မြန်မာ့ပထမဆုံး သယ်ယူပို့ဆောင်ရေးညှိနှိုင်းဆွေးနွေးပွဲ

မြန်မာ့သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံဆိုင်ရာ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများနဲ့ပတ်သက်လို့ မြန်မာ့ပထမဆုံး သယ်ယူပို့ဆောင်ရေးညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ်၊ မေလ ၂၆ ရက်က ရန်ကုန်မြို့၊ Melia Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ဆွေးနွေးပွဲကို အပြည်ပြည်ဆိုင်ရာ ဥပဒေအကျိုးဆောင်လုပ်ငန်းအဖွဲ့အစည်းဖြစ်တဲ့ Baker McKenzie နဲ့ ဗြိတိသျှကုန်သည်ကြီးများအသင်းတို့က ကြီးမှူးကျင်းပခဲ့တာ ဖြစ်ပါတယ်။ အဲဒီအခမ်းအနားမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ Asian Development Bank (အာရှဖွံ့ဖြိုးရေးဘဏ်) မှ တာဝန်ရှိသူ Srinivas Sampath ၊ Baker Mckenzie Yangon ရဲ့ Managing Partner ဖြစ်သူ Jo Daniels ၊ Baker McKenzie Wong & Leow ရဲ့ Principal ဖြစ်သူ Martin David ၊ KPMG Myanmar ရဲ့ Executive Director ဖြစ်တဲ့ Thomas Chan နဲ့ British Chamber မှ Chief Executive ဖြစ်သူ Chloe Taylor တို့နဲ့အတူ သက်ဆိုင်ရာကဏ္ဍအသီးသီးက ကျွမ်းကျင်သူတွေက မူဝါဒ၊ အများပြည်သူနှင့်ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်မှု (PPP) ၊ အခြေခံမူဘောင်၊ လုပ်ပိုင်ခွင့်နှင့်ညှိနှိုင်းမှု၊ ငွေကြေးထောက်ပံ့မတည်မှု၊ မီးရထား၊ လမ်းနှင့်ဆိပ်ကမ်းစတဲ့ သယ်ယူပို့ဆောင်ရေး ပုံစံအမျိုးမျိုးတည်ဆောက်ခြင်း စတာတွေနဲ့ပတ်သက်လို့ ကဏ္ဍစုံလင်အောင် ဆွေးနွေးခဲ့ကြပါတယ်။

သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံသူတွေ စိတ်ဝင်စားလာရတဲ့ အကြောင်းရင်းက ရင်းနှီးမြှုပ်နှံမှုကနေ အကျိုးအမြတ်များများရလို့ပဲ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုကို စိတ်ဝင်စားတဲ့သူတွေက သယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်တဲ့သူတွေပဲဖြစ်ပါတယ်။ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံလုပ်ငန်းတွေလုပ်တဲ့အခါမှာ အစိတ်အပိုင်းတွေ အများကြီးပါပါတယ်။ အဲဒါတွေကတော့ ဆောက်လုပ်ရေးကုမ္ပဏီတွေ၊ လမ်းတွေကို ပြုပြင်ထိန်းသိမ်းတဲ့လုပ်ငန်းတွေ၊ နည်းပညာနဲ့ဆိုင်တဲ့ ကုမ္ပဏီတွေ စတာတွေဖြစ်ပါတယ်။ အဲဒီကုမ္ပဏီတွေကနေ အပိုင်းလိုက် အပိုင်းလုပ် အလုပ်လုပ်သွားပြီး လမ်းပိုင်းထိန်းသိမ်းတာပဲဖြစ်ဖြစ်၊ နည်းပညာတွေ ထည့်ဝင်တာပဲဖြစ်ဖြစ် လုပ်သွားတဲ့အခါမှာ သူတို့ကုမ္ပဏီက ရှယ်ယာရှင်တွေအတွက် အကျိုးအမြတ်တွေ အများကြီးရစေပါတယ်။ ပို့ဆောင်ဆက်သွယ်ရေး အခြေခံအဆောက်အအုံနဲ့ပတ်သက်လို့ လုပ်ငန်းအတွက် ဘဏ္ဍာငွေကို နေရာသုံးခုကနေ ရရှိနိုင်ပါတယ်။ ပထမတစ်ခုက အစိုးရကနေ ဖန်တီးပေးတာ၊ ဒုတိယတစ်ခုက အဖွဲ့အစည်းတွေအားလုံးစုပေါင်းပြီး ဖန်တီးပေးတာ၊ နောက်ဆုံးတစ်ခုက ပုဂ္ဂလိကကဏ္ဍကနေ ဖန်တီးပေးတာတို့ ဖြစ်ပါတယ်။

