှမဟုတ် မွေးမြူရေးကန်တွေဘက်ကို အတိုင်းအတာတစ်ခုနဲ့ ခွင့်ပြုမလား။ နိုင်ငံတော်ဘက်ကနေ တကယ့်အရေးကြီးကိစ္စရပ်တစ်ခုအနေနဲ့ ဘယ်လိုစီမံချက်ကို ဘယ်လိုဆောင်ရွက်ပြီးတော့ ဘယ်လိုပေါ်လစီနဲ့ သွားမယ်ဆိုတာက အမြန်ဆောင်ရွက်သင့်တဲ့ အနေအထား ဖြစ်ပါတယ်။ ရှင်းလင်းပြတ်သားတဲ့ မူဝါဒလေးတစ်ခု ရှိလာမယ်ဆိုရင်တော့ စိုက်ပျိုးရေးနဲ့ မွေးမြူရေး Sector နှစ်ခုအတွက်ကို ပိုပြီးတက်လာနိုင်ပါတယ်။
ရာဘာမှာလည်း ထိုနည်းအတိုင်းပါပဲ။ တကယ့်ကို နည်းပညာအရ အပင်ကထွက်လာတဲ့အစေးရဲ့ အရည်အသွေးအပေါ်မူတည်ပြီးတော့ ပြုပြင်မှုစနစ်ပေါ်မှာ မူတည်ပြီးတော့ ထွက်လာတဲ့ ရာဘာရဲ့အရည်အသွေးက ပြောင်းသွားပါတယ်။ Grade 1 ဖြစ်နိုင်တဲ့ရာဘာက Grade 3 နဲ့ပဲ ကျွန်တော်တို့ ရောင်းနေရပါတယ်။ အဲဒီအခါမှာ တန်ဖိုးက အများကြီးကွာခြားသွားပြီဖြစ်ပါတယ်။ အဲဒီလိုဖြစ်နေတဲ့အတွက်ကြောင့် ဒါကို ရာဘာအသင်းကရော၊ ပုဂ္ဂလိက ကဏ္ဍကရော၊ နိုင်ငံတော်အနေနဲ့ရော သေချာအထူးပြုဆောင်ရွက်သင့်ပါတယ်။
နောက်တစ်ခု သစ်သီးဝလံပန်းမန်တွေ (ဥပမာ- ဖရဲသီး၊ သခွားမွှေး) ဒါတွေကို အိမ်နီးနားချင်း တရုတ်နိုင်ငံကို သူ့ရာသီနဲ့သူ တင်ပို့နေပါတယ်။ သူတို့နိုင်ငံမှာလည်း စိုက်ပျိုးထုတ်လုပ်ပါတယ်။ ဒါပေမဲ့ သူတို့မှာ မထွက်တဲ့ ရာသီဆိုရင် ကျွန်တော်တို့ဆီမှာ စိုက်ပြီးတော့ သူတို့ဆီကို ရောင်းလို့ရပါတယ်။ ဒီဟာလည်း ပမာဏက ဒေါ်လာသန်းရာနဲ့ချီပြီးတော့ ရောင်းချရပါတယ်။ ဒီဈေးကွက်လည်းရှိနေပြီ ဖြစ်ပါတယ်။ ဒီလိုဟာမျိုးအပေါ်မှာလည်း ကျွန်တော်တို့နိုင်ငံတော်အနေနဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတာမျိုး လုပ်ပေးဖို့လိုနေပါတယ်။ ဒီသီးနှံတွေအတွက် အသုံးပြုရတဲ့ သွင်းအားစုဈေးများနေတာကြောင့် အဲဒါကို ဖြေရှင်းတဲ့အနေနဲ့ နိုင်ငံတော်က ဓာတ်မြေသြဇာကို နိုင်ငံခြားကုမ္ပဏီကို တိုက်ရိုက်တင်သွင်းခွင့်ပေးလိုက်တယ်။
Tourism Sector ကို ပြောရမယ်ဆိုရင်လည်း ကျွန်တော်တို့နိုင်ငံမှာ သူများနိုင်ငံမှာ မရှိတဲ့အရာတွေရှိတယ်။ ဥပမာ- ရွှေတိဂုံဘုရား၊ ကျိုက်ထီးရိုးစေတီ ဒါတွေက အရှေ့တောင်အာရှမှာရော ကမ္ဘာမှာရောမရှိတဲ့ အရာတွေ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံကိုသွားရင် တိုကျိုမှာ သူတို့ရဲ့ ရွှေကျောင်းဆိုတာ ရှိပါတယ်။ သူတို့က Marketing လုပ်နိုင်တဲ့အတွက်ကြောင့် ဧည့်သည်က တော်တော်ကြီးကို များပါတယ်။ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ ရွှေတိဂုံဘုရားရဲ့ တန်ဖိုးက မြင်တဲ့အတိုင်းပါပဲ။ နှစ်ပေါင်းကလည်း ကြာရှည်သွားပြီ။ ဒါပေမဲ့လည်း ဒီထက်ပိုပြီး ဧည့်သည်လာအောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ကျိုက်ထီးရိုးဆိုလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒါက ထင်ရှားတဲ့ဥပမာပေးခြင်းဖြစ်ပါတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ အများကြီးဆောင်ရွက်လို့ ရပါသေးတယ်။ အဲဒီလိုပဲ ကျွန်တော်တို့ရဲ့အစားအသောက်တွေ၊ အမှတ်တရပစ္စည်းရောင်းတဲ့ကိစ္စတွေ၊ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေ ဒါတွေအားလုံးအပေါ်မှာ တကယ်ပဲ Targeted Plan ချပြီးတော့ ဆောင်ရွက်သွားဖို့ သင့်ပါတယ်။ အဲဒီလို ဆောင်ရွက်သွားတာနဲ့အမျှ ကျွန်တော်တို့ရဲ့ စီးပွားရေးက ပိုမိုပြီးခိုင်မာလာမှာ ဖြစ်ပါတယ်။
