၂၀၁၆ ခုနှစ်သည် အပြောင်းအလဲကာလ၊ စောင့်ကြည့်အနေအထားကာလဖြစ်၍ စီးပွားရေး အတန်ငယ်တုံ့နှေးသယောင်ရှိသည်ဟု ဆိုနိုင်ပါသည်။
ထိုကာလအတွင်းတွင်ပင် နိုင်ငံခြားကူငွေနှင့် ချေးငွေ၊ စီးပွားရေးပိတ်ဆို့မှုဖြေလျှော့ခြင်းနှင့် စံချိန်တင်ငွေကြေးဖောင်းပွလာမှုကဲ့သို့သော မြန်မာ့စီးပွားရေးကို အကျိုးသက်ရောက်စေမည့် ထင်ရှားသောအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပါသည်။
ထိုအပြောင်းအလဲတို့၏ရလဒ်တို့ကို ၂၀၁၇ ခုနှစ်တွင် ပို၍ပြက်ပြက်ထင်ထင် တွေ့မြင်ကြရပါလိမ့်မည်။
တစ်ချိန်တည်းမှာပင် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းပြည်ပမှ နိုင်ငံရေး၊ လူမျိုးရေး အစရှိသည့် အခြားစိန်ခေါ်မှုများကိုလည်း ရင်ဆိုင်ကြုံတွေ့နေရပါသည်။
ကဏ္ဍအသီးသီး၏ ပြဿနာများကို အမြော်အမြင်ရှိစွာ အချိုးညီညီ ကိုင်တွယ်နိုင်မှ မြန်မာ့စီးပွားရေးအရှိန်အဟုန်ဖြင့် တိုးတက်လာသည်ကို တွေ့မြင်ရနိုင်ပါသည်။
ဤအခြေအနေတွင် အနာဂတ်၏ ကောင်းခြင်းဆိုးခြင်းများသည် အစိုးရတစ်ဦးတည်း၏ တာဝန်မျှသာမဟုတ်၊ နိုင်ငံသားတစ်ဦးချင်းစီ၏ ပါဝင်ထည့်ဝင်မှုအစုအပေါင်းဖြစ်သည်ကို သတိချပ်လျက် လုပ်ဆောင်ကြရမည်ဖြစ်ပါသည်။
အယ်ဒီတာ