mckenz

အများပြည်သူနှင့်ပုဂ္ဂလိကအကျိုးတူပူးပေါင်းဆောင်ရွက်မှု (Public Private Partnerships) . . .

အများပြည်သူနှင့် ပုဂ္ဂလိကအကျိုးတူ ပူးပေါင်းဆောင်ရွက်ကြတဲ့ကိစ္စ PPP က အင်မတန်အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ် ဖြစ်ပါတယ်။ သယ်ယူပို့ဆောင်ရေး စီမံချက်ပုံစံ အမျိုးမျိုးကွဲပြားမှုအပေါ်မူတည်ပြီး အများပြည်သူနဲ့ ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်မှု (PPP) ကလည်း ပုံစံအမျိုးမျိုးရှိတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ ညှိနှိုင်းပြု ပြင်ရလွယ်တဲ့ PPP ပုံစံမျိုးဖြစ်ဖို့ အရေးကြီးပါတယ်။ မြန်မာအစိုးရအနေနဲ့လည်း PPP ဥပဒေထွက်လာတဲ့အထိ စောင့်နေမယ့်အစား မြန်မာ့ပို့ဆောင်ရေးမှာ လစ်ဟာနေတာကို ရင်ဆိုင်ကိုင်တွယ်နိုင်တဲ့ နည်းလမ်းတစ်ခုအဖြစ် PPP ကို အားပေးမြှင့်တင်စတင်ဆောင်ရွက်သင့်ပါတယ်။ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (Asian Development Bank) ကနေ မြန်မာနိုင်ငံအစိုးရနဲ့ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ကိစ္စတွေနဲ့ပတ်သက်ပြီး အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ပို့ဆောင်ဆက်သွယ်ရေး အခြေခံအဆောက်အအုံဟာ မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးတဲ့ကဏ္ဍတစ်ခုဖြစ်ပါတယ်။ ADB ကတော့ လာမယ့် ၁၅ နှစ်အတွင်းမှာ ဒေါ်လာခြောက်ဆယ်ဘီလီယံ အသုံးပြုဖို့ ခန့်မှန်းထားပါတယ်။ ဒေါ်လာခြောက် ဆယ်ဘီလီယံလောက်ကို ၁၅ နှစ်အတွင်းမှာ အစိုးရမှာ ရှိနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲဒီအတွက် ပုဂ္ဂလိကနဲ့ပေါင်းစပ်ပြီး ပုဂ္ဂလိကကဏ္ဍနဲ့အတူ အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးမှာ အစိုးရပိုင်းနဲ့တွေ့ဆုံပြီး လမ်းတွေမှာ လမ်းခွန်ကောက်ပြီး လမ်းဖောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုတွေ၊ ပြင်ဆင်မှုတွေ ပြန်လုပ်ပြီးတော့မှ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ဆက်ပြီး PPP ကိုအခြေခံပြီး ဆောင်ရွက်သွားဖို့ ရှိပါတယ်။ နောက်ပြီး မြန်မာနိုင်ငံမှာသင်္ဘောဆိပ်ကမ်းတွေ အများကြီးရှိဖို့လိုအပ်ပါတယ်။

ပြုပြင်ပြောင်းလဲမှုပြုလုပ်ဖို့ လိုအပ်နေတဲ့ကဏ္ဍတွေ . . .