ခုနက ကျွန်တော်တို့ရဲ့ NES ကို ကြည့်လိုက်ရင် ဆန်၊ ပဲ၊ ရေထွက်ပစ္စည်း၊ ရာဘာ၊ သစ် ဒါတွေက လက်ရှိအရှိတရား ဖြစ်ပါတယ်။ ဒီအရှိတရားကို ပိုပိုပြီးကောင်းအောင် လုပ်ရမှာမှန်ပါတယ်။ အစားအသောက်ထုတ်လုပ်တဲ့လုပ်ငန်းကို ဥပမာပေးရရင် ကျွန်တော်တို့ရဲ့ အိမ်နီးနားချင်းနိုင်ငံတွေမှာ တကယ့်ကိုပဲ သူတို့အတွက် လိုအပ်တဲ့ပစ္စည်းကို ထုတ်လုပ်ပြီးတော့ သူတို့ရဲ့ Brand နဲ့ သူတို့ရောင်းနိုင်တဲ့ အဆင့်မျိုးကိုလည်း ကျွန်တော်တို့ သွားသင့်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် Supply Chain တစ်ခုလုံး တစ်ခါတည်း ဖွံ့ဖြိုးတိုးတက်သွားမှာ ဖြစ်ပါတယ်။ ဒါကိုလည်း ကျွန်တော်တို့သွားရမယ့် မူဝါဒထဲမှာ ချမှတ်ပြီး ဆောင်ရွက်ဖို့ သင့်ပါတယ်။
နောက်ပြီးတစ်ကမ္ဘာလုံးရဲ့ Market Value ကို တွက်တဲ့အခါမှာ ဒီအစားအသောက်လုပ်ငန်းက 10 Trillion နဲ့အထက်မှာ ရှိနေပါတယ်။ အထည်ချုပ်က 1.7 Trillion ၊ IT Product တွေ အားလုံးက 2 Trillion တွေနဲ့ နှိုင်းယှဉ်ရင် အစားအသောက်ရဲ့တန်ဖိုးက 10 Trillion အထက်မှာ ရှိနေတဲ့အတွက်ကြောင့် ကျွန်တော်တို့ နိုင်ငံအနေနဲ့ Quick Win ဖြစ်ဖို့ရော၊ Long Term Survival ဖြစ်ဖို့ရော ကျွန်တော်တို့ရဲ့ သူများနဲ့မတူတဲ့ ကောင်းမွန်တဲ့ ရေမြေအနေအထားကို အသုံးချပြီးတော့ စားသောက်ကုန်တွေထုတ်လုပ်ပြီးတော့ ရေရှည်အတွက် ပြင်ဆင်သင့်ပါတယ်။
ကရင်ပြည်နယ်မှာဆိုရင်လည်း ဈေးတွေမှာ မီးဖိုချောင်သုံးပစ္စည်းတော်တော်များများက မြဝတီ၊ မဲဆောက်ဘက်ကနေ သွင်းတာ ၇၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ စိုက်ပျိုးထုတ်လုပ်မှု အင်မတန်မှကို နည်းနေတာ မြင်ရပါတယ်။ နောက်တစ်ခါ ရခိုင်ပြည်နယ်မှာလည်း ဂေါ်ဖီတို့၊ ပန်းမုန်လာတို့ကို သူတို့ထုတ်လုပ်မှုက မလုံလောက်တဲ့အတွက်ကြောင့် ရန်ကုန်ကနေ ပို့ပြီးတော့ သူတို့စားသုံးနေကြရပါတယ်။ ဆိုလိုတာက စိုက်ပျိုးထုတ်လုပ်မှုက တော်တော်ကြီးကို လိုအပ်နေတာဖြစ်ပါတယ်။ အဲဒီလို ဖြစ်နေတဲ့အတွက်ကြောင့် ပထမဦးဆုံးတိုင်းပြည်ရဲ့ လိုအပ်ချက်ကို သူများဆီကသွင်းနေရတာကို ရပ်တန့်နိုင်အောင်၊ အစားထိုးနိုင်အောင်၊ ပြီးရင်ပြန်ပြီးတော့ တင်ပို့နိုင်အောင် လုပ်ရပါမယ်။
တကယ်တမ်းယှဉ်ပြိုင်ပြီး ထုတ်လုပ်နိုင်အောင် တကယ်ပဲ မူဝါဒအတိအကျ လိုပါမယ်။ မူဝါဒဆိုတာမှာ ကျွန်တော်ပြောခဲ့တဲ့ Sector တွေအားလုံးမှာ နည်းပညာနဲ့ Financing လိုအပ်ပါတယ်။ အမှန်တကယ် ဒီလုပ်ငန်းကို စိုက်ပျိုးထုတ်လုပ်တဲ့သူကို၊ ဒီလုပ်ငန်းကို ဆောင်ရွက်နေတဲ့သူအပေါ်မှာ ကျွန်တော်တို့စပြီးတော့ Pilot Plan အနေနဲ့ ဆောင်ရွက်ဖို့ကို ပုဂ္ဂလိကဘဏ်တွေနဲ့ ကျွန်တော်တို့ အသင်းအနေနဲ့ပေါင်းပြီး ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့အသင်းတွေက ပြည်နယ်နဲ့တိုင်းတိုင်းမှာ ရှိနေတဲ့အတွက်ကြောင့် အသင်းအနေနဲ့ ချိတ်ဆက်ပြီး Pilot Plan အနေနဲ့ Green House နဲ့ စိုက်ပျိုးထုတ်လုပ်တာမျိုး၊ ရခိုင်ပြည်နယ်မှာဆိုရင်လည်း ရခိုင်ပြည်နယ်မှာက အဓိကက ဘင်္ဂလားဒေ့ရှ်က အဓိကဈေးကွက်ကြီးပဲ ဖြစ်ပါတယ်။ အခုလောလောဆယ်မှာ အောင်ပန်းတို့၊ ဟဲဟိုးတို့ဘက်က စိုက်တဲ့ ချင်းအားလုံးက လမ်းကြောင်းအမျိုးမျိုးနဲ့ ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်သွားပါတယ်။ ဒါပေမဲ့ အဲဒီဘက်က စိုက်ပျိုးထုတ်လုပ်နိုင်သလောက်ကုန်တာ သူတို့ Demand အရ သွားနေခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့သည် ဝယ်တာတော့ ဝယ်ပါတယ်။ နည်းတာများတာပဲ ကွာသွားပါတယ်။ ဒါမျိုးကို ရခိုင်ပြည်နယ်စပြီးတော့ စိုက်ဖို့အတွက် ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရယ်၊ ရခိုင်အစိုးရရယ် လာမယ့်ရာသီမှာစပြီးတော့ ကျွန်တော်တို့ စမ်းသပ်စိုက်ပျိုးဖို့ ပြင်ဆင်နေတာလေးတွေ ရှိပါတယ်။ အုန်းသီးဆိုရင်လည်း ရန်ကုန်မှာသုံးနေတဲ့ အုန်းသီးတို့၊ ငှက်ပျောတို့က ကျောက်ဆည်ဘက်၊ မြစ်သားဘက်ကနေတောင်မှ ငှက်ပျောတွေက ဆင်းနေတာဖြစ်ပါတယ်။ အဲဒီလိုမျိုးမဟုတ်ဘဲနဲ့ ရခိုင်မှာ အုန်းသီးစိုက်ကြည့်မလားဆိုတာမျိုးဖြစ်ပါတယ်။
ကရင်ပြည်နယ်မှာလည်း လိုအပ်ချက်တွေ ရှိတယ်။ ပြီးခဲ့တဲ့ ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုပွဲမှာ ထိုင်းနိုင်ငံက Investor အနေနဲ့ ၂၂ ဦးလောက် လိုက်လာကြပါတယ်။ အဲဒီအထဲမှာ ဘဏ်က လေးဦးလောက်ပါပါတယ်။ သူတို့ဘက်က ရေချိုပုစွန်မွေးမြူရေးလုပ်ငန်းကို တော်တော်လုပ်ချင်ပါတယ်။ သူတို့အနေနဲ့ Survey လုပ်ထားသလောက်က သံလွင်မြစ်ရေအနေအထား၊ ကရင်ပြည်နယ်ရဲ့ အနေအထားအရ ဒါသည် အင်မတန်ထုတ်လုပ်သင့်တဲ့ လုပ်ငန်းလို့ သူတို့ဘက်ကမြင်ပါတယ်။ အဲဒီလိုမျိုး သူတို့က စတင်ဆောင်ရွက်ချင်ပါတယ်။ အဲဒီလိုပဲ ကျွန်တော်တို့ဘက်ကလည်း ဘီလင်းလောက်အထိအောင် ဖရဲသီးစိုက်ပါတယ်။ အခုဆိုရင် ဘီလင်းဘက်က ဖရဲသီးက တရုတ်ပြည်ကိုသွားနေတာကြာပါပြီ။ ဆွေးနွေးပွဲမှာ ကျွန်တော်တို့ဘက်က ကရင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကရင်ပြည်နယ် CCI ၊ UMFCCI နှင့် ထိုင်းနိုင်ငံဘက်မှ ထိုင်းနိုင်ငံသံအမတ်ကြီးနဲ့ မြန်မာပြည်ရောက် ထိုင်းစီးပွားရေး လုပ်ငန်းရှင်များအသင်းတို့ ပါဝင်ပါတယ်။ သူတို့ပြောတာက မြန်မာဘက်ကနေပြီးတော့ AQSIQ (Administration of Quality Surpervision, Inspectiona and Quarantine) မပြီးသေးတဲ့အတွက်ကြောင့် ဒီဖရဲသီးကို သူတို့ဝယ်လို့မရဘူး။ သူတို့ဘက်က ဖရဲသီးအသေးကြိုက်ပါတယ်။ ဒီအသေးကိုလည်း ကျွန်တော်တို့ စိုက်ပျိုးထုတ်လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ထိုင်းဘက်ကို ကျွန်တော်တို့ ရောင်းလို့မရတဲ့အတွက်ကြောင့် ထိုင်းနိုင်ငံ သိပ်မဝေးတဲ့ ဘီလင်းမှာစိုက်ပြီး တရုတ်ပြည်ဈေးကွက်နဲ့ ကိုက်ညီတဲ့ ဖရဲသီးကိုစိုက်ပြီး တရုတ်ပြည်ကို ပို့ရပါတယ်။ အဲဒီလိုမျိုးမဖြစ်ချင်ဘူး။ အဲဒီအတွက် Government to Government အရင် ဆွေးနွေးဆောင်ရွက်ရပါမယ်။ ကျွန်တော်တို့အနေနဲ့ ကရင်ပြည်နယ် CCI ရယ် UMFCCI ရယ်ကနေ နည်းလမ်းရှာပြီးတော့ ဒီကရင်ပြည်နယ်မှာ စိုက်ပျိုးထုတ်လုပ်နိုင်တဲ့ သီးနှံများကို ထိုင်းနိုင်ငံကို ရောင်းလို့ရအောင် ကြိုးပမ်းဆောင်ရွက်နေလျက်ရှိပါတယ်။ စီးပွားရေးတက်လာဖို့အတွက် ဒီလိုအခက်အခဲတွေ ဘက်ပေါင်းစုံကနေပြီးတော့ နိုင်ငံတော်အနေနဲ့ရော၊ ပုဂ္ဂလိကကဏ္ဍအနေနဲ့ရော ပူးပေါင်းဖြေရှင်းပြီးတော့ ကျွန်တော်တို့ရဲ့ ဈေးကွက်တွေကို တည်ဆောက်သွားရမှာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် ရွှေဈေးကွက်အခြေအနေပေါ် ခြုံငုံသုံးသပ်ချက်
-------------
၂၀၁၇ ခုနှစ် စီးပွားရေးအခြေအနေကို ကျွန်တော်သိသလောက်ပြောရရင်တော့ တုံ့နှေးတုံ့နှေးပါပဲ။ ပြဿနာက မထင်မှတ်ဘဲနဲ့ ရွှေအရောင်းအဝယ်မှာ အခွန် ၅ ရာခိုင်နှုန်းကောက်မယ်ဆိုတုန်းက လူတွေက ရွှေမှာအရောင်းအဝယ်လုပ်ဖို့ လက်တွန့်ပါတယ်။ ၅ ရာခိုင်နှုန်းက တစ်ခါ မကောက်တော့ဘူးဆိုပေမယ့် ၁ ရာခိုင်နှုန်းကောက်တဲ့အခါကျတော့ ဘယ်လိုပဲပြောပြော ရွှေတစ်ကျပ်သားကို တစ်သောင်းလောက်ဆိုတော့ သုံးကျပ်သား၊ လေးကျပ်သား ဝယ်တဲ့သူက သုံးသောင်း၊ လေးသောင်း၊ ငါးသောင်းလောက်ပုံစံမျိုးဖြစ်သွားတော့ ရွှေပေါ်မှာ မဖြစ်မနေမှပဲ ရင်းနှီးမြှုပ်နှံကြပါတော့တယ်။ အရင်တုန်းက လက်ဝတ်ရတနာနဲ့ပေါင်းပြီး လက်မှုရတနာလုပ်ရင်းနဲ့ စိတ်ဝင်စားကြတယ်။ အခုကျတော့ လက်ဝတ်ရတနာဆိုရင် ဆယ်သိန်းတန် ပစ္စည်းလောက်ဆိုရင်ကို အခွန်က One Percent ဆိုတော့ တစ်သောင်းလောက်ပါသွားပြီ။ ခန့်မှန်းခြေ ရွှေဈေးဆယ်သိန်းနီးနီးဆိုတော့ ငါးကျပ်သားဆိုရင်ကို ၄၅,၀၀၀၊ ငါးသောင်းလောက်ဆိုတော့ လက်ဝတ်ရတနာဘက်ကို အထည်ကြီးတွေ ဝယ်ပြီးတော့ မြှုပ်နှံမယ့်သူဘက်က နောက်ဆုတ်သွားပါတယ်။