ရင်းနှီးမြှုပ်နှံမှုအများအပြားနဲ့ လုပ်ရမယ့် ကဏ္ဍနှစ်ခုရှိပါတယ်။ လမ်းပိုင်းမှာ လမ်းတွေပျက်နေတာရှိပါတယ်။ လမ်းခွန်တွေကောက်ပြီး လမ်းတွေကို ပြန်ပြီးဖောက်ဖို့နဲ့ ဆောက်လုပ်ဖို့ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ မီးရထားလမ်းတွေဖြစ်ပါတယ်။ မြန်မာပြည်မှာ မီးရထားလမ်းတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ တချို့သံလမ်းတွေက ဟောင်းနေပြီဖြစ်တဲ့အတွက်ကြောင့် ရထားလမ်းပိုင်းကိုလည်း ပြန်ပြီးပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။

စိန်ခေါ်မှုများ . . .

အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ဖို့ စီမံကိန်းမှာ စိန်ခေါ်မှုတွေ အများကြီးရှိနေပါတယ်။ ပထမဦးဆုံးတစ်ခုကတော့ PPP Framework နဲ့ ပတ်သက်ပြီးတော့ ဖြစ်ပါတယ်။ PPP ဥပဒေရယ်လို့ သက်သက်ကြီးရှိစရာမလိုပေမယ့် နိုင်ငံအများစုက အစိုးရတွေမှာ အနည်းဆုံး PPP မူဝါဒတစ်ခုတော့ ရှိပါတယ်။ အဲဒီမူဝါဒမှာ PPP လုပ်ငန်းလုပ်မယ်ဆိုရင် အစိုးရကနေ ဘာတွေမျှော်လင့်သလဲဆိုတာကို မူဝါဒထဲမှာ ထည့်သွင်းဖော်ပြထားတာ ဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့ ပုဂ္ဂလိကနဲ့ အဆင့်ဆင့်ရှိတဲ့ အဖွဲ့အစည်းတွေကနေ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး တည်ငြိမ်တဲ့ ဥပဒေရပ်ဝန်းတစ်ခုကို မျှော်လင့်ပါတယ်။

ပုဂ္ဂလိကကဏ္ဍတွေက ဒီလို Project တွေမှာ ပါဝင်လာတယ်ဆိုရင် သဘောတူညီချက်နဲ့ ခွင့်ပြုချက်တွေကို လိုချင်ကြပါတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး လိုအပ်သမျှ သဘောတူညီမှုတွေ အကုန်လုံးရထားပြီးသား ဖြစ်ရမယ်။ သဘောတူညီချက်တွေက ကျင့်သုံးနိုင်ရမယ်။ ပြန်ပြီးတော့ ဖျက်သိမ်းတာမျိုးတွေ မဖြစ်ရပါဘူး။ မြန်မာနိုင်ငံအစိုးရအနေနဲ့ ခွင့်ပြုချက်တွေ၊ သဘောတူညီမှုနဲ့လုပ်တဲ့ လုပ်ငန်းစဉ်တွေကို ရှင်းရှင်းလင်းလင်း လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန်ရအောင်လို့ စီစဉ်ထားသင့်ပါတယ်။

ဒေါ်လာဘီလီယံငါးဆယ်၊ ခြောက်ဆယ်ကုန်တဲ့ စီမံကိန်းတွေမှာ မဖြစ်မနေလိုအပ်ချက်ကတော့ အစိုးရရဲ့ ထောက်ခံအားပေးမှု၊ ပံ့ပိုးပေးမှုပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုလာပြီးတော့ လုပ်ကိုင်ကြမယ့် ပုဂ္ဂလိကကဏ္ဍက လုပ်ငန်းတွေအတွက် အရေးကြီးတာက လိုအပ်တဲ့သဘောတူညီမှုတွေရရှိဖို့ကို အစိုးရကနေပြီး ပေးဖို့ဖြစ်ပါတယ်။ ဒီလိုမျိုးသဘောတူညီမှုတွေ ရရှိဖို့အတွက်ကို လုပ်ငန်းစဉ်ကလည်း လွယ်ကူရမယ်။ ရှင်းလင်းရမယ်။ ပွင့်လင်းမြင်သာမှုတွေ ရှိရပါမယ်။ အခြေခံအဆောက်အအုံတွေ ဖြစ်ပေါ်လာဖို့အတွက် အစိုးရရယ်၊ အဖွဲ့အစည်းပေါင်းစုံ ပေါင်းစည်းထားတဲ့ အစုအဖွဲ့ရယ်၊ ပုဂ္ဂလိကကဏ္ဍရယ် သုံးခုကနေ ပေါင်းစပ်ပြီးတော့ အကောင်အထည်ပေါ်အောင် ပြုလုပ်ကြဖို့ အရေးကြီးပါတယ်။ ဒီလိုမျိုး Channel သုံးခု အတူလက်တွဲ ဆောင်ရွက်တာက အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ပါတယ်။

ပုဂ္ဂလိကကဏ္ဍရဲ့ အခန်းကဏ္ဍ . . .

ပုဂ္ဂလိကကဏ္ဍတွေအနေနဲ့ ဆက်သွယ်ရေး အခြေခံအဆောက်အအုံလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်လိုရင် ပိုက်ဆံရှိဖို့ လိုပါတယ်။ အတွေ့အကြုံနဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုတွေရှိဖို့ လိုအပ်ပါတယ်။ ပုဂ္ဂလိကကနေပြီး အခုလိုပါဝင်ရင်းနှီးမြှုပ်နှံတဲ့အခါမှာ ဘယ်လိုအောင်မြင်နိုင်မလဲ။ အစိုးရနဲ့ ပုဂ္ဂလိကနဲ့ ဘယ်လိုပေါင်းစပ်ပြီး ဆက်ဆံမလဲ။ မြန်မာနိုင်ငံအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ပုဂ္ဂလိကရဲ့အခန်းကဏ္ဍနဲ့ တန်ဖိုးက ဘယ်လိုအရေးပါတယ်ဆိုတာကို အစိုးရအနေနဲ့ ကောင်းကောင်းနားလည်ဖို့လိုပြီး လက်ခံပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ အောင်မြင်မှုရမှာ ဖြစ်ပါတယ်။  အင်မတန်ရှုပ်ထွေးတဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ပုဂ္ဂလိကကဏ္ဍက ပါဝင်လုပ်ဆောင်တဲ့နေရာမှာ Risk နဲ့ပတ်သက်ပြီး ဘယ်လိုဖြေရှင်းပေးနိုင်မလဲ။ ဘယ်လိုတာဝန်ယူပြီး ဆောင်ရွက်ပေးနိုင်မလဲဆိုတာ နားလည်ဖို့လည်း အရေးကြီးပါတယ်။ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်လာတဲ့ ဖြစ်စဉ်တွေမှာ တခြားနိုင်ငံတွေကို ကြည့်မယ်ဆိုရင် ပုဂ္ဂလိကကဏ္ဍရဲ့ ပါဝင်မှုနဲ့ပတ်သက်ပြီးတော့ နားမလည်တဲ့အတွက်၊ လက်မခံတဲ့အတွက်ကြောင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုတွေက ရပ်တန့်နေတဲ့ အခြေအနေမျိုးကို မြင်တွေ့ခဲ့ရတာတွေ ရှိပါတယ်။ ADB လိုအဖွဲ့အစည်းမျိုး၊ ကမ္ဘာ့ဘဏ်လို အဖွဲ့အစည်းမျိုးက အစိုးရအရာရှိတွေနဲ့တွေ့ဆုံပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးတင်ပြအကြံပြုပြီး ပုဂ္ဂလိကကဏ္ဍကို ထည့်ပြီးတော့ အသုံးချအလုပ်လုပ်တဲ့အခါမှာ ဘယ်လိုအကျိုးစီးပွားတွေရမလဲဆိုတာ တိုင်ပင်ဆွေးနွေးရပါမယ်။ Capacity Building တွေ ပြုလုပ်ပေးရပါမယ်။ အစိုးရအနေနဲ့ အကြံဉာဏ်ကောင်းတွေရရှိဖို့ လိုအပ်ပါတယ်။ ပုဂ္ဂလိကကဏ္ဍကနေ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်ရာမှာလည်း အစိုးရက ဥပဒေမူဘောင်အတိုင်း ဆောင်ရွက်မယ်ဆိုတာကို အာမခံချက်ပေးထားရမှာ ဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ လျင်မြန်စွာပြောင်းလဲတိုးတက်နေတဲ့ စီးပွားရေးအခင်းအကျင်းမှာ လိုက်လျောညီထွေဖြစ်နိုင်မယ့် မိတ်ဖက်ကောင်းရှိဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအစိုးရအနေနဲ့လည်း ပုဂ္ဂလိကကဏ္ဍနဲ့ ပူးပေါင်းပြီးတော့ စနစ်တကျမှန်ကန်တဲ့ အနာဂတ် အခြေခံအဆောက်အအုံဖွံ့ဖြိုးလာနိုင်ဖို့ အချိန်တွေ၊ ကြိုးစားအားထုတ်မှုတွေ မြှုပ်နှံပြီး နည်းလမ်းမှန်ကန်တဲ့ နိုင်ငံရဲ့အခြေခံအဆောက်အအုံ လိုအပ်ချက်တွေကို ဖြည့်တင်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ရင်းနှီးမြှုပ်နှံသူတို့အတွက် လိုအပ်တဲ့အာမခံချက်များ . . .

နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတဲ့အခါမှာ ရင်းနှီးမြှုပ်နှံသူတွေက သူတို့လုပ်ငန်း လုပ်ဆောင်ပြီးရလာတဲ့ အမြတ်အစွန်းတွေကို ပြန်လည်ခွဲဝေနိုင်ဖို့နဲ့ ဒီအမြတ်အစွန်းတွေကို မိမိနိုင်ငံကို ပြန်ပြီးတော့ ပို့နိုင်ဖို့အတွက် အာမခံချက်ရှိရမယ်။ ဥပဒေမူဘောင်နဲ့ပတ်သက်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတို့ရဲ့ အကျိုးစီးပွားအရ လုံခြုံတယ်၊ စိတ်ချရတယ်။ မျှတတဲ့ပြိုင်ဆိုင်မှုနဲ့ ပြိုင်ဆိုင်နိုင်တယ်ဆိုတဲ့အချက်ကို အာမခံချက်ပေးရပါမယ်။

အခြေခံအဆောက်အအုံ စီမံကိန်းတွေနဲ့ပတ်သက်ပြီး စီမံကိန်းတွေ အကုန်လုံးက ရေရှည်ငွေကြေး အထောက်အပံ့ကို လိုအပ်တာချည်းပဲ ဖြစ်ပါတယ်။ အဲဒီအတွက် အခွန်ဥပဒေနဲ့ ပတ်သက်ပြီး ခိုင်ခိုင်မာမာ ရှိရမယ်။ နောက်ပြီး ရှေ့ဘာဖြစ်လာမလဲဆိုတာကို ကြိုပြီး မြင်နိုင်၊ တွေးနိုင်တဲ့အခြေအနေမျိုး ရှိနေရပါမယ်။ အာမခံချက်တွေ ရှိနေရပါမယ်။ ဒါမှသာ ရင်းနှီးမြှုပ်နှံသူတွေအတွက် စိတ်ချရမှာဖြစ်ပါတယ်။ အမေရိကနဲ့ အနောက်ဥရောပလို နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံလိုဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ဆိုရင် သူတို့အနေနဲ့ စိတ်ပူတာက Political Risk နဲ့ Commercial Risk ပဲ ဖြစ်ပါတယ်။

ကြည်ပြာနွဲ့ဦး