မီးလင်းရောင်းဝယ်တဲ့ကဏ္ဍကတော့ ငွေပိုရင် ဝယ်ကြတဲ့လူတွေ အနေအထားအရတော့ အသက်ရှူချောင် သွားပါတယ်။ ပုံမှန်လေးတွေတော့ အရောင်းအဝယ်ဖြစ် တယ်။ ကျွန်တော်တို့ကတော့ ရွှေသန့်စင်လုပ်ငန်းရော၊ ရွှေမီးလင်းရောင်းဝယ်ရေး၊ လက်ဝတ်ရတနာရောင်းဝယ်ရေး သုံးခုတွဲထားတာဆိုတော့ ရွှေအရိုင်းအဝင်အနေနဲ့ သန့်စင်ရေးလုပ်ငန်းဘက်ကတော့ ၅၀ ရာခိုင်နှုန်းလောက် ပြုတ်ကျသွားတယ်။ ရွှေအဝင်တအားနည်းတယ်။ ရွှေအရောင်းဘက်ကတော့ မီးလင်းအတုံးဘက်က ပုံမှန်ပဲ။ အစိုးရသစ်လက်ထက်ထက် အရင်အစိုးရလက်ထက်မှာ ရွှေပိုရောင်းရတယ်။ အရင်တုန်းကဆို ဖားကန့်သမားတို့၊ ကျောက်သမားတို့၊ မြေသမားတို့၊ ကားသမားတို့က ဝယ်ကြ၊ ရောင်းကြတဲ့သူတွေများတယ်။ ဒီဘက်မှာတော့ ကျောက်သမားလည်း မလှုပ်နိုင်ဘူး၊ မြေသမားလည်း မလှုပ်နိုင်ဘူး၊ ကားသမားလည်း မလှုပ်နိုင်တော့ မီးလင်းအပိုင်း အများကြီးဝယ်တဲ့ ရောင်းတဲ့လူက တော်တော်များများပျောက်သွားတယ်။ မီးလင်းမှာ နှစ်မျိုးရှိတယ်။ ကျွန်တော်တို့ဆိုင်မှာတော့ တစ်ရွေး၊ နှစ်ရွေး၊ ငါးရွေး၊ တစ်ကျပ်၊ နှစ်ကျပ်ဖြတ်တောက်ပြီး ရောင်းတာတစ်မျိုးရှိတယ်၊ တစ်ဆယ်သားအပိုင်းလိုက် ရောင်းတာရှိတယ်။ ဖြတ်တောက်ပြီး ရောင်းတာလေးတွေကတော့ ၂၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်းလောက် ကျသွားတယ်။ တစ်ဆယ်သားလိုက် ဝယ်ရောင်းတာကတော့ အဝင်လည်း ၅၀ ရာခိုင်နှုန်း လောက်လျော့သလို အထွက်လည်း ရွှေသန့်စင်တဲ့ လုပ်ငန်းဘက်ကို ရွှေအရိုင်းအဝင် (ဖားကန့်တို့၊ မုံရွာတို့၊ သပိတ်ကျင်းတို့ဘက်က အဝင်)အားနည်းတယ်။ ရွှေသန့်စင်လုပ်ငန်းက ခါတိုင်းပိဿာချိန် အချိန်တစ်ဆယ် လှော်ရတယ်ဆိုရင် အခုငါးပိဿာပဲလှော်ရတယ်။ မီးလင်းအပိုင်းကလည်း ကားသမားတို့၊ မြေသမားတို့၊ ဖားကန့်က ကျောက်သမားတို့ သူတို့က ခါတိုင်းဆို ဘဏ်တစ်ဝက်၊ ရွှေတစ်ဝက်ထားကြတယ်။ ဒီဘက်မှာတော့ ရွှေဈေးက တောက်လျှောက် တက်သွားလိုက်တာက ၉၃၀,၀၀၀၊ ၉၄၀,၀၀၀၊ ၉၅၀,၀၀၀၊ ၉၇၀,၀၀၀ လောက်ထိ တက်သွားတာဆိုတော့ တချို့လည်း လိုက်ဝယ်တဲ့သူရှိသလို တချို့လည်း လိုက်ဝယ်တဲ့သူမရှိဘူး။ လောလောဆယ်တော့ မီးလင်းအပိုင်းကလည်း ဝိတ်နဲ့ အင်အားနဲ့ဝယ်တဲ့ အနေအထားမရှိဘူး။ ၂၀၁၇ ခုနှစ် တစ်နှစ်လုံးအတိုင်းအတာအနေနဲ့ ပြောရမယ်ဆိုရင် ဒီနှစ်ကသဘာဝဘေး၊ ကချင်ပြည်နယ်ဘက်က တိုက်ပွဲနဲ့ မောင်တောဒေသတွေမှာလည်း ပြဿနာတွေတက်တော့ တိုင်းပြည်မှာအရောင်းအဝယ်က မထင်မှတ်ဘဲ ပိုထိပါတယ်။ ကမ္ဘာ့ရွှေဈေးကတော့ မြောက်ကိုရီးယားနဲ့ အမေရိကန်နဲ့ စစ်မက်ဖြစ်မယ် အသံထွက်တာနဲ့ ကမ္ဘာ့ရွှေဈေးက တအားခုန်တက်သွားပြီးတော့ အခုနှစ်ဖက်စလုံး ငြိမ်သွားတဲ့အခါကျတော့ ကမ္ဘာ့ရွှေဈေးက ပြန်ကျတော့ကျလာပါတယ်။ မြန်မာ့ရွှေဈေးကလည်း ၉၁၅,၀၀၀ ကျပ်ဝန်းကျင်လောက်ထိ ပြန်ကျတယ်။ ဒါကြောင့် တစ်နှစ်လုံးအတိုင်းအတာနဲ့ ပြောရရင် အတက်အကျ ငါးခါ၊ ခြောက်ခါထိရှိတယ်။
လောလောဆယ်မှာ တရုတ်နှစ်သစ်ကူးရယ်၊ New Year ကာလမှာကတော့ နိုင်ငံတိုင်းမှာ ရွှေနဲ့ဆက်စပ်တဲ့ လုပ်ငန်းလေးတွေ အေးပါတယ်။ ဒါက နှစ်စဉ်ဖြစ်နေကျပါ။
၂၀၁၈ ခုနှစ် မြန်မာ့စီးပွားရေးအလားအလာနဲ့ ကြုံတွေ့လာနိုင်တဲ့ စိန်ခေါ်မှုတွေက ဘာတွေရှိမလဲ။ ဘယ်လိုဖြေရှင်းဖို့ ပြင်ဆင်ထားရမလဲ
-------------------
ပွင့်ပွင့်လင်းလင်းပြောရရင် အစိုးရသစ်တက်လာရင် တော်တော်များများ အားလုံးအဆင်ပြေသွားလိမ့်မယ်လို့ ထင်ပေမယ်လို့ စီးပွားရေး အောက်ပြန်ကျသွားတယ်။ မကောင်းဘူးဆိုတဲ့သဘောကတော့ နှစ်ပေါင်းများစွာ အရိုးစွဲနေလာခဲ့တဲ့မူကနေ မူတစ်ခုကို ပြောင်းတဲ့အခါမှာတော့ ဒါမျိုးတွေဖြစ်တတ်တယ်ဆိုတာကို တွက်မထားမိပါဘူး။ အခွန်အခတွေ တက်လာတဲ့သဘာဝရှိတယ်။ အခွန်အခတွေဆိုတာကလည်း ကိုယ့်နိုင်ငံနဲ့ ယဉ်ကျေးမှု မဖြစ်သေးပါဘူး။
ကျွန်တော်ဆိုလိုတာက အစိုးရကိုတော့ အပြစ်မပြောလိုဘူး။ ဘာကြောင့်လဲဆိုတော့ အပြောင်းအလဲ ဖြစ်မယ့်ဟာကို ကြိုမတွေးမိဘူး။ မတွေးမိတော့ ၂၀၁၆၊ ၁၇ မှာလည်း ကျွန်တော်တို့လုပ်ငန်းတွေက နှေးကွေးသွားတယ်။ အခု ၂၀၁၇ လည်း ကုန်သွားပြီ။ ၂၀၁၈ မှာလည်း ကျွန်တော့်အမြင်ပြောရရင် ပြိုင်ဆိုင်မှုပြင်းထန်နေဦးမယ်။
ဒါကြောင့် ၂၀၁၈ မှာ သာမန်သွားလို့မရဘူး။ ပြိုင်ဆိုင်မှုတွေများမယ်။ ကိုယ့်လုပ်ငန်းကိုတော့ အပြိုင်အဆိုင်တွေကြားကနေ Lucky Draw စနစ်ရယ်၊ အရည်အသွေးပိုကောင်းအောင် လုပ်မယ့်နည်းရယ် Customer ကို ကျကျနန Service ပေးပြီးတော့ လုပ်နိုင်အောင် ကျွန်တော်တို့သွားရမယ်။ နိုင်ငံတကာကို သွားဖို့ကျပြန်တော့လည်း Open မဖြစ်သေးတဲ့အတွက် နိုင်ငံခြားသားစိတ်ဝင်စားအောင်လုပ်ဖို့လိုပါမယ်။ ကျွန်တော်တို့ ထိုင်းကိုသွားတယ်ဆိုရင် ရွှေဆိုင်တွေသွားလေ့လာတဲ့အခါမှာ မဝယ်ချင်တာကို ဝယ်ချင်အောင်လုပ်ပေးထားတာတွေ့ရတယ်။ ဒါကြောင့် ကိုယ့်နိုင်ငံမှာ နိုင်ငံခြားသားဝယ်လို့ရတဲ့ စနစ်တွေလည်း ထူထောင်ထား၊ ပြီးရင် ကိုယ့်ပြည်တွင်းက ရွှေထွက်တာဆိုတော့ Value-added လုပ်ပြီး ရွှေနဲ့ အဆင့်မြင့် ထုတ်ကုန်အဖြစ်လုပ်ပြီး ရောင်းရင်ပိုကောင်းပါတယ်။
မီးလင်းအတုံးတွေ၊ အခေါက်တွေနဲ့သွားနေရင်တော့ ကမ္ဘာ့ရွှေနဲ့ညှိပြီး သွားရမယ်။ မြန်မာ့လက်ရာအနေနဲ့ သွားတာမျိုးဆိုရင်တော့ ရွှေတစ်ကျပ်သား ကိုးသိန်းနဲ့စာလို့ရှိရင် လက်ရာအတွက်ကို တစ်သိန်း၊ နှစ်သိန်းလောက် ပိုတင်နိုင်ရင် ကိုယ့်အတွက် တိုင်းပြည်အတွက် အကျိုးရှိမှာပါ။
ရွှေက တခြားဟာတွေနဲ့ မတူဘူး။ တိုင်းပြည်ရဲ့ စီးပွားရေးမကောင်းတာနဲ့ပတ်သက်လို့ ရွှေရောင်းချခြင်း၊ ရွှေဝယ်စုခြင်းအပေါ် အကျိုးသက်ရောက်တာဖြစ်တဲ့အတွက် တိုင်းပြည်စီးပွားရေး အဆင်ပြေရင် ကျွန်တော်တို့လည်း အဆင်ပြေမှာပဲ။ ရွှေက စီးပွားရေးအဆင်ပြေမှကို ဝယ်နိုင်တာဖြစ်တဲ့အတွက် ကျွန်တော်တို့ ရွှေဘက်ကတော့ မြန်မာနိုင်ငံစီးပွားရေးကောင်းမှကို ကျွန်တော်တို့ ရွှေက ကောင်းမှာပါ။
ဒါပေမဲ့ နိုင်ငံစီးပွားရေးမကောင်းတာကြီးကို သွားပြီးတော့ ကိုယ်က စောင့်နေလို့မဖြစ်ဘူး။ ဒါကြောင့် ဒီတိုင်းပြည်က လူသန်းငါးဆယ်ထဲကမှ တစ်သန်းပဲရွှေစိတ်ဝင်စားရင် စိတ်ဝင်စားတဲ့လူ ကိုယ့်လူဖြစ်အောင် ဆွဲဆောင်ပြီးတော့ ရောင်းရအောင်လုပ်ရမှာပါပဲ။ ကျွန်တော်တို့ဘက်ကတော့ ပြင်ဆင်ရမှာပါပဲ။ မပြင်ဆင်ဘဲနဲ့ သာမန်ရောင်းမယ်၊ ဝယ်မယ်ဆိုတာမျိုးဆိုရင်တော့ နောက်ကျ ကျန်ရစ်မှာပဲ။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တွက်ကြည့်ရင်တော့ ကျွန်တော့်အထင်အရ ၂၀၁၈ က ၂၀၁၇ ထက် ကောင်းမယ်လို့တော့မဆိုလိုဘူး။ တန်းတူနဲ့ ထပ်ကျဖို့ပဲရှိတယ်။ အဲဒီတော့ နိုင်ငံတော်ဘက်က ကိစ္စကတော့ နိုင်ငံတော်ဘက်က လုပ်ပါလိမ့်မယ်။ အဲဒါကိုမစဉ်းစားဘဲ ကိုယ်ကလည်း ကိုယ့်ကိစ္စ ကိုယ်လုပ်ရုံပါပဲ။
ကျွန်တော်တို့ဘက်ကလည်း ဘဏ်အပ်မှာလား၊ ရွှေဝယ်မှာလား၊ ကျောက်ဝယ်မှာလား အဲဒီလိုရှိတော့ ကိုယ့်ရွှေထဲမှာ ရင်းနှီးမြှုပ်နှံလာအောင် ရွှေနဲ့ပတ်သက်လို့ ရွှေလောကသားတွေက ကြိုးစားပြီးလုပ်ကြရပါမယ်။
အရင်တုန်းက မြန်မာနိုင်ငံရွှေကုန်သည်များအသင်းမှာ ကျွန်တော်က CEC ပါ။ ဒီနှစ်မှာတော့ ဒုတိယဥက္ကဋ္ဌ တာဝန်လည်း ထမ်းဆောင်ထားတယ်။ လတ်တလောက ဒီအသင်းရဲ့ အစည်းအဝေးမှာပြောဖြစ်တာတော့ ရွှေဆိုင်တွေပိုဖွင့်လာနိုင်အောင်ပြောဖြစ်တယ်။ ပြီးတော့ ရွှေနဲ့ပတ်သက်လို့ ရွှေသန့်စင်လုပ်ငန်းတွေ၊ ရွှေပန်းထိမ်တွေ၊ နိုင်ငံတကာရဲ့စက်တွေနဲ့လုပ်တာတွေစသဖြင့် အသင်းအနေနဲ့လုပ်ဖို့တော့ ကျွန်တော်တို့စီစဉ်နေပါတယ်။
၂၀၁၈ ကတော့ ကိုယ်ပိုင်လုပ်ငန်းရော၊ ကိုယ်ပါဝင်ထားတဲ့ အသင်းအဖွဲ့မှာရော တက်ညီလက်ညီ အားသွန်ခွန်စိုက်လုပ်ဖို့တော့ မောင်းတင်ထားပါတယ်။
၂၀၁၇ ခုနှစ် မြန်မာ့စီးပွားရေးအပေါ် ခြုံငုံသုံးသပ်ချက်
-------------
၂၀၁၇ ခုနှစ် အစိုးရသစ်လက်ထက်မှာ စီးပွားရေးတွေ ကျဆင်းလာတာ မဟုတ်ပါဘူး။ ရပ်တန့်နေတယ်လို့ ပြောချင်ပါတယ်။ ၂၀၁၇ ခုနှစ်မတိုင်ခင်က တိုင်းပြည်ရဲ့ စီးပွားရေးတွေက ကျဆင်းနေတာဖြစ်ပါတယ်။ အခု ၂၀၁၇ ခုနှစ်မှာတော့ အဲဒီလို စီးပွားရေးကျဆင်းနေတာ ရပ်တန့်သွားပြီလို့ ပြောရမှာဖြစ်ပါတယ်။ အစိုးရသစ်တက်လာတဲ့အချိန်မှာ အရင်ရှိတဲ့စီပွားရေးလုပ်ငန်းတွေဟာ ဥပဒေနဲ့အညီဆောင်ရွက်ထားတာ ဟုတ်မဟုတ်ဆိုတာ အစိုးရသစ်အနေနဲ့ စိစစ်ကြပါတယ်။ အဲဒီအခါမှာ ဥပဒေနဲ့ မညီညွတ်တဲ့ စီမံကိန်းတွေ တော်တော်များများက ရပ်ဆိုင်းထားရတာဖြစ်ပါတယ်။ ဥပဒေနဲ့ မညီညွတ်တာတွေ ညီညွတ်အောင်ဆောင်ရွက်ကြဖို့ အခြေအနေယူကြရတာရှိပါတယ်။ နောက်ဒီမှာ ရင်းနှီးမြှုပ်နှံမှုတွေဟာ ၂၀၁၇ ခုနှစ်မှာ ထင်သလောက်မလာခဲ့ဘူး။ ဘာလို့မလာလဲဆိုတော့ လက်ရှိအစိုးရက ခိုင်မြဲမှုရှိမရှိဆိုတာကို စောင့်ကြည့်နေကြသလို၊ တိုင်းပြည်ထဲမှာ အလုပ်သမားတွေရဲ့ ဆန္ဒပြမှုစတာတွေကို နိုင်ငံခြားတိုင်းပြည်တွေက ကြည့်ပါတယ်။ သူတို့အနေနဲ့ စီးပွားရေးလုပ်ငန်းက အမြတ်အစွန်းရှိမရှိ ခိုင်မာမှုရှိမရှိ အဓိကထားကြည့်တော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက ထင်သလောက်ဝင်မလာတာတွေရှိပါတယ်။
၂၀၁၇ ခုနှစ်မှာ ထူးခြားတဲ့အချက်က သဘာဝဘေးအန္တရာယ်တွေတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်ပါတယ်။ မြစ်ရေကြီးခြင်းတွေ တစ်နိုင်လုံးဖြစ်တယ်။ စိုက်ပျိုးတဲ့ သီးနှံတွေ ပျက်စီးတယ်၊ မျိုးတွေ ဆုံးရှုံးတယ်၊ နိုင်ငံတကာကလည်း ကုန်သွယ်မှုတွေကျတယ်။ မြန်မာနိုင်ငံက တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေနဲ့ နယ်စပ်ကုန်သွယ်မှုတွေ လုပ်ကြတာရှိပါတယ်။ အဲဒီမှာလည်း နယ်စပ်မှာ တိုက်ပွဲတွေဖြစ်လာတဲ့အခါမှာ ကုန်သွယ်မှုတွေက ထပ်ကျတယ်။ အဲဒီအပြင်ကို အိန္ဒိယနိုင်ငံက ပဲနဲ့ပတ်သက်ပြီး ကန့်သတ်ချက် ထုတ်လိုက်တော့ ပြည်တွင်းပဲဈေးကွက်တွေ အကုန်ပြုတ်ကျသွားတာမျိုးလည်း ရှိခဲ့ပါတယ်။ အဲဒီအတွက် နစ်နာထိခိုက်တဲ့သူတွေဆီက အသံထွက်လာကြတယ်။ အစိုးရသစ်လက်ထက်မှာ ဒီလိုဖြစ်တယ်ဆိုပြီး ပြောကြတယ်။ တကယ်တော့ သဘာဝဘေးနဲ့ တခြားအခြေအနေတွေအရ ဘယ်တိုင်းပြည် ဘယ်ပုဂ္ဂိုလ်ဝင်လုပ်လုပ် ဒီအတိုင်းပဲဖြစ်မယ်လို့ ကျွန်တော့်အနေနဲ့ သုံးသပ်ချင်ပါတယ်။ ဆိုလိုတာက တိုင်းပြည်က အကြွေးတွေနစ်နေတဲ့ ဘဝကနေ ရပ်တန့်နိုင်တာကို ကျွန်တော့်အနေနဲ့ကတော့ တိုင်းပြည်တိုးတက်တယ်လို့ မြင်ပါတယ်။
၂၀၁၈ ခုနှစ်အတွက် မြန်မာ့စီးပွားရေးအလားအလာ
----------------------
၂၀၁၈ ခုနှစ်မှာတော့ ဒီထက်အများကြီးကောင်းလာမယ်။ ဒါကတော့သေချာတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်မှာ အခုဆောင်ရွက်နေတဲ့ အစိုးရအဖွဲ့အစည်းဝန်ကြီးဌာနနဲ့ စောင့်ကြည့်နေကြတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကလည်း နိုင်ငံတော်အကြီးအကဲတွေနဲ့ နားလည်မှုရနေတယ်လို့ မြင်တယ်။ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း အစိုးရအပြောင်းအလဲမှာ အဆင်ပြေပါ့မလားဆိုပြီး ရပ်ကြည့်တဲ့ အနေအထားက ၂၀၁၇ ခုနှစ်မှာ ဖြစ်ခဲ့ပြီးပြီ။ အခု ၂၀၁၈ ခုနှစ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်လည်း အရင်စီးပွားရေးသမားတွေ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ လက်ရှိလုပ်ဆောင်တဲ့အခါမှာ ဥပဒေနဲ့အညီဆောင်ရွက်ပါ။ တိုင်းပြည်တိုးတက်ဖို့ ဆောင်ရွက်ပါ။ သူ့အနေနဲ့ လုံးဝလက်ကမ်းကြိုဆိုပါတယ်လို့ ပြောဖူးပါတယ်။ ဆိုလိုတာကတော့ ဒီလက်ရှိ စီးပွားရေးသမားတွေ တော်တော်များများကလည်း အခုတက်လာတဲ့ အစိုးရပေါ်မှာ အမြင်ကြည်သွားပြီ။ တစ်ယောက်တစ်ယောက် နားလည်မှုရှိသွားပြီလို့ ယူဆပါတယ်။ အဲဒါကလည်း ၂၀၁၈ ခုနှစ်ရဲ့ အလားအလာကောင်းဖြစ်ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးဆိုရင်လည်း အရင်တုန်းကတည်းက နှစ်ပေါင်းခြောက်ဆယ်ကျော်ဖြစ်လာတဲ့ ပြည်တွင်းမငြိမ်းချမ်းမှုတွေကို ပြည်တွင်းငြိမ်းချမ်းရေးရအောင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တကယ့်ကို အားသွန်ခွန်စိုက်လုပ်နေတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးဆိုတာ ငြိမ်းချမ်းရေးနဲ့ အဓိကဆက်စပ်နေတာ လူတိုင်းသိပါတယ်။ ငြိမ်းချမ်းရေးသာမြန်မြန်ရရင် တိုင်းပြည်စီးပွားရေးဟာ ခုန်တက်သွားမယ်လို့ ယုံကြည်ပါတယ်။ ဒီငြိမ်းချမ်းရေးမရတဲ့အတွက် တိုင်းပြည်ရဲ့ စီးပွားရေးတွေ နှောင့်နှေးနေတာ အဓိကဖြစ်ပါတယ်။
လက်ရှိအစိုးရကလည်း အရင်တုန်းက စီမံကိန်းတွေ တရားဝင်ဖြစ်မဖြစ်ဆိုတာ လေ့လာတယ်။ အခု ဥပဒေနဲ့အညီဖြစ်တဲ့ စီမံကိန်းတွေ စခွင့်ပြုနေပြီ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ စပေါ်နေပါပြီ။ ဥပမာ- ၂၀၁၇ ခုနှစ်အတွင်းမှာ ဆန်ဆိုရင် တရုတ်ကို အဓိကအားထားပြီး ရောင်းခဲ့ရတယ်။ ဒါပေမဲ့ အခုကျတော့ ဘင်္ဂလားဒေ့ရှ်ကို ဆန်တော်တော်များများ ရောင်းနိုင်တယ်။ နောက်အာဖရိကနိုင်ငံတော်တော်များများလည်း ရောင်းနိုင်ခဲ့တာကို တွေ့ရပါတယ်။
အဲဒီလိုပဲ ပဲဈေးကွက်ကိုလည်း ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ပဲဈေးကွက်ကတော့ အဓိက အိန္ဒိယနိုင်ငံဖြစ်နေတယ်။ အိန္ဒိယက မဝယ်ဘူးဆို ဈေးကွက်တွေ အသစ်ရှာရမယ်။ အခုလောလောဆယ် တခြားနိုင်ငံတွေက ပဲစင်းငုံက အဓိကကျတယ်။ Export တင်နိုင်မယ့် ကောက်ပဲသီးနှံတွေ ပျောင်းစိုက်ဖို့ ကျွန်တော်တို့ နံပါတ်တစ်ကြိုးစားရပါမယ်။ နောက်နံပါတ်နှစ်က ပဲစင်းငုံတောင်မှ ဘရူနိုင်းတို့၊ ဘင်္ဂလားဒေ့ရှ်တို့၊ ပါကစ္စတန်တို့၊ နောက်မလေးရှား၊ အင်ဒိုနီးရှား ဒီနိုင်ငံတွေက အရင်နှစ်တွေထက် ပိုဝယ်လာတယ်။ ဘာလို့ဝယ်လာလဲဆိုတော့ ဈေးချိုသွားလို့။ ဆိုလိုတာက အိန္ဒိယနိုင်ငံနဲ့ ပဲကိစ္စဖြစ်သွားတော့ ကျွန်တော်တို့အတွက် ဈေးကွက်တစ်ခုတောင် ထပ်တိုးဖွင့်တယ်လို့ အဆိုးထဲက အကောင်းယူလို့ရတယ်။
အဲဒီတော့ ကျွန်တော်တို့အနေနဲ့ကဒီနှစ်မှာ ဒီလိုဈေးကွက်တွေလည်း ပွင့်လာတာကိုတွေ့ရမယ်။ တိုင်းပြည်အတွင်းမှာ အစိုးရနဲ့ စီးပွားရေးသမားနဲ့ ချိတ်ဆက်မယ်၊ ရင်းနှီးမြှုပ်နှံမှုဥပဒေထွက်လာတဲ့အတွက် နိုင်ငံတကာကလက်ခံနိုင်တဲ့ အဆင့်အတန်းတွေ ရောက်လာပြီဆိုရင် ကျွန်တော်တို့ဟာ လာမယ့် ၂၀၁၈ ခုနှစ် သက်တမ်းမှာတော့ ဒီထက်အများတိုးတက်လာမယ်လို့ ယုံကြည်ပါတယ်။
၂၀၁၇ ခုနှစ် မြန်မာ့စီးပွားရေးအခြေအနေပေါ် ခြုံငုံသုံးသပ်ချက်
-------------
၂၀၁၇ ခုနှစ်ကုန်သွားတာ အတော်မြန်ပါတယ်။ NLD အစိုးရသစ်လက်ထက်စတင်စဉ်က မြန်မာနိုင်ငံတွင်းမှာရော၊ ပြည်ပမှာပါ စိတ်လှုပ်ရှားမှုနဲ့ မျှော်မှန်းချက်ကြီးကြီးမားမားတွေရှိခဲ့ပါတယ်။
အစိုးရသစ်က စီးပွားရေးစီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး ဘဏ္ဍာရေးပိုင်းမှာလိမ္မာပါးနပ်တဲ့ ချဉ်းကပ်မှုကို စလုပ်ခဲ့တယ်။ ဒါကြောင့် ဘတ်ဂျတ်မလုံလောက်မှုက ပိုနည်းလာခဲ့သလို ငွေဖောင်းပွမှုကလည်း သိသိသာသာ လျော့ကျသွားတယ်။ ငွေလဲလှယ်နှုန်းကလည်း ၂၀၁၇ ခုနှစ်မှာ အတော်လေးတည်ငြိမ်ခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ခြံမြေဈေးကွက်အေးသွားမှုအပေါ်မှာ သုံးစွဲမှုနဲ့ရင်းနှီးမြှုပ်နှံမှုလျော့နည်းသွားတာရယ်၊ ပဲတင်ပို့မှုကဏ္ဍမှာ ပြဿနာရှိခဲ့တာတွေ၊ အားလုံးခြုံငုံကြည့်မယ်ဆိုရင် ဒီနှစ်က စိန်ခေါ်မှုတွေရှိတဲ့နှစ်ဖြစ်ခဲ့ပါတယ်။ ဖွံ့ဖြိုးဆဲ စီးပွားရေးနဲ့ စတင်ကျင့်သုံးဆဲဖြစ်တဲ့ ဒီမိုကရေစီစနစ်တွေကြောင့် မြန်မာနိုင်ငံမှာက ဖြေရှင်းရမယ့် ပြဿနာတွေအများကြီးရှိပါတယ်။ မြန်မာနိုင်ငံရဲ့စီးပွားရေးအောင်မြင်မှုကိုတော့ အချိန်ကာလ နည်းနည်းလေးပေါ်မှာမူတည်ပြီး မဆုံးဖြတ်သင့်ပါဘူး။
ဆေးဝါးနဲ့ ကုန်ကျစရိတ်နည်းပြီးမြန်မြန်ရောင်းကုန်တဲ့စားသောက်ကုန်လုပ်ငန်းကဏ္ဍတွေမှာ တိုးတက်မှုနှုန်းက အတန်အသင့်ကောင်းမွန်ပါတယ်။ ဒါကလည်း တိုင်းပြည်ရဲ့တိုးတက်မှု ဒီအဆင့်မှာ ဖြစ်သင့်တဲ့ကိစ္စပဲ ဖြစ်ပါတယ်။ လုပ်ငန်းဖော်တွေနဲ့ အသစ်ဝင်ရောက်လာတဲ့ လုပ်ငန်းတွေအားလုံးကို အကြံပြုချင်တာက မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့အလားအလာတွေကို ရေလတ်နဲ့ရေရှည် ရှုထောင့်နဲ့ကြည့်ပြီးတော့ ရင်းနှီးမြှုပ်နှံကြဖို့ဖြစ်ပါတယ်။
Mega ကလည်း မြန်မာနိုင်ငံမှာ လုပ်ငန်းတွေကို သိသိသာသာတိုးချဲ့သွားဖို့အစီအစဉ်တွေရှိပါတယ်။ ၂၀၁၇ ခုနှစ်ထဲမှာ MIC ရဲ့သဘောတူညီချက်နဲ့အတူ ရန်ကုန်မှာ အဆင့်မြင့်ဖြန့်ဝေရေးစင်တာသစ်တစ်ခု တည်ဆောက်ရေးကို စတင်နေပါပြီ။ ဒီပရောဂျက်အတွက် ၂၀၁၇-၁၈ မှာ အမေရိကန်ဒေါ်လာ ၁၅ သန်းကျော် ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်အတွက် မြန်မာ့စီးပွားရေးအလားအလာ
--------------------
၂၀၁၈ အတွက် ကျွန်တော်ရဲ့ထင်မြင်ယူဆချက်က အပြုသဘောဆောင်ပြီးတော့ မျှော်လင့်ချက်ရှိပါတယ်။ အစိုးရသစ်ရဲ့စီးပွားရေးပေါ်လစီတွေက ရှင်းရှင်းလင်းလင်းဖြစ်လာပြီးရင် ပြောင်းလဲမှုအရှိန်ကလည်း မြင့်လာသင့်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေနဲ့ဈေးကွက်တွေက အပြစ်အနာအဆာရှိတဲ့ပေါ်လစီထက် မပြတ်သား၊ မရှင်းလင်းတာကို ပိုမလိုလားကြပါဘူး။ ဈေးကွက်ကို လက်ရှိဖြစ်နေတဲ့ စီးပွားရေးအခြေအနေတွေနဲ့ ပိုပြီးလိုက်လျောညီထွေဖြစ်အောင်လုပ်ရမယ်။ ဒါဆိုရင် ဝယ်လိုအားကလည်း များလာမှာဖြစ်ပါတယ်။ ကျွန်တော်မျှော်မှန်းတာကတော့ ဆေးဝါးနဲ့စားသောက်ကုန်ကဏ္ဍတွေက ကောင်းကောင်းမွန်မွန်နဲ့ ဆယ်ဂဏန်းအဆင့်နဲ့ဆက်တက်နေပြီးတော့ အားလုံးခြုံပြီးတော့ GDP တိုးတက်မှုကို ၆.၇ ရာခိုင်နှုန်း (လတ်တလော ကမ္ဘာ့ဘဏ်ရဲ့တွက်ချက်မှုရာခိုင်နှုန်းအရ) လောက်ထိ ခန့်မှန်းထားပါတယ်။
ကြုံရမယ့်စိန်ခေါ်မှုတွေနဲ့ ဘယ်လိုနည်းနဲ့ အဲဒါကိုကျော်လွှားနိုင်မလဲ
------------------
မြန်မာနိုင်ငံရဲ့စီးပွားရေးခရီးလမ်းက စီးပွားရေးပိတ်ဆို့မှုတွေ ကင်းလွတ်ကာစဖြစ်သလို ဒီမိုကရေစီနည်းလမ်းနဲ့ ရွေးကောက်ထားတဲ့အစိုးရအောက်မှာ စတင်လမ်းကြောင်းပေါ် ရောက်ကာစပဲရှိပါသေးတယ်။ စနစ်တည်ဆောက်ရေးပိုင်း ပြုပြင်ပြောင်းလဲမှု၊ အခြေခံအဆောက်အအုံတိုးတက်မှု၊ မြေယာပြုပြင်ပြောင်းလဲမှုနဲ့ လူအရင်းအမြစ်တိုးတက်မှုမှာ အခက်အခဲများစွာရှိပါတယ်။ ဒါပေမဲ့ ခိုင်မာပြီး အပြုသဘောဆောင်တဲ့ အခြေခံအချက်တွေဖြစ်တဲ့ သယံဇာတ၊ ရေမြေသဘာဝ၊ ပထဝီဝင်တည်နေရာ စတာတွေလိုကောင်းမွန်တဲ့ အရာတွေလည်းရှိပါတယ်။ ဒါတွေက ရေရှည်မှာ အောင်မြင်မှုကို အာမခံပေးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအစိုးရရဲ့ စီးပွားရေးအမြင်နဲ့ ဦးတည်ချက်တွေက ကောင်းမွန်တဲ့ မူဝါဒတွေပေါ်မှာ အခြေခံထားတယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ ဒါတွေကို ပိုပြီးကောင်းကောင်းနဲ့ မြန်မြန်အကောင်အထည်ဖော်နိုင်ဖို့ အပါအဝင် စီးပွားရေးတိုးတက်ဖို့ ပါဝင်ပတ်သက်နေသူတွေအားလုံးကြားမှာ တက်ကြွသွက်လက်တဲ့ လုပ်ဆောင်မှုတွေရှိလာပြီး အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်မှု ပိုကောင်းလာဖို့တွေကိုတော့ မျှော်လင့်ထားပါတယ်။
အယ်ဒီတာအဖွဲ့